← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅ - ကုတင်တစ်ခုတည်း အတူတူအိပ်စက်ခြင်း

"မဟုတ်ပါဘူး"

ပေါင်ချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"သူတို့ဘာသာသူတို့ ကျွန်မဆီ လာစကားပြောကြတာပါ။ ဒါက သခင်မလေး ရှီဇီရဲ့ ဇနီးဖြစ်လာလို့ သူတို့အားလုံး ကျွန်မကို ဖားနေကြတာကို ပြတာပေါ့။ တစ်ယောက်ယောက် ရာထူးတက်ရင် သူ့ရဲ့ ကြက်တွေ၊ ခွေးတွေတောင် ကောင်းကင်ဘုံကို ရောက်တယ် ဆိုတာမျိုးလေ။"

ရွှယ်နင် မရယ်ဘဲ မနေနိုင်တော့ချေ။

"သူများကို ချီးမွမ်းရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲတဲ့လူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။"

ပေါင်ချန် သူမပြောလိုက်သည့် စကားကို သတိထားမိသွားပြီး နှုတ်ခမ်းဆူလိုက်သည်။

"ကျွန်မက သခင်မလေးအတွက် အကျိုးရှိအောင် ဒီသတင်းတွေကို စုံစမ်းပေးတာပါနော်။"

ရွှယ်နင် မတတ်သာသလို သက်ပြင်းချလိုက်မိသည်။

"ဒါက ငါ့အတွက် ဘယ်လိုအကျိုးရှိမှာလဲ။"

ပေါင်ချန်က ရှင်းပြ၏။

"ဒီနေ့က သခင်မလေးနဲ့ သခင်လေးတို့ရဲ့ မင်္ဂလာဦးည မဟုတ်ဘူးလား။ သခင်လေးက အတွေ့အကြုံမရှိလို့ ဘာလုပ်ရမှန်း မသိမှာကို ကျွန်မက စိုးရိမ်လို့ပါ။ အပြင်က အစေခံအိုကြီးတွေ ပြောတာတော့ မင်္ဂလာဦးညက အမျိုးသားတစ်ယောက်အတွက် တကယ့်စမ်းသပ်ပွဲပဲတဲ့။ ဒါပေမဲ့ အဘွားအိုတစ်ယောက်ကတော့ သူတို့ရဲ့ ရှီဇီက ငယ်ငယ်ကတည်းက ပါရမီထူးချွန်လွန်းလို့ သခင်မလေးကို သုံးနှစ်အတွင်း နှစ်ခါတောင် ကိုယ်ဝန်ရအောင် လုပ်ပေးနိုင်မှာ သေချာတယ်တဲ့!"

"အမလေး..."

ထိုအစေခံမလေးက ပို၍ ပြောလေလေ၊ ရွှယ်နင် ပို၍ စိတ်လှုပ်ရှားကာ ရှက်သွေးဖြာလာလေဖြစ်ပြီး သူမ၏ မျက်နှာလေးမှာ ပို၍ နီရဲကာ ပူထူလာတော့သည်။

"အဲဒီအကြောင်းတွေ ဆက်မပြောနဲ့တော့။ အဲ့လိုမျိုး လုံးဝမဟုတ်ဘူး။ ကဲပါ... ပေါင်ချန်၊ နင် သွားလို့ရပြီ။ ဒီမှာ လုပ်စရာ မရှိတော့ဘူး။"

ပေါင်ချန်က စိုးရိမ်တကြီး ငြင်းဆန်သည်။

"သခင်မလေး... ဆံထိုးတစ်ချောင်း ချွတ်ဖို့ ကျန်သေးတယ်လေ။"

ရွှယ်နင်က သူမကို အခန်းပြင်သို့ တွန်းထုတ်လိုက်၏။

"ငါ့ဘာသာငါ ချွတ်လိုက်မယ်။ နင် အရင်ထွက်သွားပြီး စောစောနားတော့၊ တံခါးဝမှာ စောင့်မနေနဲ့။"

