အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) - လူတွေက ဒီလောက်တောင် ရင်းနှီးနိုင်ကြသလား
ရွှယ်နင်က ပြုံးလိုက်ပြီး "အင်း" ဟု ပြန်ထူးလိုက်ကာ ဂိုဂျီသီးများဖြင့် ပေါင်းအုပ်ထားသော အရိုးပြုတ်ရည်တစ်ပန်းကန်ကို ခပ်ယူလိုက်သည်။ တစ်ငုံမျှ သောက်လိုက်ပြီးနောက် သူမ ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။
လီချန်ချဲ့က မျက်လုံးများကို မော့ကြည့်လိုက်သည်။
"ဟင်းချိုက ဘယ်လိုနေလဲ။"
ပျင်းရိသော ကြောင်လေးတစ်ကောင်လို ကျေနပ်နေသည့် ရွှယ်နင်က ပြန်ဖြေလိုက်၏။
"အရသာရှိတယ်"
လီချန်ချဲ့ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"ကိုယ် မြည်းကြည့်မယ်။"
ရွှယ်နင် သူ့အတွက် နောက်တစ်ပန်းကန် ခပ်ပေးတော့မည့်အချိန်မှာပဲ အမျိုးသားက သူမသောက်လက်စ ပန်းကန်ကို ယူကာ သူ့နှုတ်ခမ်းဆီသို့ တေ့သောက်လိုက်တာကို မြင်လိုက်ရလေသည်။
ရွှယ်နင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး နေရာမှာပင် တောင့်တင်းသွား၏။ လူတွေက... ဒီလောက်တောင် ရင်းနှီးနိုင်ကြသလား။
အကယ်၍ စုကျန်းသာဆိုလျှင် ဒီလိုမျိုး လုပ်ဆောင်ရန် စဉ်းစားမိရုံဖြင့် ရွံရှာလွန်း၍ နေမည်မဟုတ်ပေ—သူမ စားပြီးသားတစ်ခုကို သူက ဘယ်လိုလုပ်ပြီး ပါးစပ်ထဲ ထည့်နိုင်မှာလဲ။
သို့သော် လီချန်ချဲ့ကမူ မည်သည့် ရွံရှာမှု အရိပ်အယောင်မျှ ပြသခြင်းမရှိခဲ့ပေ။ သူမအတွက် ကျန်ရှိနေသော အရိုးပြုတ်ရည်ကိုပင် အကုန်သောက်လိုက်သေး၏။
"မင်းကြိုက်ရင် နောက်မှ မီးဖိုချောင်ကို ထပ်လုပ်ခိုင်းလိုက်မယ်။"
ရွှယ်နင်က သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ရင်း၊ သူမ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုမျိုးဖြင့် တလှပ်လှပ် ရင်ခုန်နေမိသည်။
သူမ၏ နားရွက်များ ပူထူလာပြီး အကြည့်များက သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးများဆီသို့ ရွေ့လျားသွားကာ ခေါင်းငုံ့လိုက်သည်။
"ဟုတ်ကဲ့။"
နံနက်စာစားပြီးနောက် လီချန်ချဲ့က သူမကို မင်ဟွားဆောင်သို့ သက်တောင့်သက်သာ ခေါ်ဆောင်သွားခဲ့သည်။
