← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀) - ပြန်လည်ပေးဆပ်ခြင်းလား။

လီချန်လင်၏ နှလုံးသားမှာ မခံမရပ်နိုင်အောင် နာကျင်နေခဲ့သည်။ သူက နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး ရီကွမ်း၏ လက်ထဲမှ ဆေးလုံးကို ယူကာ လေထဲသို့ မြှောက်ကိုင်လိုက်ပြီး နေ့ခင်းဘက် အလင်းရောင်တွင် ဖြည်းညှင်းစွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်၏။

"ရီကွမ်း... လူတစ်ယောက်ကို ထာဝရ အိပ်ပျော်သွားစေနိုင်တဲ့ ဆေးမျိုးရော ရှိလား။"

ရီကွမ်းက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

"သခင်လေး... အဲဒီလို နိမိတ်မရှိတဲ့ စကားတွေ မပြောပါနဲ့။"

"ငါက ဒီတိုင်း ပြောကြည့်တာပါ။"

လီချန်လင်က မျက်လုံးများကို ခဏမှိတ်ထားလိုက်ပြီး သက်ပြင်းချကာ နောက်ဆုံးတွင်တော့ သူ့လက်ထဲမှ ဆေးလုံးကို မျိုချလိုက်သည်။

"ငါ အခု သေလို့ မရသေးဘူး။"

အကယ်၍ သူသာ သေသွားခဲ့ရင် သူ့အမေက စိတ်ဓာတ်တွေ ပြိုလဲသွားလိမ့်မယ်။

သူမမှာ အသက်ရှင်ချင်စိတ် မရှိတော့ဘူး။ သူသာ မရှိတော့ရင် သေခြင်းတရားသာ သူမကို စောင့်ကြိုနေလိမ့်မယ်။

ဤအကြောင်းကို တွေးမိသောအခါ လီချန်လင်သည် ဝမ်းနည်းကြေကွဲမှု လှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရ၏။

ကောင်းကင်ကြီးက မီးခိုးရောင် သန်းနေပြီး နှင်းပွင့်များ လွင့်ဝဲကျဆင်းနေသည်။

မင်ဟွားဆောင်မှ ကျိုယင်းဆောင်သို့ လမ်းလျှောက်ရသည်မှာ အတော်လေး ဝေးကွာသည်။

ရွှယ်နင်သည် ကလေးဘဝကတည်းက လျစ်လျူရှုခံရခြင်းနှင့် အထီးကျန်ဆန်သော နေရာများတွင် နေထိုင်ရခြင်းကို အသားကျနေပြီဖြစ်တာကြောင့် ဤအရာ၏ နောက်ကွယ်မှ နက်ရှိုင်းသော အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ထားသည်။

ထို့အပြင် သူမနှင့် လင်အာကို ထွက်သွားခွင့်ပေးရန် သခင်မဝမ်၏ ဒေါသတကြီး ပြောဆိုခဲ့သော စကားများအပြီးတွင်...

ကလေးတစ်ယောက်တည်းကိုသာ ရည်ညွှန်းပြောဆိုပြီး နောက်တစ်ယောက်ကို လုံးဝ လျစ်လျူရှုထားသော မိခင်တစ်ဦး— လီချန်ချဲ့နှင့် သခင်မဝမ်တို့ကြားရှိ ဆက်ဆံရေးမှာ သာမန် သဘောထားကွဲလွဲမှုထက် များစွာ ပိုမို ရှုပ်ထွေးနေတာ ထင်ရှား၏။

ရွှယ်နင်က သူမ၏ အနီရင့်ရောင် ဝတ်ရုံကို တင်းတင်းကျပ်ကျပ် ဆွဲစေ့လိုက်ပြီး အမျိုးသား၏ ဘေးတွင် လျှောက်နိုင်ရန် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။

သူမ မော့ကြည့်လိုက်တဲ့အခါ သူ့မျက်နှာထားက တည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင် အေးစက်ခပ်ခွာခွာနိုင်သော အရိပ်အယောင်တစ်ခု စွဲထင်နေတာကို သူမ မြင်တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားလေး နာကျင်သွားစး၏။

"အားချဲ့..."

