အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) - မင်္ဂလာဦး
ရွှယ်နင်သည် သူ့အား သံသယမျက်လုံးများဖြင့် အကဲခတ်ကြည့်လိုက်ရာ၊ သူမ၏ အမြတ်ထုတ်ခြင်းကို ခံထားရသည့် အရိပ်အယောင်မရှိသော ရှင်းလင်းတည်ကြည်သည့် မျက်နှာထားကို မြင်တွေ့လိုက်ရသည်။ သူမ စိတ်အေးသွားပြီး ပြုံးလိုက်၏။
"ဒါဆိုလည်း တော်သေးတာပေါ့"
"ခဏလောက် ထပ်အိပ်ဦးမလား။"
မိုးလင်းနေပြီဖြစ်သည်။ ယနေ့သည် အိမ်တော်သို့ သူမ ဝင်ရောက်ရမည့် ပထမဆုံးနေ့ပင်။
မကြာမီ ယောက္ခမများရှေ့တွင် လက်ဖက်ရည်ဆက်ကပ်သည့် အခမ်းအနားကို တက်ရောက်ရဦးမည်။
ဘာပဲဖြစ်ဖြစ် သူမ ပြန်အိပ်၍ မရနိုင်တော့ပေ။ လီချန်ချဲ့အား သေချာမေးမြန်းပြီးနောက် ကုတင်ဘေးရှိ ခေါင်းလောင်းကြိုးကို ကပျာကယာ ဆွဲလိုက်သည်။
မကြာမီမှာပင် ပေါင်ချန်က ရေနွေးများသယ်ဆောင်လာသော အစေခံမလေးများကို ခေါ်ဆောင်လာပြီး အခန်းကန့်အပြင်ဘက်တွင် ရိုသေစွာ ရပ်စောင့်နေကြသည်။
လီချန်ချဲ့၏ အမိန့်မပါဘဲ ဘယ်သူမှ အထဲသို့ မဝင်ရဲကြပေ။
လီချန်ချဲ့သည် မိန်းမများ သူ့အနီးအနားတွင် ပြုစုနေတာကို သိပ်မနှစ်သက်ကြောင်း ရွှယ်နင် အကြမ်းဖျင်း နားလည်ထားသဖြင့် သူမကိုယ်တိုင် အခန်းကန့်နောက်သို့သွားကာ ငွေရောင်စပ်နေသော အနီရောင်အပေါ်ဝတ်ရုံနှင့် စကတ်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူမ ဆံပင်ပြင်နေစဉ် အမျိုးသားဖြစ်သူက ထနေပြီဖြစ်ကာ သူမ မမြင်နိုင်သော အရာတစ်ခုကို ကုတင်ရှေ့တွင် လုပ်ဆောင်နေပြီးနောက် ခုံပုလေးတွင် ပျင်းရိစွာ မှီထိုင်နေလေသည်။ သူ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းများက သူမဆီသို့ တစ်ချက်တစ်ချက် ဝေ့ဝဲကြည့်လာတတ်သည်။
သူ၏ စူးရှသော အကြည့်များအောက်တွင် ရွှယ်နင် အနည်းငယ် နေရခက်သွားသည်။ နောက်ဆုံးတွင် မိတ်ကပ်လိမ်းခြယ်ခြင်း ပြီးစီးသွားရာ အစေခံများ ထွက်သွားသည်အထိ စောင့်ပြီးမှ မေးလိုက်သည်။
"ဖူကျွင်း... ရှင့်ကို ပြုစုဖို့ ဖူရှန်းကို ခေါ်လိုက်ရမလား"
"မလိုပါဘူး။ အတွင်းဆောင်ဆိုတာ ယောက်ျားတွေ ဝင်ရမယ့်နေရာမှ မဟုတ်တာ။"
လီချန်ချဲ့က မတ်တပ်ရပ်လိုက်သည်။
"မင်းလုပ်ပေးရင် ရပါပြီ။"
ရွှယ်နင် အံ့ဩသွားသည်။
"ကျွန်မလား။"
လီချန်ချဲ့က အဝတ်ချိတ်စင်တွင် ချိတ်ဆွဲထားသော ငွေရောင်စပ်အနီရောင် ပိုးဖဲဝတ်ရုံကို သက်သောင့်သက်သာ လက်ညှိုးထိုးပြလိုက်သည်။
"အင်း။"
ရွှယ်နင် ခဏမျှ ငေးကြောင်သွားသည်။ စုကျန်းက သူမ အနားကပ်တာကို မနှစ်သက်ခဲ့ပေ။ လင်မယားကိစ္စမှလွဲ၍ ဘယ်သူ့ကိုမှ အဝတ်အစားဝတ်ဆင်ပေးခြင်းမျိုး သူမ မလုပ်ခဲ့ဖူးပေ။
