အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း ၁၅၂ - စိတ်အေးသွားပြီ။
သခင်မတုန်းက သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ရွှယ်နင်ရဲ့ စေ့စပ်ထားတဲ့သူ လီချန်ချဲ့က ကျန်းကော်နယ်စားမင်းရဲ့သား ဖြစ်နေတာ။ သူ့မျိုးရိုးက လီ ဖြစ်နေတာ မဆန်းတော့ဘူး။ အခုတော့ ရွှယ်နင်က ကျန်းကော်နယ်စားမင်းအိမ်တော်ဆိုတဲ့ သစ်ကိုင်းမြင့်ကြီးပေါ်ကို တွယ်တက်သွားနိုင်ပြီပေါ့လေ!”
ညီအစ်မနှစ်ယောက်ဖြစ်သည့် စုချင်းနှင့် စုယင်တို့၏ မျက်နှာအမူအရာများလည်း ပျက်ယွင်းသွားကာ သူတို့စိတ်ထဲတွင် ပို၍ပင် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်လာခဲ့သည်။
တုန်းကျင်းမြို့မှာ မည်သည့်ထင်ရှားကျော်ကြားသည့် မိသားစုထဲသို့မဆို လက်ထပ်ဝင်ရောက်ရန် မျှော်မှန်းနိုင်သော်လည်း ကျန်းကော်နယ်စားမင်းအိမ်တော်ကမူ လက်လှမ်းမီရန် အခက်ခဲဆုံး ဖြစ်၏။
ဒါပေမဲ့ အဲ့ဒီဂြိုလ်ဆိုးမ ရွှယ်နင်က... လီမိသားစုထဲကို ဘယ်လိုလုပ် တက်လှမ်းနိုင်ခဲ့တာလဲ။
“ဘယ်လို...”
အပြေးအလွှား ရောက်ရှိလာသည့် ရှဲ့နင်းထန်သည် ထိုစကားကို ကြားလိုက်ရသဖြင့် သူမ၏မျက်နှာ ပျက်သွားသည်။
“သူက ဆင်းရဲတဲ့ စာသင်သားတစ်ယောက် မဟုတ်ဘူးလား”
ရှဲ့လောင်ဖူးရန်သည် နောင်တတရားများဖြင့် ရင်ဘတ်ကို တဗုန်းဗုန်းထုကာ ညည်းတွားလိုက်သည်။
“ဒါတွေအားလုံးက အတုတွေပဲ... သူက ဆင်းရဲမနေရုံတင်မကဘူး၊ လီမိသားစုရဲ့ ရွှေငွေရတနာအားလုံးကိုလည်း ပိုင်ဆိုင်ထားတာ။ ဒီနေ့ နယ်စားမင်းအိမ်တော်အပြင်ဘက်က ဆယ်မိုင်လောက် ရှည်လျားတဲ့ ခန်းဝင်ပစ္စည်းတန်းကြီးက သူကိုယ်တိုင် ရွှယ်နင့်ဆီ ပို့ပေးခဲ့တာ... ပြီးတော့ အဲဒီတုန်းက သူ ငါတို့ဆီ ယူလာခဲ့တဲ့ ကျောက်စိမ်းဆွဲသီးက လီမိသားစုရဲ့ မျိုးဆက်သစ်ခေါင်းဆောင်ရဲ့ တံဆိပ်တုံး ဖြစ်နေတာပဲ။ အခု အပြင်ကလူတွေက ငါတို့ ရွှမ်းယီနယ်စားမင်းအိမ်တော်က ကျန်းကော်နယ်စားမင်းအိမ်တော်ကို တွယ်တက်သွားတယ်လို့ ပြောနေကြပြီ။ ဒါပေမဲ့ ငါတို့က သင့်တော်တဲ့ ခန်းဝင်ပစ္စည်းလေးတောင် မပြင်ဆင်ပေးနိုင်ခဲ့ဘူး”
စုယီလီသည် လုံးဝ ဆွံ့အသွားခဲ့၏။ သူ ဘာတွေကို လွဲချော်ခဲ့တာလဲ။
သေသေချာချာ စဉ်းစားကြည့်တဲ့အခါ ဤအရာအားလုံးက သူ့ကို သတိမပေးခဲ့သည့် သခင်မကျန်းကြောင့်ပင်။ ဒေါသတရားများက သူ့တစ်ကိုယ်လုံးကို လောင်မြိုက်သွားစေသည်။
