← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃ - မင်္ဂလာအိပ်ခန်း

သူမ လီမိသားစုထဲ တကယ်ပဲ လက်ထပ်ဝင်ရောက်နိုင်ခဲ့လိမ့်မယ်လို့ အမှန်တကယ် မမျှော်လင့်ထားခဲ့မိဘူး။

ရှဲ့နင်းထန်က ရှောင်လင်တန့်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒီနေ့ ငှားထားတဲ့ ခန်းဝင်ပစ္စည်းတွေကို စစ်ဆေးပြီးပြီလား"

ရှောင်လင်တန့်က အဓိပ္ပာယ်ပါပါဖြင့် ပြော၏။

"စိတ်ချပါ မင်းသမီး။ ကျွန်မ ပြုပြင်ဖို့ လိုအပ်တာ‌တွေ အကုန်လုံးကို လုပ်ပြီးပါပြီ"

ရှဲ့နင်းထန်၏ နှုတ်ခမ်းအစုံက နက်နဲဆန်းကြယ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"လီမိသားစုနဲ့ လက်ထပ်နိုင်ခဲ့တာက သူ(မ)ရဲ့ကံတရားပဲ၊ ဒါပေမဲ့ အဲဒီမှာ ဆက်ရှိနေနိုင်မလားဆိုတာကတော့ သူ(မ)ရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်ပဲ မူတည်လိမ့်မယ်။ ငါပြင်ဆင်ပေးထားတဲ့ သားသမီးမရနိုင်တဲ့ဆေးက သူ(မ)ကို နှစ်အတော်ကြာအောင် ကလေးမရအောင် တားဆီးထားလိမ့်မယ်။ သားသမီးမမွေးနိုင်တဲ့ ရှီဇီရဲ့ဇနီးတစ်ယောက် လီမိသားစုမှာ ဘယ်လောက်ကြာကြာ ခံနိုင်မှာမို့လို့လဲ။ တစ်နှစ်အတွင်းမှာတင် သူ(မ)မောင်းထုတ်ခံရမှာ သေချာတယ်"

ရှောင်လင်တန့်က ပြောသည်။

"မင်းသမီးက တကယ်ပဲ ပညာရှိလှပါတယ်"

ရှဲ့နင်းထန်က ခပ်ဖွဖွရယ်မောလိုက်ပြီး သူမ၏အပြုံးများ ပိုမိုနက်ရှိုင်းလာခဲ့သည်။

...

ကျန်းကော် နယ်စားမင်းအိမ်တော်၊ ကျိုယင်းဆောင်။

မင်္ဂလာရှိသောနေ့ရက်နှင့် အကောင်းဆုံးအချိန်အခါသို့ ဆိုက်ရောက်လာခဲ့ပြီ။

ကျယ်ဝန်းလှပသော ခြံဝင်းတစ်ခုလုံးတွင် လူများ တရုန်းရုန်းလှုပ်ရှားနေကြပြီး ပျော်ရွှင်တက်ကြွသော အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ အားလုံးက တောက်ပသောအနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

အမိုးစွန်းအောက်တွင် ချိတ်ဆွဲထားသော နန်းတွင်းမီးအိမ်များသည် ဆန်းပြားပြီး ကောင်းခြင်းမင်္ဂလာကို ဖော်ဆောင်သည့် ပန်းချီကားချပ်မျိုးစုံ ရေးဆွဲထားသည်။ မီးအိမ်များထဲမှ လင်းထိန်သော အလင်းရောင်သည် စင်္ကြံလမ်းဆီသို့ ဖြာကျနေပြီး အတူတူကူးခတ်နေသော မန်ဒရင်းဘဲမောင်နှံများနှင့် စုံတွဲလိုက် ပွင့်လန်းနေသော ကြာပန်းပုံရိပ်များကို ထင်ဟပ်စေကာ သဟဇာတဖြစ်ခြင်း၏ မင်္ဂလာနိမိတ်ပုံစံများကို ဖော်ဆောင်နေသည်။

အစေခံမိန်းကလေးများ၏ အပြုံးများသည်လည်း မျိုးရိုးကြီးမိသားစုတစ်ခု၏ စည်းစနစ်ကျမှုကို ပြသနေ၏။

