အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း ၁၅၄ - "ယောကျာ်း"
လီချန်ချဲ့က ပြုံးလျက် အရက်ခွက်ကို လှမ်းပေးလိုက်သည်။
ရွှယ်နင်၏ မျက်ဝန်းများက ကြည်လင်နေပြီး ၎င်းကို ညင်သာစွာ လှမ်းယူလိုက်၏။
သူမက ကျန်းကော်နယ်စားမင်းအိမ်တော်၏ မင်္ဂလာဦးအရက်သောက်ခြင်း ဓလေ့ထုံးတမ်းများနှင့် သိပ်မရင်းနှီးသဖြင့် သူ့ကို ကြောင်တောင်တောင်လေး ကြည့်နေမိသည်။
လီချန်ချဲ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး သူ၏လက်ဖဝါးကြီးဖြင့် သူမ၏လက်ကလေးကို ဆုပ်ကိုင်ကာ လက်ချင်းယှက်သောက်ရမည့် ပုံစံကို ပြင်ပေးလိုက်သည်။
"ရိုးရိုးလေးပါပဲ၊ ကိုယ့်နောက်အတိုင်း လိုက်လုပ်။"
ထိုအမျိုးသား၏ ချောမောသော မျက်နှာက အနီးသို့ တိုးကပ်လာသောအခါ ရွှယ်နင် အသက်ရှူပင် မှားသွားကာ သတိလက်လွတ်ဖြင့် ခွက်ထဲမှ တစ်ငုံ သောက်မိလိုက်သည်...
ရေလား။
သူမ မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ထိုအမျိုးသားကို 'ဒါက ဘယ်လိုလုပ်ပြီး ရေဖြစ်နေရတာလဲ' ဟု မေးတော့မည့်အတိုင်း ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။ ထို့အပြင် ၎င်းက ချိုမြိန်သော စံပယ်ပျားရည်ဆမ်းရေ ဖြစ်နေသေး၏။
လီချန်ချဲ့က ဘာမှမပြောဘဲ ရွှေရောင်ခွက်ကို ယွန်းဗန်းပေါ်သို့ တည်ငြိမ်စွာ ပြန်တင်လိုက်သည်။
မင်္ဂလာအခမ်းအနားမှူး အမျိုးသမီးကြီးက ရှေ့သို့ တိုးလာကာ မင်္ဂလာရှိသော ဆုတောင်းစကားအချို့ကို ဆိုပြီးနောက် ကတ်ကြေးကိုယူ၍ သူမ၏ ဆံနွယ်တစ်စုနှင့် လီချန်ချဲ့၏ ဆံပင်အချို့ကို ညှပ်လိုက်သည်။ ထို့နောက် ၎င်းတို့ကို အနီရောင်ကြိုးလေးဖြင့် အတူတူချည်နှောင်ကာ ခေါင်းအုံးအောက်သို့ ထည့်ပေးလိုက်၏။
ထို့နောက်တွင်တော့ အစေခံမလေးနှစ်ယောက်က သူတို့နှစ်ဦး၏ ဝတ်ရုံအနားသတ်များကို အတူတကွ ချည်နှောင်ပေးကြသည်။
ဤဓလေ့ထုံးစံများအားလုံးက ရွှယ်နင်အတွက် စိမ်းသက်နေပြီး ယခုအခါ ဆန်းသစ်သလိုလိုနှင့် အနည်းငယ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်ရသည်။
အလုပ်ရှုပ်ပြီးနောက် အခန်းထဲတွင် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားခဲ့သည်။
အစေခံများ ထွက်သွားသည်နှင့် ရွှယ်နင် ပို၍ပင် နေရခက်လာသည်။
သူမက သဘာဝကျကျ ပြုံးရန် ကြိုးစားလိုက်သည်။
"ဟားဟား... လက်ထပ်ရတာ ဒီလောက် ပင်ပန်းလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး..."