“သခင်မကျန်း... မင်း ဘာလို့ ရွှယ်နင်ရဲ့ ခန်းဝင်ပစ္စည်းတွေကို သေချာမပြင်ဆင်ပေးခဲ့တာလဲ။ နယ်စားမင်းအိမ်တော်ရဲ့ မျက်နှာကို ဖျက်ဆီးပစ်လိုက်ပြီ။ မင်း ဘယ်လိုအပြစ်ပေးမှုကို ခံယူမလဲ”
သခင်မကျန်း မှင်သက်သွားမိသည်။ အဲ့ဒီတုန်းက နင်နင်ကို ကြီးကြီးကျယ်ကျယ် ပွဲမလုပ်ပေးချင်ခဲ့တာ အဘွားအိုနှင့် သူကိုယ်တိုင် မဟုတ်လား။ အခုတော့ ဘယ်လိုကြောင့် သူမရဲ့အပြစ် ဖြစ်သွားရပြန်တာလဲ။
“နယ်စားမင်း...”
စုယီလီက ခက်ထန်စွာ ပြောလိုက်သည်။
“ဘိုးဘေးဆောင်ကိုသွားပြီး ဘိုးဘေးတွေကို မင်းရဲ့အပြစ်တွေကို တောင်းပန်ချေ”
“ကျွန်မ...”
စုယီလီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အခုချက်ချင်းသွားစမ်း”
သခင်မကျန်းက ရှင်းပြချင်သော်လည်း သူက ထပ်ခါတလဲလဲ ဖြတ်ပြောခဲ့သည်။
ထိုလူ၏ အုံ့မှိုင်းနေသော ခန့်ညားသည့်မျက်နှာကို ကြည့်ရင်း သူမက လှောင်ပြောင်ချင်စိတ်ကိုသာ ခံစားလိုက်ရတော့သည်။ သူမ၏ရင်ထဲမှ တိုက်ခိုက်လိုစိတ်များက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။
သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မည်သည့်ငြင်းခုံမှု သို့မဟုတ် ရှင်းပြချက်ကိုမျှ မလုပ်တော့ပေ။
ထို့အစား မာမားစုန့်ကို ခေါ်ကာ ဘိုးဘေးဆောင်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့သည်။
ရှဲ့နင်းထန်သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိုနေရာမှာတင် ကြောင်အစွာရပ်နေခဲ့သည်။
သူမက ရွှယ်နင်ကို လီချန်ချဲ့နှင့် လက်ထပ်ပြီး ဒုက္ခရောက်စေချင်ခဲ့တာဖြစ်ကာ ယခုကဲ့သို့ စည်းစိမ်ချမ်းသာများဖြင့် နေထိုင်သွားရန် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် စုကျန်းသည် မျက်နှာပျက်ပျက်နှင့် နယ်စားမင်းအိမ်တော်၏ တံခါးမကြီးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
တံခါးဝသို့ ရောက်သောအခါ နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်နေသည့် လူအုပ်ကြီး၏ နီရဲသော စီးကြောင်းကြီးကို သူ မြင်လိုက်ရတော့သည်။
