အခန်း ၄၀၃
Vol. 41 Ch. 403
အခန်း (၄၀၃) ဝိညာဉ်
အစ်ကိုကြီး၏ စိတ်နေသဘောထားကို ကျန်းကျောက်ရှားကောင်းစွာ သိရှိသည်။ အပြင်ပန်းတွင် စိတ်သဘောထား ကောင်းမွန်ပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ရက်စက်သင့်လျှင် ရက်စက်တတ်သူ ဖြစ်သည်။
သူသည် ကြွားဝါခြင်း၊ နောက်ပြောင်ကျီစယ်ခြင်းနှင့် လေးနက်ပြီး ခန့်မှန်းရခက်သော ဟန်ပန်မျိုး ဖမ်းခြင်းတို့ကို နှစ်သက်သည်။
"ကိုယ့်စွမ်းအားကို မထိန်းချုပ်နိုင်ဘူး" ဆိုသည့် စကားမှာ လုံးဝ မုသားစကားပင် ဖြစ်သည်!
ကျန်းကျောက်ရှားတယောက် လီချင်းချိုး၏ ဘေးတိုက်ပုံရိပ်ကို ကြည့်ရင်း ဒေါသထွက်မိသော်လည်း ခဏအကြာတွင် ဒေါသများ ပျောက်ကွယ်သွားသည်။ သူသည် အဆင့် (၃) တွင် ရှိနေသော်လည်း မိမိကိုယ်ကို အစ်ကိုကြီးအဖြစ် အမြဲ သတ်မှတ်ထားပြီး လီချင်းချိုး၏ ထင်ရာစိုင်းမှုများကို သည်းခံကာ ဖိအားများကို အမြဲတမ်း တိတ်တဆိတ် ထမ်းပိုးထားသူ ဖြစ်သည်။ ထို့အပြင် သူသည် ချင်းရှောင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်လည်း ဖြစ်သည်။
ဒါဆိုရင် လုံလောက်ပြီ!
ကျန်းကျောက်ရှား ပြုံးလိုက်ပြီး လီချင်းချိုးနှင့်အတူ ဘေးချင်းယှဉ်၍ လျှောက်လှမ်းသွားသည်။
လီချင်းချိုးကတော့ တတိယမြောက် ညီငယ်လေး ဘာကို တွေးနေသလဲဆိုတာ မသိသော်လည်း ရုတ်တရက် ရယ်မောလိုက်သည်။ သို့သော် သူ နားလည်နိုင်ပါသည်။ ဤကောင်လေးက ငယ်စဉ်ကတည်းက ဤအတိုင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံ ဒီညီငယ်လေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ ရှိနေသည်ဟု ထင်မြင်မိသဖြင့် အလွန် သည်းခံပေးခဲ့သည်။
ဟုတ်ပါသည်၊ အကယ်၍သာ အမှန်တကယ်သည်းခံ၍ မရတော့သည့်အဆုံး၌လည်း "ရိုက်နှက်ခြင်းဖြင့်ပင် ကောင်းမွန်သော တပည့်သားသမီးများ ဖြစ်လာစေရမည်" ဟူသော နိယာမကို ခိုင်မြဲစွာ ယုံကြည်သူ ဖြစ်သည်။
"တတိယမြောက် ညီငယ်လေး…ငါ့မှာ အလွန် အစွမ်းထက်တဲ့ ဓားတစ်လက် ရှိတယ်… မင်း လိုချင်လား"
