← Chapters

အခန်း (၂၈၆၅-၂၈၆၆)

Vol. 287 Ch. 2865-2866

အခန်း (၂၈၆၅-၂၈၆၆)

Vol. 287 Ch. 2865-2866

အခန်း (၂၈၆၅) - အတွင်းကမ္ဘာ တားမြနယ်မြေ အခုရေ ငါးရာ

​ပုယွဲ့ရုံ၏ မျက်နှာမှာ အလွန်တရာမှပင် ကြည့်မကောင်း ဖြစ်နေသည်။

​ယခုအခါ လူမိုက်တစ်ယောက်ပင် သိနိုင်သည်မှာ ဖန့်ချန်သည် ချင်ဖိုကျားကို တမင်သက်သက် ပစ်မှတ်ထား၍ အပြစ်ပုံချလိုက်ခြင်း ဖြစ်သည်ကိုပင်။

​သို့သော်လည်း……

​တစ်ဖက်လူ ရှာလာသည့် သက်သေမှာ ချင်းမင် ယင်လောက၏ ပြန်လည်ဝင်စားရေးဌာန တာဝန်ခံ ဖြစ်နေသည်။

​ဤအရှုံးကိုတော့ သူတို့ ခါးခါးသီးသီး ခံစားလိုက်ရတော့မည် ဖြစ်သည်။

​အသီးသီးမှ သူတော်စင်များမှာလည်း ထိုကိစ္စသည် ဤမျှအထိ ကြီးထွားလာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

​သူတို့၏ အမူအရာများမှာလည်း ရှုပ်ထွေးနေကြသည်။

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူသည် ပုယွဲ့ရုံဘက်သို့ ကြည့်ကာ အသံကို နိမ့်ချ၍ ပြောသည်။

​"မင်းတို့ လူသားကျောင်းဆောင်မှာ တခြား ကန့်ကွက်စရာများ ရှိသေးသလား။"

​ပုယွဲ့ရုံက ခေါင်းခါလိုက်သည်။

​"မရှိတော့ပါဘူး။"

​"မရှိရင်လည်း ပြီးတာပါပဲ။"

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူသည် တစ်ဖက်လူကို မျက်စောင်းထိုးလိုက်ပြီးနောက် ပိုင်ဇီဝမ်ချင်းဘက်သို့ လှည့်ကာ ပြုံးလျက် လက်ယှက် ဂါရဝပြုသည်။

​"တကယ့်ကိုပဲ ဒီလို ကိစ္စသေးသေးလေးအတွက်နဲ့ ပိုင်ဇီဝမ်တာဝန်ခံကို အပင်ပန်းခံပြီး လာခိုင်းမိသလို ဖြစ်သွားတယ်၊ တာဝန်ခံကို အားနာလိုက်တာ။"

​"ကိစ္စမရှိပါဘူး၊ ကိစ္စရပ်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက ပိုကောင်းပါတယ်။"

​ပိုင်ဇီဝမ်ချင်း ပြောပြီးသည်နှင့် ဖန့်ချန်ကို ခေါင်းညိတ်ပြလိုက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင် မြူခိုးများ လှုပ်ရှားလာကာ လက်အောက်ငယ်သားများကို ခေါ်ဆောင်၍ ယင်လောကသို့ ပြန်သွားတော့သည်။

​ဒီအတိုင်းပဲ ပြန်သွားတာလား

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူသည် တစ်ဖက်လူက ဒီနေရာမှာ ရက်အနည်းငယ်လောက် နေလိမ့်မည်ဟု ထင်ထားခဲ့သည်။

​ရောက်လာပြီးချင်း ပြန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ၊ ဤဖန့် သူတော်စင်ဘိုးဘေးအတွက် သက်သေခံပေးရန် သက်သက်သာ ရောက်လာသည့်အလား……

​"ကောင်းကင်ငါးပါး အတွင်းမှာ အကျော်ကြားဆုံးနဲ့ အတော်ဆုံး လူငယ်မျိုးဆက်သစ်ပါပဲလား……"

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူသည် ဖန့်ချန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

​……

​……

​"ရူးချင်ယောင်ဆောင်နေတာပဲ"

​"ချင်းမင်ဘက်က ဘာလုပ်မလို့လဲ။ ဖန့်ချန်ရဲ့လက်ကို ငှားပြီး ဒီအတိုင်းပဲ ခေါင်းဆောင်နေရာကို ရယူချင်နေတာလား။"

​"ဒါက ကောင်းကင်ငါးပါးစလုံးကို ဝါးမြိုဖို့ ကြံစည်နေတာပဲ "

​"ကောင်းကင်ငါးပါးအတွင်းက အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကို ပေါင်းစည်းမယ် အရင်က ဒီလို အကြံမျိုး ရှိခဲ့ဖူးတဲ့သူတွေ အကုန်လုံး သေကုန်ကြပြီ၊ ဒီကောင်လေးရဲ့ ရဲစွမ်းသတ္တိကတော့ တကယ်ပဲ ကြီးမားလွန်းတယ်။"

​"သာမန် အတွင်းကမ္ဘာ တားမြစ်နယ်မြေဆိုရင်လည်း တစ်မျိုးပေါ့၊ သူတို့ဘက်က အခု ဟိုအရင် ရှေးခေတ်တားမြစ်နယ်မြေတွေကိုပါ လက်လှမ်းဖို့ ကြံနေတာ၊ ဒါက လွန်လွန်းမနေဘူးလား။"

