← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) - ကျန်းရီနျန်

“အား...”

နောက်တစ်စက္ကန့်တွင် ထိုအကြီးအကဲသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

လင်းဖန်သည် အကြီးအကဲ၏နောက်ကွယ်၌ ရုတ်တရက်ပေါ်လာပြီး ကောင်းကင်မူလလက်သည်းများဖြင့် လည်ပင်းကို ထိုးစိုက်လိုက်သည်။

အကြီးအကဲသည် သံကြိုးကို ပြန်လည်ဆွဲယူကာ သူနှင့်လင်းဖန်အား ပတ်ပတ်လည်ရစ်ပတ်ရန် ကြိုးပမ်းလိုက်သည်။

သံကြိုး၏စွမ်းရည်ကို သိရှိထားသောကြောင့် လင်းဖန်သည် အဝေးသို့ ခုန်ရှောင်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

လီရုံသည် စောင့်ကြည့်နေပြီး လင်းဖန်ဆင်းသက်မည့်နေရာကို ခန့်မှန်းလိုက်သည်။

သူမသည် လင်းဖန်ဆင်းသက်မည့် နေရာသို့ ဦးတည်၍ ခုန်ဝင်လိုက်လေသည်။

ဝုန်း...

လင်းဖန်သည် ဟင်းလင်းပြင်ကို နင်းခြေလိုက်ပြီး ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ဖြင့် လမ်းကြောင်းကို ပြောင်းလဲလိုက်သည်။

သူမ၏တိုက်ကွက် လွဲချော်သွားကာ ဆင်းသက်လိုက်ချိန်၌ သူမအပေါ် ကျရောက်နေသော အရိပ်မည်းကြီးတစ်ခုမှာ တဖြည်းဖြည်း ကြီးမားလာသည်ကို တွေ့လိုက်ရသည်။

သူမ မော့ကြည့်လိုက်ရာ အနက်ရောင်အစက်အပြောက်တစ်ခု တဖြည်းဖြည်း ကြီးမားလာသည်ကို မြင်လိုက်ရသည်။

သူမ၏အရေပြားပေါ်ရှိ မွေးညင်းနုများပင် ထောင်မတ်သွားပြီး ဘေးဘက်သို့ လျင်မြန်စွာ လိမ့်ရှောင်လိုက်လေသည်။

ဝုန်း...

မြေပြင်သည် ပေါက်ကွဲသွားကာ ကျောက်စရစ်ခဲများ ဘေးပတ်ဝန်းကျင်သို့ လွင့်စင်သွားတော့သည်။

အကြီးအကဲသည် ကျောက်ခဲတစ်ခုဖြင့် ထိမှန်သွားကာ နောက်သို့ လဲကျသွားသည်။

လင်းဖန်သည် ရှောင်တိမ်းရန် သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

ဖုန်မှုန့်နှင့် မီးခိုးငွေ့များ လေထုထဲ၌ ပြည့်နှက်သွားလေသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လီရုံအား စိုက်ကြည့်ရင်း ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူကား ကျန်းရီနျန်ပင် ဖြစ်ပေသည်။

ခဏအကြာတွင် အခြားလူရိပ်နှစ်ခုသည် သူ့ဘေး၌ ဆင်းသက်လာသည်။

သူတို့သည် ဟွမ်ယွမ်ခွန်းနှင့် ကျန်းရှီတို့ ဖြစ်ကြလေသည်။

ထိုနှစ်ဦးသည် လင်းဖန်ဘေးသို့သွားကာ သူ၏အခြေအနေကို စစ်ဆေးလိုက်ကြသည်။

“မင်း အဆင်ပြေရဲ့လား...”

