အခန်း ၄၀၈
Vol. 41 Ch. 408
အခန်း (၄၀၈) ကောင်းကင်ဖီးနစ် အကျဉ်းချ အစီအရင်
ဖန်းပိုမိုသည် ယန်ချင်း၏ စကားကို ကြားဟန်မတူ၊ သူ့လက်ထဲမှ ဓားကိုလည်း ဂရုမစိုက်ဘဲ ရှေ့သို့သာ တည့်တည့် လျှောက်လှမ်းသွားသည်။ ဖန်းပိုမို၏ ထိုသို့ မဆင်မခြင် ပြုမူမှုကို မြင်သောအခါ ယန်ချင်း ဒေါသအိုးပေါက်ကွဲသွားပြီး သင်ခန်းစာ ပေးရန် ပြင်ဆင်လိုက်သည်။
ယန်ချင်း တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် သူ့ရှေ့ရှိ လောကကြီးမးတခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ရင်းနှီးနေသော ခံစားချက်မျိုး သူ့ကို လွှမ်းခြုံသွားသဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဒီလောက်ထိတောင်လား..."
ကျားလင်သည် ဖန်းပိုမို၏ နောက်မှ လိုက်ပါလာပြီး ယန်ချင်း ဓားကို ဆွဲထုတ်သည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။ စကားပြောရန် ပြင်ဆင်လိုက်စဉ်မှာပင် ယန်ချင်းတယောက် ရုပ်တုတစ်ခုကဲ့သို့ ရပ်တန့်သွားသည်ကို တွေ့လိုက်ရပြီး ဖန်းပိုမိုက သူ့ကို ဘေးသို့ တွန်းဖယ်သွားသည်။
"ဘာဖြစ်တာလဲ…အဆင်ပြေရဲ့လား…"
ကျားလင်က ယန်ချင်းကို ကူညီရန် ကြိုးစားသော်လည်း ယန်ချင်း၏ ကြောက်လန့်နေသော မျက်နှာကို မြင်လိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့ ဖန်းပိုမိုက အဝေးသို့ ရောက်နေပြီဖြစ်သည်။ သူ မတတ်သာသည့်အဆုံး ယန်ချင်းကို တောင်းပန်စကား ဆိုပြီး ဖန်းပိုမိုနောက်သို့ အမြန် လိုက်သွားရသည်။
ဖန်းပိုမိုတယောက် တောင်ပေါ်သို့ အရှိန်အဟုန်ဖြင့် အမြန်ဆုံး တက်သွားသည်။ ထိုစဉ် တောင်တက်လမ်းတွင် ရှောင်ဝူချင်း ရုတ်တရက် ပေါ်လာပြီး သူ့ကို ငေးကြည့်ကာ…. "ဂိုဏ်းချုပ်က မင်းကို စောင့်ကြည့်နေတယ်" ဟု ပြောလေသည်။
ထိုစကားကို ကြားသောအခါ ဖန်းပိုမို ချက်ချင်းပင် ငြိမ်ကျသွားပြီး အရှိန်ကို လျှော့ချကာ ရှောင်ဝူချင်ထံ ချဉ်းကပ်၍…
"ကျွန်တော် ဂိုဏ်းချုပ်ကို တွေ့ချင်တယ်" ဟု အရိုအသေပေးကာ ပြောလိုက်သည်။
