အခန်း ၄၀၄
Vol. 41 Ch. 404
အခန်း (၄၀၄) မင်းတို့ ဂိုဏ်းချုပ်က အသက်ဘယ်လောက်ရှိပြီလဲ
လမင်းသည် ရေပြင်ကဲ့သို့ ကြည်လင်နေချိန်တွင် လီချင်းချိုးက လီတုန်းယွဲ့၏ ကံကြမ္မာကို လူသားဧကရာဇ် ခေါင်းလောင်းနှင့် ပေါင်းစပ်ပေးနေသည်။ လူသားဧကရာဇ် ခေါင်းလောင်း၏ စွမ်းအားကို အပြည့်အဝ ခံစားရပြီးမှသာ လီတုန်းယွဲ့သည် အစ်ကိုကြီး ပေးအပ်လိုက်သော လက်ဆောင်က မည်မျှတန်ဖိုးကြီးမားကြောင်း နားလည်လာသည်။
"အစ်ကိုကြီး…ဒါ မသင့်တော်ဘူး…တတိယအစ်ကိုကြီးကိုပဲ ဖြစ်ဖြစ်၊ နင်းအာ၊ ယွင်ချိုင် ဒါမှမဟုတ် အစ်ကိုကြီးရဲ့ တပည့်တွေကိုပဲ ပေးလိုက်ပါတော့… ကျွန်မလိုလူကို ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာပေးတာ အလဟဿ ဖြစ်သွားမှာပါ" ဟု လေးနက်စွာ ပြောလိုက်သည်။
သူမသည် မိမိ၏ အရည်အချင်းကို ကောင်းစွာ သိသည်။ ကျင့်ကြံရေး ပါရမီ သာမန်သာ ဖြစ်ပြီး စိတ်ဓာတ်ကလည်း မမာကြောလှပေ။ ထိုရတနာကို မိမိလက်ထဲတွင် ထားခြင်းမှာ အရင်းအမြစ်များကို ဖြုန်းတီးရာ ရောက်သည်။
"ဘာလို့ ဖြုန်းတီးရမှာလဲ… ဒီရတနာကို အသုံးမချနိုင်ဘူးလို့ ဘယ်သူက ပြောလဲ…ပြီးတော့ ဝိညာဉ်ဘဏ္ဍာခန်းမရဲ့ ခေါင်းဆောင်အနေနဲ့ တခြားသူတွေကို ဖိနှိပ်နိုင်လောက်တဲ့ ခွန်အားမရှိရင် ချင်းရှောင်ဂိုဏ်းအတွက် အန္တရာယ်ရှိလာနိုင်တယ်… ဂိုဏ်းမှာ ပါရမီရှင်တွေ တိုးပွားလာနေတာကို မင်း ခံစားမိမှာပါ… အခုလောလောဆယ် ကိစ္စမရှိပေမဲ့ နောက်နှစ်ပေါင်း ၁၀၀ ကြာရင်ကော… အဲဒီပါရမီရှင်တွေက မင်းထက် အဆင့်နှစ်ဆင့် မြင့်သွားရင် ဘာလုပ်မှာလဲ" ဟု လီချင်းချိုးက လေးနက်စွာ ဆုံးမလိုက်တော့ လီတုန်းယွဲ့ စကားမပြောနိုင်တော့ပေ။
"လူတိုင်းမှာ ကိုယ်ပိုင် ဆန္ဒတွေ ရှိကြတယ်… သူတို့ ကျင့်ကြံနေတာက ကိုယ့်ဆန္ဒတွေ ပြည့်ဝဖို့ပဲ…ငါ့ဆန္ဒကတော့ မင်းတို့ကို ပိုသန်မာလာစေပြီး မသေမျိုးလမ်းစဉ်မှာ ငါနဲ့အတူ ရှိနေစေဖို့ပဲ… ဒါတောင် မပြည့်ဝနိုင်ရင် ချင်းရှောင်ဂိုဏ်းက ငါ့အတွက် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
လီချင်းချိုး၏ စကားလုံးနှင့်အမူအရာများက တည်ငြိမ်နေသော်လည်း လီတုန်းယွဲ့၏ မျက်လုံးထဲတွင်မူ ငယ်စဉ်ကအတိုင်း နေမင်းကဲ့သို့ တောက်ပနေဆဲ ဖြစ်သည်။ အစ်ကိုကြီးက သူတို့အတွက် အမြဲတမ်း ဦးစားပေးသူ ဖြစ်သည်။
လီတုန်းယွဲ့က စိတ်ခံစားချက်အလွန်များသူ မဟုတ်သဖြင့် ခေါင်းညိတ်ကာ…
"အစ်ကိုကြီး …အစ်ကိုကြီး စိတ်မပျက်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်" ဟု တိုးညင်းစွာ ပြောလိုက်သည်။
