← Chapters

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း ၄၀၇

Vol. 41 Ch. 407

အခန်း (၄၀၇) ကောင်းကင်တံခါးကို ဖွင့်လှစ်ခြင်း

​အစည်းအဝေးတွင် ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များ အားလုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ့အတွက် အခွင့်အရေး ရောက်လာပြီဟု ထျန်းရွှမ်ဇီသိလိုက်သည်။ ဤလူများက သူ့ကို လက်ခံထားသော်လည်း သူ့အရည်အချင်းကို အမြန်ဆုံး သက်သေပြနိုင်မှသာ ဂိုဏ်းအတွင်း လျင်မြန်စွာ နေရာရနိုင်မည် ဖြစ်သည်။

​"ဂိုဏ်းချုပ်…ကျွန်တော် စစ်တိုက်ဖို့ သွားလို့ရပါတယ်… ဒါပေမဲ့ တပည့်ရင်း တစ်သောင်းကို ရွေးချယ်ခွင့် ပေးပါ" ဟု ထျန်းရွှမ်ဇီက ပြောလိုက်သည်။

ထိုစကားကြောင့် အားလုံး အံ့ဩသွားကြသည်။ ဂိုဏ်းသစ်ကို ရောက်ခါစ လူသစ်တစ်ယောက်က ဤမျှ ကြီးမားသော တာဝန်ကို ယူရဲသည်မှာ အံ့ဩစရာပင်။ တပည့်ရင်း အားလုံးပေါင်း နှစ်သောင်းကျော်သာ ရှိရာ တစ်ဝက်ကို ခေါ်သွားမည်ဆိုပါက ဂိုဏ်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်သည်။

​လီချင်းချိုးက…. "လူတွေက များလွန်းမနေဘူးလား" ဟု မေးတော့

​ထျန်းရွှမ်ဇီက…

"ဒီတစ်သောင်းထဲမှာ ပါရမီရှင်တွေကို ရွေးမှာ မဟုတ်ပါဘူး…ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးသူတွေကိုပဲ စတင် ရွေးချယ်သွားမှာပါ" ဟု ပြန်ဖြေသည်။

​လင်းရှောင်ဝင်းတစ်ခုလုံး ဆူညံသွားပြီး လူတိုင်း သူ၏ စကားကို ကြားပြီးနောက် တုန်လှုပ်သွားကြသည်။

​ဂိုဏ်းချုပ် လီချင်းချိုးက မျက်မှောင်ကြုတ်လျက်….

"ထျန်းရွှမ်ဇီ…. မင်းက ဂိုဏ်းကို ရောက်ခါစ လူသစ်ဖြစ်လို့ ငါ သတိပေးရမယ်… ချင်းရှောင်ဂိုဏ်းက တိုးချဲ့နေပေမဲ့ လူသားတွေကို အဓိကထားတဲ့ ဂိုဏ်း….ကျင့်ကြံမှုအဆင့်နဲ့ အခွင့်အရေးတွေ ကွာခြားနိုင်ပေမဲ့ ဂိုဏ်းသားတစ်ယောက်ချင်းစီရဲ့ အသက်က အရေးကြီးပါတယ်"

​အခြားသူများလည်း ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့သည် ချင်းရှောင်ဂိုဏ်း၏ ဂရုစိုက်မှုကို နားလည်ထားကြသဖြင့် မိမိတို့၏ ဘဝကို ဂိုဏ်းအတွက် အပြည့်အဝ ပေးဆပ်ရန် အဆင်သင့် ရှိနေကြသူများ ဖြစ်သည်။

ကျန်းကျောက်ရှားက….

"နာမည် ရချင်တာက ကောင်းပေမဲ့ တခြားသူတွေကိုတော့ ဆွဲမချပါနဲ့" ဟု အေးစက်စက် လှောင်ပြောင်လိုက်သည်။ ထို့နောက် အခြားသူများကလည်း ထျန်းရွှမ်ဇီ၏ ရဲတင်းမှုအပေါ် ဝေဖန်ကြသည်။