သက်ကြီးအမျိုးသမီးများက သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားရင်း သတို့သမီးကို ဝန်းရံကာ မင်္ဂလာအိပ်ခန်းဆီသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

"မင်္ဂလာအဆင်ပြေဖို့ ထိုင်ပါ၊ မင်္ဂလာရှိဖို့ ထိုင်ပါ။ သတို့သမီးက ကောင်းချီးတွေရဖို့ ငြိမ်ငြိမ်လေး ထိုင်နေရမယ်"

အောင်သွယ်တော်၏ အော်ဟစ်သံနှင့်အတူ ရွှယ်နင်သည် မင်္ဂလာကုတင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရသည်။

သူမ၏အောက်တွင် နဂါးမျက်စိသီး၊ ကြာစေ့များနှင့် မြေပဲများ ကြဲပက်ထားသဖြင့် အနည်းငယ် သက်တောင့်သာမရှိသလို ခံစားရ၏။

သူမက အခန်းထဲရှိ လူများ၏ မျက်နှာကို မမြင်ရသော်လည်း အားလုံးက ရင်းနှီးဖော်ရွေပြီး အားကျသည့် အပြုံးများ ပြုံးနေကြတာကို ခံစားမိနေသည်။

သူမက တင်ပါးကို အနည်းငယ် ရွှေ့လိုက်သော်လည်း အောင်သွယ်တော်၏လက်က သူမပုခုံးကို ဖိထားလိုက်သည်။

"သခင်မလေး၊ ခဏလောက် သည်းခံပေးပါဦး။ ရှီဇီ မကြာခင် ပြန်လာပါလိမ့်မယ်"

မျိုးရိုးကြီးမိသားစုပီပီ စည်းမျဉ်းစည်းကမ်းများက သာမန်အိမ်ထောင်စုများထက် များစွာ ပိုမိုများပြားသည်။

အစေခံမလေးများသည် သူမ၏ လှုပ်ရှားမှုအနည်းငယ်ကို သတိပြုမိပြီး နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ ရယ်မောကြသော်လည်း ထိုရယ်မောသံများက စေတနာပါ၏။

ဤသည်မှာ ရွှယ်နင်အတွက် ထိုမျှ ခမ်းနားထည်ဝါသော မင်္ဂလာအခမ်းအနားကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။ သူမက ရှက်သွေးဖြာရင်း ငြိမ်သက်စွာနှင့် နာခံမှုရှိရှိ ထိုင်နေမိပြီး မျက်နှာဖုံးပုဝါအောက်ခြေမှ ဖြတ်သန်းသွားလာနေကြသော လက်ရာမြောက်လှသည့် ပန်းထိုးဖိနပ်စုံများကို စူးစမ်းကြည့်နေမိသည်။

မင်္ဂလာဝေါယာဉ်တန်း မထွက်ခွာမီကပင် အဘွားဟွာက သူမအား အသေးစိတ်အချက်အလက်များစွာကို ရှင်းပြခဲ့ပြီးဖြစ်ကာ၊ အိမ်တော်တံခါးထဲသို့ စတင်ဝင်ရောက်ချိန်မှ မင်္ဂလာအခမ်းအနားပြီးဆုံးသည်အထိ လီချန်ချဲ့က သူမ၏လက်ကိုဆွဲကာ စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးခဲ့သည်။

မင်္ဂလာအိပ်ခန်းထဲ ရောက်ရှိလာချိန်တွင်မူ သူမကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဟု သတိပေးမည့်သူ တစ်ယောက်မှ မရှိတော့ချေ။ သူမကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေရန်သာ ပြောခဲ့ကြသည်။

သူမ၏ အရင်ဘဝတုန်းက မင်္ဂလာပွဲသည် ရှုပ်ထွေးပွေလီလှသဖြင့် ဤကဲ့သို့သော လုပ်ငန်းစဉ်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ ယခုမူ သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး အမှားအယွင်းတစ်ခုခု လုပ်မိ၍ လူရယ်စရာ ဖြစ်သွားမှာကိုလည်းကောင်း၊ ပို၍ဆိုးသည်မှာ သခင်လေးလီကိုပါ မျက်နှာပျက်အောင် လုပ်မိမှာကိုလည်းကောင်း အလွန်ပင် ကြောက်ရွံ့နေမိ၏။