လီချန်ချဲ့၏ နှုတ်ခမ်းများ ပင့်တက်သွားသည်။
"ဗိုက်ဆာလို့လား။"
ရွှယ်နင် ရှက်သွားသည်။
"ကျွန်မ... အဆင်ပြေပါတယ်။"
လီချန်ချဲ့က ရွှယ်နင်၏ နီမြန်းနေသော ပါးပြင်လေးကို စိုက်ကြည့်လိုက်သည်။
"တစ်ခုခု စားမလား။"
ရွှယ်နင် ရှက်သွေးဖြာလျက် သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းများကို ပင့်တင်ကာ ထိုအမျိုးသား၏ နက်မှောင်နက်ရှိုင်းသော မျက်ဝန်းများနှင့် ဆုံလိုက်သည်။
"မ... မလိုပါဘူး... ခေါင်းနည်းနည်း ကိုက်နေလို့ပါ။ သခင်လေးလီ... ကျွန်မ ဒီဖီးနစ်သရဖူကို ချွတ်လိုက်လို့ ရမလား။"
"အင်း။"
လီချန်ချဲ့က လက်ကိုဆန့်ကာ သူမ၏ ဖီးနစ်သရဖူကို ချွတ်ပေးပြီး ဘေးတွင် ချထားပေးလိုက်သည်။
အချိန်က မိုးချုပ်နေပြီဖြစ်ရာ တစ်နေ့တာလုံး အလုပ်ရှုပ်ပြီးနောက် ယခုအချိန်မှစ၍ ဤအချိန်များသည် သူတို့နှစ်ဦးတည်းအတွက်သာ ဖြစ်သည်။
ရွှယ်နင် သက်ပြင်းတစ်ချက် အသာချရင်း နာကျင်နေသော နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။
လီချန်ချဲ့၏ ရင်ထဲတွင် သနားဂရုဏာစိတ်တို့ ဖြစ်ပေါ်လာသည်။ သူက သူမကို ခမ်းနားထည်ဝါစွာ လက်ထပ်ယူရန်သာ အာရုံစိုက်နေမိသဖြင့် ဤဖီးနစ်သရဖူက သူမအတွက် ဘယ်လောက်လေးလံမလဲဆိုတာကို မေ့လျော့နေခဲ့တယ်။
ထိုသို့တွေးရင်း သူ၏ လက်ဖဝါးကြီးက ထိုမိန်းကလေး၏ ဖြူဝင်းကာ နီမြန်းနေသော နဖူးပြင်ပေါ်သို့ ကျရောက်လာပြီး အနီရောင်အမှတ်အသား ဖြစ်နေတဲ့ နေရာလေးကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။
"ဘာလို့ စောစောကတည်းက ချွတ်ပြီး မနားတာလဲ။"
ရွှယ်နင်က ရှင်းပြသည်။
"ဒါက ဓလေ့ထုံးစံ မဟုတ်ဘူးလား။ အခမ်းအနားမှူးက သတို့သမီးက ကောင်းချီးမင်္ဂလာတွေ ရဖို့ ငြိမ်ငြိမ်လေး ထိုင်နေရမယ်၊ ငြိမ်ငြိမ်ထိုင်နိုင်မှ ကောင်းချီးတွေ ရမှာတဲ့။ ဒါကြောင့် ကျွန်မ အထဲဝင်လာကတည်းက သိပ်မလှုပ်ရဲဘူး။"
လီချန်ချဲ့က သက်သောင့်သက်သာ ပုံစံဖြင့် အခွင့်ကောင်းယူကာ အနီးသို့ ပို၍တိုးကပ်လာပြီး တိုးတိုးလေး ပြောသည်။
"အရူးမလေး... မင်း ပိုပြီး စိတ်လက်ပေါ့ပါးသွားအောင် ကိုယ်က အစေခံတွေကို တမင်နှင်ထုတ်လိုက်တာ။ ဒါနဲ့... အခုထိ ရင်ခုန်နေတုန်းပဲလား။"
အရာတိုင်းကို နက်ရှိုင်းသော မေတ္တာတရားတို့ဖြင့် စိုက်ကြည့်တတ်သည့် မက်မွန်ပွင့်မျက်ဝန်းများက အနီးသို့ တိုးကပ်လာပြီး သူမ၏ ဆံထိုးလေးကို သို့မဟုတ် သူမ၏ နှာခေါင်းနှင့် နှုတ်ခမ်းတို့ကို အကဲခတ်နေသကဲ့သို့ ရှိသည်။
ရွှယ်နင်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး နှလုံးခုန်သံများလည်း ဗုန်းဗုန်းဒိုင်းဒိုင်း ဆူညံလာသည်။
"အဆင်... ပြေ... ပြေပါတယ်..."