ရှောင်ဝူချင်းက သူ့ကို အေးစက်စက် ကြည့်ကာ… "ငါ့နောက်လိုက်ခဲ့" ဟုသာ ဆိုပြီး လှည့်ထွက်သွားသည်။
ဖန်းပိုမိုသည် ရှောင်ဝူချင်း၏ အကြည့်ကို ဂရုမစိုက်တော့ဘဲ လီချင်းချိုးကို တွေ့ဆုံရန်သာ အာရုံစိုက်နေသည်။ သူသည် လီချင်းချိုးကို တပည့်ရင်း ခြောက်ထောင် မလိုဘဲနှင့်ပင် ကောင်းကင်နန်းတော်ဂိုဏ်းနှင့် အခြားသော ဂိုဏ်းများကို အလွယ်တကူ ကိုင်တွယ်နိုင်ကြောင်း သက်သေပြချင်နေသည်။
သူသည် မိုးပြာနဂါးနယ်မြေမှ လာသူတစ်ဦးအနေဖြင့် ဤဂိုဏ်းများကို ခေတ်နောက်ကျနေသော အင်အားစုများဟုသာ သတ်မှတ်ထားသည်။
နာရီဝက်ခန့် ကြာပြီးနောက်…
ဖန်းပိုမို မျက်နှာပျက်လျက် တောင်အောက်သို့ ပြန်ဆင်းလာသည်။ ကျားလင်လည်း ဘေးတွင် ဘာလုပ်ရမှန်းမသိဘဲ လိုက်ပါလာသည်။ ဂိုဏ်းချုပ်က ဖန်းပိုမိုကို ဘာပြောလိုက်သည်မသိ၊ စိတ်အခြေအနေ ယခင်ကထက် ပိုမို ဆိုးရွားသွားပုံ ပေါ်သည်။
"ဒီကောင်က ဘယ်သူလဲ… ဂိုဏ်းချုပ်နဲ့ ဘယ်လိုလုပ် တွေ့ဆုံနိုင်တာလဲ…."
ကျားလင် စိတ်ရှုပ်ထွေးနေသည်။ အတူတူ နေလာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ဖန်းပိုမိုက သာမန်လူမဟုတ်ကြောင်း သူ သိထားသည်။ဖန်းပိုမိုသည် ထူးခြားသော ခွန်အားရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
ဒီလောက် အစွမ်းထက်သူက ဘာလို့ အလုပ်ကြမ်းသမား တစ်ယောက်ပဲ ဖြစ်နေရတာလဲ….
ဂိုဏ်းချုပ်က သူ့ရဲ့ စိတ်ဓာတ်ကိုပြုပြင်ဖို့ တမင် လုပ်ထားတာများလား….
ကျားလင်သည် ဖန်းပိုမိုက အလွန် ဒေါသကြီးသူ ဖြစ်ပြီး မိမိတစ်ဦးတည်းအပေါ်သာ ကောင်းမွန်စွာ ဆက်ဆံကြောင်း သတိပြုမိလိုက်သည်။
မကြာမီပင် အံ့ဩစရာ ကိစ္စတစ်ခု ဖြစ်လာသည်။ ဖန်းပိုမို ရုတ်တရက် ရပ်တန့်လိုက်ပြီး ဘေးရှိ ခြံဝင်းတစ်ခုဆီသို့ လျှောက်သွားသည်။ ကျားလင် လိုက်သွားကြည့်တော့ ဖန်းပိုမိုက ထိုခြံဝင်းထဲရှိ ဂိုဏ်းသားတစ်ဦးကို တောင်းပန်နေပြီး အရိုအသေပေး ဦးညွှတ်နေသည်ကို တွေ့လိုက်ရသည်။
ဘာလဲ!