အခန်းထဲရှိ အစေခံမလေးများက တစ်ခုခုကို အလုပ်ရှုပ်နေကြပုံရသည်။

မကြာမီမှာပင် ကြည်လင်သော အသံပိုင်ရှင် အစေခံမလေးတစ်ဦးက ရိုသေကိုင်းညွတ်စွာဖြင့် အနားသို့ ချဉ်းကပ်လာခဲ့သည်။

"သခင်မလေး... ရှီဇီက အခု အရှေ့ဆောင်မှာ ဧည့်သည်တွေကို ဧည့်ခံနေပါတယ်။ ရှီဇီက မှာကြားလိုက်ပါတယ်၊ အကယ်၍ သခင်မလေး ဗိုက်ဆာရင် တစ်ခုခု အရင်သုံးဆောင်နိုင်ပါတယ်တဲ့။ စားသောက်ဖွယ်ရာတွေကို စားပွဲပေါ်မှာ သခင်မလေး အကြိုက်အတိုင်း ပြင်ဆင်ပေးထားပါတယ်။ ကျွန်မတို့ အပြင်မှာပဲ စောင့်နေပါ့မယ်၊ သခင်မလေး စိတ်အေးလက်အေး နေပါ"

စကားပြောပြီးနောက် ခြေသံတရှပ်ရှပ်နှင့် လူစုခွဲသွားကြသော အသံကို ရွှယ်နင် ကြားလိုက်ရသည်။

မကြာခင်မှာပင် တံခါးပိတ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားတော့သည်။

"ပေါင်ချန်..."

တစ်လမ်းလုံး တင်းကြပ်ပြီး သတိကြီးစွာ ထားခဲ့ရသော ရွှယ်နင်သည် အခုမှပင် သက်ပြင်းတစ်ချက် ချနိုင်တော့ကာ စိတ်အပန်းပြေသွားသည်။

သူမက ခေါင်းပေါ်မှ လေးလံသော ဖီးနစ်သရဖူကို ထိန်းရင်း တိုးတိုးလေး ခေါ်လိုက်မိသည်။

ပတ်ဝန်းကျင်မှ ဘယ်သူမှ ပြန်မထူးချေ။ ပေါင်ချန်လည်း မင်္ဂလာအခန်းထဲမှာ ရှိမနေပုံရသည်။

ယခု မင်္ဂလာအခန်းထဲတွင် ဘယ်သူမှ မရှိတော့သဖြင့် သူမ ပို၍ စိတ်သက်သာရာရသွားသည်။ သူမက လက်ချောင်းလေးများဖြင့် မျက်နှာဖုံးပုဝါ၏ ထောင့်စွန်းတစ်ခုကို ဖြည်းညှင်းစွာ မ တင်လိုက်ပြီး စိမ်းသက်သော အခန်းတွင်းကို လှည့်ပတ်ကြည့်ရှုလိုက်၏။

မကြည့်မိခင်က တစ်မျိုး၊ ကြည့်လိုက်ရသည့် အခါတွင်မူ သူမ အမှန်တကယ်ပင် ထိတ်လန့်အံ့ဩသွားရသည်။

ပင်မဆောင် သုံးဆောင်လုံးကို တိုက်ရိုက် ဆက်သွယ်ထားခြင်းဖြစ်ပြီး သူမက အောက်ဆုံး အစွန်ဆုံးအပိုင်းရှိ လူလေးငါးယောက် အိပ်၍ရလောက်အောင် ကျယ်ဝန်းသော လက်ရာမြောက် ကုတင်ကြီးပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။

ရှစ်ချပ်တွဲ ရှုခင်းပုံလိုက်ကာ အကာအရံကြီးက အိပ်ခန်းကို အတွင်းဆောင်နှင့် အပြင်ဆောင်ဟူ၍ ပိုင်းခြားထားပြီး အခန်း၏ အရောင်အသွေး ဆင်ယင်မှုမှာ အလွန်တင့်တယ်၍ အေးချမ်းသည်။

ရက်မများနှင့် ကုတင်တွင် ဆွဲချိတ်ထားသော လိုက်ကာများအားလုံးသည် တောက်ပသောအနီရောင်များဖြစ်ပြီး နှစ်ဖက်စလုံးတွင် ရွှေချည်ငွေချည်များဖြင့် ပန်းထိုးထား၏။