တပည့် ခုနစ်ဦးထဲတွင် ကျန်းကျောက်ရှား တစ်ယောက်သာ လီချင်းချိုးကို အမီလိုက်ရန် ကြိုးစားနေသည်ဟု ထင်ရသော်လည်း လီဒုံယွဲ့လည်း အမြဲ ကြိုးစားနေသည်။ သို့သော် သူမက ကျန်းကျောက်ရှားကဲ့သို့ စကားလုံးကြီးများ ပြောလေ့မရှိပေ။
နောက်တစ်နေ့ မနက်တွင် လီချင်းချိုးက ရရှိလာသော ပစ္စည်းများကို ခွဲဝေလိုက်သည်။ ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံးများကို ဝိညာဉ်ဘဏ္ဍာခန်းမသို့၊ ဆေးဖက်ဝင် ပစ္စည်းများကို ကျင့်ကြံရေးခန်းမသို့၊ လက်နက်နှင့် ပစ္စည်းကိရိယာများကို ကောင်းကင်လက်မှုခန်းမသို့၊ ဓားသိုင်းကျမ်းများကို ဓားဂိုဏ်းသို့၊ မိစ္ဆာထိန်းချုပ်ရေးကျမ်းများကို မိစ္ဆာထိန်းချုပ်ရေး ခန်းမသို့ ပေးအပ်လိုက်သည်။
အခြားခန်းမသခင်များက လီချင်းချိုးထံမှ ရရှိလာသော ရတနာများကို ကြည့်ကာ အံ့ဩနေကြသည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းကြီးတစ်ခုခုကိုများ သွားပြီး လုယူလာတာလား" ဟု မိစ္ဆာထိန်းချုပ်ရေး ခန်းမခေါင်းဆောင် ချန်ချန်ဟိုင်းက မေးလိုက်သည်။
လီချင်းချိုးက ….
"ဘာမဟုတ်တာတွေ ပြောနေတာလဲ…. တစ်ယောက်က ငါ့ကို အခက်အခဲ ဖြစ်စေလို့ ဖြေရှင်းလိုက်ရုံပဲ…သူတို့ရဲ့ ရတနာတွေကို အလဟဿ မပစ်ထားသင့်ဘူးလေ" ဟု ရယ်မော၍ ဖြေလိုက်သည်။
ယန်ကျွယ်တိန်၊ ကျန်းကျောက်ရှား၊ ရွှယ်ကျင်း၊ ယွမ်လီနှင့် ယန်တောက်ကျုံးတို့ကတော့ တိတ်ဆိတ်နေကြသည်။ လီချင်းချိုး ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူတို့ သိသော်လည်း လီချင်းချိုး လူသတ်ခဲ့သော မြင်ကွင်းကို ပြန်တွေးမိတိုင်း ကြောက်ရွံနေသည်။
ယန်တောက်ကျုံးသည် ဝိညာဉ်အားဖြည့်နယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သဖြင့် သာမန်သိုင်းသမားတစ်ဦးနှင့် မခြားနားပေ။
ဤမျှ များပြားသော ရတနာများ မည်သည့်နေရာမှ ရောက်လာသနည်းဟု အားလုံးက သိလိုနေကြသည်။
ထိုသို့သော စွမ်းအားက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်!
ယန်ကျွယ်တိန်နှင့် ကျန်းကျောက်ရှားတို့မှ လွဲ၍ ကျန်သူအားလုံးက လီချင်းချိုးတယောက် စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားသည်ဟု ခံစားမိကြသည်။ လီချင်းချိုးနှင့်အတူ ကြီးပြင်းလာခဲ့သော ကျန်းကျောက်ရှားမှာမူ အစ်ကိုကြီး၏ ပါရမီကို ပို၍ပင် အံ့ဩမိသည်။ လီချင်းချိုးနှင့် ယှဉ်လိုက်လျှင် ဂိုဏ်းအတွင်းရှိ ပါရမီရှင်များက သာမန်မျှသာ ဖြစ်နေသည်။
လီချင်းချိုး၏ နောက်တွင် ရပ်နေသော ချူကျင်းက ….