ဒီကိစ္စကို ဘယ်လိုစတင်ပြောရမလဲဆိုတာကို သူမ မသိပေ— ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့မိသားစုကိစ္စ ဖြစ်နေတယ်။

သူမနှင့် လီချန်ချဲ့အပေါ်ထားရှိသော သခင်မဝမ်၏ သဘောထားကို ထည့်တွက်ကြည့်ပါက နှစ်ပေါင်းများစွာကြာသည်အထိ သူ့မိခင်က သူ့ကို ချစ်ခင်ဂရုစိုက်ခဲ့ပုံမရကြောင်း သူမ ခန့်မှန်းနိုင်သည်။

သူက အခြားသူများကို အမြဲတမ်း အေးစက်ခပ်ခွာခွာ ဆက်ဆံတတ်တာ အဆန်းတော့ မဟုတ်ပေ။ တစ်ခါတစ်ရံ သူ ပြုံးလိုက်သည့်တိုင် သူက ချဉ်းကပ်ရလွယ်ကူသူဟု ဘယ်တုန်းကမှ ခံစားရမည် မဟုတ်ပေ။

သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်လုံးလေးများကို ကွေးညွတ်သွားသည်အထိ ပြုံးကာ သူ့အနားသို့ တိုးကပ်သွားလိုက်သည်။

"ဒီနေ့က ကျွန်မတို့ မင်္ဂလာဆောင်ရဲ့ ပထမဆုံးရက်လေ။ ရှင့်မိသားစုနဲ့ တွေ့တာအပြင် ကျွန်မတို့ တခြား ဘာတွေ လုပ်သင့်သေးလဲဟင်။"

လီချန်ချဲ့က သူ့အနားသို့ တိုးကပ်လာသော မိန်းကလေးငယ်၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။

သူမက သူ၏ အင်္ကျီစွန်းကိုပင် မထိထားသော်လည်း သူ့ကို စိတ်သက်သာရာရစေရန် သူမ အတတ်နိုင်ဆုံး ကြိုးစားနေပုံရ၏။

"ကျိုယင်းဆောင်ကို ပြန်ကြမယ်။"

စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး စိတ်အခြေအနေ အနည်းငယ် ကြည်လင်လာကာ သူက ပြောလိုက်သည်။

"အဲဒီက လူတွေနဲ့ မင်းကို မိတ်ဆက်ပေးမယ်။"

ရွှယ်နင်က လိမ္မာရေးခြားရှိစွာဖြင့် "အင်း" ဟု ပြန်ဖြေလိုက်ပြီး အမျိုးသား၏ နောက်မှ ကပ်လျက် လိုက်ပါသွားသည်။

သူက ခြေတံရှည်ပြီး လမ်းလျှောက်မြန်သည်။ သူမ နောက်ကျကျန်ခဲ့တာကို သတိပြုမိတဲ့အခါတိုင်း သူက ရပ်တန့်ကာ စိတ်ရှည်လက်ရှည် စောင့်နေပေးတတ်၏။

ရွှယ်နင်က သူ့လက်ကြီးကို လှမ်းကိုင်ရန် စဉ်းစားခဲ့သော်လည်း မင်းသမီးယန်ရန်ကို သတိရသွားကာ ထိုအတွေးကို လက်လျှော့လိုက်သည်။

ကျိုယင်းဆောင်သို့ ပြန်ရောက်သောအခါ သူမက အမိုးအောက်သို့ အမြန်ပြေးဝင်သွားပြီး အင်္ကျီပေါ်မှ နှင်းများကို ခါချလိုက်သည်။

ထူးဆန်းစွာပင် တစ်ရက်တည်းနှင့် လီချန်ချဲ့ရှေ့တွင် သူမ များစွာ ပို၍ သက်တောင့်သက်သာ ရှိလာသလို ခံစားနေရပြီ။

လီချန်ချဲ့က သူမကို ပြုံးကြည့်လိုက်ကာ လက်အိတ်များကို သိမ်းဆည်းရင်း သူမအနားသို့ လျှောက်လာသည်။ ထို့နောက် သူ့အဝတ်ပေါ်မှ နှင်းများကို ခါချလိုက်ပြီး သူမနှင့်အတူ အိပ်ခန်းထဲသို့ ဝင်သွားသည်။

"ဖူရှန်း။"

"ကျွန်တော်မျိုး ရှိပါတယ်။"

"ကျိုယင်းဆောင်က အိမ်‌တော်ထိန်းတွေ အကုန်လုံးကို ခေါ်လိုက်။ သခင်မလေး သူတို့နဲ့ တွေ့ရအောင်။"

ဖူရှန်းက တက်ကြွစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ရွှယ်နင်က အခန်းမကြီးထဲရှိ လိုဟန်ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး လီချန်ချဲ့က သူမဘေးတွင် ပျင်းရိပျင်းတွဲ ဝင်ထိုင်ကာ စာအုပ်တစ်အုပ်ကို ကိုင်ဖတ်နေသည်။