​လီချင်းချိုး၏ နောက်တွင် ရှိနေသော ရှောင်ဝူချင်းကမူ ထျန်းရွှမ်ဇီတယောက် စကားသက်သက် ပြောနေခြင်း မဟုတ်ကြောင်း ခံစားမိသည်။ ယွင်ချိုင်ကလည်း သူမ၏ အမြင်ဖြင့် ထျန်းရွှမ်ဇီ၏ ဝိညာဉ်စွမ်းအင်က လီချင်းချိုးမှလွဲ၍ အခြားမည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်အောင် ကြီးမားနေသည်ကို တွေ့လိုက်ရသည်။ ထျန်းရွှမ်ဇီသည်လည်း ကောင်းကင်နေမင်းနယ်ပယ် အဆင့်ရှိသူတစ်ဦး ဖြစ်နေသည်။

​"အကြောင်းပြချက် ပေးပါ"

​ "ဒီတိုက်ပွဲမှာ အနိုင်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်….ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းမှာ ရှိနေတဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ဂိုဏ်းသားအများစုက ကျင့်ကြံရေး လောကရဲ့ အန္တရာယ်ကို သတိမပြုမိကြတာကို တွေ့ရတယ်…ဒါက အခွင့်အရေးတစ်ခုလို့ ကျွန်တော် မြင်တယ်… အကယ်၍ သေဆုံးသူ အရေအတွက် (၃၀၀) ကျော်သွားရင် ကျွန်တော့်ခေါင်းနဲ့ ပေးဆပ်ပါ့မယ်" ဟု ပြန်ဖြေသည်။

​ထိုစကားကို ကြားသောအခါ အားလုံး၏ ဒေါသများ လျော့ပါးသွားကြသည်။

​"လူ (၃၀၀) ဆိုတာ အများကြီး မဟုတ်ဘူးလား" ဟု ချိုင်ယွင်းရှန်းက မေးလိုက်သည်။

​ရွှယ်ကျင်းက….

"အသေအပျောက် မရှိဖို့ဆိုတာ မဖြစ်နိုင်ူဲး ….လူနည်းစုရဲ့ သွေးက အများစုကို နိုးထစေလိမ့်မယ်..ဒါက ကောင်းတဲ့ကိစ္စပါ" ဟု ဆိုသည်။

​လီချင်းချိုးက ….

"ကောင်းပြီ၊ ဒီတာဝန်ကို ဘယ်သူမှ မယူရဲဘူးဆိုရင် ထျန်းရွှမ်ဇီကိုပဲ လုပ်ခိုင်းလိုက်မယ်…. လူတစ်သောင်းက များလွန်းတယ်…ခြောက်ထောင်ပဲခေါ်သွား… ယွီချွန်း…မင်း သူ့နဲ့အတူတူ လူရွေးလိုက်ပါ"

​ကျန်းယူချွန်းအဖို့ ကန့်ကွက်စရာ မရှိပေ။ သူသည်လည်း ထျန်းရွှမ်ဇီ၏ အရည်အချင်းကို စမ်းသပ်လိုနေသည်။

ထျန်းရွှမ်ဇီက လီချင်းချိုးကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ​လီချင်းချိုးက ကောင်းကင် နန်းတော်ဂိုဏ်းနှင့် တိုက်ပွဲအတွက် အရင်းအမြစ်များကို စတင် စုစည်းစေသည်။ ဂိုဏ်းကြီးများ စစ်ဖြစ်သည့်အခါ အင်အားတင်မက အရင်းအမြစ်ကလည်း အရေးကြီးသည်။ ကျင့်ကြံသူများသည် ခရီးသွားရန် စွမ်းအင်ဆေးလုံးများ၊ ဒဏ်ရာကုသရန် ဆေးဝါးများ၊ ပျက်စီးသွားသော လက်နက်များကို ပြန်လည် ပြုပြင်ရန် ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။ အတိတ်က ဝမ်ယင်ဂိုဏ်းနှင့် တိုက်ပွဲတွင် ဆုံးရှုံးမှု များပြားခဲ့သော်လည်း ဂိုဏ်း၏ နယ်မြေ တိုးချဲ့မှုကြောင့် အရင်းအမြစ်များကို ပြန်လည် စုစည်းနိုင်ခဲ့သည်။

​အချိန်အနည်းငယ်ကြာပြီးနောက် လီချင်းချိုးကသာ တိုက်ပွဲအတွက် အဓိက ဗျူဟာကို ဆုံးဖြတ်လိုက်သည်။ ထို့နောက် ခန်းမခေါင်းဆောင်များက မိမိတို့၏ အခြေအနေများကို အစီရင်ခံကြသည်။ ချင်းရှောင်ဂိုဏ်းက ယခင်ကထက် ပိုမို ကြီးမားလာပြီ ဖြစ်သဖြင့် အရာအားလုံးကို ဂရုတစိုက် စစ်ဆေးရန် လိုအပ်နေသည်။ သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အချိန်များစွာ ရှိကြပြီး ပြဿနာများကိုလည်း မကြောက်ရွံ့ကြပေ။