ကျန်းရှီက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။

လင်းဖန်၏တစ်ကိုယ်လုံးတွင် သွေးများနှင့်ဒဏ်ရာများ ပြည့်နှက်နေသည်။

ဤသည်မှာ သူမအနေဖြင့် သူ၏ ထိုမျှလောက် ဆိုးရွားစွာသည့်အခြေအနေကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်ပေသည်။

“ကျုပ် အဆင်ပြေပါတယ်... အဲဒီအကြီးအကဲကို အရင်ရှင်းရအောင်... သူ့ရဲ့သံကြိုးကို သတိထားနော်... အဲဒါက မင်းတို့ရဲ့ ချီစွမ်းအင်နဲ့ အားအင်တွေကို စုပ်ယူလိမ့်မယ်...”

လင်းဖန်သည် သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး အကြီးအကဲထံသို့ လှည့်ကြည့်လိုက်သည်။

“သူ့ကို ငါတို့ဆီပဲ လွှဲထားလိုက်...”

ဟွမ်ယွမ်ခွန်းကပြောလိုက်ပြီး သူ၏ယပ်တောင်ကို ခါထုတ်ကာ ဓားတစ်စင်းအဖြစ် ပြောင်းလဲလိုက်သည်။

ကျန်းရှီသည် သူမ၏လက်ဆစ်များကို ချိုးကာ ပခုံးတွန့်လိုက်သည်။

“ငါ့ရဲ့ဂိုဏ်းတူညီလေးကို နှိပ်စက်တဲ့အတွက် သူတို့ ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီ...”

သူမသည် အကြီးအကဲထံသို့ ပြေးဝင်သွားကာ သူ၏မျက်နှာကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

အကြီးအကဲသည် သူမထံသို့ သံကြိုးဖြင့် ရိုက်ခတ်လိုက်သည်။

ဒုန်း...

သံကြိုးသည် သူမ၏လက်မောင်းကို ထိမှန်သွားပြီး ညိုမည်းစွဲသွားစေသည်။

ဟွမ်ယွမ်ခွန်းသည် အခွင့်ကောင်းကိုအသုံးချကာ အကြီးအကဲထံသို့ လေပွေဓားသိုင်း တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

လည်ပတ်နေသောလေပွေသည် အကြီးအကဲ၏ လည်ပင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဇွပ်...

အသားစများနှင့် သွေးများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။

ကျန်းရှီသည် အကြီးအကဲ၏မေးစေ့ကို လက်သီးဖြင့် ပင့်၍ထိုးနှက်လိုက်သည်။

ခွပ်...

ပြင်းထန်သော ထိမှန်မှုကြောင့် အကြီးအကဲ၏အသိစိတ်သည် ခဏမျှ လွင့်ပြယ်သွားလေသည်။

သူ အသိစိတ်ပြန်လည် ရရှိလာသောအခါ ကျန်းရှီသည် သူ့ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး သူ၏လက်များကို မြှောက်လိုက်သည်။

လက်များမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကျန်းရှီ၏ ပခုံးနှစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် လက်များကို နောက်သို့ဆွဲယူလိုက်ရာ ကျန်းရှီ၏ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဟွမ်ယွမ်ခွန်းသည် အကြီးအကဲအားတားဆီးရန် ကြိုးပမ်းပြီး ထိုလက်များကို ခုတ်ပိုင်းလိုက်သည်။

သို့သော် ၎င်းသည် အရာမထင်ခဲ့ချေ။

ယခုအချိန်တွင် ကျန်းရှီ၏ဝိညာဉ်သည် တစ်ဝက်ခန့် ထွက်ပေါ်နေပြီ ဖြစ်သည်။

“ဒါကို ငါ့ဆီပဲ ထားလိုက်...”