လွဲချော်မှာကို သူမ အနည်းငယ် စိုးရိမ်မိသော်လည်း လီချန်ချဲ့က အဝတ်ယူလာပေးမှာကို စောင့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းထားပြီးဖြစ်နေသည်။
လက်ချောင်းလေးများကို စိုးရိမ်တကြီး ကွေးညွတ်လိုက်ရင်း ဝတ်ရုံကို ယူကာ သူ့ထံသို့ လျှောက်သွားလိုက်၏။
အမျိုးသားသည် အရပ်ရှည်ပြီး ဖြောင့်မတ်သည်။ အပြင်ဝတ်ရုံ ဝတ်ဆင်ပေးရန် သူမ၏ မျက်နှာငယ်လေးကို အနည်းငယ် မော့ထားလိုက်ရသည်။
လီချန်ချဲ့က အကြည့်ကို နှိမ့်ချလိုက်ပြီး မိန်းကလေး၏ နီမြန်းနေသော နားရွက်ဖျားလေးများကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ခါးပတ်။"
ရွှယ်နင်က ခါးပတ်ကို လိမ္မာစွာ ယူဆောင်လာပြီး သူ၏ သွယ်လျသောခါးကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်လိုက်သည်။
တစ်စုံတစ်ယောက်၏ ခါးပတ်ကို ပထမဆုံးအကြိမ် ပတ်ပေးခြင်းဖြစ်ရာ အနည်းငယ်တော့ ပြာယာခတ်နေမိသည်မှာ ရှောင်လွှဲ၍မရပေ။
သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည်။ သူ့ထံမှ ထင်းရှူးနံ့သင်းသင်းလေး ထွက်ပေါ်နေပြီး အလွန်လန်းဆန်းသော ရနံ့ဖြစ်သော်လည်း သူမ၏ ရင်ကို အထိန်းအကွပ်မဲ့စွာ ခုန်လှုပ်သွားစေသည်။
သူမ စိတ်တွေ ရှုပ်ထွေးနေပြီး နှလုံးခုန် မြန်နေသည်။ သူမ၏ လက်ချောင်းများ ဘယ်နေရာကို ထိမိသွားမှန်း မသိသော်လည်း၊ သူမအပေါ် ကျရောက်နေသော အမျိုးသား၏ အကြည့်များ ပိုမိုလေးနက်လာတာကိုတော့ ခံစားလိုက်ရသည်။
"တော်ပြီ။"
လီချန်ချဲ့က သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ကူကယ်ရာမဲ့စွာ ဖိကိုင်လိုက်ပြီး၊ သူ၏ဝမ်းဗိုက်အောက် သုံးလက်မခန့်အကွာရှိ နေရာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ကိုယ့်ဟာကိုယ်ပဲ လုပ်လိုက်တော့မယ်"
ရွှယ်နင်က အနေရခက်စွာ ရယ်မောလိုက်ပြီး သူမ၏ လက်ချောင်းဖျားလေးများက ပန်းနုရောင် သန်းနေသည်။
"ကျွန်မ အရမ်း တုံးအနေလားဟင်။"
"မဟုတ်ပါဘူး"
တကယ်တော့ သူက အလွယ်တကူ စိတ်လှုပ်ရှားလွယ်လွန်းနေခြင်းသာ။
အရင်က သူဟာ အလွန်စိတ်ထိန်းနိုင်သူဖြစ်သော်လည်း အခု နေ့တစ်ပိုင်းနှင့် ညတစ်ညအတွင်းမှာပင် သူ စိတ်အနှောင့်အယှက်ဖြစ်ကာ ဆူပွက်ခဲ့ရတာ မရေမတွက်နိုင်အောင်ပင် ရှိနေပြီ။
စိတ်ထဲရှိသူကို မျက်စိရှေ့မှာ အမြဲတွေ့နေရတာက ဘာပဲဖြစ်ဖြစ် သိပ်တော့မကောင်းလှပေ။
ရွှယ်နင်သည် ခုံပုလေးပေါ်တွင် အနေခက်စွာ ထိုင်ရင်း အမျိုးသားဖြစ်သူ ကိုယ်တိုင်အဝတ်အစားဝတ်ဆင်ကာ သားရေခါးပတ်ကို ပြင်ဆင်နေတာကို ကြည့်နေမိသည်။ နောက်ဆုံးတွင် သူက ခါးတွင် သက်ရှည်သော့ခလောက်လေးကို ချိတ်ဆွဲလိုက်သည်။
ထိုအရာမှလွဲ၍ တခြားဘာမှမရှိချေ။ ထို့ကြောင့် အမျိုးသား၏ခါးနေရာမှာ တစ်ခုခုလိုပြီး ဟာတာတာဖြစ်နေတယ်လို့ သူမ ခံစားလိုက်ရသည်။