အမှန်မှာ ရွှမ်ရှားနတ်ဓား သို့မဟုတ် လူသားဧကရာဇ် ခေါင်းလောင်းကို အလွန်အမင်း တန်ဖိုးမထားပေ။ သူ့ကိုယ်ပေါ်တွင် ကာကွယ်ရေးနည်းလမ်းများစွာ ရှိပြီးဖြစ်ရာ နောက်ထပ်တစ်ခု မလိုအပ်တော့ပေ။ထို့ကြောင့် ဂိုဏ်းအတွင်းရှိ လူများနှင့် မျှဝေသုံးစွဲလိုခြင်း ဖြစ်သည်။
အကယ်၍ သူ မျှဝေမည်ဆိုပါက ညီငယ်၊ ညီမငယ်များကိုသာ ဦးစားပေးမည် ဖြစ်သည်။ သူသည် ညီငယ်၊ ညီမငယ်များကို ပွင့်ပွင့်လင်းလင်းပင် အလိုလိုက်လွန်းသဖြင့် ဂိုဏ်းသားအားလုံး သိရှိကြသည်။ ညီငယ်၊ ညီမငယ်များ၏ ကျင့်ကြံမှု နောက်ကျကျန်ခဲ့သော်လည်း သူတို့ကို အနိုင်ကျင့်ရန် သို့မဟုတ် စကားဖြင့်ပင် စော်ကားရန် မည်သူမျှ မဝံ့ရဲကြပေ။
ကျန်းကျောက်ရှားက မျက်ခုံးပင့်လိုက်ပြီး …"အဲဒါ တကယ်ပဲ အစွမ်းထက်ရဲ့လား.. ဘယ်လိုရလာတာလဲ"
"အလွန် အစွမ်းထက်တယ်….လောကရဲ့ နတ်ဘုရားဓား ကိုးလက်ထဲက တစ်လက်ပဲ….ငါ သူတစ်ပါးဆီကနေ ခိုးလာတာ"
"အဲလောက်အထိ အစွမ်းထက်တာလား… ဒါဆို အစ်ကိုပဲ သိမ်းထားလိုက်ပါ…အစ်ကို့ရဲ့ ဓားသိုင်း ပါရမီက ကျွန်တော်ပြီးရင် ဒုတိယပဲ ရှိသေးတာ…ဂိုဏ်းချုပ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ အစွမ်းထက်နေဖို့ လိုတယ်…တကယ်တော့ ကျွန်တော့်မှာလည်း နတ်ဓားတစ်လက် ရှိတယ်… အဲဒါက အဆင့် (၃) မှာ ရှိတယ်"
"ကောင်းလိုက်တာ…မင်း နတ်ဘုရားဓား ကိုးလက်လုံးကို စုဆောင်းရမယ်…မင်းရဲ့ ဓားသိုင်းပညာကို မမေ့နဲ့…. မင်းက လူအင်အားနဲ့ ဖိနှိပ်ရတာကို ကြိုက်တယ်မလား…"
"ငါ တကယ် ပြောနေတာ၊ ပြန်ရောက်ရင် မင်းကို ပေးမယ်"
" မလိုချင်ဘူး"
ကျန်းကျောက်ရှားက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ငြင်းပယ်သံမှာမူ မယိမ်းမယိုင် ခိုင်မာနေသည်။ လီချင်းချိုးက သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဒီကောင်လေး ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် စိတ်ဆိုးနေသေးသည်ဟု ထင်လိုက်သည်။
အစ်ကိုကြီးတစ်ယောက်က အနူးအညွတ် တောင်းပန်လိမ့်မည်ဟုတော့ မျှော်လင့်၍ မရနိုင်ပေ!
ကျန်းကျောက်ရှားက ရှေ့ကိုကြည့်၍….