အပြင်ဘက်တွင်မူ ဧည့်သည်များကို ဧည့်ခံရန်အတွက် ရွှေရောင်နန်မုသားဖြင့် ပြုလုပ်ထားသော လိုဟန်ကုတင်နှင့် နှင်းဆီသား လိုဟန်ကုလားထိုင်များကို ချထားသည်။

အပြင်ဘက်ဆုံး အခန်းတွင် အိမ်တော်သခင် ရုံးကိစ္စများ ဆောင်ရွက်ရန်အတွက် ဖြစ်ပုံရသော ကျွန်းသားစားပွဲရှည်ကြီးတစ်ခု ရှိနေသည်။

မလှမ်းမကမ်းတွင်မူ အကောင်းဆုံး သစ်သားများဖြင့် ထုဆစ်ထားသော သူမ၏ မှန်တင်ခုံ ရှိနေသည်။

သူမ၏ ခြေဖဝါးအောက်ရှိ ခြေတင်ခုံတွင် ဖီးနစ်ငှက် အတောင်ပံဖြန့်နေသည့် ပုံသဏ္ဌာန် ထုဆစ်ထားပြီး ကြမ်းပြင်ကိုတော့ တန်ဖိုးမဖြတ်နိုင်ဘဲ ရရှိရန်ခဲယဉ်းသော နွေးထွေးသည့် ကျောက်စိမ်းများဖြင့် ခင်းကျင်းထားသည်။

သူမ အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကျောက်စိမ်းများဆီမှ နွေးထွေးမှုနှင့် သင်းပျံ့သောရနံ့များ ထွက်ပေါ်လာတာကို ခံစားလိုက်ရခြင်းမှာ မဆန်းတော့ချေ။

၎င်းနှင့် နှိုင်းယှဉ်လျှင် သူမ၏ ချီယွင်ဆောင်မှာ အမှန်တကယ်ပင် သေးငယ်လွန်း၊ စုတ်ပြတ်လွန်း... ဆင်းရဲလွန်း၏။

ရွှယ်နင်သည် အားကျစိတ်ရော၊ လူရှိန်စိတ်ပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

လူတစ်ယောက်က ဒီလောက်တောင် ချမ်းသာကြွယ်ဝနိုင်ရသလား။

သူမလို လူတစ်ယောက်က ဒီလို အကောင်းစား အခန်းမျိုးမှာ နေထိုင်ဖို့ ထိုက်တန်ပါ့မလား။

သူမအောက်က အိပ်ရာခင်းတွေဆိုရင်လည်း ဘယ်လိုထူးခြားတဲ့ အထည်အလိပ်နဲ့ ချုပ်လုပ်ထားမှန်း မသိရဘဲ နူးညံ့အိစက်နေပြီး အမွှေးနံ့သာတွေ သင်းပျံ့လို့နေသည်။

အိုး... ဒီအိပ်ရာက တကယ့်ကို သူမအိပ်မက်ထဲက အိပ်ရာမျိုးပါပဲ။

သူမဟာ ဒီလိုကျယ်ဝန်းတဲ့ ခုတင်ကြီးပေါ်မှာ အိပ်စက်ရဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ရပေမဲ့ နှမြောစရာကောင်းတာက ဒါတွေအားလုံးဟာ သခင်လေးလီရဲ့ ပိုင်ဆိုင်မှုတွေသာ ဖြစ်နေခဲ့သည်။

သူမရဲ့ အရောင်တောက်နေတဲ့ မျက်ဝန်းများနဲ့ ခဏတာမျှ ငေးမောအံ့သြနေမိစဉ်မှာပဲ ဝမ်းဗိုက်ထဲက ဆာလောင်မှုကြောင့် တဂွီဂွီနဲ့ ပြန်လည်အော်မြည်လာပြန်သည်။

ပန်းပုလက်ရာဖော်စပ်ထားတဲ့ ပြတင်းပေါက်အပြင်ဘက်မှာတော့ ဆီးနှင်းအေးအေးတွေက တဖွဲဖွဲ သက်ဆင်းနေပြီး အခန်းတွင်း နေရာအနှံ့မှာတော့ အနီရောင်ဖယောင်းတိုင်ကြီးတွေကို ထွန်းညှိထားကြသည်။