"ဒီလောက် များပြားတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ကျွန်တော်တို့ဂိုဏ်းအတွက် နောက်ငါးနှစ်အထိ စိတ်ပူစရာ မလိုတော့ဘူး" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဘေးတွင်ရှိသော ရှောင်ဝူချင်းကလည်း…
"ဒါတင်မကဘူး….ဂိုဏ်းရဲ့ ခန်းမတိုင်း တိုးတက်ဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်မှာပါ" ဟု ထောက်ခံလေသည်။ အားလုံးက ထိုသို့ သဘောတူကြသော်လည်း အရင်းအမြစ်များ မည်သည့်နေရာမှ ရလာသည်ကိုမူ မေးမြန်းရန် မဝံ့ရဲကြပေ။
လီချင်းချိုးသည် သဘောကောင်းသော်လည်း ဂုဏ်သိက္ခာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူ ပြုံးမနေသည့်အချိန်တွင်ပင် လူများကို ဖိအားပေးနိုင်စွမ်း ရှိသည်။
ရတနာများကို ခွဲဝေပြီးနောက် ဂိုဏ်း၏ တိုးတက်မှု လမ်းကြောင်းကို စတင် ရှင်းပြခဲ့သည်။
"ဒီနေ့ကစပြီး အနောက်ဘက်ကို တိုးချဲ့တာတွေ ရပ်လိုက်တော့…. နောက်ထပ် စခန်းတွေ မထူထောင်နဲ့တော့… ရှိပြီးသား နေရာတွေကိုပဲ ဆက်လက် တူးဖော်ကြပါ" ဟု လီချင်းချိုးက အမိန့်ပေးလိုက်၏။
ဤဆုံးဖြတ်ချက်ကြောင့် ခန်းမသခင်များ သက်ပြင်းချနိုင်သွားကြသည်။ အဆက်မပြတ် တိုးချဲ့နေရခြင်းမှာ အထူးသဖြင့် ကောင်းကင်လက်မှုခန်းမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခြင်းကြောင့်ပင်။
အနောက်ဘက်သို့ တိုးချဲ့ရေး အစီအစဉ် ပြီးဆုံးသွားပြီးနောက် လီချင်းချိုးက တောင်ဘက်ပိုင်း အခြေအနေကို မေးမြန်းလေသည်။
ဝေထျန်းရှုံးတို့အဖွဲ့မှာ တျန်းမင်ပင်လယ်ပြင်တွင် စွန့်စားမှုများ လုပ်ဆောင်နေပြီး ကောင်းမွန်သော သတင်းများ ဆောင်ကြဉ်းလာနေသည်။ မကြာသေးမီက စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမျိုးစုများက ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ထားသဖြင့် ထင်ရှားလာသည်။ ဇီယန်ကျွန်းကလည်း လီချင်းချိုးကို ရှုံးနိမ့်ပြီးနောက် တိတ်ဆိတ်နေခဲ့သော်လည်း မကြာသေးမီက အခြားဂိုဏ်းတစ်ခုနှင့် ချိတ်ဆက်ကာ လှုပ်ရှားမှုများ ပြုလုပ်နေသည်။
လီချင်းချိုးသည် တျန်းမင်ပင်လယ်ပြင်သို့ လူအင်အား ပိုမို ပေးပို့ရန်နှင့် ရွေးချယ်ထားသော ကျွန်းစုတစ်ခုတွင် ဂိုဏ်းခွဲတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဤအစီအစဉ်ကို အားလုံးကို ဆွေးနွေးစေသည်။ အချို့က ထောက်ခံသော်လည်း အချို့က အရင်းအမြစ်များ ကုန်ကျမည်ကို စိုးရိမ်နေကြသည်။
လီချင်းချိုးက အရေးပေါ် ကိစ္စမဟုတ်ပါက တစ်ဦးတည်း ဆုံးဖြတ်ခြင်း မပြုဘဲ အထက်ပိုင်း အရာရှိများကို လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးသဖြင့် ဤနည်းဖြင့် လုပ်ငန်းများ ပိုမို လွယ်ကူလာသည်။
…………………..