ကုတင်ကြီးက ဤမျှ ကျယ်ဝန်းလှသော်လည်း သူတို့က အလွန်နီးကပ်စွာ ထိုင်နေမိကြသည်။
သူမ ပို၍ပင် စိတ်လှုပ်ရှားလာကာ... သူ့မျက်ဝန်းများကိုပင် စိုက်မကြည့်ရဲတော့ချေ။
လီချန်ချဲ့က သူမကို စနောက်ရတာကို သဘောကျနေပုံရ၏။
"နင်နင်... ကိုယ့်ကို ဘာလို့ မကြည့်တာလဲ။"
ရွှယ်နင်သည် ထိုအမျိုးသားထံမှ ရရှိနေသည့် ထူးခြားသော ကိုယ်သင်းရနံ့ကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းများကို သပ်လိုက်ရင်း အကြည့်ကို လွှဲပစ်လိုက်သည်။
"ဟို... သခင်လေးလီ..."
လီချန်ချဲ့က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ခြေထောက်များကို ယုံကြည်မှုရှိရှိ ဖြဲထိုင်ထားပြီး သူ၏ ကျောက်စိမ်းကဲ့သို့ ဝင်းပချောမောသော မျက်နှာက နတ်ဘုရားတစ်ပါးလို တောက်ပနေသည်။
"အခု ကိုယ်တို့တွေ လက်ထပ်ပြီးပြီပဲဟာ၊ နင်နင်... ကိုယ့်ကို ခေါ်တဲ့ပုံစံ ပြောင်းသင့်ပြီ မဟုတ်ဘူးလား။"
ရွှယ်နင်မှာ သူ၏ ခန့်ညားလှပမှုကြောင့် မျက်စိပင် ကျိန်းမတတ် ဖြစ်ကာ သူ့နှုတ်ခမ်းများကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိသည်။
"ဒါဆို..."
လီချန်ချဲ့၏ အသံက သြရှရှနှင့် နက်ရှိုင်းသွားသည်။
"မင်း ကိုယ့်ကို 'ဖူကျွင်း( ယောကျာ်း)' လို့ပဲ ခေါ်ခေါ်၊ 'အားချဲ့' လို့ပဲ ခေါ်ခေါ်... မင်းအလိုအတိုင်းပဲ။"
ရွှယ်နင်၏ ရင်ထဲတွင် မဖော်ပြတတ်ဘဲ နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။
သူမ၏ နီမြန်းနေသော မျက်နှာနှင့် ခေါ်ရန် တွန့်ဆုတ်နေတာကို မြင်တဲ့အခါ လီချန်ချဲ့က မတတ်သာသလို ပြုံးလိုက်သည်။
"မင်း စုကျန်းရဲ့ ထိန်းချုပ်မှုအောက်က ရုန်းထွက်ဖို့ ကိုယ့်ကို လက်ထပ်ခဲ့တယ်ဆိုတာ ကိုယ်သိပါတယ်။"
ထိုစကားကို ကြားရလျှင်ပင် ရွှယ်နင်၏ မျက်နှာလေး ချက်ချင်း ဖြူဖျော့သွားသည်။
"တောင်းပန်ပါတယ်..."
"တောင်းပန်ဖို့ မလိုပါဘူး။"
လီချန်ချဲ့က သူ၏ လက်ဖဝါးကြီးကို ဆန့်ထုတ်ကာ သူမ၏ ဆံနွယ်များကို ညင်သာစွာ ဖွဖွလေး ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောသည်။
"ဒီနေ့ကစပြီး ဒီနေရာကို မင်းရဲ့ အိမ်အရင်းလို သဘောထားပါ၊ ကိုယ့်ကိုလည်း အစ်ကိုကြီးတစ်ယောက်လို အားကိုးလို့ရတယ်။ ကိုယ် အရင်က ပြောခဲ့ဖူးသလိုပဲ... ကိုယ်ရှိတဲ့ ဘယ်နေရာမှာမဆို မင်းကို ဘာမကျေနပ်မှုမျိုးမှ မခံစားရစေရဘဲ ကာကွယ်ပေးသွားမယ်"
သူမ ချက်ချင်း လက်မခံနိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်သဖြင့် သူ ပို၍ မတိုက်တွန်းတော့ချေ။
သူမကို လက်ထပ်ပြီးပြီ ဖြစ်၍ ခံစားချက်ကိုတော့ ဖြည်းဖြည်းချင်း အချိန်ယူ တည်ဆောက်သွားရုံပဲ။
သူမနှင့် ပတ်သက်လာလျှင် သူ့မှာ အတိုင်းအဆမရှိ စိတ်ရှည်မှုမျိုး ရှိပြီးသား။
ရွှယ်နင်၏ ရင်ထဲတွင် အမည်မသိ ခံစားချက်တို့ လှိုင်းထန်သွားကာ-
"သခင်လေးလီ..."