"အစ်ကိုကြီး၊ ကျွန်တော့်မှာလည်း ကိုယ့်ဂုဏ်သိက္ခာနဲ့ ကျွန်တော် ရှိတယ်… ကျွန်တော် ကိုယ့်အားကိုယ်ကိုးပြီး ပိုသန်မာလာချင်တယ်…အရင်က ကျွန်တော်က ဂိုဏ်းမှာ အစွမ်းထက်ဆုံးလို့ ထင်ခဲ့ပေမဲ့ အခုတော့ လူအများကြီးရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီ… ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ခုတည်းကိုတော့ ဘယ်သူမှ မကျော်တက်နိုင်သေးဘူး…. အဲဒီယုံကြည်မှုလေး ပျောက်ကွယ်မသွားအောင်တော့ လုပ်ပေးပါ" ဟု ပြောတော့ လီချင်းချိုးက သူ့ကို ကြည့်ရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
သေချာပြန်ကြည့်လျှင် ကျန်းကျောက်ရှားသည် ချင်းရှောင်ဂိုဏ်း တိုးတက်လာရေးအတွက် အဓိကကျသော နေရာမှ ပါဝင်ခဲ့သည်။ လီချင်းချိုး ကူးယူခဲ့သော ပထမဆုံး ကံကြမ္မာမှာလည်း ကျန်းကျောက်ရှားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ကာလများတွင် လီချင်းချိုး ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသော ပါရမီရှင်မှာ ကျန်းကျောက်ရှားသာ ဖြစ်သည်။ ကျန်းကျောက်ရှားသာ အစွမ်းအစ မရှိခဲ့ပါက လီချင်းချိုးအနေနှင့် ချင်းရှောင်ဂိုဏ်းကို ယခုအခြေအနေသို့ ရောက်အောင် ပို့ဆောင်နိုင်ရန် အလွန် ခက်ခဲမည် ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ ကျန်းကျောက်ရှားအပေါ် ထားရှိသော အကြည့်များ ပြောင်းလဲသွားသည်။ တပည့်အချင်းချင်းကြားတွင် ကျန်းကျောက်ရှားတစ်ယောက်သာလျှင် သူ့ကို အနိုင်ယူလိုသော စိတ်ရှိသည်။ ဤပြိုင်ဆိုင်လိုစိတ်မှာ မကောင်းသော စိတ်မျိုးမဟုတ်ဘဲ ရှုံးနိမ့်ခြင်းကို လက်မခံလိုသော စိတ်ဓာတ်သာ ဖြစ်သည်။
"မင်းရဲ့ ယုံကြည်မှု ပျောက်မသွားစေရပါဘူး..."
လီချင်းချိုး စိတ်ထဲတွင် ထိုသို့ တွေးရင်း ပြိုင်ဆိုင်လိုစိတ်များလည်း ပေါ်ပေါက်လာသည်။
"တတိယ ညီလေး …ငါက မင်းထက် အမြဲ ရှေ့ကနေမှာမို့ ဒီတစ်သက်မှာ မင်း ငါ့ကို ဘယ်တော့မှ မနိုင်စေရဘူး!"
ယန်ကျွယ်တိန်က နောက်မှ လိုက်ပါလာရင်း လီချင်းချိုးနှင့် ကျန်းကျောက်ရှားကို ကြည့်ကာ စိတ်လှုပ်ရှားနေသည်။ အချိန်များ အလွန် လျင်မြန်လှပေသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်သော်လည်း သူတို့နှစ်ဦး ဘေးချင်းယှဉ် လျှောက်လှမ်းနေသည်ကို မြင်ရခြင်းမှာ ကံကောင်းလှသည်။
လီချင်းချိုး၏ ဦးဆောင်မှုအောက်တွင် တပည့်များမှာ စိတ်သက်သာရာ ရသွားကြသည်။
ရွှေရောင်နန်းတော်မှ ထွက်လာပြီးနောက် လီချင်းချိုးက အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုအပါအဝင် သူ့ကို တားဆီးသူများကို သတ်ဖြတ်ခဲ့သည်။ သူသည် စစ်နတ်ဘုရားနန်းတော်၏ အပြင်ဘက်တွင် စွမ်းအင်များ စုစည်းနေသည်ကို ခံစားမိသဖြင့် ဂိုဏ်းပေါင်းစုံ ရောက်ရှိနေပြီဟု သိလိုက်ရသည်။
ခဏအကြာတွင် လီချင်းချိုး ရပ်တန့်လိုက်ပြီး တပည့်များကို ကြည့်ကာ…. "ကောင်းပြီ၊ အားလုံး ခေါင်းလောင်းထဲ ဝင်ကြတော့၊ ငါ အလုပ်ရှုပ်ဦးမယ်" ဟု ပြောတော့ တပည့်များမှာ အံ့ဩသွားကြသည်။ မေးမြန်းချိန် မရခင်မှာပင် လီချင်းချိုးက သူတို့အားလုံးကို လူသားဧကရာဇ် ခေါင်းလောင်းထဲသို့ ထည့်လိုက်လေသည်။
ဤတစ်ကြိမ်တွင် ကျန်းကျောက်ရှားသည် သူနှင့် လီချင်းချိုးကြားရှိ ကွာဟချက်က ကျော်ဖြတ်၍မရနိုင်တော့ကြောင်း သိလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်တွင် ခြံဝင်းတစ်ခုထဲသို့ ရောက်ရှိနေပြီး ခေါင်းလောင်းအပြင်ဘက် မြင်ကွင်းကို မြင်နေရသည်။
"ယန်အကြီးအကဲပါလား…"
နောက်မှ အသံထွက်ပေါ်လာသဖြင့် ကျန်းကျောက်ရှား လှည့်ကြည့်လိုက်ရာ မှင်သက်သွားသည်။ လေထဲတွင် ထိုင်နေပြီး အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသော ယန်တောက်ကျုံးကို မြင်လိုက်ရသည်။ သူသည် ကျင့်ကြံနေပြီး ဝိညာဉ်အားဖြည့်နယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနေသည်!။
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?
