အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) - သွေးကျိန်စာ
လင်းဖန်က မည်းမှောင်သော မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရာ သူမကို ဖုံးလွှမ်းသွားလေသည်။
မီးခိုးငွေ့များက သူမ၏အရေပြားကို စတင်လောင်ကျွမ်းစေသောကြောင့် လီရုံသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုမီးခိုးငွေ့များက အဆိပ်အတောက် ဖြစ်စေရုံသာမက တိုက်စားနိုင်စွမ်းလည်း ရှိပေသည်။
“အား...”
သူမက နာကျင်စွာ အော်ဟစ်လိုက်ရင်း မီးခိုးငွေ့များထဲမှ အဝေးသို့ ခုန်ထွက်လိုက်သည်။
သူမ၏မျက်နှာနှင့် အရေပြားတို့မှာ ဆိုးဆိုးရွားရွား ပျက်စီးကာ အမာရွတ်များ ထင်ကျန်သွားသဖြင့် မည်သူမည်ဝါမှန်းပင် မသိသာတော့ချေ။
စုတ်ပြဲနေသော အသားစများနှင့် သွေးစိမ်းရှင်ရှင်များကို မြင်တွေ့နိုင်ပေသည်။
သူမသည် အရေပြားကိုကုစားရန်အတွက် ချီစွမ်းအားများကို လျင်မြန်စွာ အသုံးပြုလိုက်သည်။
အရေပြားများက ပြန်လည်စေ့စပ်ပြီး သက်သာလာသော်လည်း လင်းဖန်က သူမကို အချိန်ပေးလောက်သည်အထိ စိတ်သဘောထားမကောင်းပေ။
ဧရာမရေခဲစွယ်ဆင်ကြီး၏ ကြီးမားလှသော ခြေထောက်တစ်ဖက်က အထက်မှနေ၍ နင်းခြေချလိုက်သဖြင့် သူမအပေါ်သို့ အရိပ်မည်းကြီးတစ်ခု ကျရောက်လာလေသည်။
သူမသည် လက်မောင်းကို မြှောက်ကာ ထိုခြေထောက်ကို ခုခံတားဆီးလိုက်သည်။
ထို့နောက် ရေခဲစွယ်ဆင်ကြီး၏နှာမောင်းက သူမ၏ခြေထောက်ကို ဆွဲလှဲပစ်လိုက်လေသည်။
ဒုတ်...
လင်းဖန်သည် ရေခဲစွယ်ဆင်ကြီး၏ခြေထောက်ကို အသုံးပြု၍ လီရုံအား အောင်မြင်စွာ နင်းခြေလိုက်နိုင်သည်။
“သူတော်စင်မိန်းကလေး...”
အကြီးအကဲက အော်ဟစ်လိုက်ပြီး ရေခဲစွယ်ဆင်ကြီးဆီသို့ ပြေးဝင်လာတော့သည်။
သို့သော် ရေခဲစွယ်ဆင်ကြီး ကွယ်ပျောက်သွားကာ လင်းဖန်က လူသားအသွင်သို့ ပြန်လည်ပြောင်းလဲသွားသဖြင့် သူ၏တိုက်ကွက်က လွဲချော်သွားခဲ့ရချေသည်။
ဒုတ်...
နီရဲသော အလင်းတန်းတစ်ခုက လင်းဖန်ဆီသို့ ရိုက်ခတ်သွားသဖြင့် သူသည် မြေပြင်ပေါ်တွင် ထပ်မံ ယိုင်လဲသွားရပြန်သည်။
အကြီးအကဲ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် လီရုံသည် လင်းဖန်ကိုတိုက်ခိုက်ရန် အချိန်ရသွားခြင်း ဖြစ်ပေသည်။
အဟွတ်...