​"ဒါပေမဲ့ အခု ကောင်းကင်ငါးပါးအတွင်းက နိဗ္ဗာန်တားမြစ်နယ်မြေ စုစုပေါင်း (၁၀၈) ခု ရှိတဲ့အထဲက (၁၀၇) ခုကို သူပဲ ပြန်သိမ်းလာတာလေ၊ ပြီးတော့… အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ ဘက်က ကိစ္စတွေကိုလည်း ဒီကောင်လေးပဲ ဖြေရှင်းပေးခဲ့တာလေ……"

​"မင်း ဘာပြောချင်တာလဲ။"

​"ငါပြောချင်တာက တခြား ကောင်းကင်ငါးပါး ရဲ့ သဘောထားကို ကြည့်ကြည့်ရင် ကောင်းမလားလို့၊ တစ်ခါတစ်ရံ ဒီကိစ္စမှာ အလျှော့အတင်းလုပ်လို့ ရမယ့် နည်းလမ်းမျိုး ရှိနိုင်ပါတယ်။"

​"ဒါလည်း ဟုတ်တာပဲ၊ အလျှော့အတင်းလုပ်လို့ ရရင်လည်း ရပါတယ်။ အဲ့ကောင်လေး ပြောသလို ကောင်းကင်ငါးပါးလုံးကို မဖြစ်မနေ ပေါင်းစည်းရမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး"

​……

​……

​လဝက်ခန့် ကြာပြီးနောက် အသီးသီးမှ ကျောင်းတော်အုပ်ချုပ်သူများမှာ တန်လင် ကျောင်းတော်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ရောက်ရှိလာကြသည်။

​ထို ကျောင်းတော်အုပ်ချုပ်သူ နန်းဆောင်ထဲတွင်ပင် ဖြစ်သည်။

​နောက်ဆုံးအကြိမ် ပြန်သွားစဉ်က လေထုမှာ အနည်းငယ် တင်းမာနေခဲ့သဖြင့် ထိုကျောင်းတော်အုပ်ချုပ်သူများ ပြန်ရောက်လာသည့်အခါ ကုလားထိုင်များတွင် ထိုင်ရင်း စကားတစ်ခွန်းမျှ မဆိုကြဘဲ ငြိမ်သက်နေကြသည်။

​ဖန့်ချန်လည်း အသံမထွက်ဘဲ ငြိမ်နေလိုက်သည်။ အချိန်များမှာလည်း စက္ကန့်အလိုက် ကုန်ဆုံးသွားသည်။

​အချိန်မည်မျှ ကြာသွားသည်မသိ၊ ရှန် ကျောင်းတော်အုပ်ချုပ်သူက အသံအနည်းငယ် ခပ်အုပ်အုပ်ဖြင့် -

​"ဖန့် သူတော်စင်ဘိုးဘေး၊ ငါတို့ ဒီတစ်ခါ ပြန်သွားပြီးတဲ့နောက်မှာ အထက်ကနေ အဖြေတစ်ခု ပေးလိုက်ပါတယ်။ မင်း နားထောင်ကြည့်ပြီး ဖြစ်မဖြစ် ပြောပြပေးနိုင်မလား။"

​"ရှန် ကျောင်းတော်အုပ်ချုပ်သူ ပြောပါ။"

​ဖန့်ချန်က ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။

​"ငါတို့ အချင်းချင်း တိုင်ပင်ပြီးပြီ၊ အထက်ရဲ့ သဘောထားကတော့ ကောင်းကင်ငါးပါးစလုံးကနေ အတွင်းကမ္ဘာ တားမြစ်နယ်မြေ အခု (၁၀၀) စီ ထုတ်ပေးပြီး ပေါင်းစည်းကြမယ်။

​ရှေးခေတ်တားမြစ်နယ်မြေတွေကတော့ အရင်ကတည်းက ချိတ်ပိတ်ထားတာ ဖြစ်တဲ့အတွက် လဒါကို လှုပ်ရှားဖို့ဆိုတာ အလွန်ခက်ခဲတယ်။

​ပြီးတော့ ဒီတစ်ခါ ပေါင်းစည်းမှုရဲ့ အကျိုးရလဒ်တွေ ပေါ်လာမှပဲ ရှေးခေတ်တားမြစ်နယ်မြေတွေအကြောင်း ထပ်ပြောကြတာ ပိုကောင်းပါလိမ့်မယ်။"

​ရှန် ကျောင်းတော်အုပ်ချုပ်သူ ပြောပြီးသည်နှင့် ဖန့်ချန်ကို ကြည့်ကာ သူ၏ သဘောထားကို စောင့်မျှော်နေသည်။

​အခြားသော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း ဖန့်ချန်ဘက်သို့ ကြည့်လိုက်ကြသည်။

​ဟေးဆန်း နှင့် ဆွေ့ ကျောင်းတော်အုပ်ချုပ်သူတို့က တစ်ပြိုင်နက်တည်း အသံလွှင့်ကာ -

​"ချင်းမင်ဘက်ကလည်း အဲ့ဒီသဘောပါပဲ။"

​ထင်ရှားသည်မှာ ဤသူနှစ်ဦးလည်း အထက်မှ အမိန့်ပေးထားသည်ကို ရရှိထားခြင်းပင် ဖြစ်သည်။

​ဖန့်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေသည်။

​သူ တိတ်ဆိတ်နေသည့် အချိန်ကာလအတွင်းတွင် ထိုင်နေကြသော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း အချင်းချင်း မျက်စိဖြင့် အချက်ပြကာ ကြည့်လိုက်ကြသည်။

​အဘယ်ကြောင့်မှန်းမသိ၊ စိတ်ထဲတွင် တင်းမာမှု အနည်းငယ် ဖြစ်ပေါ်လာသည်။

​သူတို့သည် ယခုအချိန်တွင် ဖန့်ချန်သည် တည်ရှိမှုအဆင့် အလယ်အလတ်သာ ရှိသေးသည်ကို အမှတ်တမဲ့ မေ့လျော့နေကြပြီ ဖြစ်သည်။