တံခါးပိတ်ပြီးနောက် ရွှယ်နင်သည် တံခါးကို ကျောမှီကာ အသက်ပြင်းပြင်း ရှူနေမိသည်။

ရေချိုးခန်းထဲမှ အသံများကို ကြားရသောအခါ သူမ စိတ်လှုပ်ရှားစွာဖြင့် အသက်ပင် မရှူရဲတော့ချေ။

လီချန်ချဲ့သည် နက်မှောင်သော အနီရောင်ဝတ်ရုံကို ဝတ်ဆင်၍ ထွက်လာသည်။ သူက အိပ်စက်အနားယူတော့မည် ဖြစ်၍ ထင်သည်၊ ဝတ်ရုံကို ခပ်ပွပွ ဝတ်ထားပြီး ခါးပတ်ကိုလည်း လျော့လျော့လေးသာ ချည်ထားသဖြင့် သူ၏ ဖြူဝင်းကာ အချိုးကျသော ရင်အုပ်တစ်ဝက်ခန့် ပေါ်လွင်နေသည်။ သူ၏ နက်မှောင်သော ဆံပင်များထံမှ ရေစက်အချို့က သွယ်လျသော ညှပ်ရိုးများဆီသို့ စီးကျနေပြီး သူ၏ မြင့်မားသော ခန္ဓာကိုယ်ကို... ထူးခြားစွာ ဆွဲဆောင်မှုရှိနေစေသည်။

သူက အပြင်ပန်းတွင် သန်မာထွားကျိုင်းတယ်လို့ ထင်ရသော်လည်း အတွင်းဝတ်ရုံအောက်တွင်မူ အမှန်တကယ်၌ သွယ်လျပြေပြစ်တာကို တွေ့ရသည်။

သို့သော် ထိုသို့ သွယ်လျသော်လည်း သူ၏ ကျယ်ပြန့်သော ပခုံးနှင့် ကျောပြင်တို့က ကြွက်သားထုထည် ရှိသဖြင့် ပါးလွှာသော ဝတ်ရုံစကို အထင်အရှား ပေါ်လွင်စေသည်။

ထို့ထက် အောက်ဘက်တွင်မူ သူ၏ သွယ်လျသော ခါးနှင့် တြိဂံပုံစံ ဝမ်းဗိုက်အောက်ပိုင်း ရှိနေ၏။

ပါးလွှာသော ဝတ်ရုံကို ခါးပတ်လျော့လျော့ဖြင့် ဝတ်ဆင်ထားပြီး သူ၏ ခြေလှမ်းများက သက်သောင့်သက်သာနှင့် အေးဆေးတည်ငြိမ်ကာ သူ၏ သန်မာပြီး ရှည်လျားသော ခြေတံများကို ပို၍ ပေါ်လွင်စေသည်။ ပါးလွှာသော အထည်စကြားမှ... ထွက်ပေါ်လာသော ထိုခန့်ညားထည်ဝါသည့် အရှိန်အဝါကြောင့် သူမ၏ နှလုံးသားမှာ စိုးရိမ်ထိတ်လန့်စွာ တုန်ရင်လာ၏။

ရွှယ်နင်သည် ခဏမျှ ကြောင်အစွာ စိုက်ကြည့်နေမိပြီးမှ ရုတ်တရက် မျက်နှာတစ်ခုလုံး နီမြန်းလျက် မျက်လုံးများကို လက်ဖြင့် အုပ်လိုက်သည်။

"ကျွန်မ... ကျွန်မလည်း သွားပြီး ရေချိုးလိုက်ဦးမယ်!"