လွန်ခဲ့သော နာရီအနည်းငယ်က ယန်တောက်ကျုံးသည် စွမ်းအင်မရှိသော သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ မည်သို့ဖြစ်၍ အဆင့် ၉ သို့ ရောက်သွားသနည်း?
ကျန်းကျောက်ရှား၏ စိတ်ထဲတွင် သတိပေးသံများ မြည်ဟည်းနေသည်။ ယင်ကျင်းရှင်း၏ ပါရမီကို လက်ခံရသည်မှာပင် ခက်ခဲနေချိန်တွင် ယခုမူ ပိုမို အံ့ဩဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး ထပ်ပေါ်လာပြန်သည်။ ယန်တောက်ကျုံးမှာ သူ့ထက်ပင် အသက်ကြီးသဖြင့် မည်သို့ဖြစ်၍ သူ့ကို ကျော်တက်သွားနိုင်သနည်း။
ကျန်းကျောက်ရှားတယောက် စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် မလွယ်ကူတော့ကြောင်း သိလိုက်ရသည်။
…………………..
ထိုက်ခွန်းတောင်ထိပ်တွင် ကြယ်တာရာများ တောက်ပနေပြီး တောင်ထိပ်အားလုံးမှာ အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
လီတုံးယွဲ့နှင့် လီစစ်ကျင်တို့နှစ်ယောက် လက်တွဲလျက် လင်ရှောင်ခြံဝင်းထဲသို့ ဝင်လာကြသည်။ ခြံဝင်း၏ အပြင်ဘက်တွင် စွမ်းအင်စုစည်းသည့် အစီအရင်များ ရှိသဖြင့် ခြံဝင်းထဲရောက်မှသာ ကလေးဘဝကကဲ့သို့ ပြန်လည် နေထိုင်နိုင်ကြတော့သည်။
ဤသည်မှာ လီချင်းချိုး၏ စီစဉ်မှုပင် ဖြစ်သည်။ သူသည် အချိန်များ လျင်မြန်စွာ ကုန်လွန်နေသည်ဟု ခံစားရသည်။ တူညီသော ဂိုဏ်းတွင် ရှိနေသော်လည်း ညီငယ်၊ ညီမငယ်များနှင့် အတူတကွ ရှိနေရမည့်အချိန်မှာ တဖြည်းဖြည်း နည်းပါးလာသည်။
"ဒီပါရမီရှင်တွေကို ကိုင်တွယ်ရတာ တကယ့်ကို ခက်ခဲတယ်…. သူတို့က အရင်းအမြစ်နဲ့ အခွင့်အရေးအတွက်တင် မကဘဲ အာဏာနဲ့ ရာထူးအတွက်ပါ ယှဉ်ပြိုင်ကြတယ်… ဒါပေမဲ့ အာဏာဆိုတာက အကန့်အသတ်နဲ့မို့ လူတိုင်း ထိပ်ဆုံးကို ရောက်ဖို့ မဖြစ်နိုင်ဘူး…လူနည်းတုန်းကတော့ အဆင်ပြေပေမဲ့ အခုတော့ ပါရမီရှင်တွေ တိုးပွားလာနေတယ်… သူတို့ကို ဘယ်လို ချော့မော့ရမလဲဆိုတာ တွေးနေရတာနဲ့ပဲ ခေါင်းကိုက်ရတော့မယ်" ဟု လီစစ်ကျင်က သက်ပြင်းချကာ ပြောလိုက်သည်။ သူမသည် ကျင့်ကြံရေး ခန်းမခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက် အစပိုင်းကဲ့သို့ အလွန်အမင်း ရက်စက်ခြင်း မရှိတော့ဘဲ ကိစ္စရပ်များကို ရှုထောင့်ပေါင်းစုံမှ စဉ်းစားတတ်လာသည်။
ယခင်ကဆိုလျှင် သူမကို တစ်စုံတစ်ယောက်က အခက်အခဲ ဖြစ်စေပါက လီချင်းချိုး၏ အကာအကွယ်ဖြင့် စားပွဲ လှန်ချသည်အထိ ပြုလုပ်ခဲ့သူ ဖြစ်သည်။
လီတုံးယွဲ့က ရယ်မော၍….