​အချိန်များမှာ စက္ကန့်အလိုက် ကုန်ဆုံးသွားသည်။

​နောက်ဆုံးတွင် ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

​"ဒါလည်း ရတာပါပဲ၊ ဒါဆိုရင်လည်း နေရာ အသီးသီးက အတွင်းကမ္ဘာ တားမြစ်နယ်မြေ အခု (၁၀၀) စီ ထုတ်ပေးပြီး အရင်းအမြစ်တွေကို ပေါင်းစည်းကြတာပေါ့။

​ဒါပေမဲ့ ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၅၀၀) ကိုတော့ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်းထန်းဝမ်ခန်းမ တို့ကနေပဲ အတူတူ ကြီးကြပ်သွားမှာပါ။

ကောင်းကင်​ငါးပါးအတွင်းက တခြားအင်အားစုတွေ ဘာမှ ဝင်ပါခွင့် မရှိရဘူး။

​ဒီလိုမှ မလိုလားအပ်တဲ့ အခြေအနေမျိုးတွေကို ကြိုတင် ကာကွယ်နိုင်မှာ။"

​"..."

​ဟေးဆန်း က လွဲ၍ ကျန်ရှိသော ကျောင်းတော်အုပ်ချုပ်သူ ခြောက်ဦးမှာ အံ့အားသင့်သွားကြသည်။

​ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့တွင် ပါဝင်သော ဆွေ့ ကျောင်းတော်အုပ်ချုပ်သူပင်လျှင် မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

​ဒါက ဘာကို ဆိုလိုတာလဲ

​အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၅၀၀) အားလုံးကို သူတော်စင်ဘိုးဘေး စီမံကိန်း နှင့် ကျန်းထန်းဝမ်ခန်းမ ထံသို့ အကုန်လွှဲပေးပြီး အုပ်ချုပ်ခိုင်းလိုက်တာလား။

​တခြားအင်အားစုတွေ ဝင်ပါခွင့် မရှိရဘူး

​ဒါဆိုရင် ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၅၀၀) က ကောင်းကင်ငါးပါးအတွင်းကနေ လုံးဝ သီးခြားခွဲထွက်သွားတာနဲ့ မတူဘူးလား။

​အကယ်၍ တစ်ဖက်လူက သူတော်စင်ဘိုးဘေး စီမံကိန်း တစ်ခုတည်းကိုသာ တောင်းဆိုပါက သူတို့က တိုက်ရိုက် ငြင်းဆန်ကြလိမ့်မည်။

​သို့သော် ကျန်းထန်းဝမ်ခန်းမ ကိုပါ ထည့်ပြောလိုက်သည့်အတွက် သူတို့မှာ ဆုံးဖြတ်ရခက်သွားသည်။

​မည်သို့ဆိုစေ ကျန်းထန်းဝမ်ခန်းမ ၏ ရှေ့ပြေးဖြစ်သော သူတော်စင်ဧကရာဇ် စီမံကိန်းထဲမှ သူတော်စင်များမှာ ကောင်းကင်ငါးပါးပေါင်းစပ်မှုဖြင့် ပျိုးထောင်ထားကြသူများ ဖြစ်သည်။

​၎င်းသည်လည်း ကြီးမားသော မျိုးနွယ်စုကြီးများကို ကိုယ်စားပြုနိုင်သည်။

​"မိတ်ဆွေတို့၊ ဘာဖြစ်လို့ ဒီလို အမူအရာတွေ ဖြစ်နေကြတာလဲ။"

​ဖန့်ချန်က မနေနိုင်ဘဲ ပြုံးလျက် ပြောသည်။

​"ခင်ဗျားတို့ အထက်ကို တစ်ခါ ပြန်မေးပြီးပြီလေ၊ ကောင်းကင်ငါးပါးစလုံးကနေ အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၁၀၀) စီ ထုတ်ပေးပြီး ဒီတစ်ခါ ပြိုင်ပွဲအတွက် ပံ့ပိုးပေးဖို့ အထက်ကလည်း သဘောတူထားတာပဲ မဟုတ်လား။

​အခုမှ ဘာပြဿနာ ထပ်ရှိသေးလို့လဲ။"

​"ဖန့် သူတော်စင်ဘိုးဘေး။"

​စီကု ကျောင်းတော်အုပ်ချုပ်သူက မျက်မှောင်ကြုတ်ကာ -

​"ကောင်းကင်ငါးပါးစလုံးကနေ အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၁၀၀) စီ ထုတ်ပေးပြီး ပေါင်းစည်းတာက အထက်ရဲ့ သဘောထားပဲ၊ ဖန့် သူတော်စင်ဘိုးဘေး သဘောတူရင်တော့ ပြဿနာကြီးကြီးမားမား မရှိပါဘူး။"

​"ဒါပေမဲ့..."

