← Chapters

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း ၄၀၂

Vol. 41 Ch. 402

အခန်း (၄၀၂) ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ

​ဖန်းပိုကျဲ့မှာ ညီဖြစ်သူ ဖန်းပိုရှဲ့၏ အကူအညီဖြင့် လေထဲတွင် ရပ်နေရသည်။ သူသည် လူသားဧကရာဇ် ခေါင်းလောင်းကို ပခုံးထမ်း၍ လျှောက်လှမ်းနေသော လီချင်းချိုးကို ကြည့်ရင်း အံ့ဩတကြီး ဖြစ်နေသည်။ ထိုအဘိုးအိုမှာ ကျူထျန်းဂိုဏ်း၏အကြီးအကဲ ကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၇၀၀ နေထိုင်ခဲ့သူ ဖြစ်သည်။ မည်သို့ဖြစ်၍ တစ်ချက်တည်းဖြင့် အနိုင်ယူခံလိုက်ရသနည်း။

လီချင်းချိုးက မိမိကို တိုက်ခိုက်စဉ်က အားအပြည့်မသုံးခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့တွေးမိသောအခါ ဖန်းပိုကျဲ့၏စိတ်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး လီချင်းချိုးကို ဆက်လက်၍ အငြိုးမထားရဲတော့ပေ။ လီချင်းချိုးက သဘောကောင်းသူ ဖြစ်၍သာ မိမိတို့ အသက်ရှင်ကျန်ခဲ့ခြင်း ဖြစ်ကြောင်း သူ နားလည်သွားသည်။

​အနက်ရောင်ဝတ်ရုံနှင့် အဘိုးအို၏ အဖြစ်အပျက်ကြောင့် ထျန်းချင်း မသေမျိုးဂိုဏ်းမှ လူများအပါအဝင် အားလုံး တုန်လှုပ်သွားကြသည်။ လူသားဧကရာဇ် ခေါင်းလောင်းဖြင့် လူကို ဆောင့်ရိုက်ခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လီချင်းချိုးက ခေါင်းလောင်း၏ စွမ်းအားကို အသုံးပြုနေခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ခွန်အားကိုသာ အသုံးပြုနေခြင်း ဖြစ်ကြောင်း သူတို့ ရိပ်မိလိုက်သည်။

​လီချင်းချိုးတယောက် လူသားဧကရာဇ် ခေါင်းလောင်းကို ထမ်းလျက် လေထဲတွင် လျှောက်လှမ်းနေရင်း အကြည့်များက အဝေးသို့သာ ရောက်နေပြီး ပုရွက်ဆိတ်များကို ဂရုမစိုက်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ အောက်ဘက်ရှိ လူများကို လုံးဝ ဂရုမစိုက်ပေ။

​ဘုန်းးးးး

ထိုစဉ် ​အောက်ဘက်ရှိ အပျက်အစီးများ ပြင်းထန်စွာ တုန်ခါသွားပြီး အပြာရောင် စွမ်းအင်များ ပေါ်ထွက်လာပြီး ရှေးဟောင်း မိစ္ဆာတစ်ကောင် နိုးထလာတော့မည့်အလား ပတ်ဝန်းကျင်မှ ကျောက်တုံးများမှာလည်း လေထဲသို့ တက်လာသည်။ အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ အပျက်အစီးများကြားမှ ပြန်ထလာသည်။

သူ့ရဲ့ သံတုတ် ကျိုးပဲ့သွားပြီဖြစ်၍ ၎င်းကို ပစ်ချကာ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။ ဓားမှာ မည်းနက်သော ငွေ့များဖြင့် ဖုံးလွှမ်းနေပြီး ရွှမ်ရှားနတ်ဓားထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေ၏။

​ကျန်းဟုန်းမင် အဝေးမှကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"မိစ္ဆာစွမ်းအင်လား"