ခန်းမထဲသို့ ဝင်ရောက်လာချိန်တွင် ကျန်းကော်နယ်စားမင်းစံအိမ်၏ လူကြီးများမှာ စုအိမ်တော်နှင့် ယှဉ်လျှင် သနားစရာကောင်းလောက်အောင် နည်းပါးကြောင်း သူမ သတိထားမိလိုက်သည်။
ပင်မအခန်းထဲတွင် သပ်ရပ်ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ဘေးတွင် လှပသော်လည်း အေးစက်စက်နိုင်သော အမျိုးသမီးတစ်ဦး ရှိနေသည်။
အမျိုးသမီး၏ ဂရုမစိုက်သော အေးစက်စက် အကြည့်များနှင့် ဆုံလိုက်ရသောအခါ ရွှယ်နင် ခဏလောက် ကြောင်အမ်းသွားသည်။
ဒါက တုန်းဖျင်ပေါ်စံအိမ်က နွေဦးတောအုပ်ပွဲတော်မှာ သခင်မကျိုးရဲ့ဘေးမှာ ထိုင်နေခဲ့တဲ့ သခင်မ မဟုတ်လား။
အဲဒီတုန်းက သခင်မကျိုးက သူမကို ဘာကြောင့် ဒီလောက်တောင် လေးလေးစားစား ဆက်ဆံခဲ့လဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး—သူမက ကျန်းကော်နယ်စားမင်းစံအိမ်ရဲ့ သခင်မကြီးကိုး။
သပ်ရပ်ခန့်ညားသော လူလတ်ပိုင်း အမျိုးသားထံသို့ အကြည့်ရွှေ့လိုက်ရာ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ရှိနေသော်လည်း ထိုအပြုံးက မျက်လုံးများဆီသို့ မရောက်ကြောင်း သူမ သတိထားမိလိုက်သည်။
သူ၏ ခန့်ညားသော မျက်နှာက ပြတ်သားထင်ရှားသော်လည်း၊ တင်းမာမှုနှင့် ရက်စက်ကြမ်းကြုတ်မည့်ဟန် အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူက အလွန်ဆန့်ကျင်ဘက်ဖြစ်နေသော လူတစ်ယောက်ဖြစ်ပြီး မြင်ရသူအဖို့ ကြောက်ရွံ့စိတ်ကို အလိုလို ဖြစ်ပေါ်စေနိုင်သည်။
ကျန်းကော်နယ်စားမင်းအကြောင်း ဒဏ္ဍာရီများကို ပြန်လည်သတိရမိသောအခါ ရွှယ်နင် အနည်းငယ် ထိတ်လန့်လာသည်။ လီချန်ချဲ့က သူမ၏လက်ကို ဆုပ်ကိုင်လိုက်မှသာ သူမ၏ ဖြူရော်နေသော မျက်နှာလေးမှာ သွေးရောင် ပြန်လည်လန်းဆန်းလာခဲ့သည်။
ခန်းမထဲသို့ ဝင်ရောက်လာချိန်တွင် လေထုမှာ အနေရခက်ပြီး တင်းမာနေ၏။
သခင်မဝမ်၏ အောက်ဘက်တွင် ထိုင်နေသော လူရွယ်က အသာအယာ ချောင်းဟန့်လိုက်ရာ မင်ဟွားဆောင်၏ ထူးဆန်းသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
"ဒီမိန်းကလေးက တော်တော်လှတာပဲ၊ ငါတို့ အားချဲ့နဲ့ အတော်ကို လိုက်ဖက်တယ်"
လီလင်းဖုန်းက စကားစတင်လိုက်သည်။ သူ၏ စောစောက ရက်စက်ကြမ်းကြုတ်မည့်ဟန်များ လုံးဝပျောက်ကွယ်သွားပြီး ယခုအခါ နူးညံ့သိမ်မွေ့သော ဖခင်အိုကြီးတစ်ဦးနှင့် တူနေသည်။ သူက ရွှယ်နင်ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