​စီကု ကျောင်းတော်အုပ်ချုပ်သူက လေသံကို ပြောင်းကာ တင်းမာစွာ ပြောသည်။

​"အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေက အမြဲတမ်း သမာဓိခုံရုံး ရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာ ရှိခဲ့တာ၊ တချို့ အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေက အလွန်ကို အန္တရာယ်များတယ်၊ အထွတ်ထိပ်တာအို အဆင့် သူတော်စင်တောင်မှ အသက်ရှင်လျက် ထွက်လာဖို့ မလွယ်ဘူး။"

​"အခု မင်းက ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကို သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်းထန်းဝမ်ခန်းမ ကနေ အုပ်ချုပ်ဖို့ အဆိုပြုတာ၊ ဒါပေမဲ့ မင်းတို့ထဲမှာ အကြီးကဲသူတော်စင် တစ်ယောက်တောင်မှ မရှိဘူးလေ။"

​"အကယ်၍ တစ်ခုခု ဖြစ်လာရင် သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်းထန်းဝမ်ခန်းမ က ဘယ်လို တုံ့ပြန်ကြမလဲ။"

​ကျန်ရှိသော ကျောင်းတော်အုပ်ချုပ်သူ အနည်းငယ်မှာလည်း စီကု ကျောင်းတော်အုပ်ချုပ်သူ၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူလည်း မနေနိုင်တော့ဘဲ -

​"ဖန့် သူတော်စင်ဘိုးဘေး၊ စီကု ကျောင်းတော်အုပ်ချုပ်သူရဲ့ စိုးရိမ်မှုကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး၊ တကယ်တော့ ကောင်းကင်ငါးပါးစလုံးက အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၁၀၀) စီ ထုတ်ပေးပြီး လာမယ့် ကောင်းကင်ငါးပါးပြိုင်ပွဲ အတွက် ပံ့ပိုးပေးတာက အလွန်ကောင်းတဲ့ ရလဒ်ပဲ၊ ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေတွေကို ဘယ်သူက အုပ်ချုပ်ရမလဲဆိုတာကတော့……"

​"သူတော်စင်ဘိုးဘေး စီမံကိန်း ပဲ ဖြစ်ဖြစ်၊ ကျန်းထန်းဝမ်ခန်းမ ပဲ ဖြစ်ဖြစ်၊ အခုလက်ရှိအချိန်မှာ ဆန်းနယဲ့ စစ်မြေပြင်မှာ လူတွေကို သတ်ဖြတ်နိုင်တာ ကျွန်တော်တို့ပဲ ရှိတယ်။"

​"ကောင်းကင်ငါးပါးပြိုင်ပွဲ ရှိလာတာကလည်း ဆန်းနယဲ့ စစ်မြေပြင် အတွက်ပဲ။"

​"ဒီတစ်ခါ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ က ကျွန်တော့်ကို ကြယ်တာရာမျက်ရည်စက် (၁၀၀) ပေးတယ်၊ ကျွန်တော် အကုန်ထုတ်ပေးပြီး ကောင်းကင် ငါးပါး ပြိုင်ပွဲ ရဲ့ ဆုလာဘ်အဖြစ် ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၅၀၀) ကိုတော့ ကျွန်တော်တို့ပဲ အုပ်ချုပ်ရမယ်၊ နောက်ကျမှ ပြဿနာတွေ ထပ်မဖြစ်ရအောင်။"

​ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​"ခင်ဗျားတို့ ဒီကိစ္စကို ကန့်ကွက်ချင်ရင် အထက်က လူကြီးတွေကို ထပ်သွားမေးလို့ ရပါတယ်။ ကျွန်တော့်မှာ အချိန်နဲ့ စိတ်ရှည်မှု အများကြီး ရှိပါတယ်၊ ဒီမှာပဲ ခင်ဗျားတို့ကို စောင့်နေပါ့မယ်။"

​"..."

​အဲ့ဒီ သမာဓိခုံရုံး က လူကြီးတွေကို ထပ်သွားမေးရဦးမလား။

​ကျောင်းတော်အုပ်ချုပ်သူ အနည်းငယ်၏ မျက်နှာမှာ အလွန် ကြည့်မကောင်း ဖြစ်သွားသည်။

​ဒီလို လာလိုက်သွားလိုက်နဲ့ သူတို့မှာ အခွက်ပြောင်လို ဖြစ်မနေဘူးလား။

​"ထားပါတော့၊ ငါတို့ သဘောတူရင်တောင်မှ နောက်ပိုင်း အတွင်းကမ္ဘာ တားမြစ်နယ်မြေကို ဘယ်သူ အုပ်ချုပ်ရမလဲဆိုတာ ငါတို့ ဆုံးဖြတ်ချက် မဟုတ်ဘူး။"

​စီကု ကျောင်းတော်အုပ်ချုပ်သူက ရုတ်တရက် အသံလွှင့်ပြောသည်။

​သူ့စကားကြောင့် နေရာတွင်ရှိသော ကျောင်းတော်အုပ်ချုပ်သူများမှာ သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်ကြသည်။

​ရှန် ကျောင်းတော်အုပ်ချုပ်သူက ဖန့်ချန်ကို ပြုံးလျက် -

​"ဖန့် သူတော်စင်ဘိုးဘေး၊ ဒီကိစ္စကို ငါတို့ သဘောတူလိုက်ပါပြီ၊ ဒါဆိုရင် နောက်ထပ်……"

​"နောက်ထပ် ကိစ္စတွေ ရှိပါသေးတယ်၊ မလောပါနဲ့၊ တစ်ခုချင်းစီ ဆွေးနွေးကြတာပေါ့။"

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

​တော်တော်လေး မဆိုးဘူး၊ သူက အတွင်းကမ္ဘာ တားမြစ်နယ်မြေ (၂၅၀) ကိုပဲ အနိမ့်ဆုံး လိုချင်ခဲ့တာ။

​ရလဒ်ကတော့ ကောင်းကင်ငါးပါးပေါင်း (၅၀၀) တောင် ရလာတာ၊ တကယ်ကို ကောင်းမွန်တဲ့ အစပျိုးမှုပဲ။