သူ့အတွက် အမွှေးနံ့သာအိတ်လေးတစ်ခု လုပ်ပေးရန် စဉ်းစားမိသော်လည်း သူမကို အလုပ်ရှုပ်တယ်လို့ သူထင်သွားမှာကို စိုးရိမ်မိပြန်သည်။
စိတ်ထဲတွင် တိတ်တဆိတ် ဗျာများနေစဉ် အမျိုးသားက ထပ်မံပြောကြားလာသည်။
"မနက်စာ လာစားတော့။"
ရွှယ်နင်က ပြတင်းပေါက်အပြင်ဘက်က အချိန်ကို တစ်ချက်လှမ်းကြည့်ရင်း စိုးရိမ်သွားသည်။
"ဖူကျွင်း... ကျွန်မတို့ နောက်ကျသွားမလားဟင်"
လီချန်ချဲ့၏ အမူအရာက တည်ငြိမ်နေပြီး သူမကို ပြုံးပြသည်။
"နောက်ကျရင်တောင် မင်း မကြောက်ပါနဲ့။ ဒီ ကျန်းကော်နယ်စားမင်းစံအိမ်မှာ မင်းက ရှီဇီရဲ့ ဇနီးပဲ။ တခြားဘယ်သူ့ရဲ့ စိတ်အခြေအနေကိုမှ မင်း ငဲ့ညှာနေစရာမလိုဘူး။ မင်ဟွားဆောင်က လူကတော့ ကိုယ့်ရဲ့ အမေဖြစ်ပေမဲ့ သူ(မ) မျက်နှာသာပေးတာက ကိုယ်ဆိုတဲ့ သားကို မဟုတ်ဘူး။ တကယ်လို့ သူ(မ)က မင်းကို အခက်တွေ့အောင်လုပ်ရင်လည်း လျစ်လျူရှုထားလိုက်"
ပြောပြောဆိုဆိုဖြင့်ပင် သူက ပူပူနွေးနွေး အစားအစာများကို ယူဆောင်လာရန် လူခေါ်လိုက်သည်။
ရွှယ်နင်အတွက်တော့ ဤကဲ့သို့သော "စည်းကမ်းဖောက်ဖျက်သည့်" စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
အရင်က စုမိသားစုက သူမကို သွန်သင်ခဲ့တာ အမျိုးသမီးများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများဖြစ်ပြီး ကိစ္စရပ်တိုင်းတွင် ခင်ပွန်းဖြစ်သူ၏ စကားကိုသာ နာခံရန် ဖြစ်သည်။
ထို့ကြောင့် သူမသည် ငယ်စဉ်ကတည်းက အခြားလူ၏ မျက်နှာရိပ်ကို ကြည့်တတ်ရန် သင်ယူခဲ့ရသည်။
စုကျန်း စိတ်မချမ်းမသာဖြစ်သည့် အခါတိုင်း သူမ၏ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရပြီး သူ့ကို စိတ်ကျေနပ်စေရန် နည်းလမ်းမျိုးစုံဖြင့် အမြဲကြိုးစားခဲ့ရသည်။
သို့သော် လီချန်ချဲ့ကမူ သူ့အိမ်တွင် သူမက ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာမလိုကြောင်း ပြောလာ၏။
လီချန်ချဲ့က သူမအား လက်ဟန်ပြလိုက်သည်။
"လာထိုင်လေ"
ရွှယ်နင် ထပ်မံဝေခွဲမရဖြစ်သွားသည်။
"ကျွန်မလည်း ထိုင်လို့ရတာလားဟင်"
လီချန်ချဲ့၏ အသံက နူးညံ့ပျော့ပျောင်းသည်။
"မင်းက ကိုယ်လက်ထပ်ထားတဲ့ ဇနီးပဲ၊ အစေခံမှ မဟုတ်တာ။ သေချာတာပေါ့၊ ထိုင်လို့ရတာပေါ့။ နောင်ကျရင် ကိုယ်တို့ စားပွဲတစ်ခုတည်းမှာ အတူတူစားကြမယ်။ အရေးကြီးကိစ္စမရှိရင် ကိုယ် မင်းနဲ့အတူစားဖို့ ပြန်လာခဲ့မယ်။ ပြန်မလာဖြစ်ရင်လည်း လူလွှတ်ပြီး အကြောင်းကြားပေးမယ်။"
ရွှယ်နင်သည် ပထမဦးစွာ ကြောင်အမ်းသွားပြီး နေရာတွင်ပင် အူကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေမိသည်။
လီချန်ချဲ့က နှုတ်ခမ်းကို ကွေးညွတ်လိုက်ရင်း-
"ဘာလို့ အဲဒီအတိုင်း မတ်တပ်ရပ်နေတာလဲ"