လင်းဖန်က အော်ဟစ်လိုက်ပြီး မက်မွန်သစ်သားဓားကို ကိုင်ဆွဲကာ အကြီးအကဲထံသို့ ပြေးဝင်သွားသည်။

မက်မွန်သစ်သားဓား၏ နီရဲသောအလင်းတန်းသည် ကျန်းရှီ၏ဝိညာဉ်အား ဖမ်းချုပ်ထားသော အစိမ်းရောင်အလင်းတန်းကို ဖြတ်တောက်လိုက်လေတော့သည်။

ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် ပြန်လည်ဝင်ရောက်သွားလေသည်။

ဟွမ်ယွမ်ခွန်းသည် ဓားကို အကြီးအကဲ၏ခါးဆီသို့ ထိုးသွင်းလိုက်သည်။

လေပွေလှိုင်းသည် ခါးကိုဖြတ်သန်းကာ ဆွဲဖြဲသွားပြီးနောက် အကြီးအကဲမှာ နောက်သို့ ခြေလှမ်းအနည်းငယ် လွင့်စင်သွားတော့သည်။

…

အခြားတစ်ဖက်တွင်မူ လီရုံသည် ထိုသူမှာ မည်သူဖြစ်သည်ကို မြင်လိုက်ရချိန်တွင် ရူးသွပ်စွာ ရယ်မောလိုက်လေသည်။

အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင်မူ သူမ၏ သားကောင်သည် သူမရှေ့မှောက်သို့ ရောက်ရှိလာချေပြီ။

သူမသည် ကျန်းရီနျန်ထံသို့ ချက်ချင်းပင် အာရုံပြောင်းလိုက်သည်။

ကျန်းရီနျန်မှာ သူမ စိတ်ထဲတွင် ကြံစည်နေသည့်အရာကို မသိသော်လည်း အချိန်ဆွဲမနေဘဲ သူမထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဘုန်း...

ကျန်းရီနျန်၏ လက်သီးချက်မှာ အရှိန်ပြင်းလွန်းသဖြင့် လေထုကို ဖြတ်သန်းသွားသော လေကွဲသံကိုပင် ကြားလိုက်ရလေသည်။

ထိုလက်သီးချက်သည် လီရုံတုံ့ပြန်ချိန်မရနိုင်လောက်အောင်ပင် အလွန်တရာ မြန်ဆန်လှပေသည်။

ဖျန်း...

ကျန်းရီနျန် လက်သီးချက်၏ လေလှိုင်းသည် သူမ၏ပခုံးသားတစ်ဖက်ကို စုတ်ပြတ်သွားစေသည်။

ရိုက်ခတ်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားချိန်တွင် သူမ၏ပခုံးရိုးကိုပင် မြင်တွေ့နေရလေသည်။

‘ဒါက ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်ရဲ့ အမြင့်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား...’

လီရုံ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူမသည် အချိန်ထပ်ဖြုန်းနေပါက ကျန်းရီနျန်၏လက်ထဲတွင် သေဆုံးသွားရမည်ကို ကောင်းစွာ သိရှိနေပေသည်။

ထို့ကြောင့် ရနိုင်သမျှအရာအားလုံးကို အရယူရမည် ဖြစ်သည်။

ကျန်းရီနျန်၏ အစိတ်အပိုင်း အနည်းငယ်မျှဆိုလျှင်ပင် လုံလောက်ပေလိမ့်မည်။

လီရုံသည် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ကျန်းရီနျန်ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ဘုန်း...

ကျန်းရီနျန်သည် သူမအား ဆက်တိုက် လက်သီးဖြင့်ထိုးနှက်လိုက်ရာ လက်သီးလေလှိုင်းများမှာ သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီး အစိတ်အပိုင်းအချို့ကို ပွင့်ထွက်သွားစေလေသည်။

ပထမဆုံး လက်သီးချက်က သူမ၏ ဘယ်ဘက်လက်မောင်းကို ပွင့်ထွက်သွားစေပြီး ဒုတိယမြောက် လက်သီးချက်က ညာဘက်ခြေထောက်ကို ခန္ဓာကိုယ်မှ ဆွဲဖြဲပစ်လိုက်သည်။

တတိယမြောက် လက်သီးချက်ကမူ သူမ၏ ဦးခေါင်းညာဘက်ခြမ်းကို လွင့်စင်သွားစေလေသည်။

နောက်ဆုံးတွင်မူ သူမသည် ကျန်းရီနျန်နှင့် နီးကပ်စွာ ရှိနေနိုင်ခဲ့ချေပြီ။

သူမသည် ညာဘက်လက်ကို မြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းများ တောက်ပလာလေသည်။

ကျန်းရီနျန်၏ပခုံးကို ဆုပ်ကိုင်လျက် သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

ဒေါင်...