အခန်း (၂၈၆၆) - မတားဆီးနိုင်တော့ပါ

​ယခင်က သင်ခန်းစာယူစရာများ ရှိခဲ့ပြီးဖြစ်၍၊ နောက်ပိုင်းတွင် ဖန့်ချန် တင်ပြလိုက်သော တောင်းဆိုချက် တစ်ခုပြီးတစ်ခုမှာ ကျောင်းတော်အုပ်ချုပ်သူ အသီးသီးတို့၏ မျှော်လင့်ထားသည့် နယ်ပယ်ထဲတွင်သာ ရှိနေသည်။

​သူတို့သည် ယခုအခါတွင် သဘောပေါက်သွားကြပြီ ဖြစ်သည်။ ဤ ဖန့် သူတော်စင်ဘိုးဘေးသည် အစကတည်းက ကောင်းကင်ငါးပါး၏ အတွင်းကမ္ဘာ တားမြစ်နယ်မြေ အားလုံးကို ပေါင်းစည်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

​သူသည် နောက်ပိုင်းတွင် တောင်းဆိုမည့်အရာများကို အောင်မြင်စေရန်အတွက် ထိုနည်းလမ်းကို အသုံးပြုနေခြင်းသာ ဖြစ်သည်။

​သို့သော် သိရှိသွားသော်လည်း ဘာမှတတ်နိုင်သည် မဟုတ်ပေ။

​တစ်ဖက်လူသည် ကြယ်တာရာမျက်ရည်စက် (၁၀၀) ကို ထုတ်ပေးထားပြီး ဖြစ်၍၊ ၎င်းမှာပင် အလွန်ကြီးမားသော ပံ့ပိုးမှု ဖြစ်သည်။

​ကြယ်တာရာမျက်ရည်စက်၏ အာနိသင်နှင့် ပတ်သက်၍ ကောင်းကင်အရှင် များထံသို့ ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သည်။

​သူတို့ကဲ့သို့သော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း ထိုသတင်းစကားကို အချိန်နှင့်တစ်ပြေးညီ ရရှိထားကြသည်။

​ထို့ကြောင့် နောက်ပိုင်းတွင် ကောင်းကင်မီးတောက်အသီး၊ မရဏသားရဲသွေး၊ ယွမ်ရွှီရေ တို့ကို စုဆောင်းခြင်းမှာလည်း အရေးတကြီး လိုအပ်လာသည်။

​"အောက်ပါအချက်ကတော့ ကောင်းကင်ငါးပါးပြိုင်ပွဲရဲ့ အဓိက အကျဆုံး ပြဿနာတစ်ခုပါ။"

​"ပြိုင်ပွဲကို ဘယ်လိုမျိုး တရားမျှတအောင် အာမခံမလဲ"

​ဖန့်ချန်က စားပွဲကို ခပ်ဖွဖွ ပုတ်လိုက်သည်။

​စီကု ကျောင်းတော်အုပ်ချုပ်သူက အေးစက်စက် လေသံဖြင့် -

​"ငါတို့မှာ ကောင်းကင်ငါးပါး စစ်မြေပြင်ရဲ့ အတွေ့အကြုံတွေ ရှိပြီးသားပဲ၊ ဒီပြဿနာက ပြဿနာဟုတ်သေးလား ကောင်းကင်ငါးပါး စစ်မြေပြင်ရဲ့ နည်းလမ်းအတိုင်းပဲ လုပ်လိုက်ကြတာပေါ့။"

​"ဒါက မရဘူး။"

​ဖန့်ချန်က ခေါင်းခါလိုက်သည်။

​"ကောင်းကင်ငါးပါး စစ်မြေပြင်ရဲ့ နည်းလမ်းက ဒီအထူးချွန်ဆုံး လူငယ်တွေအတွက်ပဲ သင့်တော်တာ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ငါးပါးပြိုင်ပွဲက ကျယ်ပြန့်တဲ့ ကောင်းကင်ငါးပါးအတွင်းကနေ အရည်အချင်းရှိတဲ့ လူတွေကို ရွေးချယ်ဖို့ ဖြစ်တယ်။

​သာမန်အချိန်တွေမှာ ကျောင်းတော်ကြီး ခုနှစ်ခု ဆီ အပ်နှံလိုက်တဲ့ ကျောင်းသားတွေက တကယ်ပဲ အကြိမ်ကြိမ် အချ ခံရပြီး အရည်အချင်း ပြည့်ဝနေလို့လား "

​ရှန် ကျောင်းတော်အုပ်ချုပ်သူက ပြုံးလျက် -

​"ဒါဆို ဖန့် သူတော်စင်ဘိုးဘေးရဲ့ သဘောထားက"

​"ကျွန်တော် အကြံပေးချင်တာက ကောင်းကင်ငါးပါးရဲ့ စစ်ဆေးရေးဌာန ကနေ လူအင်အား အချို့ကို ခွဲဝေပေးပြီး ဒီပြိုင်ပွဲရဲ့ တရားမျှတမှုကို တာဝန်ယူစေချင်တယ်။ အလွန် ဝေးလံပြီး နောက်ခံမရှိတဲ့ နတ်ဘုရားနယ်မြေအထိ စစ်ဆေးရေးဌာနက သူတော်စင်တွေ ရောက်ရှိနေမှသာ ပြိုင်ပွဲတိုင်းရဲ့ တရားမျှတမှုကို အာမခံနိုင်မှာပါ။"

​"နောက်ဆုံးမှာ အဆင့်ဆင့် ရွေးချယ်မှုတွေကို ဖြတ်ကျော်ပြီးမှသာ ကျွန်တော်တို့အနေနဲ့ နိဗ္ဗာန်တားမြစ်နယ်မြေ အတွက် ပိုမိုတိကျတဲ့ ထူးချွန်သူတွေကို ပို့ဆောင်ပေးနိုင်မှာပါ။"

​ဖန့်ချန်က ပြောသည်။

​"ဒါကတော့ အပိုအလုပ်တွေ များနေပြီ မဟုတ်လား"