နယ်စားမင်းအိမ်တော်အပြင်ဘက်တွင် လူအုပ်ကြီးက လှိုင်းတံပိုးထနေသည်။ ကျန်းကော်နယ်စားမင်းအိမ်တော်မှ ငှားရမ်းထားသော ပန်းကြဲမိန်းကလေးများက လမ်းတစ်လျှောက် ဆုလာဘ်ငွေများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကာ ကြဲပက်နေကြသည်။ အရပ်သားပြည်သူများသည် ယခင်က ဤကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ပုခုံးချင်းတိုက် လုယက်ရင်း မင်္ဂလာယာဉ်တန်းနောက်သို့ ကျန်းကော်နယ်စားမင်းအိမ်တော်အထိ လိုက်ပါသွားကြတော့သည်။
စုကျန်းသည် မျက်မှောင်ကြုတ်ကာ နားကွဲလုမတတ် ဆူညံသော မောင်းသံဗုံသံများကြားတွင် ဆန်းပြားလှပသည့် သတို့သမီးထမ်းစင်ကြီး တဖြည်းဖြည်း ဝေးကွာသွားတာကို ဘာမှမတတ်နိုင်ဘဲ ငေးကြည့်နေမိ၏။
မြင်းပေါ်တွင် ထိုင်နေသော လီချန်ချဲ့ကမူ နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က နက်ရှိုင်းကာ အေးစက်နေပြီး သရော်လှောင်ပြောင်သည့် ရန်စမှုအရိပ်အယောင်များ ပါဝင်နေသည်။
တတိယမြောက်လ ပြက္ခဒိန်လ၏ တုန်းကျင်းမြို့ ရာသီဥတုက အနည်းငယ် ချမ်းစိမ့်နေဆဲဖြစ်သည်။
စုကျန်း၏ ရင်ဘတ်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုက ထိုးစိုက်သွားပြီး သူ့နှလုံးသားတွင် အက်ကွဲကြောင်း သေးသေးလေးတစ်ခု ရုတ်တရက် ပွင့်ဟသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝဲပျံကျလာသော နှင်းပွင့်များက ထိုအက်ကွဲကြောင်းထဲသို့ ဆားသိပ်လိုက်သကဲ့သို့ ရှိရာ၊ စူးရှလွန်းသဖြင့် သူ၏မျက်နှာပင် ဖြူလျော်သွားခဲ့သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရွှယ်နင်က တကယ်ပဲ လက်ထပ်သွားခဲ့ပြီ။
သူမက သူ့ကို စကားတစ်ခွန်းတောင် လာမပြောဘဲ လီချန်ချဲ့ရဲ့ ခေါ်ဆောင်သွားတာကို ခံလိုက်ရတယ်။
သူ မယုံကြည်နိုင်ဘဲ မျက်ခုံးများကို တင်းတင်းကြုတ်ထားမိသော်လည်း ခြေထောက်နှစ်ဖက်ကမူ ခဲဆွဲထားသကဲ့သို့ လေးလံနေပြီး တစ်လက်မတောင် မရွေ့လျားနိုင်ခဲ့ပေ။
ရှဲ့နင်းထန်က သူ့နောက်သို့ အပြေးလိုက်လာပြီး သူမ၏လက်လေးဖြင့် သူ့လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“ရှီဇီအစ်ကို... ညီမ ခန်းဝင်ပစ္စည်းတွေကို ငှားပေးဖို့ သဘောတူလိုက်ပြီပဲ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား... ညီမက အစ်ကို့ကို ရွှယ်နင့်ဆီ သွားမတွေ့အောင် တမင်တားခဲ့တာ မဟုတ်ပါဘူး။ သူ(မ)က အစ်ကို့ရဲ့ ညီမအရင်းမှ မဟုတ်တာပဲ...”