"နင် ဘာပဲလုပ်လုပ် မကျေနပ်တဲ့သူကတော့ ရှိနေမှာပဲ… စည်းကမ်းအတိုင်းပဲ လုပ်ပါ… အရည်အချင်းရှိတဲ့သူက အရင်းအမြစ် ပိုရမယ်… အားလုံးကို လိုချင်ရင်တော့ အစ်ကိုကြီးရဲ့ တပည့်တွေကို သုံးပြီး ဖိနှိပ်လိုက်ပေါ့"
ထိုအခါ လီစစ်ကျင်က လီတုန်းယွဲ့ကို ကြည့်ကာ…
"စတုတ္ထအစ်မ…အစ်မက တကယ်ကို ထူးခြားတာပဲ… အစ်မမှာ ဘာမှ အခက်အခဲ မရှိဘူးလို့ ထင်ရတယ်… ဘာမဆို အေးဆေးနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တယ်"
လီတုန်းယွဲ့က ပါးပြင်ကို လက်နှင့် ထောက်လျက် ပြုံး၍ ….
"အတိတ်နဲ့ ယှဉ်ရင် အခု ဒုက္ခတွေက တကယ် ဒုက္ခတွေ ဟုတ်လို့လား… ပြီးတော့ ဒီဒုက္ခတွေက ဂိုဏ်းသားတွေအားလုံး လိုချင်တဲ့ အရာတွေ မဟုတ်ဘူးလား"
ထိုစဉ် အခန်းထဲသို့ ခြေသံများ နီးကပ်လာသည်။
လီချင်းချိုး ရောက်လာခြင်း ဖြစ်သည်။ သူသည် ကျန်းကျောက်ရှားကို အတူခေါ်လာရန် ကြိုးစားခဲ့သော်လည်း ကျန်းကျောက်ရှားက ဓားဂိုဏ်းသို့ သွားမည်ဟု ဆိုသဖြင့် တစ်ယောက်တည်း ရောက်လာခြင်း ဖြစ်သည်။
လီစစ်ကျင်က …
"အစ်ကိုကြီး၊ တောင်အောက်ကနေ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ" ဟု မေးလိုက်သည်။
အချိန်အနည်းငယ်မျှသာ သွားရောက်ခဲ့သဖြင့် လီချင်းချိုး အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြောင်း မည်သူမျှ မသိကြပေ။
"လမ်းလျှောက်သွားတာပါ" ဟု လီချင်းချိုးက ရယ်မောဖြေဆိုလိုက်သည်။
သူတို့သုံးဦး နာရီဝက်ခန့် စကားပြောဆိုကြပြီးနောက် လီစစ်ကျင်က ပင်ပန်းလာသဖြင့် အနားယူရန် ပြန်သွားသည်။ လီတုန်းယွဲ့မှာမူ မပြန်သေးဘဲ…
"အစ်ကိုကြီး၊ ဂိုဏ်းအတွက် ပြဿနာ ဖြေရှင်းဖို့ တစ်ယောက်တည်း ထွက်သွားပြန်တာလား" ဟု မေးလေသည်။
လီချင်းချိုး အံ့ဩသွားပြီး…
"ဘာလို့ အဲဒီလို မေးရတာလဲ" ဟု ပြန်မေးလိုက်သည်။
လီတုန်းယွဲ့က သူ့ကို စူးစိုက်ကြည့်၍…
"အစ်ကိုကြီးရဲ့ အမူအရာက သာမန်အတိုင်း ဖြစ်ပေမဲ့ အစ်ကိုကြီးဆီကနေ လူသတ်လိုတဲ့ အရှိန်အဝါတွေကို ခံစားမိနေတယ်" ဟု ဆိုသည်။
ထိုအခါမှသာ အရှိန်အဝါကို ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ကြောင်း လီချင်းချိုး သဘောပေါက်သွားသည်။ သူသည် အမှန်တကယ်ပင် လူအများအပြားကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။