မကြာမီမှာပင် အစေခံမိန်းကလေးများနှင့် အထိန်းတော် ဆယ်ယောက်ကျော် ဝင်ရောက်လာပြီး သူမရှေ့တွင် ရိုသေစွာ ရပ်လိုက်ကြသည်။

"သခင်မလေးကို ဂါရဝပြုပါတယ်။"

ရွှယ်နင်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သူမဘေးရှိ အမျိုးသားကို လှမ်းကြည့်ကာ အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်နေမိ၏။

လီချန်ချဲ့က ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

"ဒါက ကျိုယင်းဆောင်ရဲ့ သခင်မပဲ။ ငါ့ကို ဆက်ဆံသလိုမျိုး သူ(မ)ကို ဆက်ဆံကြ။ အခုကစပြီး သူ(မ)ကို သေချာ ဂရုစိုက်ရမယ်။ ပေါ့လျော့မှု တစ်ခုခုရှိခဲ့ရင် မင်းတို့ခေါင်းနဲ့ ရင်းရလိမ့်မယ်။"

လူအုပ်ကြီးက ရိုသေစွာဖြင့် "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေကြပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြသည်။

ကျိုယင်းဆောင်၏ ဖွဲ့စည်းပုံမှာ အတော်လေး ရိုးရှင်းလှသည်။ ကျန်း မျိုးရိုးရှိသည့် အထိန်းတော်ကြီး တစ်ဦး၊ ပထမအဆင့် အစေခံ လေးဦး၊ ဒုတိယအဆင့် အစေခံ ရှစ်ဦး၊ သန့်ရှင်းရေးနှင့် အထွေထွေကိစ္စများ တာဝန်ယူရသူ ဆယ့်ခြောက်ဦးနှင့် ခြံဝင်းအပြင်ဘက်တွင် အလုပ်လုပ်ပေးရသည့် အစေခံကောင်လေး လေးငါးဦးအပြင် အရည်အချင်းပြည့်ဝသော ကိုယ်ရံတော် လေးဦးတို့ ရှိကြသည်။

"နေ့တိုင်း မင်း အဆက်အသွယ် အများဆုံး လုပ်ရမှာက ဒီလူတွေနဲ့ပဲ။"

လီချန်ချဲ့က အထိန်းတော်ကြီး ကျန်းနှင့် ပထမအဆင့် အစေခံ လေးဦးကို လက်ညှိုးထိုးပြသည်။

"ချွန်းချီက စာရင်းကိုင်မယ်၊ ရှလန်က စာရေးမယ်၊ ချိုးကျွီက သိုင်းပညာ တတ်တယ်၊ တုန်းရွှယ်ကတော့ ချင်တီးတယ်။"

အထိန်းတော်ကြီး ကျန်း ဦးဆောင်ကာ အစေခံ လေးဦးက ကျက်သရေရှိစွာ ဦးညွှတ်လိုက်ကြသည်။

"ကျွန်မတို့ သခင်မလေးအတွက် အဆင်သင့်ပါပဲ။"

ဤအစေခံ လေးဦးမှာ ကိုယ်ပိုင် ဆွဲဆောင်မှု အသီးသီး ရှိကြသော်လည်း အားလုံးက ထူးကဲစွာ လှပကြပြီး အဆင့်မြင့် အိမ်တော်တစ်ခုမှ သေချာပေါက် အထူး လေ့ကျင့်ပေးထားပုံပေါ်သည်။

သူတို့က အဆင့်အတန်းနိမ့်သော မိသားစုအချို့မှ သခင်မလေးများထက်ပင် အထက်တန်းလွှာ အမျိုးသမီးများနှင့် ပို၍ တူနေသေး၏။

ရွှယ်နင်က သေချာ နားထောင်ရင်း အားလုံးကို မှတ်သားထားလိုက်သည်။

နေ့ဝက်ခန့် အလုပ်များပြီးနောက် နေ့လယ်စာ စားရမည့် အချိန်သို့ ရောက်လာပြန်သည်။

ဗိုက်ဝအောင် စားသောက်ပြီးနောက် မွန်းလွဲပိုင်းတွင် လီချန်ချဲ့ ကိုယ်တိုင် သူမကို ခေါ်ကာ ခန်းဝင်ပစ္စည်းများကို စာရင်းစစ်ဆေးစေသည်။

ထိုပစ္စည်းများကို သိမ်းဆည်းရန်အတွက် သူက သီးသန့် ခြံဝင်းတစ်ခုကိုပင် သူမ၏ ကိုယ်ပိုင် သိုလှောင်ရုံအဖြစ် သတ်မှတ်ပေးထား၏။