လီချန်ချဲ့က ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။
"အိမ်ကလူတွေ ရှေ့မှာတော့... နင်နင်... ကိုယ့်ကို ' ယောကျာ်း' လို့ ခေါ်တာ ပိုကောင်းလိမ့်မယ်။"
"ကောင်းပါပြီ၊ ဖူကျွင်း( ယောကျာ်း)!"
ယခုတစ်ကြိမ်တွင်တော့ ရွှယ်နင် စိတ်ထဲတွင် အပြစ်မကင်းသလို မခံစားရတော့ဘဲ 'ယောကျာ်း' ဟု ကျယ်လောင်ကာ သဘာဝကျကျ ခေါ်လိုက်မိသည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ ဝင်းပသော မျက်နှာလေးတွင် ပြုံးလိုက်သောအခါ မိန်းကလေးငယ်တစ်ဦး၏ ချစ်စဖွယ် အလှတရားတို့ ထင်ဟပ်နေသည်။
လီချန်ချဲ့ ထိုအသံကို ကြားရသဖြင့် စိတ်ကျေနပ်သွားသည်။
"မိုးချုပ်နေပြီ။ မင်း တစ်နေ့လုံး ဘာမှမစားရသေးတော့ ဗိုက်ဆာနေမှာပေါ့။ စားပွဲပေါ်မှာ မင်းအကြိုက်ဆုံး ကောက်ညှင်းလုံးအချိုစွပ်ပြုတ် ရှိတယ်။ ကိုယ် ရေချိုးလိုက်ဦးမယ်၊ စိတ်ကြိုက်သာ စားနှင့်တော့။"
"ကုတင်ပေါ်က ပစ္စည်းတွေကျတော့ရော..."
"လူတစ်ယောက်ယောက်ကို ဝင်သိမ်းခိုင်းလိုက်မယ်။"
ရွှယ်နင် တကယ်ပင် ဗိုက်ဆာနေခဲ့ခြင်း ဖြစ်သည်။
စောစောကတော့ သူ့ရှေ့မှာ မယဉ်ကျေးသလို ဖြစ်မည်စိုး၍ ဗိုက်မဆာပါဟု ဇွတ်ငြင်းနေခဲ့ခြင်းသာ။
ထိုအမျိုးသား မတ်တတ်ရပ်ကာ ရေချိုးခန်းထဲ ဝင်သွားပြီးမှသာ သူမ စိတ်အနည်းငယ် လျှော့ချနိုင်တော့ပြီး စားပွဲဆီသို့ သတိကြီးစွာ လှမ်းသွားကာ ကောက်ညှင်းစွပ်ပြုတ်ကို အနည်းငယ် ခပ်စားလိုက်သည်။
ပေါင်ချန်က သတို့သမီးမိတ်ကပ်များ ဖျက်ပေးရန် နောက်ဆုံးတွင် အခန်းထဲ ဝင်ခွင့်ရခဲ့ပြီး အခြားအစေခံမလေးနှစ်ဦးကလည်း အခန်းထဲသို့ တိတ်တဆိတ် ဝင်လာကာ ကုတင်ပေါ်တွင် ပြန့်ကျဲနေသော မြေပဲ၊ လုံကန်သီးနှင့် ဆီးသီးခြောက်များကို မြန်မြန်ဆန်ဆန် သိမ်းဆည်းလိုက်ကြသည်။
ပေါင်ချန်က တိုးတိုးလေး ကပ်ပြောသည်။
"သခင်မလေး... ဒီလိုအချိန်မှာ ဘယ်လိုလုပ် စားချင်စိတ် ရှိနေရတာလဲ။"
ရွှယ်နင်က ဖူလင်းမုန့်ကို နောက်တစ်လုပ် ထပ်ကိုက်ရင်း ဗိုက်ကို အားရပါးရ ဖြည့်လိုက်၏။
"ငါ့ယောကျာ်းက ရေချိုးသွားတာလေ၊ အခုက ငါတစ်ခုခု စားဖို့ အကောင်းဆုံး အချိန်ပဲပေါ့။"
သူမ၏ သခင်မလေးက " ယောကျာ်း" ဟု ထိုမျှ သဘာဝကျကျ ခေါ်ဆိုတာကို မြင်တဲ့အခါ ပေါင်ချန် စိတ်ကျေနပ်သွားသည်။
"ဒီနေ့က သခင်မလေးရဲ့ မင်္ဂလာဦးညလေ။ ဘယ်လိုလုပ် အစားအသောက်ပေါ်ပဲ စိတ်ရောက်နေရတာလဲ။ ခဏနေရင် ရှီဇီနဲ့ ပိုပြီး ရင်းနှီးအောင် နေဖို့ မမေ့နဲ့ဦးနော်။"