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်များက မသိမသာ ပြုံးယောင်သန်းသွားသည်။

"အင်း"

သူက ပြန်ဖြေလိုက်သည်။

"မင်းအတွက် ရေနွေး ပြင်ခိုင်းထားပြီးသား။"

သူ စကားပင် မဆုံးသေးခင်မှာ သူမက ရေချိုးခန်းထဲသို့ လျှင်မြန်စွာ ပြေးဝင်သွားခဲ့ပြီ။

ထိုမိန်းကလေး ဒီလိုမျိုး တက်ကြွပြီး ချစ်စရာကောင်းနေတာကို မတွေ့ရတာ ကြာပြီ။

သူတို့ တုန်းကျင်းမြို့တော်သို့ ပြန်ရောက်ပြီးနောက် ပထမဆုံး ဆုံတွေ့ခဲ့ကြတာ ကျန့်ကော်ဘုရားကျောင်းတွင် ဖြစ်သည်။

ထိုစဉ်က သူမသည် အလွန် သနားစရာကောင်းသော အခြေအနေတွင် ရှိနေခဲ့ပြီး ကျိချင်းအိမ်တော်မှ ရှီဇီ၏ စော်ကားခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ သူမက သားကောင်ဖြစ်ခဲ့ရသော်လည်း ထိုချောင်ဆိုသော လူယုတ်မာ၏ တွန်းချမှုကြောင့် ကြာကန်ထဲသို့ ကျခဲ့ရသည်။ အကယ်၍ သူသာ ရွှယ်စုန့်နျန်နှင့် ဇနီးဖြစ်သူတို့ကို ကန်တော့ရန် ပြန်မလာခဲ့ပါက သူမကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့မည် မဟုတ်ချေ။

နောက်တစ်ကြိမ် ဆုံတွေ့ကြတာ နယ်စားမင်းအိမ်တော်၏ အသိအမှတ်ပြုပွဲတွင် ဖြစ်၏။ သူမအတွက် ပျော်ရွှင်စရာ အခမ်းအနားတစ်ခု ဖြစ်သင့်သော်လည်း သူမ၏ မျက်ဝန်းများက အလင်းရောင် ကင်းမဲ့နေသည့် ရေသေတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူမက နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးနေသည့် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး သေလူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

အထူးသဖြင့် စုကျန်းနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် ထိုဝမ်းနည်းမှုက ပို၍ပင် နက်ရှိုင်းသည်။

ထို့နောက်ပိုင်း ဆုံတွေ့သည့် အကြိမ်တိုင်းတွင်လည်း သူမက အမြဲတမ်း အတင်းအကြပ် ပြုံးပြနေခဲ့သည်။

ဂူထဲတွင် ကုန်ဆုံးခဲ့သည့် ထိုရက်ပိုင်းလေးအတွင်း၌သာ သူမ၏ ပေပွနေသော မျက်နှာလေးထက်တွင် စစ်မှန်သော အပြုံးအချို့ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

ရွှယ်နင်၏ အပြုံးက ထူးခြားစွာ ချစ်စဖွယ်ကောင်းလှပြီး အထူးသဖြင့် သူမ စိတ်လှုပ်ရှားနေချိန်တွင် သစ်ကိုင်းထက်မှ တုန်ရင်နေသော နွေဦးမက်မွန်သီးလေးများကဲ့သို့ ပါးပြင်လေးများ နီမြန်းနေတတ်ရာ တစ်ကိုက်လောက် ကိုက်စားပစ်ချင်စရာ ကောင်းသည်။

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတို့ ပို၍ နက်ရှိုင်းသွားသည်။ သူက တစ်စုံတစ်ယောက် ပြေးဝင်သွားသည့် ပုံရိပ်ကို လှည့်ကြည့်လိုက်ပြီးနောက် တလှုပ်လှုပ် ဖြစ်နေသော သူ့စိတ်ဆန္ဒများကို ငုံ့ကြည့်လိုက်မိသည်။