သူသည် မိစ္ဆာကျင့်ကြံသူများကို အလွန်ရွံရှာသော်လည်း ကျူထျန်းဂိုဏ်းမှာ ကောင်း/ဆိုး ရောထွေးနေသော ဂိုဏ်းဖြစ်သဖြင့် မည်သည့်အရာမျှ မပြောနိုင်ပေ။

​အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုက သွေးသံရဲရဲဖြင့်…

"လူသားဧကရာဇ် ခေါင်းလောင်းကို ချထားလိုက်စမ်း!" ဟု အော်ဟစ်လိုက်ပြီး စကားမဆုံးမီပင် ဓားကို ကိုင်ကာ လီချင်းချိုးဆီသို့ ဝင်ရောက်တိုက်ခိုက်လေသည်။ သူ့ရဲ့ ဓားချက်များက လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်ပြီး လမ်းတစ်လျှောက်ရှိ ကျင့်ကြံသူများကိုပင် ထိတ်လန့်စေသည်။ ကျန်းဟုန်းမင်သည်ပင် စွမ်းအင်ကို အသုံးပြု၍ စုန့်ချန်ရှန်းတို့အဖွဲ့ကို ကာကွယ်ပေးထားလိုက်သည်။

​လီချင်းချိုးက အဘိုးအို၏ စကားကို ကြားဟန်မတူဘဲ ခေါင်းမော့လျက် ရှေ့သို့သာ ဆက်လျှောက်နေသည်။ အပြာရောင် မြူခိုးများက သူ့ကို လွှမ်းခြုံသွားသော်လည်း အရှိန်လုံးဝ မလျော့ကျသွားပေ။

အဘိုးအိုက လီချင်းချိုး၏ နောက်ကျောသို့ အမြန်ဆုံး ရောက်သွားပြီး ဓားဖြင့် အားကုန်ခုတ်ချလိုက်သည်နှင့် သူ့ နောက်တွင် နတ်ဘုရားအရိပ်သုံးပါး ပေါ်လာပြီး လီချင်းချိုးကို တိုက်ခိုက်လေသည်။

ထိုအခါ ​ရုတ်တရက် လီချင်းချိုး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ယန်မီးတောက်များ ဖြစ်သည်။ အဘိုးအိုမှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ မီးတောက်များဖြင့် ဝါးမြိုခံလိုက်ရသည်။

​"အား!"

​အဘိုးအို၏ အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း လီချင်းချိုးက နောက်ကိုပင် လှည့်မကြည့်ဘဲ ဘယ်ဘက်လက်ကို ဆန့်လိုက်ရာ အဘိုးအို၏ လက်ကောက်ဝတ်နှင့် ပစ္စည်းများကို ယူဆောင်လိုက်သည်။ အဘိုးအိုမှာ မည်သို့မျှ မတားဆီးနိုင်ဘဲ အသားအရေနှင့် သွေးသားများမှာ လောင်ကျွမ်းသွားတော့သည်။

​လူသားဧကရာဇ် ခေါင်းလောင်းအတွင်း၌…..

​ယွမ်လီ၊ ဖန်းပိုမိုနှင့် ယင်ကျင်းရှင်းတို့တွေ အပြင်ဘက် တိုက်ပွဲကို ကြည့်ရှုနေကြသည်။ လီချင်းချိုး၏ ယန်မီးတောက်ကို မြင်သောအခါ ယွမ်လီနှင့် ဖန်းပိုမိုတို့က ယင်ကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။

ယင်ကျင်းရှင်းက ပြုံး၍ "ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်၊ သိလား" ဟု ဆိုလေသည်။

​ယွမ်လီသည် မဖျက်ဆီးနိုင်သော ရုပ်ခန္ဓာကိုယ်နှင့် သူ ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ် ခွန်အားများအကြောင်းကို တွေးတောနေသည်။ ဆရာဖြစ်သူ လီချင်းချိုး၌လည်း ရှိနေသည်။ယခုအခါ ယင်ကျင်းရှင်း၏ ယန်မီးတောက်လည်း လီချင်းချိုး၌ ရှိနေပြန်သည်။ထိုအခါ သူ့စိတ်ထဲတွင် ယခင်က တွေးတောခဲ့ဖူးသော ခန့်မှန်းချက်တစ်ခု ပြန်လည် ပေါ်ပေါက်လာသည်။