"မင်းက ရွှယ်စုန့်နျန်ရဲ့ သမီးလို့ ကြားတယ်။ တကယ်လည်း မင်းက သူနဲ့ ခပ်ဆင်ဆင်ပဲ၊ ဒါပေမဲ့ မင်းအမေနဲ့ ပိုတူတယ်လို့ ပြောရမယ်။ အဲဒီတုန်းက မင်းအမေက တုန်းကျင်းရဲ့ အလှပန်းနှစ်ပွင့်ထဲက တစ်ပွင့်လေ—မြို့တစ်မြို့ကိုတောင် ပြိုလဲစေနိုင်လောက်တဲ့ အလွန်လှတဲ့ အလှတရားပဲ။ မင်းလည်း မဆိုးပါဘူး၊ ပန်းလေးတစ်ပွင့်၊ လမင်းလေးတစ်စင်းလို မျက်နှာလေးနဲ့—တော်တော်လေး ချစ်စရာကောင်းတယ်။"
ရွှယ်နင်က ပြုံးလိုက်ပြီး လီလင်းဖုန်းသည် ခင်မင်ရင်းနှီးရ လွယ်ကူသည်ဟု တွေးလိုက်မိသည်။
သို့သော် သခင်မဝမ်က သူ၏စကားများကို ကြားသောအခါ သူမ၏ မျက်နှာထားက မှုန်ကုပ်သွားပြီး သူမ၏ အကြည့်များက ပို၍ပင် အေးစက်သွားလေတော့သည်။
"ဒါက အဖေပဲ"
လီချန်ချဲ့က မိန်းကလေး၏ ခါးနောက်ပိုင်းအောက်ဘက်လေးကို သူ့လက်ဝါးကြီးဖြင့် ခပ်ဖွဖွထိန်းကိုင်ကာ ရှေ့သို့ အသာတွန်းပေးရင်း ပြောလိုက်သည်။
"ရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်လိုက်ရင် ရပြီ။"
လီချန်ချဲ့က သာမန်ကာလျှံကာ ပြောလိုက်သော်လည်း ရွှယ်နင်ကတော့ ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။ သူမက စည်းစနစ်ကျနစွာဖြင့် ဂါရဝပြုလိုက်သည်။
"အဖေ့ကို ဂါရဝပြုပါတယ်"
လီလင်းဖုန်းက ဝမ်ရှန်းကို တစ်ချက်စောင်းကြည့်ကာ ကျေနပ်အားရစွာ ရယ်မောလိုက်၏။
"အားချဲ့က လက်ထပ်ဖို့ သဘောတူတယ်ဆိုတာ ရှားမှရှားပဲ။ သမီးလေး... မင်းမှာ တကယ့်ကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်တစ်ခုခု ရှိရမယ်။ လာကြစမ်း... ငါ့ချွေးမအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ယူခဲ့ကြ။"
ထွားကျိုင်းသော အမျိုးသားအချို့က ရွှေတုံး ရွှေခဲများ ပြည့်နှက်နေသော သေတ္တာတစ်လုံးကို မသယ်လာကြသည်။
ရွှယ်နင် အံ့ဩမှင်သက်စွာ စိုက်ကြည့်နေမိသည်။
လက်ဖက်ရည်ဆက်ကပ်သည့် အခမ်းအနားမှာ တန်ပြန်လက်ဆောင်အဖြစ် ရွှေတစ်သေတ္တာလုံး ပေးတယ်လို့ ဘယ်သူကြားဖူးလဲ။ မင်းသမီးရှို့နင်းပင်လျှင် လက်ဖက်ရည်ဆက်ကပ်သည့်နေ့တွင် အနီရောင်စာအိတ် အနည်းငယ်သာ ရရှိခဲ့သည်။ ဤယောက္ခထီးကြီးက သူ့ချွေးမအပေါ် အမှန်တကယ်ပဲ ဒီလောက်အထိ ရက်ရောလွန်းတာလား။
"လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ရွှေတွင်းအသစ်တစ်ခု တွေ့ထားတယ်။ မကြာခင် အဲဒီတွင်းက မင်းပိုင်တာ ဖြစ်လာလိမ့်မယ်။ ယောက္ခထီးနဲ့ အားနာမနေနဲ့။ အဓိက အရေးကြီးဆုံးကတော့ အားချဲ့အတွက် ကလေးအများကြီး မွေးပေးဖို့ပဲ။ သားလေးတစ်ယောက် မွေးပေးရင် မင်းကို နောက်ထပ် ရွှေတွင်းတစ်တွင်း ထပ်ပေးမယ်။ ဪ... သမီးလေးဆိုရင်တော့ မင်းအတွက် ဘယ်လို အဖိုးတန်လက်ဆောင်မျိုး ပြင်ဆင်ပေးရမလဲဆိုတာ ငါ သေချာစဉ်းစားရဦးမှာပေါ့။"
ရွှယ်နင် ထပ်ပြီး အလွန်အံ့ဩသွားရပြန်သည်။ သူမ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လီချန်ချဲ့ထံသို့ လှည့်ကြည့်လိုက်မိသည်။
လီချန်ချဲ့၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
"အဖေ ပေးတာပဲ... ယူထားလိုက်ပါ။"
ရွှယ်နင် အံကြိတ်လိုက်ရင်း သူ့ထံသို့ အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
သူတို့က သဘောတူညီချက်အရသာ လက်ထပ်ထားကြခြင်းဖြစ်ရာ ကျန်းကော်နယ်စားမင်း၏ လက်ဆောင်များက လွန်စွာမှပင် ကြီးကျယ်ခမ်းနားလွန်းနေသည်။
လီချန်ချဲ့ကတော့ မသိချင်ယောင်ဆောင်လိုက်သည်။
"နင်နင်... အမေ့ကို သွားပြီး ဂါရဝပြုလိုက်ဦး"
ရွှယ်နင်လည်း မတတ်သာဘဲ သခင်မဝမ်ထံသို့ လျှောက်သွားကာ ဦးညွှတ်လိုက်ရတော့သည်။
ဝမ်ရှန်းက ရွှယ်နင်၏ ပုံပန်းသဏ္ဌာန်ကို စစ်ဆေးကြည့်ရှုပြီးနောက် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"ဒီသားအဖနှစ်ယောက်လုံးက ကောက်ကျစ်တဲ့ လှည့်ကွက်တွေ သုံးနေကြပဲ။ မင်းလည်း အလှည့်စားခံရပြီး ဒီကို ရောက်လာတာတော့ မဟုတ်ပါဘူးနော်။"
သူမ၏ စကားလုံးများက တော်တော်လေး ကြမ်းတမ်းသည်။ လီလင်းဖုန်းက ဒေါသတကြီးဖြစ်သွား၏။
"မင်း ဘာတွေ လျှောက်ပြောနေပြန်တာလဲ"
ဝမ်ရှန်းက လှောင်ပြောင်သည်။
"ရှင် လုပ်ရဲရင် သူများပြောမှာကို ဘာလို့ ကြောက်နေတာလဲ။"
လီလင်းဖုန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ကဲပါ... ဒီနေ့တော့ မင်းနဲ့ မငြင်းချင်တော့ဘူး။ ချွေးမအသစ်စက်စက် ရှေ့တင်ပဲကို မင်း ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် သိက္ခာမထိန်းနိုင်ဘူးလား။"