ယွန်းဗန်းပေါ်တွင် ထိုမိန်းကလေးဝတ်ရန် ညအိပ်ဝတ်စုံကို သေသပ်စွာ ခေါက်ထား၏။

ခဏနေရင် သူမ သူ့ကို လိုအပ်လာလိမ့်မယ်။

လီချန်ချဲ့က စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး လိုဟန်ကုတင်ကို မှီကာ ခေတ္တမျှ စာဖတ်နေလိုက်သည်။

နာရီဝက်နီးပါး စောင့်ဆိုင်းပြီးနောက် အတွင်းမှ လူသားလေးက နောက်ဆုံးတွင် သနားစရာကောင်းသော အသံလေးဖြင့် လှမ်းပြောလာသည်။

"ဖူကျွင်း... ကျွန်မကို အဝတ်အစားလေး လှမ်းပေးလို့ ရမလား"

ရွှယ်နင် ငိုချင်စိတ်ပင် ပေါက်နေပြီ။

စောစောက စိတ်လောသွားသဖြင့် ညအိပ်ဝတ်စုံ ယူလာရန် မေ့သွားခဲ့ပြီး ရေချိုးခန်းထဲတွင် အချိန်ဆွဲနေပြီးမှသာ သတိရတော့သည်။

ချီယွင်ဆောင်တွင်မူ ပေါင်ချန်က သူမအနီးတွင် အမြဲ အလုပ်အကျွေးပြုလေ့ရှိသည်။ သို့သော် ယခု သူမရှိနေသည့် အခန်း... မဟုတ်ဘူး၊လီချန်ချဲ့၏ အခန်းထဲတွင် အစေခံတစ်ယောက်မှ မရှိချေ။ သူမအနေဖြင့် သူ့ကို ဒုက္ခပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အမျိုးသားတစ်ယောက်ဖြစ်၍ အနည်းငယ် အနေရခက်သော်လည်း အားကိုးရမည့်သူ အခြားမရှိတော့ချေ။ ရေချိုးခန်းထဲမှာ တစ်ညလုံး ကုန်ဆုံး၍ မရသလို ဒီနေ့ညက သူတို့ရဲ့ မင်္ဂလာဦးညလည်း ဖြစ်၏။

ဘယ်သတို့သမီးက ရေချိုးခန်းထဲမှာ ပုန်းနေမှာလဲ။

လီချန်ချဲ့က ညအိပ်ဝတ်စုံကို ယူကာ အတွင်းသို့ လျှောက်လှမ်းသွားသည်။ မြူခိုးများ ဆိုင်းနေသော ရေချိုးခန်းထဲတွင် နုနယ်သော ကိုယ်လုံးလေးကို မရေမရာ မြင်တွေ့နေရသည်။

"ရော့... ဒီမှာ။"

ရွှယ်နင်က အကာအကွယ်လိုက်ကာ နောက်ကွယ်သို့ ပို၍ ပုန်းလိုက်ရင်း ကြာပန်းကဲ့သို့ သွယ်လျသော လက်မောင်းလေးကို ဆန့်ထုတ်ကာ အဝတ်ကို လှမ်းယူလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ဖူကျွင်း"

လီချန်ချဲ့၏ အကြည့်က ထိုဖြူဝင်းသော အသားအရေပေါ်တွင် ခဏမျှ ကျရောက်သွားပြီးနောက် လိုက်ကာနောက်ကွယ်မှ ကိုယ်လုံးလေးကို တစ်ချက်ကြည့်ကာ ထွက်ခွာသွားခဲ့သည်။

ရွှယ်နင်က ညအိပ်ဝတ်စုံကို အမြန်ဝတ်ဆင်လိုက်ပြီး စိတ်ငြိမ်အောင် ခဏလောက် ထပ်မံအချိန်ဆွဲနေပြီးမှ ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

လီချန်ချဲ့ အိပ်ပျော်လောက်ပြီဟု သူမ ထင်ထားသော်လည်း သူက မီးအိမ်အောက်တွင် စာထိုင်ဖတ်နေတုန်းပင်။