​အစည်းအဝေး ပြီးဆုံးပြီး အားလုံး ထွက်ခွာသွားကြသောအခါ ထျန်းရွှမ်ဇီမှာ လူအများ၏ အာရုံစိုက်ခြင်းကို ခံရပြီး သူ့ဆီသို့ လာရောက် မေးမြန်းသူများဖြင့် ပြည့်နှက်နေသည်။ လီချင်းချိုးကတော့ ထိုင်ခုံတွင် ထိုင်ရင်း သူတို့ ထွက်ခွာသွားသည်ကို ငေးကြည့်နေသည်။

​ထိုစဉ် ရွှယ်ကျင်း သူ့ အနားသို့ ရောက်လာပြီး မျက်မှောင်ကြုတ်လျက်…

"ဂိုဏ်းချုပ်၊ ဒီကိစ္စကို သူ့လက်ထဲကိုပဲ အကုန် ပုံအပ်လိုက်တာ နည်းနည်း အလျင်စလို မဖြစ်ဘူးလား… ကျွန်တော် သူ့နောက်ကနေ လိုက်သွားပေးရမလား" ဟု မေးသည်။ သူသည် ဝိညာဉ်အာရုံခံနယ်ပယ် အဆင့် ၆ သို့ ရောက်ရှိနေပြီး ဂိုဏ်း၏ ထိပ်တန်း တပည့်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

​"ကောင်းပြီ… ဒါပေမဲ့ သူ့စကားကို တတ်နိုင်သမျှ နားထောင်ပေးပါ…သူ လွန်လွန်ကဲကဲ လုပ်နေတယ်လို့ မထင်ရသရွေ့ သူ့ကို အတားအဆီး မဖြစ်စေနဲ့" ဟု လီချင်းချိုးက အမိန့်ပေးလိုက်တော့ ရွှယ်ကျင်းလည်း သဘောတူပြီး ထွက်ခွာသွားသည်။

ထိုအခါမှသာ လီချင်းချိုး ထရပ်လိုက်ပြီး ကိုယ်လက်ဆန့်ကာ ကျင့်ကြံရာ ဂူသို့ ပြန်သွားရန် ပြင်ဆင်သည်။ ကောင်းကင် နန်းတော်ဂိုဏ်းနှင့် တိုက်ပွဲအတွက် သူ စိုးရိမ်ခြင်း မရှိပေ။ သူသည် ဓားမိစ္ဆာကို အနီးကပ် စောင့်ကြည့်ရန် စေလွှတ်ထားပြီး ဖြစ်သည်။ ချင်းရှောင်တောင်ပေါ်တွင် သူ ရှိနေသရွေ့ ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဂိုဏ်းကို စောင့်ကြည့်ပေးရန် မလိုအပ်ပေ။ ဖန်းပိုမို၏ စိတ်ဓာတ်ကို ပြုပြင်ပေးပြီးပါက သူ့လက်ထဲတွင် အားထားရမည့်သူ နောက်တစ်ဦး ရှိလာဦးမည် ဖြစ်သည်။

​လီချင်းချိုးသည် ဂိုဏ်းသားများကို ပြုစုပျိုးထောင်ရန်သာ အဓိက ထားသည်။ အိမ်မှာ မွေးထားသည့် တိရစ္ဆာန်က ပို၍ ယုံကြည်ရသကဲ့သို့ ဂိုဏ်းသားများကလည်း ပို၍ ယုံကြည်စိတ်ချရသည်။ ထို့နောက် စစ်နတ်ဘုရား မြေအောက်နန်းတော်တွင် အလွန်ပင်ပန်းခဲ့ရသဖြင့် အနားယူရန် ပြင်ဆင်လိုက်သည်။

​……………….