အထူးသဖြင့် မင်္ဂလာခန်းမဆောင်ရဲ့ အမွှေးတိုင်တင်ခုံပေါ်မှာ တောက်ပစွာ လောင်ကျွမ်းနေတဲ့ ကလေးတစ်ယောက်ရဲ့ လက်မောင်းခန့်အထိ တုတ်ခိုင်သော နဂါးနဲ့ဖီးနစ် မင်္ဂလာဖယောင်းတိုင်တစ်စုံပင်။

ရွှယ်နင်သည် သူမရဲ့ ပြားချပ်ပြီး ဆာလောင်နေတဲ့ ဗိုက်ကလေးကို လက်ဝါးလေးနဲ့ အုပ်ကိုင်လိုက်သည်။

အပြင်ခန်းက စားပွဲဝိုင်းပေါ်မှာတင်ထားတဲ့ မုန့်အချို့ကို သွားစားရန် အိပ်ရာမှထလိုက်တဲ့အချိန်မှာပဲ တံခါးဝဆီကနေ တည်ငြိမ်ပြီး စည်းချက်ကျကျ လျှောက်လှမ်းလာတဲ့ ခြေသံတွေကို ကြားလိုက်ရပြီးနောက် အစေခံမိန်းကလေးတွေရဲ့ စနစ်တကျ နှုတ်ဆက်သံတွေ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

"ရှီဇီ"

ထိုအမျိုးသား၏ အသံမှာ နားဝင်ချိုပြီး "အင်း" ဟု ခပ်တိုးတိုးသာ ပြန်လည်ထူးလိုက်သည်။

ရွှယ်နင်တစ်ယောက် ပျာပျာသလဲနဲ့ အိပ်ရာပေါ် ပြန်ထိုင်လိုက်ရင်း မျက်နှာလွှမ်းပုဝါကို ဆွဲချကာ သူမမျက်နှာကို ဖုံးကွယ်လိုက်ရတော့သည်။

သူမရဲ့ လက်ချောင်းလေးတွေကို တင်းတင်းဆုပ်ကိုင်ရင်း အိပ်ရာပေါ်မှာ မတ်မတ်လေး ထိုင်နေမိစဉ်မှာပဲ ထိုအမျိုးသား ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ဝင်လာတဲ့အသံကို မကြာမီမှာပဲ ကြားလိုက်ရသည်။

သိပ်မကြာလိုက်ပါ၊ ရွှေရောင်မင်္ဂလာတိမ်တိုက်တွေ ပန်းထိုးနှိပ်ထားတဲ့ ကတ္တီပါဖိနပ်တစ်စုံက သူမရဲ့ အရှေ့တည့်တည့်မှာ လာရောက်ရပ်တန့်သွားခဲ့သည်။

ထိုအမျိုးသားက ဘာမှမပြောဘဲ နှုတ်ဆိတ်နေခြင်းက သူမကို ပိုလို့တောင် ရင်တထိတ်ထိတ် ဖြစ်စေသည်။

သူမရဲ့ လက်ချောင်းလေးတွေဟာ တစ်ခုနဲ့တစ်ခု တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတာကြောင့် လက်ဆစ်လေးတွေတောင် ဖြူလျော့လို့နေပြီ။

လက်ထပ်ရတာ ဒီလောက်တောင် နှိပ်စက်မှုဆန်လိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့မိဖူးချေ။

သူမရဲ့ နှုတ်ခမ်းလွှာလေးတွေက အနည်းငယ် တုန်ရီနေပြီး စကား စတင်ပြောဆိုရန် ပြင်လိုက်စဉ်မှာပဲ ထိုအမျိုးသားက သူမထံ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပသော လက်ချောင်းနှစ်ချောင်းကို ဆန့်တန်းလာတာကို ခံစားလိုက်ရသည်။

ရွှယ်နင်ရဲ့ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူမရဲ့ မျက်နှာလွှမ်းပုဝါကို သူက ညင်သာစွာ ပင့်တင်ပေးလိုက်တာကို ငေးကြည့်နေမိသည်။

သူမရဲ့ အမြင်အာရုံတွေက မှုံဝါးဝါးနေရာမှ တဖြည်းဖြည်း ရှင်းလင်းသွားခဲ့သည်။ ရှက်သွေးဖြန်းကာ နီမြန်းနေတဲ့ မျက်နှာလေးကို ပင့်မော့လိုက်ရင်း ထိုအမျိုးသားရဲ့ ခန့်ညားချောမောတဲ့ မျက်နှာပြင်နဲ့ ဆုံစည်းမိသွားတော့သည်။