ရွှယ်နင်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံဖြင့် နာကျင်ဆို့နင့်သွားရသည်။
သူမ အရင်က အိမ်ထောင်ပြုဖူးတယ်။ လက်ထပ်ပြီးနောက် လူကြီးမိဘများနှင့်အတူ ထိုင်ကာ ထမင်းစားခွင့်ရသည့် အကြိမ်မှာ အလွန်ရှားပါးသည်။
ခင်ပွန်းဖြစ်သူနှင့် နှစ်ယောက်တည်း ထမင်းစားသည့်အခါတွင်ပင် သူမက သူ့ကို ဟင်းခတ်ပေးခြင်း၊ ဟင်းချိုခတ်ပေးခြင်းတို့ကို ပြုလုပ်ရပြီး သူစားသောက်ပြီးမှသာ သူချန်ထားခဲ့သည့် အကြွင်းအကျန်များကို ထိုင်စားရသည်။ နောက်ပိုင်းတွင် စုကျန်းက မင်ယွဲ့ဆောင်သို့ မပြန်တော့သည့်အခါ သူမက သခင်မကြီးရှဲ့နှင့် သခင်မနျဲ့တို့ကို ပြုစုခဲ့ရသည်။ လျှိုရှီနှင့် သခင်မတုန်းတို့ ရှိနေလျှင်မူ သူမ ပို၍ပင် အလုပ်ရှုပ်ရ၏။ သို့သော် စုအိမ်တော်ကဲ့သို့ ကြီးမားသော နယ်စားမင်းစံအိမ်ကြီးတွင် သူမ ထိုင်ပြီး စားသောက်ရန် ထမင်းစားခုံ၌ နေရာတစ်နေရာမျှ မရှိခဲ့ချေ။
ပေါင်ချန်ပင်လျှင် သူမကို သနားစရာကောင်းသည်ဟု ဆိုကာ စုအိမ်တော်တွင် အနိမ့်ကျဆုံး အစေခံတစ်ဦးကဲ့သို့ နေထိုင်နေရသည်ဟု ပြောဖူးလေသည်။
"မင်း မျက်လုံးတွေ ဘာလို့ နီနေတာလဲ။"
လီချန်ချဲ့က မတ်တပ်ရပ်လိုက်ပြီး အစ်ကိုကြီးကောင်းတစ်ယောက်လို့ သူမ၏ နူးညံ့သော ပါးပြင်လေးကို လက်ဝါးကြီးဖြင့် အသာဆိတ်ဆွဲလိုက်သည်။
"ထမင်းတစ်နပ်စားရရုံနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားသွားတာလား။ ရွှမ်းယီဟော်*က မင်းကို ထမင်းမကျွေးဘူးလား။"
"မဟုတ်ပါဘူး... ကျွန်မက မျက်ရည်လွယ်လို့ပါ။"
"မင်း ငိုတာကို ကိုယ် သိပ်မကြည့်ချင်ဘူး။ နောင်ကျရင် ကိုယ့်အနားမှာ ပိုပြီး ပြုံးပြုံးရွှင်ရွှင် နေပါ။"
"ဟုတ်ကဲ့။"
ရွှယ်နင် နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်မိသည်။ ရင်ထဲတွင် နွေးထွေးမှုများ ပျံ့နှံ့သွားပြီး မျက်ဝန်းများပင် အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။
မျက်တောင်ဖျားများတွင် မျက်ရည်စများ ခိုတွဲနေသော်လည်း သူမ အဆုံးအထိတော့ မငိုမိအောင် ထိန်းလိုက်သည်။ သူမ လက်ကလေးကို မြှောက်ကာ သုတ်လိုက်၏။
သူမက ညင်သာစွာ ပြုံးရင်း အမျိုးသား၏ ဘေးတွင် အေးချမ်းစွာ ထိုင်လိုက်သည်။
ထမင်းစားပွဲပေါ်တွင် သူမ အကြိုက်ဆုံး အစားအစာများဖြင့် ပြည့်နှက်နေသည်။ သူမက အမျိုးသားကို အံ့ဩတကြီး ကြည့်လိုက်မိ၏။
"အားချဲ့... ရှင်ကရော ဘာစားရတာ ကြိုက်လဲဟင်။ ကျွန်မ ဟင်းခတ်ပေးရမလား။"
သူမ၏ သဘာဝက အမြဲတမ်း ဤသို့ပင်—တစ်စုံတစ်ယောက်က သူမအပေါ် အနည်းငယ်မျှ ကြင်နာမှုပြလျှင်ပင် ဆယ်ဆလောက် ပြန်လည်ပေးဆပ်ချင်တတ်သည်။