ဤဂိုဏ်းသားမှာ ဖန်းပိုမို အရင်က တိုက်မိသွားသော သူများထဲမှ တစ်ဦး ဖြစ်သည်။ ထို့နောက်ပိုင်းတွင်လည်း ဖန်းပိုမိုက ဂိုဏ်းသားတစ်ဦးပြီး တစ်ဦးထံသို့ သွားရောက်ကာ တောင်းပန်နေသည်ကို ကျားလင် မြင်တွေ့ရသည်။ အချို့မှာ တောင်တက်လမ်းတွင် ရှိနေပြီး အချို့မှာ ကျောင်းတော်သို့ ပြန်ရောက်နေကာ အချို့မှာ သစ်တောထဲတွင် တရားမှတ်နေကြသည်။ ဖန်းပိုမို သူတို့ကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း။
ကျားလင်၏ စိတ်ထဲတွင် အမှတ်တရ အရှိဆုံးမှာ ဖန်းပိုမိုကို ဓားဖြင့် ချိန်ခဲ့သည့် ယန်ချင်း ဖြစ်သည်။ ဖန်းပိုမို သူ့ကို တောင်းပန်လိုက်တော့ ယန်ချင်း ဒေါသထွက်သွားပြီး နောင်တစ်ချိန်တွင် အနိုင်ယူမည်ဟု ကြုံးဝါးလိုက်သည်။
ကျားလင်သည် ယန်ချင်းကို မသိသော်လည်း ဝတ်စားဆင်ယင်မှုနှင့် ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကို ကြည့်ခြင်းအားဖြင့် တပည့်ရင်းတစ်ဦး ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
တောင်အောက်သို့ ရောက်သောအခါ နေဝင်ရီတရော ဖြစ်နေပြီ ဖြစ်သည်။ ဖန်းပိုမို၏ နောက်ကျောကို ကြည့်ရင်း ကျားလင်က သတ္တိမွေးကာ…
"ဖန်းပိုမို၊ မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ဖန်းပိုမို၏ တောင်းပန်မှုက ဂိုဏ်းချုပ်၏ စီစဉ်မှု ဖြစ်မည်ဟု ကျားလင် တွေးမိသည်။ ဂိုဏ်းချုပ်က ဖန်းပိုမိုကို အထူးတလည် ဆက်ဆံနေခြင်းမှာ သာမန်လူ မဟုတ်ကြောင်း သက်သေပင် ဖြစ်သည်။
ဖန်းပိုမို ရပ်တန့်လိုက်သည်။ စိတ်အခြေအနေလည်း အလွန် ဆိုးရွားနေသည်။ လီချင်းချိုး၏ ဆူပူမှုကို ခံရသည့်အပြင် သာမန်လူများကို လိုက်တောင်းပန်နေရခြင်းက ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံစားရသည်။ သို့သော် လီချင်းချိုးက သူ့ကို အလုပ်ကြမ်းသမားများကြားတွင် နှစ်နှစ်ခန့် သည်းခံနိုင်ပါက အရေးကြီးသော တာဝန်ပေးမည်ဟု ပြောခဲ့သည်ကို ပြန်တွေးမိတော့ ပြန်လည် လန်းဆန်းလာသည်။
အလုပ်ကြမ်းသမားများကြားတွင် နှစ်နှစ်နေရမည် ဖြစ်သဖြင့် ကျားလင်က သူ့အတွက် အလွန် အရေးပါလာသည်။ ကျားလင်သည် အလုပ်ကြမ်းသမားများကြားတွင် သြဇာအာဏာ ရှိသူ ဖြစ်သည်။ သူ့အနီးတွင် ရှိနေခြင်းဖြင့် ဖန်းပိုမို အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ဖန်းပိုမိုက ကျားလင်ကို တစ်ချက်ကြည့်၍….
"ငါ့နောက်ခံက အရေးမကြီးပါဘူး…အရေးကြီးတာက မင်း ငါနဲ့ တွေ့ဆုံခွင့်ရတာ မင်းရဲ့ ကံကောင်းခြင်းပဲ… ကြိုးစားပါ… မင်းကို မသေမျိုးလမ်းစဉ်ဆီ ငါ ခေါ်သွားပေးမယ်.." ဟု ကြွားဝါလိုက်သည်။ ထိုသို့ ပြောပြီးနောက် ရင်ကော့ကာ ထွက်ခွာသွားရင်း သူ့စိတ်ထဲရှိ ဝမ်းနည်းမှုများလည်း ပျောက်ကွယ်သွားတော့သည်။
ကျားလင် အံ့အားသင့်သွားသည်။ ဖန်းပိုမို၏ စကားကို ကြားပြီးနောက် သူတို့ကြားရှိ အတားအဆီးများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
"ဒါဆိုရင် ငါ့ကို လိမ်မပြောနဲ့နော်…"
"မိုးပြာ နဂါးနယ်မြေကို သွားပြီး စုံစမ်းကြည့်လိုက်ပါ… ငါတို့ မိစ္ဆာနှိမ်နင်းရေးဂိုဏ်းက ပြောတဲ့စကားကို ဘယ်တော့မှ မဖျက်ဘူး…."