"ဒီ ခန်းဝင်ပစ္စည်းတွေ အကုန်လုံးက ကျွန်မပိုင်တာလား။"

ရွှယ်နင် ယုံကြည်ရန်ပင် ခက်ခဲနေမိတယ်။

"ကိုယ်ပေးထားတဲ့အရာတွေ အားလုံးက မင်းပိုင်တာပဲ။"

လီချန်ချဲ့က ရွှမ်းယီနယ်စားမင်းအိမ်တော်က ပို့လိုက်သည့် သေတ္တာအမြောက်အမြားဆီသို့ လျှောက်သွားရင်း အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီပစ္စည်းတွေကျတော့ အချိန်တစ်ခုရှာပြီး ပြန်ပို့လိုက်ပါ။"

ရွှယ်နင်က သူမပိုင်ဆိုင်သည့် ခန်းဝင်ပစ္စည်းများကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိသည်။

ရှည်လျားလှသော ပစ္စည်းစာရင်းမှာ ဖတ်၍ပင် မကုန်နိုင်လောက်အောင် များပြားသည်။

သူမက အမျိုးသား၏ဘေးသို့ မသိမသာ တိုးကပ်သွားရင်း ပြောလိုက်သည်။

"အားချဲ့... ရှင် ကျွန်မအပေါ် သိပ်သဘောကောင်းတာပဲ။ ရှင့်မိသားစုက အမြဲတမ်း ဒီလိုပဲ ပိုက်ဆံကို အကန့်အသတ်မရှိ သုံးတာလားဟင်။"

လီချန်ချဲ့က မိန်းကလေးငယ်၏ မျက်ဝန်းထဲမှ တောက်ပနေသော အရိပ်အယောင်များကို ကြည့်ကာ မနေနိုင်ဘဲ လက်လှမ်း၍ သူမ၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

"ရပါတယ်။"

သူတို့ လီမိသားစုက သူတို့လူတွေအပေါ် အမြဲတမ်း ရက်ရောတတ်ကြတယ်လေ။

ရွှယ်နင်က မွန်းလွဲပိုင်းတစ်ခွင်လုံး စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သော်လည်း ဤမျှကြီးမားသော ရက်ရောမှုနှင့် ထိုက်တန်အောင် သူမ ဘာမှမလုပ်ပေးရသေးဟုလည်း တွေးမိပြန်သည်။ ထို့ကြောင့် လီချန်ချဲ့အတွက် တစ်ခုခု ပြန်လည်လုပ်ဆောင်ပေးရမည်ဟု ဆုံးဖြတ်လိုက်၏။

အသေအချာ စဉ်းစားပြီးနောက် သူမက သူ့ရဲ့ ကျိုယင်းဆောင်ကို သေချာစွာ စီမံခန့်ခွဲပေးခြင်းမှ စတင်ရမည်ဖြစ်ပြီး၊ အဲ့ဒီနောက်တွင်တော့ နယ်စားမင်းအိမ်တော်တစ်ခုလုံးကိုပါ ဂရုစိုက်စောင့်ရှောက်ပေးရန်ဖြစ်သည်။ ထို့အပြင် သူမက နောက်ဆုံးတွင် ကွာရှင်းရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ရာ သူမကိုယ်တိုင်နှင့် ပေါင်ချန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်၏။

သူမ လီချန်ချဲ့နှင့် လက်ထပ်ထားစဉ်အတွင်း သူ့အပေါ် အတတ်နိုင်ဆုံး ကောင်းမွန်စွာ ဆက်ဆံမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ဒါပေမဲ့... ဘယ်လိုလုပ်ပေးမှ ကောင်းတယ်လို့ ခေါ်နိုင်မှာလဲ။

သူမက စုကျန်းအပေါ် နှလုံးသားတစ်ခုလုံး ပုံအောပေးခဲ့သော်လည်း စုကျန်းက လုံးဝ သဘောမကျခဲ့ပေ။ သူမက စုကျန်းအတွက် ဟင်းချက်ပေးခြင်း၊ ဆေးဖော်ပေးခြင်း၊ အိတ်ငယ်များ ပန်းထိုးပေးခြင်း၊ အဝတ်အစားနှင့် ဖိနပ်များ ချုပ်လုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပေမယ့် သူက ဂရုမစိုက်ခဲ့ရုံမက သူမအပေါ် စိတ်အနှောင့်အယှက်ဖြစ်ရုံသာ ရှိခဲ့တယ်။