မီးရောင်အောက်ရှိ အလှတရားကို မြင်ရတာ လူကို ပို၍ပင် ရင်သပ်ရှုမော ဖြစ်စေသည်။

အထူးသဖြင့် သဘာဝတရားက စေ့စပ်သေချာစွာ ထုဆစ်ထားသကဲ့သို့ ရှိသော သူ၏ မျက်နှာက အလွန်အမင်း ခန့်ညားလှပလွန်းသဖြင့် အနားသို့ပင် မကပ်ရဲစရာ ကောင်းလှသည်။

ရွှယ်နင်၏ ရင်ထဲတွင် ဗြောင်းဆန်နေပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။

သူက သူမအပေါ် စိတ်ဝင်စားမှု မရှိသကဲ့သို့ ထင်ရသော်လည်း ထိုကဲ့သို့ မြင့်မြတ်ကာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော အရှိန်အဝါကြောင့် သူမ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ဒါ့အပြင် ဒီဘဝမှာ သူမနှင့် အမျိုးမတော်စပ်သည့် အမျိုးသားတစ်ယောက်နှင့် တစ်ခန်းတည်း အတူတူ နေရခြင်းမှာလည်း ယခုက ပထမဆုံးအကြိမ် ဖြစ်၏။

လီချန်ချဲ့က မော့ကြည့်လိုက်တဲ့အခါ ထိုမိန်းကလေးငယ်က သူမ၏ ဝတ်ရုံအနားစကို ဆုပ်ကိုင်လျက် ထွက်လာတာကို မြင်လိုက်ရသည်။ သူ့အကြည့်က သူမ၏ မို့မောက်ထင်ရှားသော ရင်သားဆီသို့ ခေတ္တမျှ ကျရောက်သွားပြီးနောက် တည်ငြိမ်စွာပင် လွှဲဖယ်လိုက်သည်။

"ရေချိုးလို့ ပြီးပြီလား။"

ရွှယ်နင်၏ မျက်နှာလေး ချက်ချင်း နီမြန်းသွားကာ ခေါင်းညိတ်ပြလိုက်၏။

"အင်း..."

လီချန်ချဲ့က ညင်သာစွာ မေးသည်။

"ပင်ပန်းနေပြီလား။"

အမှန်အတိုင်း ပြောရလျှင် မင်္ဂလာပွဲက သူမကို အလွန်အမင်း အားအင်ကုန်ခမ်းစေခဲ့ပြီး ရေချိုးခန်းထဲတွင်လည်း တမင်အချိန်ဆွဲနေခဲ့ခြင်း ဖြစ်သည်။ ယခု သူမ၏ ဦးနှောက်မှာ မှုန်မှိုင်းနေပြီး ခေါင်းအုံးတစ်လုံးသာ ပေးလိုက်ပါက ချက်ချင်းပင် အိပ်ပျော်သွားတော့မည့် အခြေအနေပင်။

ဒါပေမဲ့ သူမ အဲ့လိုဖြစ်နေတာကို အထင်အရှား မပြရဲဘူး။

အရင်က စုကျန်းကို ပြုစုလုပ်ကျွေးစဉ်ကမူ သူ အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ ရေချိုးသန့်စင်ရဲခဲ့သည်။

လင်မယားဆိုတာ အဲ့လိုမဖြစ်သင့်ဘူးလို့ ထင်မိသော်လည်း သူတစ်ပါးအလိုကို လိုက်ခဲ့ရသည့် အရင်အကျင့်ဟောင်းများက သူမ၏ ရင်ထဲတွင် နှိမ့်ချတတ်သော စိတ်ကို နက်ရှိုင်းစွာ အမြစ်တွယ်နေစေခဲ့သည်။

ထို့ပြင် ဒီလိုမျိုး ခမ်းနားထည်ဝါသော အိပ်ခန်းကြီးထဲတွင် အိပ်စက်ခွင့်ရလိမ့်မည်ဟု သူမ တစ်ခါမှပင် စိတ်ကူးမယဉ်ရဲခဲ့ဖူးချေ။