မိုးပြာနဂါးနယ်မြေဆိုတာ ဘယ်နေရာလဲ…
"ငါ ပြောပြရင်ရော မင်း သိမှာလား… ထိုက်ခွန်းတောင်ထိပ်ကနေ ဘယ်တော့မှ ထွက်မလာဖူးတဲ့လူကများ…."
"ပြောပြပါဦး…."
ထိုသို့ စကားပြောဆိုရင်း သူတို့နှစ်ဦး တာဝန်ကျသော တောင်ကုန်းဆီသို့ လျှောက်လှမ်းသွားကြသည်။
နှင်းများမှာ ပိုမို ထူထပ်စွာ ကျဆင်းလာပြီး နှစ်ကုန်ခါနီးတွင် တျန်းမင်ပင်လယ်ပြင်မှ သတင်းကောင်း ရောက်ရှိလာသည်။ ထျန်းရွှမ်ဇီသည် တပည့်များကို ခေါ်ဆောင်ကာ ကောင်းကင်နန်းတော်ဂိုဏ်းကို အနိုင်ယူပြီး နန်ဆူ ကျွန်းစုများကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
ဤသတင်းက ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ဤသို့ဖြင့် ထျန်းရွှမ်ဇီ၏ နာမည် ကျော်ကြားသွားပြီး ဂိုဏ်းအတွင်း အစွမ်းထက်သော ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ရောက်ရှိလာကြောင်း အားလုံး သိရှိသွားကြသည်။ သူသည် စွမ်းအားကြီးသော အစီအရင်ကို ပိုင်ဆိုင်ထားပြီး အခြားဂိုဏ်းတစ်ခုကိုပင် အနိုင်ယူနိုင်ခဲ့သည်။
လင်းရှောင်ခြံဝင်းအတွင်း၌…
လီချင်းချိုးတယောက် စစ်ရေးအစီရင်ခံစာကို စစ်ဆေးနေသည်။
"ကောင်းကင်ဖီးနစ် အကျဉ်းချ အစီအရင်က တကယ်ပဲ အစွမ်းထက်တာပ… ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ တပည့်တွေကို ဘယ်လိုများ သင်ပေးလိုက်တာလဲ" ဟု လီချင်းချိုး အံ့ဩစွာ ရေရွတ်သည်။ ထျန်းရွှမ်ဇီ၏ စွမ်းဆောင်ရည်က သူ့ရဲ့ မျှော်လင့်ချက်ထက်ပင် ကျော်လွန်နေသည်။
တိုက်ပွဲ အစီရင်ခံစာအရ ဂိုဏ်းသား (၂၆) ဦးသာ ကျဆုံးပြီး (၉၀၀) ကျော်သာ ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲမတိုင်မီ ခန့်မှန်းချက်များနှင့် ယှဉ်လျှင် ဤသည်မှာ အံ့ဩစရာကောင်းသော အောင်ပွဲပင် ဖြစ်သည်။
ကောင်းကင် နန်းတော်ဂိုဏ်းက ဝမ်ယင်ဂိုဏ်းထက် မည်သို့မျှ အားနည်းခြင်း မရှိသလို ယခုတိုက်ပွဲမှာလည်း ယခင်တိုက်ပွဲများထက် ပိုမိုကြီးမားသည်။ ထျန်းရွှမ်ဇီ၏ အောင်မြင်မှုမှာ အမှန်တကယ်ပင် ထွန်းတောက်နေသည်။
"ဒီအစီအရင်က တကယ်ပဲ အစွမ်းထက်ပါတယ်… ဂိုဏ်းသားတွေကို စိတ်ပူစရာမလိုအောင် စီစဉ်ပေးနိုင်တယ်… ဒီအစီအရင်ရဲ့ အဓိကသော့ချက်က အစီအရင်ဆရာပဲ… အဲဒီအစီအရင်ဆရာကတော့ ထျန်းရွှမ်ဇီပါပဲ" ဟု ရှောင်ဝူချင်းက ဘေးမှနေ၍ ရှင်းပြပေးခဲ့သည်။
သူသည် တိုက်ပွဲကို အနီးကပ် လေ့လာခဲ့သူဖြစ်သဖြင့် ထျန်းရွှမ်ဇီ၏ စွမ်းရည်ကို အလွန် လေးစားမိသည်။