​ယဲ့ထျန်းဂူ က ရုတ်တရက် ပြောသည်။

​"ငါတို့ရဲ့ စနစ်က ရင့်ကျက်ပြီးသားပါ၊ ဒီလောက်ထိ ရှုပ်ထွေးအောင် လုပ်စရာ မလိုပါဘူး။"

​"အရမ်း ရင့်ကျက်နေပြီလား ဒါဆို လူသားမျိုးနွယ်ထဲမှာ ဘာလို့ ချင်ဖိုကျား တစ်ယောက်တည်းပဲ ကောင်းကင်အရှင် ဆက်ခံသူ ဖြစ်နေရတာလဲ "

​ဖန့်ချန်က မေးသည်။

​ယဲ့ထျန်းဂူ တခဏချင်း တိတ်ဆိတ်သွားသည်။

​ကျန်ရှိသော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ထပ်မံ၍ မငြင်းဆန်တော့ပေ။

​မျက်စိရှေ့မှာတင် ထင်ရှားနေသည့် သက်သေရှိနေသောကြောင့် သူတို့လည်း ပြန်လည် ချေပရန် ခက်ခဲနေသည်။

​သို့သော် စစ်ဆေးရေးဌာနကသာ ပါဝင်လာပါက အချို့ကိစ္စရပ်များကို အလွယ်တကူ စီမံခန့်ခွဲရန် မဖြစ်နိုင်တော့ပေ။

​မည်သည့် မဟာမိတ်အဖွဲ့၏ စစ်ဆေးရေးဌာနပင် ဖြစ်ပါစေ၊ ထိုထဲရှိ ရေပြင်သည် အနည်းဆုံး ရှစ်ပုံ၊ ကိုးပုံလောက်က ကြည်လင်နေသည်။

​နောက်ကျန်သည့် ရေနောက်များမှာ သူတို့ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

​"ကျွန်တော်တို့က အခု စည်းမျဉ်းတစ်ခုကိုပဲ ဆွေးနွေးနေတာပါ၊ အတည်ပြု ၊ မပြု ဆိုတာကတော့ အထက်ကလူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်မှာပါ။"

​ယဲ့ထျန်းဂူ တခဏမျှ တိတ်ဆိတ်ပြီးနောက် ပြောသည်။

​"ဒါဆိုရင်လည်း အတူတူ စည်းမျဉ်းကို အပြီးသတ် ဆွေးနွေးထားလိုက်ကြတာပေါ့၊ အထက်က အတည်ပြုတာကိုပဲ စောင့်နေကြတာပေါ့။"

​ဖန့်ချန်က ပြောသည်။

​ယဲ့ထျန်းဂူ ဆက်မပြောတော့ပေ။

​နောက်ဆုံးတွင်၊ ထိုစည်းမျဉ်းကို အလွန်လျင်မြန်စွာ အပြီးသတ်လိုက်သည်။

​၎င်းတွင် ကျောင်းတော်အုပ်ချုပ်သူ အသီးသီးတို့က အကြံပြုချက် အနည်းငယ် ပေးခဲ့ကြပြီး အားလုံးကိုလည်း လက်ခံခဲ့သည်။

​သို့သော် အကြောင်းအရာ ရှစ်ပုံမှာ ဖန့်ချန် တင်ပြခဲ့သော နည်းလမ်းအတိုင်းသာ ဖြစ်သည်။

​ထိုကျောင်းတော်အုပ်ချုပ်သူများမှာ စိတ်ထဲတွင် ကောင်းစွာ သိရှိနေသော်လည်း အောင့်သက်သက်သာ နေလိုက်ရသည်။

​"ကောင်းပါပြီ၊ စည်းမျဉ်းတွေ ရပြီးပြီဆိုတော့ နောက်တစ်ဆင့်ကတော့ အတည်ပြုချက်ကို စောင့်ရုံပါပဲ။"

​ဖန့်ချန်က မတ်တပ်ရပ်လိုက်သည်။

​နေရာတွင်ရှိသော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။

​"မိတ်ဆွေတို့၊ အရင်ဆုံး ခွင့်ပြုပါဦး။"

​ဖန့်ချန်က လက်ယှက် ဂါရဝပြုသည်။

​ရှန် ကျောင်းတော်အုပ်ချုပ်သူက ပြုံးလျက် -

"ဖန့် သူတော်စင်ဘိုးဘေး၊ တစ်ခါလောက်ပဲ တွေ့ဖူးတာ၊ ခဏလောက် ထိုင်ပြီး စကားပြောကြမလား "

​အို

​ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ငြိမ်သက်စွာဖြင့် ပြန်ထိုင်လိုက်သည်။

​ကျန်ရှိသော ကျောင်းတော်အုပ်ချုပ်သူများမှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ထပ် ထိုင်လိုက်ကြသည်။

​"ဖန့် သူတော်စင်ဘိုးဘေး၊ ငါ့လက်အောက်မှာ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်းထန်းဝမ်ခန်းမ ထဲ ရောက်နေတဲ့ တပည့်တွေ အများကြီး ရှိပါတယ်၊ ဥပမာ - ရှန်တုရှင်း ဆိုရင် ငါ နဲ့ ဆွေမျိုးတော်စပ်ပါတယ်။"

​ရှန် ကျောင်းတော်အုပ်ချုပ်သူက -

"ဒီတစ်ခါ ဆန်းနယဲ့ စစ်မြေပြင်က သူတော်စင်တော်တော်များများ မင်းနောက်ကို လိုက်ပြီး အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ ဆီ သွားခဲ့ကြတယ်လို့ ကြားမိပါတယ်။"