"သိက္ခာ ဟုတ်လား။"
ဝမ်ရှန်း၏ မျက်ဝန်းများ နီမြန်းလာသည်။
"လီလင်းဖုန်း... ရှင်သာ တကယ် သတ္တိရှိရင် ကျွန်မနဲ့ လင်အာကို သွားခွင့်ပြုလိုက်စမ်းပါ။ ရှင် ကျွန်မဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီးပြီ—ကျွန်မတို့ သားအမိကို ဘယ်လောက်အထိ ထပ်ပြီး နှိပ်စက်ဦးမလို့လဲ။"
လီချန်ချဲ့ကတော့ ဤမြင်ကွင်းကို ကျင့်သားရနေတာ ကြာပြီဖြစ်သည်။ သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု စွဲထင်နေသည်။
ရွှယ်နင် တစ်ကိုယ်လုံး ဝေခွဲမရ ဖြစ်သွား၏။ သူမက ဝမ်ရှန်း၏ ရှိုက်ငိုသံကို ဖြတ်ပြောလိုက်ရင်း၊ နူးညံ့သော်လည်း ပြတ်သားသော အသံဖြင့်-
"အမေ... ကျွန်မ ဒီအိမ်တော်ကို ကိုယ့်သဘောဆန္ဒအလျောက် လက်ထပ်ဝင်ရောက်လာခဲ့တာပါ"
ဝမ်ရှန်း ခေတ္တမျှ ကြောင်အမ်းသွားသည်။ သူမက လီလင်းဖုန်းအပေါ် နဂိုကတည်းက နာကျည်းချက် ရှိထားရာ၊ ယခု ရွှယ်နင်၏ စကားကို ကြားရသောအခါ စိတ်ခံစားချက်က ပို၍ပင် ဆူပွက်လာရသည်။ သူမက လီချန်ချဲ့ကို မုန်းတီးသကဲ့သို့ ထိုမုန်းတီးမှုက ရွှယ်နင်ထံသို့လည်း သဘာဝကျကျ ကူးစက်သွားလေသည်။
"ကောင်းပြီ... ငါ့မှာ မင်းကိုပေးဖို့ ကောင်းကောင်းမွန်မွန် ဘာမှမရှိဘူး။ ဒီအနီရောင်စာအိတ်ကိုပဲ ယူလိုက်။"
ဝမ်ရှန်းသည် လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်ကာ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်ပြီး သူမ၏ လေသံမှာ သရော်လှောင်ပြောင်၍ အေးစက်နေသော်လည်း၊ သူမကိုယ်သူမ အလိုလိုက်ခံထားရသော မင်းသမီးလေးတစ်ပါးကဲ့သို့ ပြုမူနေဆဲပင်။
စုအိမ်တော်မှ ဟန်ဆောင်ကောင်းသော လျှိုရှီ သို့မဟုတ် မျက်နှာနှစ်ဖက်နှင့် ဟိုဘက်ဒီဘက် ကစားတတ်သော သခင်မတုန်းတို့နှင့် ယှဉ်လျှင်မူ၊ သူမက အဆပေါင်းများစွာ ပို၍ သဘောကျစရာ ကောင်းနေသေး၏။
ရွှယ်နင်က တောက်ပစွာ ပြုံးလိုက်ရင်း အနီရောင်စာအိတ်ကို လက်ခံယူကာ ပေါင်ချန်ထံသို့ ကမ်းပေးလိုက်သည်။
ထို့နောက် သူမ၏ အကြည့်များက ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူရွယ်ထံသို့ ရွေ့လျားသွားသည်။
"အားချဲ့... သူက ဘယ်သူလဲဟင်..."