စုကျန်းသည် မျက်လုံးများကို မှိတ်လိုက်မိပြီး ရင်ထဲတွင် မဖော်ပြတတ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်မှုများ လှိုင်းထလာခဲ့သည်။
မှန်တယ်၊ သူမက သူ့ညီမအရင်းမှ မဟုတ်တာပဲ။
သူမကို သူ တစ်ခါမှ မနှစ်သက်ခဲ့ဖူးဘူး။
သူသည် စိတ်လွင့်လျက်နှင့် မင်ယွဲ့ဆောင်သို့ ပြန်လာပြီး စာကြည့်ခန်းထဲတွင် အခန်းအောင်းနေလိုက်တော့သည်။
သူသည် မူလက နောက်ဆုံးအမှုတွဲဖိုင်ကို ဖတ်ရှုရန် ရည်ရွယ်ထားသော်လည်း နားထဲတွင်မူ စူးရှသော မင်္ဂလာတံပိုးသံများကသာ ဆက်တိုက်မြည်ဟည်းနေခဲ့သည်။
သူ့မျက်စိရှေ့တွင် မင်ယွဲ့ဆောင်၌ အလုပ်ရှုပ်နေတတ်သော ရွှယ်နင်၏ ပုံရိပ်က အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပေါ်လာ၏။
သူမ ချက်ပြုတ်ပေးဖူးတဲ့ အစားအစာများ၊ သူမကိုယ်တိုင် မီးမွှေးပြီး ကျိုပေးခဲ့တဲ့ စွပ်ပြုတ်များ၊ သူမ ချုပ်လုပ်ပေးခဲ့သော ပန်းထိုးအိတ်ငယ်များနှင့် သူမ ဖာထေးပေးခဲ့သော ဝတ်ရုံရှည်။
အရင်တုန်းက မင်ယွဲ့ဆောင်၏ စင်္ကြံအောက်တွင် မော့ပိုင်နှင့် စကားစမြည် ထိုင်ပြောနေတတ်သော သူမ၏အရိပ်က အမြဲတမ်း ရှိနေခဲ့သည်။
မော့ပိုင်က ပြန်မပြောသည့်အခါတွင်လည်း သူမက တစ်ယောက်တည်း ထိုင်ကာ စိတ်ကူးယဉ်နေတတ်သည်။
ထိုအချိန်က သူမ သူ့အနားကို အဲ့လောက် ကပ်တွယ်နေတာကို သူက မနှစ်သက်ခဲ့ပေ။ သူက သူမကို အေးစက်သောအကြည့်များ ပေးခဲ့ပြီး ခါးသီးသော စကားလုံးများကို ပြောဆိုခဲ့ဖူးသော်လည်း သူမကမူ သူ့အနားသို့ တိုးကပ်လာဆဲဖြစ်ကာ တောင်းပန်တတ်သည်။
“ရှီဇီ... ကျွန်မအပေါ် နည်းနည်းလောက် ပိုပြီး ကောင်းပေးလို့ မရဘူးလားဟင်”
သူမက သူ့ကို အလွန်အမင်း နှစ်သက်ခဲ့ပြီး သူကသာ သူမကမ္ဘာရဲ့ တစ်ဦးတည်းသောသူ ဖြစ်ခဲ့တယ်။
ထို့ကြောင့် သူ ဘယ်လောက်ပဲ ကြိုးစားပြီး စဉ်းစားပါစေ၊ သူမ အခြားလူတစ်ယောက်ကို လက်ထပ်သွားလိမ့်မည်ဟု ဘယ်လိုမှ မစိတ်ကူးနိုင်ခဲ့ပေ။
သူမ လက်ထပ်သွားခဲ့ရင်တောင် သူမရဲ့ အနိုင်ကျင့်ခံရလွယ်တဲ့ ဗီဇနှင့် ကျန်းကော်နယ်စားမင်းအိမ်တော်လိုမျိုး ဂုဏ်သရေရှိ အသိုင်းအဝိုင်းကြီးထဲမှာ ဘယ်လောက် ကြာကြာ ခံနိုင်ရည်ရှိမှာလဲ။
ကျန်းကော်နယ်စားမင်းက စိတ်ကျေနပ်ရန် အခက်ခဲဆုံး စိတ်နေသဘောထားရှိတာကို လူတိုင်းသိကြပြီး ထိုအချိန်တုန်းက အတင်းအဓမ္မ သိမ်းပိုက်ခံခဲ့ရတဲ့ သခင်မဝမ်အကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