​ယဲ့ထျန်းဂူ နှင့် အခြားသော ကျောင်းတော်အုပ်ချုပ်သူများက ဖန့်ချန်ဘက်သို့ စူးစိုက်ကြည့်နေကြသည်။

​သူတို့သည် သတင်းအချို့ ရရှိထားသော်လည်း အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အမှန်တကယ် မသိရှိကြပေ။

​"ဟုတ်ပါတယ်၊ အတွေ့အကြုံ ရစေချင်တဲ့သူ အားလုံးကို ကျွန်တော် ခေါ်သွားခဲ့ပါတယ်။"

​ဖန့်ချန်က ခေါင်းညိတ်သည်။

​"ဒါဆို…… ငါတို့ ကောင်းကင်ငါးပါး နဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ ကြားက ကွာဟချက်က တကယ်ပဲ ဘယ်လောက်ကြီးမားနေတာလဲ "

​ရှန် ကျောင်းတော်အုပ်ချုပ်သူ၏ မျက်နှာမှာ လေးနက်နေသည်။

​ထိုမေးခွန်းမှာ လက်ရှိအချိန်တွင် ကျောင်းတော်အုပ်ချုပ်သူတိုင်း သိချင်နေသော မေးခွန်း ဖြစ်သည်။

​ဟေးဆန်းပင်လျှင် သိချင်စိတ်ဖြင့် အနည်းငယ် ရှေ့သို့ ကိုယ်ကို ယိမ်းလိုက်သည်။

​"အနည်းဆုံး အဆတစ်ရာလောက်တော့ ကွာခြားမှာပါ။ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ မှာ ရှိတဲ့ ကောင်းကင်အရှင် အများစုက ကိုယ်တိုင်ကိုက ဆန်းနယဲ့ သူတော်စင်တွေ ဖြစ်နေကြတာပါ။"

​"ကောင်းကင်အရှင်အောက်က အထွတ်ထိပ်တာအို၊ ကောင်းကင်နိမိတ် ၊ ကမ္ဘာကြီး သူတော်စင်တွေထဲမှာလည်း ဆန်းနယဲ့ သူတော်စင်တွေ နေရာတိုင်းမှာ ရှိနေပါတယ်။"

​"ဒီအချက်တစ်ခုတည်းတင်ကိုပဲ ငါတို့ ကောင်းကင်ငါးပါးက ကလေးလေးတွေလိုပဲ ရှိပါသေးတယ်။"

​ဖန့်ချန်က ပြောသည်။

​နေရာတွင်ရှိသော သူတော်စင်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ တဖြည်းဖြည်း လေးနက်လာသည်။

​"ဒီလိုလား၊ ဒါဆိုရင်တော့ ငါတို့ ကောင်းကင်ငါးပါး အနေနဲ့ တကယ်ပဲ ပြောင်းလဲဖို့ လိုအပ်နေပြီ။"

​ရှန် ကျောင်းတော်အုပ်ချုပ်သူက တိုးတိုးလေး ရေရွတ်သည်။

​"နောက်ပိုင်းမှာ ကောင်းကင်ငါးပါးကို ထမ်းတင်ရမယ့်သူတွေက မင်းတို့လို လူငယ်မျိုးဆက် ဆန်းနယဲ့ သူတော်စင်တွေပဲ ဖြစ်တော့မှာပါ……"

​"အကြီးအကဲတို့၊ ဒီစကားက မှားပါတယ်။ ကျွန်တော်တို့ လူငယ်တွေက ကောင်းကင်ငါးပါးကို ထမ်းတင်နိုင်တဲ့အချိန်မှာ၊ အကြီးအကဲတို့ရဲ့ အရည်အချင်းနဲ့ ဆိုရင် နောက်တစ်ဘဝ ပြန်လည်ဝင်စားပြီး ကျင့်ကြံလိုက်ရုံပါပဲ။ အကြီးအကဲတို့လည်း ကောင်းကင်ငါးပါးကို ထမ်းတင်နိုင်တဲ့ တိုင်ကွန်တွေ ဖြစ်လာမှာပါ။"

​ဖန့်ချန်က ပြုံးလျက် ပြောသည်။

​နောက်တစ်ဘဝ ပြန်လည်ဝင်စားရမလား

​ကျောင်းတော်အုပ်ချုပ်သူများ၏ မျက်လုံးများမှာ တဖျတ်ဖျတ် လက်သွားသည်။

​သူတို့သည် မိမိတို့၏ အရည်အချင်းကို အလွန်အမင်း ယုံကြည်ကြသူများ ဖြစ်ကြသည်။

​သို့သော် တကယ်တမ်း ပြန်လည်ဝင်စားရမည်ဆိုလျှင် နောက်တစ်ဘဝတွင်လည်း ယခုကဲ့သို့ အဆင့်မျိုးကို ရောက်နိုင်မည်ဟု မည်သူက အာမခံနိုင်မည်နည်း။

​ဒီကြားထဲမှာများ အမှားအယွင်း တစ်ခုခု ဖြစ်သွားမလား။

​ရန်သူတွေက တမင်တကာ ပစ်မှတ်ထားပြီး ခြေလှမ်းမှားအောင် လုပ်ရင်ကော။

​ဒါဆိုရင် သူတို့မှာ နောက်ဘဝတွေအထိ ထိပ်ဆုံးကို ရောက်လာနိုင်တော့မှာ မဟုတ်ဘဲ လူအုပ်ထဲ ပျောက်ကွယ်သွားလိမ့်မည်။

​ဖန့်ချန်က သူတို့၏ အမူအရာကို မြင်သဖြင့် သူတို့အား အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ တွင် မြင်ခဲ့သမျှ၊ ကြားခဲ့သမျှကို တစ်ခုချင်း ရှင်းပြလိုက်သည်။