ရွှယ်နင်က ကြက်ပေါင်လေးတစ်ခုကို အနည်းငယ်ချင်း ကိုက်ဝါးနေသော်လည်း သူမ၏ အတွေးများက အခြားတစ်နေရာသို့ လွင့်မျောနေခဲ့သည်။
အကယ်၍ လီရှီဇီသာ စိတ်မရှိပါက သူမအနေဖြင့် အပျိုစင်ဘဝ သို့မဟုတ် ဖြူစင်ခြင်း အခွင့်အရေးများအပေါ် အမှန်တကယ်ပင် ဂရုမစိုက်ပါ။
ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ ကွာရှင်းကြပြီးလျှင်လည်း သူမက နောက်ထပ် အိမ်ထောင်ပြုတော့မှာ မဟုတ်ဘူး။
သို့သော် လီရှိဇီ ပြောသွားသည့် ပုံစံအရဆိုလျှင် သူက သူမကို ညီမလေးတစ်ယောက်လို သဘောထားနေပုံရသဖြင့် ဒီနေ့ည သူမကို ထိပါးလိမ့်မည်မဟုတ်တာ သေချာသလောက် ရှိသည်။
ထို့ပြင် သူတို့နှစ်ဦးကြားတွင် မင်းသမီး ယန်ရန်က ရှိနေသေး၏။
စောစောက သူမနှင့် လီရှိဇီတို့ မင်္ဂလာအခမ်းအနား ကျင်းပစဉ်က တက်ရောက်မည်ဟု ကတိပေးထားသော မင်းသမီး ယန်ရန် ရောက်မလာခဲ့ပေ။
သူမ... အလွန်အမင်း ရင်ကွဲမတတ် ဝမ်းနည်းပူဆွေး နေမှာပေါ့...
ဤသို့တွေးမိသည်နှင့် ရွှယ်နင် ကြက်ပေါင် စားချင်စိတ် ပျောက်ဆုံးသွားကာ ကျန်ရှိသော အသားကို ပန်းကန်ထဲသို့ ပြန်ချလိုက်သည်။
"ပေါင်ချန်... ငါ့ကို မိတ်ကပ် ဖျက်ပေးတော့။"
ပေါင်ချန်က အနားသို့ ပို၍ တိုးကပ်လာ၏။
"သခင်မလေး..."
ရွှယ်နင်က သူမ၏ သွယ်လျသော မျက်ခုံးလေးများကို ပင့်တင်လိုက်သည်။
"အင်း..."
ပေါင်ချန်က တိုးတိုးလေး ကပ်ပြောသည်။
"သခင်မလေး မျက်နှာကြီး ရဲနေတာပဲ။"
ရွှယ်နင်က ရှက်စိတ်ကြောင့် နှုတ်ခမ်းကို ကိုက်လိုက်၏။
"ဒီကောင်မလေးကတော့နော်... မင်းရဲ့ သခင်မလေးကိုတောင် ပြန်နောက်ရဲတယ်ပေါ့။"
ပေါင်ချန်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရွှယ်နင်၏ ဆံပင်များကို အလုပ်ရှုပ်ခံ ပြင်ဆင်ပေးရင်း ပြောလိုက်သည်။
"ကျွန်မ ခုနကတင် နယ်စားမင်းအိမ်တော်မှာ နှစ်ပေါင်းများစွာ လုပ်သက်ရှိတဲ့ အစေခံအိုကြီးတွေ ပြောတာကို ကြားခဲ့လို့ပါ။ ရှီဇီက ငယ်ငယ်ကတည်းက မိန်းမကိစ္စတွေမှာ ဘယ်တော့မှ စိတ်မပါခဲ့ဘူးတဲ့။ ဟယ်ကျန့် နေအိမ်ဟောင်းမှာတောင် အနောက်ဆောင်မှာ မယားငယ်တွေ၊ ကိုယ်လုပ်တော်တွေ တစ်ယောက်မှ မရှိဘူး... သူ့ပတ်ဝန်းကျင်က အင်မတန် သန့်ရှင်းတာ။"
ရွှယ်နင်က ကြေးမုံမှန်ထဲမှ သူမ၏ ပုံရိပ်ကို စိုက်ကြည့်ရင်း မသင်္ကာသလို မေးလိုက်သည်။
"နင်က သူတို့နဲ့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရင်းနှီးသွားပြီပေါ့ ဟုတ်လား။”