လင်းဖန်သည် မတ်တတ်ရပ်ရန်ကြိုးစားရင်း ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။
သူသည် ချီစွမ်းအား အတော်များများကို ကုန်ဆုံးထားရသဖြင့် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကိုထုတ်ယူကာ မြိုချလိုက်လေသည်။
လီရုံသည်လည်း ဤအခွင့်အရေးကို အသုံးချကာ ဒဏ်ရာများကို ကုစားလိုက်သည်။
ရေခဲစွယ်ဆင်ကြီး၏ နင်းခြေမှုကြောင့် သူမ၏ အရိုးအချို့ ကျိုးပဲ့သွားခဲ့သော်လည်း ယခုအခါတွင်မူ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
မီးခိုးငွေ့ထဲမှ အဆိပ်အတောက်များကလည်း ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်းချင်း ဖယ်ရှားခြင်း ခံလိုက်ရလေသည်။
“မင်းမှာ... လှည့်ကွက်တွေ အတော်များသားပဲ... ငါ့ရဲ့ စမ်းသပ်မှုတွေအတွက် မင်းက ကောင်းမွန်တဲ့ စမ်းသပ်ခံတိရစ္ဆာန်တစ်ကောင် ဖြစ်လာမှာ သေချာတယ်...”
လီရုံက သူမ၏အရေပြား ညက်ညောချောမွေ့မှု ရှိ၊မရှိ စစ်ဆေးရန် မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“မင်း ဘာမှ မမြင်ရသေးပါဘူး...”
လင်းဖန်က ပြောလိုက်ပြီးနောက် မြို့စားလုထံသို့ လှမ်းကြည့်ကာ ထွက်ပြေးပြီး အကူအညီရှာရန် မျက်ရိပ်ပြလိုက်သည်။
မြို့စားလုက ခေါင်းညိတ်ပြကာ လှုပ်ရှားရန်ပြင်လိုက်သော်လည်း အကြီးအကဲက သူ့ထံသို့ ပြေးဝင်သွားလေသည်။
လင်းဖန်က အကြီးအကဲထံသို့ စက္ကူရုပ်အချို့ကို ပစ်ပေါက်လိုက်သည်။
စက္ကူရုပ်များက အလုပ်ကို ကောင်းစွာလုပ်ဆောင်ကာ အကြီးအကဲ၏အာရုံကို လွှဲပြောင်းပေးလိုက်ကြသည်။
မြို့စားလုသည် ဤအခွင့်အရေးကိုအသုံးချကာ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
“အသုံးမကျတဲ့ကောင်... သူ့ကို ထားလိုက်တော့... အခုဆိုရင် ဘယ်သူမှ ငါတို့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး...”
လီရုံက အေးစက်စွာ ပြောလိုက်သည်။
လေထုထဲတွင် အော်ဟစ်ငိုကြွေးသံများက ပျံ့လွင့်နေဆဲပင်။
အရာအားလုံးက ပြီးဆုံးသွားခြင်း မရှိသေးပေ။
“မင်းကို တိုက်ခိုက်ဖို့အတွက် ငါက ဒါကို သုံးရမှာမို့လို့ ဂုဏ်ယူလိုက်စမ်း...”
လီရုံကပြောလိုက်ရင်း သူမ၏လက်ကို လည်ပင်းထဲသို့ ထိုးစိုက်လိုက်လေသည်။
လည်ပင်းမှ သွေးများပန်းထွက်လာပြီး ထိုသွေးများက သက်ရှိတစ်ခုကဲ့သို့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထိုအရာမှာ သွေးကျိန်စာပင် ဖြစ်ပေသည်။
လင်းဖန်သည် နဂါးဟိန်းသံလှံကို ထုတ်ယူကာ သူမထံသို့ ပြေးဝင်သွားလိုက်သည်။
သူသည် နဂါးဟိန်းသံပမာ လှံသွားဖြာတိုက်ကွက်ဖြင့် လှံကို တတ်နိုင်သမျှ အကြိမ်ရေများစွာ ထိုးနှက်လိုက်လေသည်။
လှိုင်းကဲ့သို့ ဖြတ်တောက်နိုင်သော တိုက်ခိုက်မှုလှိုင်းများက ယခုအခါတွင် နီရဲသော မိစ္ဆာကောင်ကြီးသဖွယ် ဖြစ်နေသည့် လီရုံထံသို့ ပြေးဝင်သွားတော့သည်။
ဒုတ်...
ဝုန်း...