လီချင်းချိုးက…
"ငါ အခွင့်အရေးတစ်ခု ရှာဖို့ သွားရင်း ပျောက်ဆုံးနေတဲ့ တတိယ ညီလေးတို့ကို တွေ့လို့ ပြန်ခေါ်လာတာပါ" ဟု ရှင်းပြလိုက်သည်။
"ပျောက်ဆုံးနေတာလား… ဘာလို့ အရင်က မပြောပြတာလဲ"
"စိုးရိမ်မှာ စိုးလို့ပါ…ပြီးတော့ တာဝန်တစ်ခုနဲ့ သွားရင် လအနည်းငယ် သတင်းမကြားတာ သဘာဝပါပဲ"
လီချင်းချိုးက လက်ကို မြှောက်၍ ရွှေရောင် ခေါင်းလောင်းငယ်လေး တစ်လုံးကို စားပွဲပေါ် တင်လိုက်ပြီး…
"ဒီခရီးစဉ်မှာ ရတနာတွေ အများကြီး ရခဲ့တယ်…ဒါကို ယူလိုက်ပါ"
လီတုန်းယွဲ့က ခေါင်းလောင်းကို စူးစိုက်ကြည့်နေသည်။ သူမသည် ဝိညာဉ်အာရုံခံနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းမှာ သာမန် ရတနာ မဟုတ်ကြောင်း သိလိုက်သည်။
"ဒီရတနာက အစွမ်းထက်တယ်…ဒါကို ညီမကို ပေးလိုက်ပေမဲ့ ပိုင်ရှင်ကတော့ ငါပဲ ဖြစ်နေဦးမယ်… ဒါပေမဲ့ မင်း သူ့ရဲ့ စွမ်းအားကို အသုံးပြုလို့ ရပါတယ်…အခုကစပြီး ငါတို့နှစ်ယောက်စလုံးက သူ့ရဲ့ ပိုင်ရှင်တွေပေါ့"
လီတုန်းယွဲ့၏ မျက်လုံးများမှာ တောက်ပသွားပြီး ခေါင်းလောင်းကို အနီးကပ် လေ့လာကြည့်ရှုနေ၏။
"အစ်ကိုကြီးက တခြားလူတွေကိုလည်း ဒီလိုပဲ ပေးမှာလား"
"မပေးပါဘူး၊ ပြီးတော့ ချူကျင်းတို့ကိုလဲ ပေးမသုံးဘူး…"
လီချင်းချိုးသည် စုန့်ချန်ရှန်း သို့မဟုတ် ကျိုးလင်ဟွမ်းတို့လို အလှပဂေးများကို မြင်တွေ့ဖူးသော်လည်း သူ့ ညီမနှစ်ဦးထက် မည်သူမျှ မလှပဟု ခံစားရသည်။ အထူးသဖြင့် စတုတ္ထမြောက် ညီမလေး လီတုန်းယွဲ့ပင် ဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက ဘာကိုမျှ ပြိုင်ဆိုင်လုယက်ခြင်း မရှိပေ။ လီချင်းချိုးကလည်း ကောင်းမွန်သောအရာများကို တွေ့လျှင် လီတုန်းယွဲ့ကိုသာ အမြဲတမ်း အရင်ဆုံး သတိရသည်။
ယန်တောက်ကျုံး ပြောခဲ့သလို လူသားဧကရာဇ် ခေါင်းလောင်းမှာ ကိုယ်ပိုင် အလိုဆန္ဒ ရှိပြီး လီချင်းချိုးကိုသာ ရွေးချယ်ထားခြင်း ဖြစ်သည်။ထို့ကြောင့်လည်း ၎င်းက စစ်နတ်ဘုရား နန်းတော်ရှိ အခြားသောသူများကိုပင် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။