"ဂိုဏ်းချုပ်…ထျန်းရွှမ်ဇီက တပည့်တွေကို အစီအရင်သင်ပေးတဲ့အခါ ကိုယ်တိုင် ကိုယ်ကျ သင်ပေးတာပါ…အခုဆိုရင် တပည့်တွေကြားမှာ သူ့ဂုဏ်သတင်းက အမြင့်ဆုံး ဖြစ်နေပြီ… တိုက်ပွဲဝင်ခဲ့တဲ့ တပည့်တွေအားလုံး သူ့ကိ ရူးသွပ်စွာ လေးစားနေကြတယ်" ဟု တိုးညင်းစွာ ပြောလိုက်သည်။
သူသည် ထျန်းရွှမ်ဇီက လူသစ်တစ်ယောက် ဖြစ်သော်လည်း လူ့စိတ်ကို ဆွဲဆောင်ရန် လူများများ ခေါ်သွားခြင်းမှာ မရိုးသားဟု သံသယ ဝင်နေမိသည်။
လီချင်းချိုးကမူ ပေါ့ပေါ့ပါးပါးပင်… "သူ ထိုက်တန်လို့ ရတာပေါ့" ဟု ပြန်ဖြေလိုက်သည်။
သူသည် ထျန်းရွှမ်ဇီ၏ အကြံအစည်ကို ကြိုတင် မြင်ထားသော်လည်း ဂိုဏ်း၏ အာဏာဖွဲ့စည်းပုံကို မထိခိုက်သရွေ့ ဂရုမစိုက်ပေ။ ဂိုဏ်းသားများ လမ်းမှားမရောက်စေရန် အချို့သော ပုဂ္ဂိုလ်များက လှုံ့ဆော်ပေးရန် လိုအပ်သည်ဟု သူ ယူဆသည်။
"သူ့ကို ဘယ်လို ဆုချရမလဲ…”
လီချင်းချိုးက စာအုပ်ကို ချလိုက်ပြီး စားပွဲကို ခေါက်ကာ တွေးတောနေသည်။ လက်ရှိတွင် ဝိညာဉ်ခန်းမ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က နေရာယူထားပြီး ဖြစ်သည်။ထို့ကြောင့် အကြီးအကဲ ရာထူးတိုးပေးရန် စဉ်းစားသင့်ပြီ ဖြစ်သည်။ ရှောင်ဝူချင်းကလည်း ဂရုတစိုက်နှင့် အမိန့်ကို စောင့်ဆိုင်းနေသည်။
လီချင်းချိုးသည် ဆုလာဘ်ကိစ္စကို အလျင်မလိုသေးဘဲ ရှောင်ဝူချင်းကို နှစ်သစ်ကူး ပွဲတော်အတွက် ပြင်ဆင်မှုများအကြောင်း မေးမြန်းလိုက်သည်။ နှစ်သစ်ကူး ပွဲတော်ပြီးပါက ချင်းရှောင်ဂိုဏ်းသည် နောက်ထပ် သိုင်းပြိုင်ပွဲအတွက် ပြင်ဆင်ရမည် ဖြစ်သည်။ ဤပြိုင်ပွဲမှာ လီချင်းချိုးအတွက် အရေးမကြီးတော့သော်လည်း နောက်ခံမရှိသည့် ပါရမီရှင်များအတွက်မူ ဘဝပြောင်းလဲခွင့် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲတိုင်းတွင် တရားမျှတမှုကို အမြဲ ဂရုစိုက်စေခဲ့သည်။
ရှောင်ဝူချင်း ထွက်သွားပြီးနောက် ကျန်းယွီချွန်းနှင့် ချူကျင်းတို့ ရောက်လာကြသည်။ သူတို့သည် နန်ဆူ ကျွန်းစု တည်ဆောက်ရေးအတွက် လီချင်းချိုးနှင့် ဆွေးနွေးခဲ့ကြသည်။ နန်ဆူကျွန်းစုသည် တျန်းမင်ပင်လယ်ပြင်ရှိ ချင်းရှောင်ဂိုဏ်း၏ အရေးကြီးသော အခြေစိုက်စခန်း ဖြစ်လာမည် ဖြစ်သည်။ ဤမျှ လျင်မြန်စွာ အောင်ပွဲခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် နှစ်ဦးစလုံး အလွန် ဝမ်းသာနေကြသည်။
ညဉ့်နက်ပိုင်းတွင်….