ခုတ်ပိုင်းလိုက်သော လှိုင်းလုံးများသည် ထိုသွေးတံတိုင်း အကာအကွယ်ကို မဖောက်ထွင်းနိုင်ခဲ့ချေ။
ရုတ်တရက် ရဲရဲနီသော အလင်းတန်းတစ်ခုက လင်းဖန်၏ရင်ဘတ်ဆီသို့ ဦးတည်ပြေးဝင်လာပြီး ချင်းနင်းဝင်ရောက်သွားတော့သည်။
လင်းဖန်က လျင်မြန်စွာပင် လှံကိုအသုံးပြု၍ လီရုံ၏ဦးခေါင်းဆီသို့ ထိုးစိုက်လိုက်လေသည်။
ဒုတ်...
လှံဦးသည် သူမ၏ဦးခေါင်းကို မဖောက်ထွင်းနိုင်ခဲ့သော်လည်း လင်းဖန်သည် ထိုမှဖြစ်ပေါ်လာသော တန်ပြန်အားကို အသုံးချကာ နောက်သို့ ဆုတ်ခွာလိုက်သည်။
လင်းဖန်သည် ဒူးထောက်လိုက်ရင်း ဒဏ်ရာများကိုကုသရန် ကနဦးပွင့်အာခြင်းစွမ်းရည်ကို အသုံးပြုလိုက်လေသည်။
လီရုံက လျင်မြန်စွာ ပြန်လည်သက်သာလာသော လင်းဖန်ကိုကြည့်ရင်း သလက်ချောင်းများကို လျှာဖြင့်သပ်ကာ လင်းဖန်၏ သွေးအရသာကို မြည်းစမ်းလိုက်သည်။
“ဒါကြောင့်ကိုး... မင်းက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ပဲ။ ငါလိုအပ်နေတာလည်း ဒါမျိုးပဲ...”
လီရုံက ရေရွတ်လိုက်လေသည်။
အကယ်၍ သူမအနေဖြင့် ကျန်းရီနျန်အား မရရှိနိုင်ခဲ့လျှင်ပင် သူမ၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြောင်း သက်သေပြခဲ့သည့် ဤလူသည် လုံလောက်လှပေသည်။
ဘုန်း...
သူမသည် ရှေ့သို့တိုးဝင်လာပြီး လင်းဖန်၏ ရင်ဘတ်တည့်တည့်သို့ ကန်ကျောက်လိုက်တော့သည်။
လင်းဖန်က လက်မောင်းနှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း အရိုးများ ကျိုးကြေသွားသည့် ‘ဂျွတ်’ ဟူသော အသံနှင့်အတူ သူ၏ လက်မောင်းများ ကြေမွသွားရချေပြီ။
သူသည် နောက်သို့ အလျင်အမြန်ခုန်ဆုတ်လိုက်ပြီး လက်မောင်းများကိုကုသရန် ကနဦးပွင့်အာခြင်းစွမ်းရည်ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။
သူ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းချိန်တွင် လက်မောင်းများမှာ လုံးဝ ပြန်လည်ကောင်းမွန်သွားခဲ့ချေပြီ။
သူမသည် လင်းဖန်အား အသက်ရှူထုတ်ရန်ပင် အချိန်မပေးဘဲ လည်ပင်းကိုညှစ်ရန် လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ထပ်မံတိုးဝင်လာပြန်သည်။
လင်းဖန်သည် လျင်မြန်စွာပင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်လေသည်။
ထို့နောက် သူသည် သူမ၏နောက်ကျောဘက်တွင် ပေါ်လာပြီး ယခုတစ်ကြိမ်တွင်မူ ကောင်းကင်မူလလက်သည်းများကို အသုံးပြုကာ သူမ၏ပခုံးများကို ကုတ်ခြစ်လိုက်သည်။
ထိုလက်သည်းများသည် သွေးချပ်ဝတ်တန်ဆာကို မဖောက်ထွင်းနိုင်ခဲ့သော်လည်း သူမ၏ပခုံးများဆီသို့ စီးဆင်းနေသော ချီစွမ်းအင်များကိုမူ ဖြတ်တောက်နိုင်ခဲ့ချေသည်။
သူ့ထံသို့ ပြင်းထန်သောလေလှိုင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် သူသည် နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သည်။
လီရုံက သူ့ကို နောက်ပြန်ကန်ချက်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။
လင်းဖန်နှင့် ဝေးကွာသွားသည်နှင့် သူမသည် ဘာဖြစ်သွားသည်ကို မသိရှိသဖြင့် အခြေအနေကိုစစ်ဆေးရန် အခွင့်အရေး ယူလိုက်တော့သည်။