ဝုန်းးးးးး

​အမည်းရောင် မိစ္ဆာအရှိန်အဝါများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့် မြေပြင် တုန်ခါသွားသည်။ မြက်ပင်များပင် မပေါက်သော တောင်ကုန်းတစ်ခု၏ ချောက်ကမ်းပါးပေါ်တွင် မိစ္ဆာသခင်တယောက် လေထဲတွင် ရပ်နေသည်။ သူသည် မိစ္ဆာတစ်ကောင်နှင့်မတူဘဲ လူ့လောကတွင် ကျန်ရစ်နေခဲ့သော နတ်ဘုရားတစ်ပါးနှင့် ပိုတူနေသည်။

​သူ အောက်ဘက်သို့ ငုံ့ကြည့်လိုက်တော့ တောင်ကုန်းပေါ်တွင် မိစ္ဆာများ အများအပြား စုရုံးနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများ လေထဲတွင် ပျံဝဲနေကြသည်။ ထိုမိစ္ဆာများကြားတွင် ရွှေသူငယ်က ကျောက်တုံးတစ်ခုပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ သူ့အကြည့်များက အဝေးတွင် ရှိနေသည့် ပေ ၁၀၀ ကျော်မြင့်သော၊ ဝံပုလွေခေါင်းနှင့် လူကိုယ်ပါရှိသည့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပုံတစ်ခုထံသို့ ရောက်သွားသည်။

​ထိုဝံပုလွေမိစ္ဆာက အကြောက်ရဆုံးသူ မဟုတ်ပေ။ မြေပြင်၏ အစွန်းတွင် တောင်များ အနည်းငယ် တုန်ခါနေပြီး ၎င်းတို့မှာ တောင်များ မဟုတ်ဘဲ အစွမ်းထက်သော မိစ္ဆာကြီးများ ဖြစ်သည်။

ထိုစဉ် တစ္ဆေစွမ်းအင်များ လွင့်ပျံလာပြီး မိစ္ဆာသခင်၏ ဘေးတွင် သက်ဆင်းလာပြီး ထိုအထဲမှ မျက်ခုံးအောက်တွင် အပြာရောင် မီးတောက်များ တောက်ပနေသည့် ဦးခေါင်းခွံတစ်ခု ပေါ်လာသည်။

​"မိစ္ဆာသခင်…အရှင်မင်းကြီးက အခုထိ မနိုးထသေးဘူး…တကယ်ပဲ ကောင်းကင်တံခါးကို ဖွင့်လှစ်တော့မှာလား" ဟု ထိုဦးခေါင်းခွံက အေးစက်ပြီး ကြမ်းတမ်းသော အသံဖြင့် မေးလိုက်သည်။

​မိစ္ဆာသခင်က မည်သည့် အမူအရာမျှ မပြဘဲ….

"တောင်ဘက် လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာက မြင့်တက်လာနေတယ်…လူသားဧကရာဇ်တစ်ပါး ပေါ်ပေါက်လာတော့မယ်ထင်တယ်… သူတို့က အရှင်မင်းကြီး ကျေနပ်လောက်တဲ့ အခြေအနေ မရောက်သေးပေမဲ့ စောင့်နေလို့ မရတော့ဘူး…သူတို့ကို ထိန်းချုပ်ထားရမယ်"

​အပြာရောင် မီးတောက် ဦးခေါင်းခွံက တွန့်ဆုတ်လျက်….

"အရှင်မင်းကြီး မနိုးထခင် လူသားတွေကို ကြောက်လန့်အောင် လုပ်မိရင်ကော…"

​"သူတို့က ဘယ်ကို ပြေးနိုင်မှာလဲ…"

​"ကျွန်တော် ဆိုလိုတာက သာမန်လူတွေကို မဟုတ်ဘူး… မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတဲ့ ဂိုဏ်းတွေကို ပြောတာ…"

​"သူတို့လည်း မပြေးနိုင်ပါဘူး… လောကတစ်ခုလုံးမှာ ကံကြမ္မာ အမျိုးမျိုး ရှိနေတာပဲ…သူတို့ ဘယ်သွားသွား အပိုင်းပိုင်း အစစ ဖြစ်သွားမှာပဲ… ပြီးတော့ သူတို့ကလည်း ထွက်သွားချင်ကြမှာ မဟုတ်ဘူး…မဟာတံတိုင်းက သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကို သက်သေပြပြီးသားပဲ" ဟု မိစ္ဆာသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

​သူသည် မိစ္ဆာများ နေထိုင်ရာ ဒေသတွင် ရှိနေသော်လည်း လောကတစ်ခုလုံးကို မြင်တွေ့နိုင်စွမ်း ရှိနေသည်။