သူမတွင် အားကိုးစရာ မိခင်ဘက်မှ အမျိုးအဆွေများ မရှိတော့သလို၊ ရွှမ်းယီဟော်ကလည်း သူမ၏ အားကိုးရာ မဟုတ်တော့ချေ။ လုမိသားစုသည်လည်း အိမ်တော်ကြီးများကြားတွင် မည်သည့်ဩဇာအာဏာမှ မရှိပေ။
လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခြင်းသည် အခြား မီးပုံတစ်ခုထဲသို့ တိုးဝင်ရခြင်းမျိုး ဖြစ်လိမ့်မည်ဟု သူမ နဂိုက ထင်မှတ်ထားခဲ့၏။
သို့သော် အသက်ရှင် နေထိုင်ရန် အခြားသော လမ်းစဉ်တစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့မိချေ။
"မလိုပါဘူး။ မင်းကြိုက်တာမှန်သမျှ ကိုယ်လည်း ကြိုက်တယ်။ ကိုယ်က အစားမရွေးတတ်ဘူး။"
အမျိုးသားက သာမန်ကာလျှံကာ ပြောရင်း၊ ဆောင်းဝါးမျှစ်တစ်ဖတ်ကို တူချောင်းဖြင့် ညှပ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"မင်းက သိပ်ပိန်လွန်းတယ်။ များများစားပါ။"
ရွှယ်နင်၏ ရင်ထဲတွင် နွေးထွေးသွားပြီး လက်ဖမိုးပေါ်သို့ မျက်ရည်များ တပေါက်ပေါက် ကျဆင်းလာရင်း သူပေးသော အစားအစာကို အလေးအနက် စစားလိုက်သည်။
သူမ ခေါင်းမမော့ရဲပေ။ ဝါးမျှစ်ကို စစားပြီးနောက် သူမ၏ ပန်းကန်ထဲသို့ အဆီမပါသော အသားတုံး အနည်းငယ် ထပ်မံ ရောက်ရှိလာပြန်သည်။
သူမက ပုံမှန်အားဖြင့် အစားနည်းသော်လည်း လီချန်ချဲ့၏ စေတနာကို မပယ်ဖျက်ချင်သဖြင့် တစ်လုပ်ချင်း မြည်းစမ်းကြည့်လိုက်သည်။
မင်ဟွားဆောင်က စေလွှတ်လိုက်သော အစေခံကြီးကြပ်သူ အမျိုးသမီးကြီးအချို့ ဝင်ရောက်လာပြီး နှုတ်ဆက်ကြသည်။ လီချန်ချဲ့၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူတို့က အတွင်းဆောင်ထဲသို့ လျှောက်လှမ်းသွားကြ၏။
မကြာမီမှာပင် သူတို့သည် အဖြူရောင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ဆောင်ကာ ပြန်လည် ထွက်ခွာလာကြသည်။
ရွှယ်နင်က သွေးစွန်းနေသော ထိုအဝတ်စကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာတွင် ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်လျက် လီချန်ချဲ့ထံသို့ လှည့်ကြည့်လိုက်သည်။
"အားချဲ့... ရှင် ထိခိုက်မိလို့လားဟင်။"
မိန်းကလေး၏ ဖြူစင်ရိုးသားလွန်းသော စကားများကြောင့် လီချန်ချဲ့၏ ရင်ထဲတွင် မငြိမ်မသက်ဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုများ လှိုက်တက်လာသည်။ သူက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရင်း ပြန်ဖြေလိုက်၏။
"မဟုတ်ပါဘူး"
ရွှယ်နင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆို အဲဒီလက်ကိုင်ပုဝါပေါ်က သွေးတွေက..."
"အရင်ဆုံး စားလိုက်ပါဦး။"
လီချန်ချဲ့၏ အသံက အနည်းငယ် တိုးညှင်းသွားသည်။
"နောင်ကျရင် ကိုယ် မင်းကို ရှင်းပြပါ့မယ်။"
(T/N-ရွှမ်းယီဟော်=ရွှမ်းယီနယ်စားမင်းအိမ်တော်)