​ဖြစ်နိုင်သည်မှာ သူတို့ ပါရမီရှင်များ ဖြစ်လာရခြင်းမှာ ဆရာဖြစ်သူက စွမ်းအားများ ပေးအပ်ထားသောကြောင့် ဖြစ်ပေမည်။ အစပိုင်းကတည်းက ပေးမထားခြင်းမှာ ဒုက္ခအခက်အခဲများကို ကျော်ဖြတ်နိုင်ရန် စမ်းသပ်ခြင်း ဖြစ်ပေမည်။ ဤအချက်က အလွန် ဖြစ်နိုင်ချေ ရှိသည်။ ထို့အတွက် ဆရာဖြစ်သူကို အပြစ်မမြင်ပေ။ ယွမ်ချီ သေဆုံးစဉ်က သူ အနားမှာ မရှိခဲ့ခြင်းမှာ ယွမ်ချီ၏ ကံကြမ္မာသာ ဖြစ်သည်။ ဤအတွေ့အကြုံများ မရှိဘဲနှင့်သာ ဆိုလျှင် ဤစွမ်းအားများကို ရရှိနိုင်မည်ဟု မသေချာပေ။

​ယင်ကျင်းရှင်းကလည်း လီချင်းချိုး၏ တပည့်ဖြစ်သဖြင့် ထိုမီးတောက်များကို ပိုင်ဆိုင်ထားခြင်းမှာ ဖန်းပိုမိုအတွက် မထူးဆန်းပေ။ သို့သော်လည်း ထိုမီးတောက်များက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်ကျင်းရှင်း၏ မီးတောက်များမှာပင် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း လီချင်းချိုး၏ မီးတောက်များနှင့် ယှဉ်လျှင် သမုဒ္ဒရာနှင့် မြစ်ရေကဲ့သို့ ကွာခြားလှသည်။

ထိုစဉ် မီးတောက်များက နန်းတော်မျက်နှာကျက်ကိုပင် အရည်ပျော်ကျသွားစေပြီး ကျောက်တုံးများ ပြိုကျလာသည်။ အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုလည်း မီးတောက်များအကြား ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ကျင့်ကြံသူများအားလုံး ထိုမြင်ကွင်းကို အသက်ကိုပင် မရှူရဲဘဲ ကြည့်ရှုနေကြပြီး လီချင်းချိုးအပေါ် ထားရှိသည့် ကြောက်ရွံ့မှုများ အထွတ်အထိပ်သို့ ရောက်သွားသည်။

​အဘိုးအို၏ အရှိန်အဝါ ပျောက်ကွယ်သွားချိန်တွင် ပြင်းထန်သော မီးတောက်များ လီချင်းချိုး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ထိုအခါ ကျူထျန်းဂိုဏ်း တစ်ခုလုံး ကြောက်ရွံ့သွားပြီး မည်သူမျှ လီချင်းချိုးကို တားဆီးရန် မဝံ့ရဲကြတော့ပေ။

​နန်းတော်အတွင်း၌ ….

ချင်းရှောင်ဂိုဏ်း တပည့်များ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့တွေ ဂိုဏ်းချုပ်ကို စောင့်စားနေသည်မှာ ကြာပြီဖြစ်ပြီး ယခုဖြစ်ပေါ်နေသော လှုပ်ရှားမှုများကြောင့် တရားမှတ်ရန်ပင် ခက်ခဲနေသည်။

"ယန်အကြီးအကဲ ဘယ်လိုနေမလဲ မသိဘူး"

"ဂိုဏ်းချုပ်ရှိနေသရွေ့ ဘေးကင်းမှာပါ" ဟု တစ်ဦးနှင့် တစ်ဦး ပြောဆိုနေကြသည်။

​ရုတ်တရက်….