​အပြာရောင် မီးတောက် ဦးခေါင်းခွံမှာ တိတ်ဆိတ်သွားပြီး အောက်ဘက်ရှိ မိစ္ဆာတပ်မတော်ကြီးကို ငေးကြည့်ကာ အတွေး နယ်ချဲ့နေသည်။

​"မိစ္ဆာသခင်…ကျွန်တော်တို့ တောင်ဘက်ကို တိုက်ရိုက်သွားပြီး သက်ရှိအားလုံးကို ဝါးမြိုပစ်ကြမှာလား" ဟု ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။

​"မဟုတ်ဘူး…ငါ ဒီလောကကို စိတ်ပျက်အားငယ်ခြင်းတွေထဲ နစ်မြုပ်သွားစေရမယ်…သက်ရှိအားလုံးကို အမှောင်ထုထဲ ဆွဲခေါ်သွားမယ်…."

​မိစ္ဆာသခင်၏ အသံက အေးစက်ပြီး ခံစားချက် ကင်းမဲ့လှသည်။

​"နှစ်တစ်ထောင်မှ တစ်ကြိမ် ဖြစ်ပေါ်တဲ့ စက်ဝန်း စတင်တော့မယ်…. ဒီစွန့်ပစ်ခံထားရတဲ့ မြေပြင်ဟာ သူတို့ရဲ့ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားရမယ်… သူတို့ရဲ့ အတိတ်ဘဝတွေဟာ ငါ့ရဲ့ ကျေးဇူးတော်ကြောင့်သာ ဖြစ်တည်လာခဲ့တာကို သက်ရှိအားလုံး သိသွားစေရမယ်…."

​ကောင်းကင်ယံမှ လွင့်ပျံလာသော မိစ္ဆာသခင်၏ အသံကြောင့် အပြာရောင် မီးတောက် ဦးခေါင်းခွံလည်း အထက်သို့ မော့ကြည့်လိုက်သည်။

​ဝုန်းးးးး

ထိုစဉ် ​မိစ္ဆာတိမ်တိုက်များထဲမှ မိုးခြိမ်းသံများ ပိုမို ပြင်းထန်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်တစ်ခု ရောက်ရှိလာတော့မည့်အလား ပဲ့တင်ထပ်နေသည်။

​ဝုန်းးးးးးးးးးး

​နက်ရှိုင်းသော ညဉ့်ယံအချိန်တွင် ထိုက်ခွန်းတောင်ထိပ်၌ မိုးခြိမ်းသံတစ်ခု ပေါ်ထွက်လာသဖြင့် တရားထိုင်နေသော လီချင်းချိုးလည်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ အကြည့်များက တောင်ကို ဖောက်ထွက်ကာ ညဉ့်ကောင်းကင်ကို ကြည့်နေသည်။

​"ဒီမိုးခြိမ်းသံက နည်းနည်း ထူးဆန်းနေတယ်"

​ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေသော နန်ကုန်းအာက အံ့ဩစွာဖြင့်…

"ဘာဖြစ်လို့လဲ..”

ဝိညာဉ်အိုင်နားတွင် ရပ်နေသော လင်းချွမ်ကလည်း….

"ကျွန်တော်လည်း သတိထားမိတယ်… ဘာမှန်း မသိပေမဲ့ အလွန် ဖိအားပေးခံနေရသလို ခံစားရတယ်" ဟု ဆိုလေသည်။

လီချင်းချိုး ခဏမျှ တွေးတောပြီးနောက် ဂိုဏ်းချုပ် တံဆိပ်ပြာဖြင့် ရှောင်ဝူချင်းကို ဆက်သွယ်လိုက်သည်။

​"မြောက်ပိုင်းက မိစ္ဆာနှိမ်နင်းရေး မြို့တော်ကို အထူးဂရုစိုက်ဖို့ ဂိုဏ်းပေါင်းစုံကို သတိပေးလိုက်ပါ"

​"ဂိုဏ်းချုပ်… ဘာအကြောင်းပြချက်နဲ့ သတိပေးရမှာလဲ"

​"ငါတို့ ဂိုဏ်းကို စွမ်းအားကြီးတဲ့ ဆရာတစ်ယောက် ရောက်လာပြီး ချင်းရှောင်ဂိုဏ်း ကပ်ဘေးတစ်ခု ကြုံရလိမ့်မယ်လို့ ဟောကိန်းထုတ်သွားလို့ပဲ"

​"ဟုတ်ကဲ့!"