တောင်တန်းအလယ်ပိုင်းရှိ လယ်ကွင်းတစ်ခုတွင် ဖန်းပိုမိုတယောက် ထွန်တုံးကို ကိုင်လျက် ငေးမောနေပြီး သူ့ ပခုံးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင် ရောက်နေသည်။
"ဟေ့ လူသစ် …ဘာတွေ တွေးနေတာလဲ…. အိပ်မက်လှလှလေး မက်နေတာလား" ဟု လူငယ်တစ်ဦးက ချွေးသုတ်ရင်း ရယ်မော၍ မေးလိုက်မှသာ ဖန်းပိုမို သတိဝင်လာသည်။
လီချင်းချိုး၏ ဂိုဏ်း ဘာကြောင့် ဤမျှ အားနည်းနေရသနည်း။ သူသာ သိလျှင် ဒီလို အလုပ်ကြမ်းသမား ဖြစ်မလာခဲ့ပေ။ ချင်းရှောင်ဂိုဏ်းတွင် ဝိညာဉ်ပင်လယ် သုံးပါးပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ နှစ်ဦးသာ ရှိပြီး တစ်ဦးက လီချင်းချိုး ဖြစ်ကာ နောက်တစ်ဦးမှာ သူကိုယ်တိုင် အနိုင်ယူခဲ့ဖူးသော ဓားမိစ္ဆာ ဖြစ်သည်။ သူသာ အနည်းငယ် ပို၍ အခြေအနေကို သိခဲ့လျှင် အကြီးအကဲ သို့မဟုတ် ဒုဂိုဏ်းချုပ်ပင် ဖြစ်လာနိုင်သည်ဟု သူ တွေးရင်း နောင်တရနေသည်။
"ဟုတ်တယ် …ချင်းရှောင်ဂိုဏ်းကို ဝင်ရတာ ကျွန်တော့်ရဲ့ အိပ်မက်ပဲ" ဟု ဖန်းပိုမိုက အားတင်းပြုံး၍ ဖြေလိုက်သည်။
လူငယ်က သူ့ကို ရေသန့်ဘူးပေးကာ….
"ချင်းရှောင်ဂိုဏ်းက တဖြည်းဖြည်း သန်မာလာနေတာပါ… ဒီမှာ အလုပ်လုပ်ရတာ ကံကောင်းပါတယ်…. နှစ်တိုင်း တပည့်တွေ အဆင့်တက်နေတာလေ"
ထိုသူ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ဖန်းပိုမိုက….
"မင်းတို့ ချင်းရှောင်ဂိုဏ်းရဲ့ အတိတ်အကြောင်း ဘယ်လောက် သိလဲ"
ထိုအခါ လူငယ်က အပြုံးဖြင့် ချင်းရှောင်ဂိုဏ်းအကြောင်းကို အသေးစိတ် ရှင်းပြသည်။ ဖန်းပိုမိုက အစပိုင်းတွင် ဂရုမစိုက်သော်လည်း ဂိုဏ်းသက်တမ်းက (၃၈) နှစ်သာ ရှိသေးပြီး လီချင်းချိုး မတိုင်မီက လူ (၇) ဦးသာ ရှိသည့် သိုင်းဂိုဏ်းငယ်လေး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ အလွန် တုန်လှုပ်သွားသည်။
ချင်းရှောင်ဂိုဏ်းက အားနည်းနေသေးသော်လည်း (၃၈) နှစ်အတွင်း ဤမျှ တိုးတက်လာခြင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုလူငယ်၏ ပြောပြချက်အရ ချင်းရှောင်ဂိုဏ်းမှ တပည့်အများစုမှာ နယ်မြေကိုးခုမှ သာမန်လူများသာ ဖြစ်ကြပြီး ဂိုဏ်းမှတစ်ဆင့် ကိုယ်တိုင်လေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိရသည်။ ထိုအကြောင်းများကို နားထောင်ရင်း ဖန်းပိုမို ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ….
"ဒါနဲ့ မင်းတို့ ဂိုဏ်းချုပ်က အသက် ဘယ်လောက်ရှိပြီလဲ" ဟု မေးလိုက်သည်။
လူငယ်က မဆိုင်းမတွပင် "ဒီနှစ်ဆိုရင် (၅၄) နှစ် ရှိပြီလေ" ဟု ခပ်ပေါ့ပေါ့ဖြေလိုက်သည်။
(၅၄) နှစ်...
ဖန်းပိုမို တုန်လှုပ်သွားသည်။
လီချင်းချိုးတယောက် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိနေသည်ဟု သူ အမြဲခံစားခဲ့ရခြင်းမှာ အလကားမဟုတ်ပေ။ ယခင်က လီချင်းချိုး တမင် အသက်အရွယ်ကို ဖုံးကွယ်ထားသည်ဟု သူ ထင်ခဲ့မိသည်။ (၅၄) နှစ်အရွယ်နှင့် ဤမျှ အစွမ်းထက်နေခြင်းမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။