ဒီလိုနေရာမျိုးကို လက်ထပ်ဝင်ရောက်တာက ရွှယ်နင်အတွက် တကယ်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်နိုင်ပါ့မလား။
ရွှယ်နင်၏ မျက်နှာကို တွေးမိလိုက်သည်နှင့် စုကျန်း စိတ်ထဲတွင် ဂနာမငြိမ်မှုများ လှိုင်းထလာကာ ဘယ်လိုမှ စိတ်အေးချမ်း၍မရတော့ပေ။
မှောင်ရီပျိုးစပြုလာချိန် ညနေခင်းသည် မင်္ဂလာအခါတော် အချိန်ကောင်း ဖြစ်သည်။
အခုအချိန်ဆိုရင် သူတို့ မင်္ဂလာပွဲကို ကျင်းပပြီးလောက်ပြီ မဟုတ်လား။
သူ ဆက်ပြီး မတွေးတောချင်တော့သဖြင့် အမှုတွဲဖိုင်ကို ပြန်လည်ဖွင့်လှစ်လိုက်သည်။
သို့သော်လည်း အာရုံစိုက်မရသည့်အခါ မော့ပိုင်ကို လှမ်းခေါ်လိုက်တော့သည်။
“ရှီဇီ... ဘာပြောမလို့လဲ"
စုကျန်းက မျက်နှာသေနှင့် ပြန်ဖြေသည်။
“ငါတို့ အိမ်တော်ကနေ ထွက်ကြမယ်”
မော့ပိုင်က တုံ့ဆိုင်းစွာဖြင့်-
“ဒါပေမဲ့ မိုးချုပ်နေပြီလေ။ ရှီဇီက တရားရေးဝန်ကြီးဌာနရဲ့ ထောင်ဆီကို သွားဦးမလို့လား”
စုကျန်းက အင်းဟု တစ်ချက်ညည်းကာ အတည်ပြုလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က သံသယရှိသူက အပြစ်ဝန်ခံချက်မှာ လက်မှတ်မထိုးရသေးဘူး။ ငါ သွားကြည့်လိုက်ဦးမယ်”
“ရှီဇီ...”
မော့ပိုင်သည် သူ့သခင်က တစ်ခုခုကို ရှောင်လွှဲနေတယ်လို့ ခံစားမိလိုက်၏။
“မနက်ဖြန်မှ သွားလည်း ရပါတယ်”
စုကျန်းက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့ဝတ်ရုံရှည်ကို ဖြုတ်ယူကာ စင်္ကြံဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
အပြင်ဘက်တွင်မူ နှင်းများက ပိုမိုသည်းထန်စွာ ကျဆင်းနေချေပြီ။
မည်းမှောင်နေသော တိမ်တိုက်များက ကောင်းကင်ယံထက်တွင် လွင့်မျောနေပြီး နွေဦး၏ စူးရှသောအအေးဓာတ်ကို သယ်ဆောင်လာသည်။
အချိန်က ပိုမိုနောက်ကျလာသည်နှင့်အမျှ သူ့ဦးခေါင်းထဲတွင် အကြောဆွဲသကဲ့သို့ တဆစ်ဆစ် နာကျင်ကိုက်ခဲလာခဲ့သည်။
နှလုံးသားရေးရာကိစ္စရပ်များက သူ့စိတ်ဝင်စားမှုတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။ သူက သူ့အင်အားအားလုံးကို အမှုကိစ္စများအပေါ်၌သာ အာရုံစိုက်ထားချင်တယ်။
ရွှယ်နင်ဆိုတာ လူတစ်ယောက်သာ ဖြစ်ပြီး သူမက သူ့စိတ်ကို လှုပ်ခတ်စေနိုင်တာ မရှိဘူး။
“ရှီဇီ...”