ဘယ်အမျိုးသားကမှ ရဲရဲနီနေတဲ့ ဝတ်စုံနဲ့ ဒီလောက်အထိ လိုက်ဖက်ကြည်လင်နေတာမျိုး မရှိဖူးချေ။

ထင်ရှားပြတ်သားတဲ့ မျက်နှာ၊ ဖြောင့်စင်းတဲ့ နှာတံ၊ မြင့်မားတဲ့ မျက်ခုံးအစုံနဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတစ်စုံ။ မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်အောက်မှာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်က ပိုမိုနက်ရှိုင်းပြီး ပိုမိုခန့်ညားလွန်းနေ၏။

ရွှယ်နင်က တစ်ချက်မျှသာ ခိုးကြည့်လိုက်ပြီးနောက် မျက်လွှာလေး ပြန်ချလိုက်မိကာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။

လီချန်ချဲ့သည် ရွှယ်နင်ရဲ့ နီမြန်းနေတဲ့ ပါးပြင်လေးကို စူးစိုက်ကြည့်နေမိသည်။ မိန်းမပျိုလေးရဲ့ အလှတရားက စွဲမက်ဖွယ်ကောင်းလှပြီး တောက်ပတဲ့ ဗာဒံစေ့မျက်ဝန်းလေးတွေက သမင်ပေါက်လေးတစ်ကောင်လို နူးညံ့လွန်းသည်။ သူမ မော့ကြည့်လိုက်တဲ့ ထိုခဏလေးမှာတင် သူ့ရဲ့ စိတ်အကာအကွယ်တံတိုင်းတွေကို သာယာစွာ ရိုက်ခတ်သွားခဲ့ပြီ။

သူ့ရဲ့ လည်စလုပ်က နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီးနောက် ခြေတံရှည်ကြီးတွေကို ကွေးလိုက်ကာ သူမရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

အစေခံမိန်းကလေးတွေက အခန်းထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာကြပြီး ရိုသေကိုင်းညွတ်စွာဖြင့် နှစ်တန်း အစီအရီ ရပ်လိုက်ကြသည်။

ပေါင်ချန်ကတော့ ပိုမိုပွဲတိုးစေမယ့် မင်္ဂလာအနီရောင် ပိုးထည်အင်္ကျီလေးကို လဲလှယ်ဝတ်ဆင်ထားပြီး နှုတ်ခမ်းထောင့်မှာ စနောက်လိုတဲ့ အပြုံးတစ်ခုကို ဆင်မြန်းကာ အရှေ့ဆုံးကနေ ရပ်နေခဲ့သည်။

ရွှယ်နင်ရဲ့ ခန္ဓာကိုယ်လေးက ပြန်လည်တင်းမာသွားပြီး မင်္ဂလာအိပ်ရာထက်မှာ ကျောပြင်ကို ဆန့်မတ်ကာ ဘာလုပ်ရမှန်းမသိဘဲ အထာမကျစွာ ထိုင်နေမိတော့သည်။

မျက်နှာတစ်ခုလုံး ပြုံးရွှင်နေတဲ့ သက်ကြီးအမျိုးသမီးကြီးက အနီရောင်ကြိုးလေးနဲ့ ပူးချည်ထားတဲ့ ရွှေရောင်ခွက်နှစ်ခွက်ကို ရှေ့သို့ ကမ်းပေးလိုက်ရင်း -

"မင်္ဂလာအရက်ကို အတူတူ သောက်သုံးကြပြီး ရာသီဥတုအားလုံးမှာ သဟဇာတဖြစ်စွာ ဖြတ်သန်းနိုင်ကြပါစေ။ သင်တို့ရဲ့ အိမ်ထောင်ရေးဟာ စောင်းညှင်းသံစဉ်လို သာယာချိုမြိန်ပြီး နှစ်စဉ်နှစ်တိုင်း သောကတွေ ကင်းဝေးပါစေသား။ သတို့သားနဲ့ သတို့သမီးတို့... ကျေးဇူးပြုပြီး ဒီမင်္ဂလာခွက်ကို အကုန်အစင် သောက်သုံးပေးကြပါ!”

All Chapters