သူမသည် မိမိ၏ လက်မောင်းများကိုကြည့်လိုက်ရာ ချီစွမ်းအင်များ မစီးဆင်းနိုင်တော့သဖြင့် လက်မောင်းများပေါ်ရှိ သွေးချပ်ဝတ်တန်ဆာများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် ချီစွမ်းအင်များကို အတင်းအကျပ်လည်ပတ်ရန် ကြိုးပမ်းလိုက်သော်လည်း မတတ်နိုင်ခဲ့ချေ။
ဒေါသအမျက်ချောင်းချောင်း ထွက်သွားသဖြင့် သူမသည် သွေးကျိန်စာကိုအသုံးပြုကာ ပြတ်တောက်သွားသော ချီစီးဆင်းမှုကို ပြန်လည်ဆက်သွယ် ကုသလိုက်လေသည်။
မကြာမီပင် သူမကို ဖုံးလွှမ်းထားသော သွေးများမှာ ကွယ်ပျောက်သွားတော့သည်။
လင်းဖန်က တူတစ်လက်ကို သူမထံသို့ ပစ်ပေါက်လိုက်ပြီး ကျန်တစ်လက်ကိုမူ ကောင်းကင်ထက်သို့ ဝှေ့ယမ်းပစ်တင်လိုက်သည်။
သူမသည် ပထမတူကို ကာကွယ်လိုက်ပြီးနောက် ကောင်းကင်မှ ကျဆင်းလာသော တူ၏အရိပ်ကို မြင်လိုက်ရချိန်တွင် ဘေးသို့လှိမ့်ကာ ရှောင်တိမ်းလိုက်သည်။
လင်းဖန်က ဤသည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သဖြင့် မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်တော့သည်။
မြေခွဲခြေဆောင့်စွမ်းရည်ကြောင့် မြေပြင်ကြီးမှာ ဟက်တက်အက်ကွဲသွားပြီး သူမသည် ထိုအက်ကွဲကြောင်းထဲသို့ ကျဆင်းသွားရချေပြီ။
ချွန်ထက်သော ကျောက်ချွန်များက သူမ၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်ကြသည်။
သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်မြင့်မားလွန်းသဖြင့် ထိုကျောက်ချွန်များမှာ သူမကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
လင်းဖန်သည် ဟင်းလင်းပြင်ထဲသို့ ပျံတက်လိုက်ပြီး နဂါးဟိန်းသံလှံကိုဆုပ်ကိုင်ကာ ကောင်းကင်ထက်မှနေ၍ သူမထံသို့ တစ်ဟုန်ထိုး ထိုးဆင်းလာတော့သည်။
သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ လေထုကိုနင်းလျက် သူ၏ ဆင်းသက်မှုအရှိန်အဟုန်ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်လိုက်သည်။
ဝုန်း...
ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ ကြီးမားသောပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။
မြေပြင်မှအုတ်ခဲများနှင့် ဖုန်မှုန့်များမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး မီတာ (၁၀) ခန့် ကျယ်ဝန်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားရချေပြီ။
ဖောက်...
လင်းဖန်၏လှံသည် လီရုံ၏ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့သဖြင့် မြေပြင်ပေါ်သို့ သွေးများ စီးကျလာခဲ့လေသည်။
သူမသည် လှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း စပ်ဖြဲဖြဲ ပြုံးလိုက်သည်။
လင်းဖန်က သူမရင်ဘတ်ရှိ ဒဏ်ရာကို ပိုမိုမွှေနှောက်သွားစေရန် လှံကို ဘေးသို့ လှည့်ပတ်လိုက်လေသည်။
ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏မျက်ခုံးများမှာ တွန့်ကွေးသွားရချေသည်။
သို့သော် သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ လင်းဖန်ကို မော့ကြည့်လိုက်သည်။
“နောက်ဆုံးတော့... ငါ မင်းကို ဖမ်းမိပြီ...”
သူမက ပြောလိုက်လေသည်။