မော့ပိုင်က သူ့နောက်သို့ အပြေးလိုက်လာသည်။
စုကျန်းသည် သူ့နှာတံကို လက်မနှင့် လက်ညှိုးဖြင့် ညှစ်လိုက်ရင်း ဝဲပတ်နေသော နှင်းမုန်တိုင်းထဲသို့ တိုးဝင်သွားခဲ့တော့သည်။
ထိုလူ၏ အရပ်ရှည်ရှည် ပုံရိပ်သည် မကြာမီမှာပင် ခြံဝင်းထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
ရှဲ့နင်းထန်သည် သူမ၏အခန်းထဲတွင် ခဏလောက် စောင့်ဆိုင်းနေပြီးနောက် စာကြည့်ခန်းသို့ လူလွှတ်၍ အခြေအနေကို စုံစမ်းခိုင်းလိုက်သည်။
စုကျန်းက တရားရေးဝန်ကြီးဌာနသို့ သွားပြီဟူသော သတင်းကို ကြားလိုက်ရသည့်အခါတွင်မူ သူမက ဒေါသတကြီးဖြင့် သူမလက်ထဲမှ လက်ရာမြောက်သော ရုဖိုကြွေထည် လက်ဖက်ရည်ခွက်ကို ရိုက်ခွဲပစ်လိုက်တော့သည်။
“မင်းသမီး... ဒေါသကြောင့် ကျန်းမာရေး ထိခိုက်ပါလိမ့်မယ်။ အနည်းဆုံးတော့ ရှီဇီက တရားရေးဝန်ကြီးဌာနကိုပဲ သွားတာပဲလေ”
ရှောင်လင်တန့်က ကွဲကြေသွားသော ကြွေထည်စများကို လာသိမ်းရန် လူခေါ်လိုက်ရင်း ရှဲ့နင်းထန်၏ မျက်နှာအမူအရာကို အကဲခတ်ကာ ပြုံး၍ ဆက်ပြောလိုက်သည်။
“ရှီဇီရဲ့ ရုံးလုပ်ငန်းတွေက တကယ်ပဲ အလုပ်များလွန်းလို့ နေမှာပါ။ သူက မိန်းကလေးရွှယ်ရဲ့ မင်္ဂလာပွဲကိုတောင် မတက်ခဲ့ဘူးပဲ”
ထိုစကားကို ကြားလိုက်ရမှ ရှဲ့နင်းထန်၏ မျက်နှာက အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
“ဒီအချိန်ဆိုရင် ရွှယ်နင်က မင်္ဂလာအခမ်းအနားကို အပြီးသတ်လောက်ပြီ မဟုတ်လား”
သူမ၏သခင်မ ပြန်လည်ပြုံးရွှင်လာတာကို မြင်လိုက်ရသဖြင့် ရှောင်လင်တန့်က ပူနွေးသော လက်ဖက်ရည်အသစ်တစ်ခွက်ကို အလျင်အမြန် ငှဲ့ပေးလိုက်သည်။
“ဟုတ်ပါတယ်၊ နောက်ထပ် ခဏနေရင် မင်္ဂလာဦးအခန်းထဲ ဝင်ရမယ့် အချိန်ရောက်ပါပြီ”
“သူ(မ) မင်္ဂလာဦးအခန်းထဲ ဝင်သွားပြီဆိုရင်တော့ ငါ စိတ်အေးရပြီ”
ရှဲ့နင်းထန်က တွေးတောရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူမသည် လိုဟန်ကုတင်ပေါ်မှ ထရပ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အပြင်ဘက်က နှင်းကျနေသည့် မြင်ကွင်းကို ငေးကြည့်နေမိသည်။
သူမ ရွှယ်နင်ကို မနှစ်သက်တာ အကြောင်းရင်း ရှာမရတဲ့ ခံစားချက်တစ်ခုကြောင့်ပဲ။
စုကျန်းက ရွှယ်နင်ကို မနှစ်သက်ဘူးလို့ လူတိုင်းက ပြောကြပေမယ့် သူက မတင်မကျဖြစ်နေရုံသာ ဖြစ်ကြောင်း သူမ ခံစားမိနေတယ်။
သူက အမျိုးသမီးများနှင့် နှစ်ပေါင်းများစွာ ဝေးဝေးနေခဲ့ပြီး ရဟန်းဝတ်သလို ကျင့်ကြံနေထိုင်ခဲ့သူဖြစ်တာကြောင့် အချစ်ဆိုတာ ဘာလဲဆိုတာကို သူ နားမလည်တာပဲ ဖြစ်လိမ့်မယ်။
ရွှယ်နင် နယ်စားမင်းအိမ်တော်မှာ နေထိုင်တဲ့အချိန်တုန်းက စုကျန်း တစ်နေ့မှာ သူ့စိတ်ရင်းကို သိသွားပြီး သူမကို စွန့်ပစ်သွားမလားဆိုကာ သူမ တစ်ချိန်လုံး စိုးရိမ်ပူပန်ခဲ့ရတယ်။
ကံကောင်းစွာနဲ့ပဲ... အခုတော့ ရွှယ်နင်က နောက်ဆုံးတော့ လက်ထပ်ထွက်ခွာသွားခဲ့ပြီ။