သူမက အိပ်ချင်စိတ်ကို အောင့်အီးထားရင်း အတင်းအကြပ် ပြုံးလိုက်၏။

"ဖူကျွင်းက ဘယ်အချိန်လောက် အိပ်စက်အနားယူဖို့ စိတ်ကူးထားလဲဟင်။"

လီချန်ချဲ့က သူမ၏ မျက်ဝန်းများထဲမှ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှုကို သတိထားမိသွားသည်။ သူက စာအုပ်ကို ချလိုက်ပြီး သနားဂရုဏာစိတ်တို့ဖြင့် အနားသို့ လျှောက်လာခဲ့သည်။

"အခုပဲ။"

ရွှယ်နင် မျက်တောင်ခတ်လိုက်ရာ သူမ၏ ဝိုင်းစက်သော မျက်ဝန်းများတွင် ပင်ပန်းမှုတို့ ပြည့်နှက်နေသည်။

"ဒါဆို ကျွန်မ လိုဟန်ကုတင်ပေါ်မှာပဲ အိပ်ပါ့မယ်။"

သူမ စကားပြောရင်း စောင်တစ်ထည် သွားယူရန် ကုတင်ဆီသို့ လှမ်းသွားသည်။ စောင်က အလွန်လေးလံသဖြင့် သူမ ရှေ့သို့ ကိုင်းညွတ်လိုက်တဲ့အခါ သူမ၏ ကောက်ကြောင်းအလှတို့ ပေါ်လွင်သွားသည်။

လီချန်ချဲ့၏ နက်မှောင်သော မျက်ဝန်းများက ခဏမျှ နက်ရှိုင်းသွားသည်။

"မင်း ကုတင်ပေါ်မှာပဲ အိပ်ပါ။"

ရွှယ်နင်က အလျင်အမြန် ပြန်ပြောသည်။

"ဘယ်လိုလုပ် ဖြစ်မှာလဲ။"

လီချန်ချဲ့က သူမကို ကုတင်ပေါ်သို့ ဖိသိပ်ထိုင်ခိုင်းလိုက်သည်။

"ကိုယ်လည်း ကုတင်ပေါ်မှာပဲ အိပ်မှာ။"

ရွှယ်နင် ခဏမျှ ဆွံ့အသွားပြီး မနေ့ညက ဖတ်ခဲ့ရသည့် စာအုပ်ငယ်လေးကို သတိရကာ ပါးပြင်လေးများ ပူထူလာသည်။

လီချန်ချဲ့က သူမနှင့် သီးခြားခွဲအိပ်ရန် အစီအစဉ်မရှိချေ။ သူက သူမလက်ထဲမှ စောင်ကို ကုတင်ပေါ်သို့ ပြန်ပစ်တင်လိုက်ရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကိုယ် မင်းကို မထိပါဘူး။ အိမ်တော်ထဲမှာ စောင့်ကြည့်နေတဲ့ မျက်စိတွေ အများကြီးရှိတယ်။ ကိုယ်တို့တွေ ကုတင်ခွဲအိပ်ရင် မသမာသူတွေက ကောလာဟလ ဖြန့်ကြလိမ့်မယ်။ ဒီအိမ်တော်ကရွှမ်းယီနယ်စားမင်းအိမ်တော်လောက် အရှုပ်အထွေး မများဘူးဆိုပေမဲ့ ကိုယ့်အမေကလည်း ဆက်ဆံရလွယ်တဲ့ လူစားမျိုး မဟုတ်ဘူး။ သတိထားတာ အကောင်းဆုံးပဲ။"

ရွှယ်နင် ကြောင်အစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရင်ထဲမှ စိုးရိမ်ထိတ်လန့်မှုနှင့် အနေရခက်မှုတို့က နောက်ဆုံးတွင်တော့ ငြိမ်သက်သွားခဲ့သည်။

All Chapters