"သူက ကိုယ့်ရဲ့ အစ်ကိုကြီး လီချန်လင်။"
လီချန်လင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အချိန်ကြာမြင့်စွာ ဖျားနာနေသူတစ်ဦးနှင့် တူနေသည်။
ရွှယ်နင် သူ့ကို သေချာအကဲခတ်ကြည့်လိုက်၏။
သူကလည်း ရွှယ်နင်ကို နူးညံ့စွာဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်သည်။
"ခယ်မလေး... ဒါက မင်းအစ်ကိုကြီးဆီက ရိုးရိုးရှင်းရှင်း လက်ဆောင်လေးပါ။ စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်။"
တစ်စုံတစ်ယောက်က သူမအပေါ် ရင်းနှီးဖော်ရွေမှု ရှိမရှိကို ရွှယ်နင် ခံစားသိရှိနိုင်သည်။ လီချန်လင် ကမ်းပေးသော အနီရောင်စာအိတ်ကို လက်ခံယူလိုက်ပြီး သူမ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။"
"ရပြီ။"
လီချန်ချဲ့က သူမကို သူ့ရင်ခွင်ထဲသို့ သိမ်မွေ့စွာ ပြန်ဆွဲသွင်းလိုက်သည်။
"တုန်းကျင်း နယ်စားမင်းစံအိမ်မှာ လူသိပ်မများဘူး။ မိသားစုရဲ့ တခြားအကိုင်းအခက်တွေ အားလုံးက ဟယ်ကျန့် အိမ်ဟောင်းမှာပဲ ရှိကြတယ်။ အခွင့်အရေးရတဲ့အခါ ကိုယ် မင်းကို အဲဒီကိုခေါ်သွားပြီး သူတို့နဲ့ မိတ်ဆက်ပေးမယ်။"
လီချန်လင်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး နွေးထွေးစွာပင် ပြောလာသည်။
"ဒါပေမဲ့ ဒုတိယအိမ်တော်ကတော့ မကြာခင် တုန်းကျင်းကို ရောက်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ခယ်မလေးလည်း အစ်ကိုတို့နဲ့ အားချဲ့ရဲ့ ညီငယ်ညီမငယ်တွေနဲ့ တွေ့ရလိမ့်မယ်။ ချန်ဟိန်က သွက်လက်တက်ကြွပြီး၊ ချန်လဲ့ကတော့ လိမ္မာရေးခြားရှိပြီး ဉာဏ်ကောင်းတယ်—သူတို့ မင်းကို သဘောကျကြမှာ အသေအချာပဲ။"
စကားအနည်းငယ်ဖြင့်ပင် လီချန်လင်သည် အခြားသူများကို သူနှင့် ရင်းနှီးသွားသလို ခံစားရစေသည်။
ရွှယ်နင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ။ အကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။"
လီချန်ချဲ့၏ မျက်ဝန်းများ အနည်းငယ် မှောင်မိုက်သွားသည်။ သူ့လေသံက ဂရုမစိုက်ဟန်ရှိကာ အေးစက်သော အရိပ်အယောင်များ ပါဝင်နေ၏။
"နင်နင်က မနေ့ညက ညတစ်ဝက်လောက်အထိ ပင်ပန်းထားတယ်။ ကျွန်တော် သူ(မ)ကို အခု ပြန်ခေါ်သွားတော့မယ်။ ပုံမှန်စည်းကမ်းတွေအတိုင်းပဲ အရေးပေါ်ကိစ္စ မရှိဘူးဆိုရင် နင်နင်နဲ့ ကျွန်တော်က မင်ဟွားဆောင်ကို လာမှာမဟုတ်ဘူး။ ဒါကြောင့် မနက်ပိုင်းနဲ့ ညနေပိုင်း ဂါရဝပြုရမယ့် လုပ်ရိုးလုပ်စဉ်တွေကိုလည်း ကင်းလွတ်ခွင့် ပြုတယ်။"
ထိုသို့ပြောပြီးသည်နှင့် ဝမ်ရှန်း တုံ့ပြန်တာကို မစောင့်တော့ဘဲ ရွှယ်နင်၏လက်ကို ဆွဲကာ၊ အရိုအသေပေးပြီးနောက် ခန်းမထဲမှ တိုက်ရိုက် ထွက်ခွာသွားလေသည်။
ဒေါသထွက်လွန်း၍ ရယ်မောရမလိုဖြစ်သွားသော ဝမ်ရှန်းက လီလင်းဖုန်းထံသို့ လှည့်ကာ မခံချိမခံသာ ပြောလိုက်သည်။
"ကြည့်စမ်း... ဒါက ရှင် မွေးထားတဲ့ သားကောင်းလေးပဲ။"
လီလင်းဖုန်း၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။
"မမေ့နဲ့၊ သူက မင်းရဲ့ သွေးသားလည်း ဖြစ်တယ်ဆိုတာကို။”