မြောက်ဘက်စွန်းတွင် မိစ္ဆာနှိမ်နင်းရေး မြို့တော် တည်ရှိသည်။ လီယန်သည် မြို့ရိုးထိပ်တွင် ထိုင်ကာ လမင်းကို ငေးမောနေသည်။သုသည် မြောက်ဘက် နယ်စပ်တွင် နေထိုင်ခဲ့ရသဖြင့် ယခင်ကထက် ပိုမို တည်ငြိမ်လာပြီဖြစ်သည်။ သူ့ ဘေးတွင် အပြာရောင် ဝတ်ရုံနှင့် ကျောက်လင်းလုံ ရပ်နေသည်။
လီယန် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူမလည်း လိုက်ပါလာခဲ့သည်။ ငယ်စဉ်က သူမ၏ သိုင်းပညာကို ဖုံးကွယ်ထားခဲ့ခြင်းကြောင့် လီယန်နှင့် အဆင်မပြေမှုများ ရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည် သင့်မြတ်ခဲ့ကြသည်။ မိစ္ဆာနှိမ်နင်းရေး မြို့တော်သို့ ပြောင်းရွှေ့လာစဉ်ကလည်း သူမ မတွန့်ဆုတ်ဘဲ လိုက်ပါလာခဲ့သည်။
"အချိန်ကို ကြည့်ရင် မနက်ဖြန်က ဂိုဏ်းရဲ့ နှစ်သစ်ကူး ပွဲတော်ပဲ မဟုတ်လား" ဟု လီယန်က မေးလိုက်သည်။
ချင်းရှောင်ဂိုဏ်း၏ နှစ်သစ်ကူး ပွဲတော်ကို လီချင်းချိုးက စတင်ခဲ့ပြီး ယခုအခါတွင် မြောက်ဘက်နယ်စပ်အထိ ပျံ့နှံ့နေပြီ ဖြစ်သည်။
"ဟုတ်တယ်၊ နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်ပြီပေါ့" ဟု ကျောက်လင်းလုံက ပြုံး၍ ပြောလိုက်သည်။ သူမသည် လီယန်နှင့် တရားဝင် မပေါင်းဖက်ရသေးသော်လည်း လက်ရှိဘဝကို ကျေနပ်နေသည်။
"မင်း ဂိုဏ်းကို ပြန်မသွားတော့ဘူးလား… မင်းရဲ့ ပါရမီက ကောင်းတယ်… ဒီမှာပဲ နေနေလို့ မဖြစ်ဘူးလေ…ဂိုဏ်းချုပ် ပြောဖူးတယ်…နောက်နှစ်အနည်းငယ်ဆိုရင် ငါ့နေရာကို အစားထိုးဖို့ လူလွှတ်ပေးလိမ့်မယ်တဲ့"
"နင် ပြန်တော့မှာဆိုရင် ငါတို့ အတူတူ ပြန်ကြတာပေါ့"
လီယန်သည် ဂိုဏ်းချုပ်၏ အမိန့်အရ မြောက်ဘက် နယ်စပ်ကို စောင့်ကြပ်နေရသဖြင့် စိုးရိမ်စိတ်များ ရှိနေသည်။ ထို့ကြောင့် မြို့ရိုးထိပ်တွင် ကိုယ်တိုင် စောင့်ကြပ်နေခြင်း ဖြစ်သည်။