​ကျန်းကျောက်ရှား ရုတ်တရက် ထရပ်လိုက်ပြီး နန်းတော်တံခါးဘက်သို့ ကြည့်လိုက်သဖြင့်

"ဘာဖြစ်လို့လဲ" ဟု ယန်ကျွယ်တိန်က မေးလိုက်သည်။ အခြားသူများလည်း ချက်ချင်းပင် လက်နက်များကို ထုတ်ယူကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

​"အင်မတန် အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခု နီးကပ်လာနေတယ်… ဒီအရှိန်အဝါက..."

ကျန်းကျောက်ရှား၏ မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာပြီး ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ရွှယ်ကျင်းလည်း အလားတူပင် ခံစားလိုက်ရသည်။ ထို့နောက် တပည့်များအားလုံး ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု လျင်မြန်စွာ နီးကပ်လာနေသည်ကို သိလိုက်ရသည်။ ဤမျှ ကြောက်စရာကောင်းသော အရှိန်အဝါကို စစ်နတ်ဘုရား နန်းတော်ထဲ ရောက်ပြီးကတည်းက တစ်ခါမျှ မကြုံဖူးပေ။ အဝေးမှ မြင်တွေ့လိုက်ရသည်နှင့် သူတို့၏ အရိုးထဲအထိ ချမ်းတုန်သွားကြသည်။ မည်ကဲ့သို့သော ကြောက်မက်ဖွယ် အရာမျိုး ရောက်လာမည်ကို သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြပေ။

​ထိုစဉ် နန်းတော်ကြီး တုန်ခါနေပြီး ချင်းရှောင်ဂိုဏ်း တပည့်များ ပိုမို ထိတ်လန့်လာသည်။

​"ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟု မျက်နှာပျက်ယွင်းနေသော ရွယ်ကျင်းက မေးတော့…

​ကျန်းကျောက်ရှားက အံတင်းတင်းကြိတ်ကာ …..

"အပြင်ထွက်ပေါက်က တစ်ခုပဲ ရှိတော့တယ်…ငါတို့ မထွက်နိုင်တော့ဘူး… ယန်အကြီးအကဲ၊ ကျွန်တော့်ရဲ့ အစ်ကိုကြီးကို ချက်ချင်း ဆက်သွယ်လိုက်ပါ…" ဟု ဆိုလိုက်သည်။

ယန်ကျွယ်တိန်လည်း ချင်းရှောင် အမှတ်တံဆိပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ သို့သော်လည်း လီချင်းချိုးဘက်က ပြန်လည် မဖြေကြားသဖြင့် ယန်ကျွယ်တိန် အလွန် စိုးရိမ်သွားသည်။

​အသက်ရှူနှုန်း အကြိမ် ၂၀ ခန့် ကြာမြင့်သွားသော်လည်း အဆက်အသွယ် မရရှိသဖြင့် တပည့်များ စိတ်ပျက်အားငယ်သွားကြသည်။

ထိုစဉ် ရုတ်တရက် နန်းတော်တံခါးများ ပွင့်ထွက်သွားရာ တပည့်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ အာရုံစိုက် ကြည့်လိုက်ကြရာ အားလုံး မှင်သက်သွားကြသည်။

တခဏမျှ ​နန်းတော်ထဲတွင် တိတ်ဆိတ်သွားသည်။

​ဘာတွေ ဖြစ်နေတာလဲ?

ထိုစဉ် ​တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ရောက်လာသူမှာ လီချင်းချိုးပင် ဖြစ်သည်။ လီချင်းချိုးက လူသားဧကရာဇ် ခေါင်းလောင်းကို ထမ်းလာပြီး လေးလံနေပုံရသော်လည်း ကိုယ်နေဟန်ထားကတော့ သဘာဝကျနေသည်။ သူ့ကို မြင်လိုက်သည့် တပည့်များမှာ ယခင်က ခံစားခဲ့ရသော ကြောက်မက်ဖွယ် အရှိန်အဝါများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

​လီချင်းချိုးက ရယ်မော၍….