​ အမိန့် ချမှတ်ပြီးနောက် စိတ်အခြေအနေကို ပြန်လည် ထိန်းညှိကာ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ခဲ့သည်။ ချင်းရှောင်ဂိုဏ်းသည် ယခုအခါ မည်သည့် အခက်အခဲကိုမဆို ရင်ဆိုင်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ရာ ဂိုဏ်းချုပ်အနေဖြင့် အရာရာကို စိုးရိမ်နေရန် မလိုပေ။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုများက အရေးကြီးသော်လည်း လီချင်းချိုး၏ ကိုယ်ပိုင် ကျင့်ကြံမှုက ပို၍ အရေးကြီးသည်။ သူသည် ယခုအခါ အလွန် သန်မာနေသော်လည်း မသိရှိရသေးသော ကပ်ဘေးများ ရှိနေသေးရာ ပေါ့ဆ၍ မရပေ။

​ထိုညတွင် မိုးခြိမ်းသံများသာ ကြားရပြီး မိုးရွာသွန်းခြင်း မရှိပေ။ နေမင်း ပြန်ထွက်ပေါ်လာချိန်အထိ မည်သည့် သတင်းဆိုးမျှ မရောက်ရှိလာသဖြင့် လီချင်းချိုး စိတ်ကြည်လင်နေသည်။

ဤသို့ဖြင့် ဆောင်းရာသီ လျင်မြန်စွာ ကုန်လွန်သွားသည်။ အနောက်ဘက်နှင့် မြောက်ဘက်မှ သတင်းဆိုးများ မကြားရသဖြင့် တောင်ဘက် တျန်းမင်ပင်လယ်ပြင်ကိုသာ အာရုံစိုက်လိုက်သည်။

​သူသည် ထျန်းရွှမ်ဇီထံမှ သတင်းကောင်းကို စောင့်မျှော်နေသည်။ တပည့် (၆၀၀၀) ထွက်ခွာသွားသော်လည်း ချင်းရှောင်ဂိုဏ်းမှာ တိတ်ဆိတ်ခြင်း မရှိဘဲ နှစ်သစ်ကူး ပွဲတော်၏ ပျော်ရွှင်စရာ အငွေ့အသက်များ ပြန့်နှံ့နေသည်။

​ဒီဇင်ဘာလလယ်တွင်……

​လေ့ကျင့်မှုများ ပြုလုပ်နေသည်မှာ နှစ်လနီးပါး ကြာမြင့်လာသောအခါ ဖန်းပိုမို စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့ပေ။ထို့ကြောင့် လီချင်းချိုးကို ရှာဖွေရန် ချင်းရှောင်တောင်ပေါ်သို့ တစ်ဦးတည်း တက်သွားသည်။ သူ့ စိတ်ထဲတွင် စုပုံနေသော ဒေါသများကြောင့် အဆင်ခြင်မဲ့စွာ ပြုမူမိသဖြင့် လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော် ထူးခြားသော အရှိန်အဝါကြောင့် မည်သူမျှ မတားဆီးရဲကြပေ။

​သူသည် လီချင်းချိုးကို မထိခိုက်စေလိုသဖြင့် တောင်ပေါ်သို့ တိုက်ရိုက် မပျံသန်းပေ။ သို့သော် အခြားဂိုဏ်းသားများကိုမူ ဂရုမစိုက်ပေ။ သူ့ နောက်တွင် ကျားလင် လိုက်ပါလာသည်။

​ဝုန်းးးး

ထိုစဉ် စိတ်ဖြေရာအဖြစ် လမ်းလျှောက်လာသူတစ်ဦးကို ပခုံးနှင့် တိုက်မိသွားသည်။

​"ရပ်လိုက်!"

​နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူကား ဝိညာဉ်ပင်လယ်မှ လာသော ပါရမီရှင် ယန်ချင်းဖြစ်သည်။ ယန်ချင်းသည် ယနေ့တွင် စိတ်ကြည်လင်နေသော်လည်း ပခုံးတိုက်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။ ဖန်းပိုမို မရပ်သဖြင့် ရှေ့သို့ ခုန်ဝင်ကာ ပိတ်ဆို့လိုက်သည်။

​ချွင်…

​ယန်ချင်းက ဓားကို ဆွဲထုတ်ကာ ဖန်းပိုမိုကို ချိန်ရွယ်လျက်… "ငါပြောတာ မကြားဘူးလား" ဟု အေးစက်စက် မေးလိုက်လေသည်။

​

All Chapters