ကျန်းရီနျန်သည် ဝိညာဉ်တည်ငြိမ်ခြင်းခေါင်းလောင်းကို ကိုင်ဆောင်ကာ လှုပ်ခါလိုက်ရာ လေထုထဲ၌ ခေါင်းလောင်းသံတစ်သံ ပဲ့တင်ထပ်သွားလေသည်။

သူ၏ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားပြီးနောက် လီရုံ၏ခန္ဓာကိုယ်ကို လက်သီးဖြင့် ဖောက်ထွက်အောင် ထိုးလိုက်တော့သည်။

ဖျန်း...

သွေးများသည် ကျန်းရီနျန်၏ ဝတ်ရုံတစ်ခုလုံးသို့ ပန်းထွက်သွားလေသည်။

သို့သော် လီရုံကမူ ရပ်တန့်မသွားခဲ့ပေ။

သူမသည် လှောင်ပြုံးပြုံးလိုက်ပြီး ပါးစပ်ကိုဟလျက် ကျန်းရီနျန်၏ နားရွက်ဆီသို့ လှမ်းကိုက်လိုက်သည်။

“အား...”

ကျန်းရီနျန်က သူမအား ဆွဲဖယ်ရန် ကြိုးစားသော်လည်း လီရုံက သူ၏နားရွက်ကို မြဲမြံစွာ ကိုက်ထားလေသည်။

ဖျန်း...

နောက်ဆုံးတွင်မူ သူမသည် သူ၏ နားရွက်အစိတ်အပိုင်း အနည်းငယ်ကို ကိုက်ဖြတ်ယူလိုက်နိုင်ချေပြီ။

သူမသည် အကြီးအကဲရှိရာဘက်သို့ ခေါင်းကိုလှည့်ကာ ထိုနားရွက်စကို သူ့ထံသို့ ထွေးထုတ်လိုက်လေသည်။

“သူ့ကို တားကြစမ်း...”

ကျန်းရီနျန်သည် သူမ၏ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး အော်ဟစ်လိုက်သည်။

ဟွမ်ယွမ်ခွန်းသည် လေထုထဲတွင် ပျံသန်းနေသော နားရွက်စဆီသို့ လှမ်းခုန်လိုက်သည်။

အကြီးအကဲသည် သံကြိုးကိုပစ်လွှတ်ကာ သူ့ကို အောက်သို့ ဆွဲချလိုက်လေသည်။

လင်းဖန်နှင့် ကျန်းရှီတို့သည် ဟွမ်ယွမ်ခွန်း၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ဝုန်း...

လင်းဖန်သည် ဆက်တိုက်‌ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ ကျန်းရှီထက် ဦးစွာ အနီးသို့ ရောက်ရှိသွားပေသည်။

သူသည် လက်ကို ဆန့်တန်းလိုက်ရာ ထိုနားရွက်စမှာ သူလက်လှမ်းမီနိုင်သော အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ။

သို့သော် အကြီးအကဲက စက္ကူလိပ်တစ်ခုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ၎င်းမှာ ပွင့်အာသွားလေသည်။

သူသည် လင်းဖန် နားမလည်နိုင်သောစာလုံးများကို ရွတ်ဖတ်လိုက်ရာ နားရွက်စသည် ပျံသန်းရာလမ်းကြောင်း ပြောင်းလဲသွားပြီး စက္ကူလိပ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။

“ဟူး... ငါတို့ အောင်မြင်သွားပြီ...”

အဖိုးအိုသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ရင်း ပြောလိုက်သည်။

လီရုံသည် နောက်တစ်ကြိမ် ရူးသွပ်စွာ ရယ်မောလိုက်ပြန်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတော့သည်။

All Chapters