"မကြည့်ကြနဲ့တော့…သွားကြမယ်…မင်းတို့ကို အိမ်ပြန်ခေါ်သွားမယ်" ဟု ပြောပြီး လှည့်ထွက်သွားသည်။ ချင်းရှောင်ဂိုဏ်း တပည့်များလည်း စိတ်လှုပ်ရှားစွာဖြင့် သူ့နောက်သို့ အပြေးလိုက်ကြသည်။

ပိုင်နင်းအာမှာ အမြန်ဆုံး ဖြစ်ပြီး လီချင်းချိုး၏ ဘေးသို့ ရောက်လာကာ… "ဂိုဏ်းချုပ်၊ ခုနက ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ခံစားမိလိုက်သေးလား" ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

​"မခံစားမိပါဘူး…"

​"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကျွန်တော်တို့ အားလုံး ခံစားလိုက်ရတာ… အင်မတန် ကြောက်စရာ ကောင်းတာ"

ပိုင်နင်းအာ၏ မေးခွန်းကို လီချင်းချိုးက ပြန်မဖြေဘဲ ပြုံးနေသဖြင့် ပိုင်နင်းအာ ရုတ်တရက် သဘောပေါက်သွားပြီး မျက်နှာပျက်သွားကာ လီချင်းချိုးကို ကြည့်၍ စကားမဆက်နိုင် ဖြစ်သွားသည်။ ဂိုဏ်းချုပ် မပြောပြလိုသည်ကို သူ သိလိုက်ရသဖြင့် ထပ်မမေးတော့ပေ။ သူသည် လူအကြောင်းကို ကောင်းစွာ နားလည်သူ ဖြစ်သည်။

​သူသည် ခေါင်းလောင်းကို ကြည့်ကာ ….

"ဂိုဏ်းချုပ်…ဒီခေါင်းလောင်းက ဘယ်ကလာတာလဲ… ဘာလို့ သိုလှောင်အိတ်ထဲ မထည့်တာလဲ"

​"ဒီခေါင်းလောင်းက မူလအစ လျှို့ဝှက်ချက်တွေ ရှိတယ်…. ငါ အပြည့်အဝ မထိန်းချုပ်နိုင်သေးလို့ သိုလှောင်အိတ်ထဲ မထည့်နိုင်သေးတာ" ဟု လီချင်းချိုးက အေးဆေးပင် ဖြေလိုက်သည်။ သူသည် ဤခေါင်းလောင်း၏ ဂုဏ်သတင်းကို သိရှိပြီး တပည့်များကို မသိစေလိုပေ။

​ထိုစဉ် ကျန်းကျောက်ရှား ရှေ့သို့ တိုးလာသည်။

"အစ်ကိုကြီး..ဒါကို တမင် လုပ်တာမလား.." ဟု လီချင်းချိုးကို အပြစ်တင်သည့်ပုံဖြင့် မေးသည်။

သူသည် ခုနက အရှိန်အဝါက လီချင်းချိုးက သူတို့ကို ကြောက်အောင် လုပ်ခြင်းသာ ဖြစ်ကြောင်း သိသွားသည်။

​အစ်ကိုကြီးက ဒီလောက်တောင် အစွမ်းထက်နေပြီလား?

​"ဘယ်လို ဖြစ်နိုင်ပါ့မလဲ…ငါ အခွင့်အရေး အနည်းငယ် ရထားလို့ စွမ်းအားကို မထိန်းချုပ်နိုင်တာပါ" ဟု လီချင်းချိုးက ပြန်ဖြေသည်။ သို့သော် လီချင်းချိုး၏ နှုတ်ခမ်းအစွန်းတွင် ပေါ်လာသော အပြုံးကြောင့် ကျန်းကျောက်ရှားကတော့ သူ့စကားကို မယုံကြည်တော့ပေ။

​

All Chapters