​နေရာတွင်ရှိသော ကျောင်းတော်အုပ်ချုပ်သူများမှာ အလွန် အလေးအနက် နားထောင်နေကြသည်။

​ကြားပြီးနောက်တွင် ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက သက်ပြင်းချကာ -

​"ကောင်းကင်ငါးပါးရဲ့ ပြောင်းလဲမှုက မဖြစ်မနေ လုပ်ရမယ့်အရာပါ၊ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ်ပြီး အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ ကို ကျော်တက်နိုင်မှာလဲ။

​ဆန်းနယဲ့ စစ်မြေပြင်ရဲ့ စည်းမျဉ်းမရှိရင်၊ ဖန့် သူတော်စင်ဘိုးဘေးသာ ဒီမှာ မရှိရင် ဒီနေ့ ဒီအချိန်မှာ အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ က ကောင်းကင်အရှင်တွေ ဒီမှာ ထိုင်ပြီး ဆွေးနွေးနေကြလောက်ပြီ……"

​"ဟုတ်တယ်၊ မိတ်ဆွေတို့ အားလုံးကလည်း မျိုးနွယ်စုကြီးက ဆင်းသက်လာကြတာပဲ၊ လက်အောက်မှာ အရည်အချင်းရှိတဲ့ တပည့်တွေ ရှိရင်လည်း ကျွန်တော့်ဆီ အမည်စာရင်း ပေးပို့လို့ ရပါတယ်။"

​"သူတို့မှာ တကယ် အရည်အချင်း ရှိရင်၊ ဝူရှန်းပေမြိန့် ရဲ့ ဆုံမှတ်မှာ ကျွန်တော် ပိုပြီး အာရုံစိုက်ပေးပါ့မယ်။"

​ဖန့်ချန်က ပြောသည်။

​ကျောင်းတော်အုပ်ချုပ်သူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သည့် အပြုံးများ ပေါ်လာသည်။

​"ဖန့် သူတော်စင်ဘိုးဘေးက တကယ်ကို ရည်မွန်တာပဲ၊ ဒါပေမဲ့ ကျွန်တော့်မှာလည်း သူတော်စင်ဘိုးဘေး နောက်ပိုင်းမှာ ဆန်းနယဲ့ စစ်မြေပြင် အတွက် ဂရုစိုက်ပေးရမယ့် တပည့်တွေ ရှိနေသေးလို့ပါ။"

​"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။……"

​……

​……

​မကြာမီပင် ဖန့်ချန်နှင့် ကျောင်းတော်အုပ်ချုပ်သူ အစုအဖွဲ့မှာ ကျောင်းတော်အုပ်ချုပ်သူ နန်းဆောင်မှ ထွက်ခွာလာပြီး အချင်းချင်း လက်ယှက်နှုတ်ဆက်ကာ ခွဲခွာသွားကြသည်။

​ထို ကျောင်းတော်အုပ်ချုပ်သူများ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ ဖန့်ချန်က ဆွေ့ ကျောင်းတော်အုပ်ချုပ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ဆွေ့ ကျောင်းတော်အုပ်ချုပ်သူ၊ ဒီတစ်ခါ ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။"

​ချင်ဟော့ချန်နှင့် တခြားသူများမှာ နန်းဆောင်ပြင်ပတွင် စောင့်ဆိုင်းနေကြပြီး ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။

​"ဘာမှမဟုတ်ပါဘူး၊ လုပ်သင့်လုပ်ထိုက်တာပါ၊ သူတို့က ရှန်းဟုန် တပည့်တွေပဲ၊ ရွှေဟွေး ကျောင်းတော် ကို သွားရင်လည်း ပိုကောင်းတဲ့ အနာဂတ် ရှိမှာပါ။"

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက ပြုံးလျက် လက်ကို ခါယမ်းလိုက်သည်။

​နှုတ်ဆက်ပြီးနောက် ဖန့်ချန်သည် ချင်ဟော့ချန်တို့ကို ခေါ်ဆောင်ကာ ဟေးဆန်း၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ပြီး တန်လင် ကျောင်းတော်မှ ထွက်ခွာလာခဲ့သည်။

​သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင်။

​ဆွေ့တင်းရှန်း က ရုတ်တရက် ဆွေ့ ကျောင်းတော်အုပ်ချုပ်သူ၏ နောက်ကွယ်တွင် ပေါ်လာသည်။

​"မင်း ဘာဖြစ်နေတာလဲ သူ တန်လင် ကျောင်းတော်ကနေ လူတွေကို ခေါ်သွားတာကို အလွတ်ပေးလိုက်တာလား"

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက ခေါင်းကို လှည့်ကြည့်ကာ ဆွေ့တင်းရှန်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

​"တားဆီးလို့ မရတော့ဘူး၊ အခုအချိန်မှာ အရှိန်အဟုန်က ဒီလို ဖြစ်နေပြီ၊ ဒီလို ကိစ္စသေးသေးလေးတွေမှာ သူ့ကို ဒုက္ခမပေးပါနဲ့တော့။"

​"ဒီ အစည်းအဝေးပြီးရင် ကျောင်းတော်ကြီးခုနှစ်ခုရဲ့ ကျောင်းတော်အုပ်ချုပ်သူတွေထဲမှာ သူ့ဘက်ကို ဘယ်နှစ်ယောက် ကူညီရပ်တည်မလဲဆိုတာ မင်း သိလား"

​ဆွေ့တင်းရှန်း တခဏမျှ ကြောင်အသွားသည်။

​ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက ခေါင်းခါလိုက်ပြီးနောက် နောက်သို့ လှည့်ကာ ထွက်ခွာသွားတော့သည်။

All Chapters