လီချန်ချဲ့၏ မိသားစုက စုမိသားစုထက် များစွာ ပိုမိုချမ်းသာပြီး အဆင့်အတန်း မြင့်မား၏။ သူမ လုပ်ပေးနိုင်တဲ့အရာမှာ တကယ်ကို အကန့်အသတ်ရှိတယ်။

ရွှယ်နင်က နေ့ဝက်ခန့်အထိ စိတ်ရှုပ်ထွေးစွာ စဉ်းစားနေရင်းမှ ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်ရီပျိုးလာခဲ့သည်။ ထပ်မံ၍ အိပ်ယာဝင်ရမည့် အချိန်သို့ ရောက်ရှိလာပြန်သည်။

သူမ ပေးဆပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူမရဲ့ ခန္ဓာကိုယ်ပဲ ရှိတော့တယ်လို့ တွေးမိသည်။ အကယ်၍ သူသာ စိတ်မရှိရင်... သူမ ကြိုးစားကြည့်နိုင်ပါတယ်။

နေဝင်ရိုးရီအချိန်သို့ ရောက်ရှိလာပြီး မီးအိမ်များ ထွန်းညှိလိုက်သောအခါ စင်္ကြံလမ်းရှိ အစေခံမိန်းကလေးများက လိမ္မာပါးနပ်စွာဖြင့် ဆုတ်ခွာသွားကြသည်။ သူမ လက်ထပ်ပြီးကတည်းက ပေါင်ချန်သည် သူမ၏ အခန်းထဲတွင် အမြဲတမ်း လာရောက်ပြုစုခြင်း မရှိတော့ပေ။

အမျိုးသားက စားပွဲရှည်ကြီးတွင် မတ်မတ်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ကြည့်ရတာ စည်းကမ်းပြည့်ဝသော လူကြီးလူကောင်းတစ်ဦးကဲ့သို့ပင်။

သူမက အခန်းတစ်ဖက်မှ သူ့ကို ခိုးကြည့်လိုက်ပြီး ရေအရင်သွားချိုးမည်ဟု ပြောလိုက်သည်။

လီချန်ချဲ့က မော့ကြည့်လိုက်တဲ့အခါ မိန်းကလေးငယ်၏ နီမြန်းနေသော ပါးပြင်လေးများကို မြင်တွေ့လိုက်ရသဖြင့် သူ့အသံက အနည်းငယ် တိုးညှင်းသွားသည်။

"အင်း။"

ယခုတစ်ကြိမ်တွင် ရွှယ်နင်က မဝင်မီ သူမ၏အဝတ်အစားများကို သေချာစစ်ဆေးပြီးနောက် သန့်စင်အောင် ရေချိုးကာ နီမြန်းစိုပြေစေသော နံ့သာအနှစ်များ လိမ်းကျံပြီးမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။

မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်တွင် အမျိုးသား၏ မျက်နှာသွင်ပြင်က ထက်မြက်ပြီး ထင်ရှားလွန်းရာ အစစ်အမှန်မဟုတ်သကဲ့သို့ပင် လှပလွန်း၏။ သူတို့နှစ်ယောက်ကြား တစ်ခုခု ဖြစ်ပွားခဲ့လျှင်ပင် သူမအတွက် နစ်နာစရာ မရှိပေ။

ဒါပေမဲ့ မင်းသမီးယန်ရန်ကျတော့ရော...

ရွှယ်နင်၏ မျက်နှာလေးမှာ စိတ်ရှုပ်ထွေးမှုကြောင့် တွန့်ကွေးသွားခဲ့သည်။

ထျန်းရွှေယွမ် စံအိမ်တုန်းက မင်းသမီးက လီချန်ချဲ့ကို အဲ့လိုဆေးမျိုး ပေးတဲ့အကြောင်း ပြောခဲ့ဖူးသလို သူမကိုယ်တိုင်လည်း ညဉ့်နက်သန်းခေါင်အချိန်မှာ ဘေးခန်းကနေ ထွက်ပေါ်လာတဲ့ အသံများကို ကြားခဲ့ရတယ်။

ယေဘုယျအားဖြင့် အမျိုးသားများအနေဖြင့် ဇနီးမယားနှင့် ကိုယ်လုပ်တော် အမြောက်အမြား ရှိတတ်ကြသည်မှာ ရိုးရှင်းသော်လည်း လီချန်ချဲ့ကမူ အပျော်အပါးမက်ပြီး အလွယ်တကူ စိတ်ယိမ်းယိုင်တတ်မည့် ယောကျာ်းမျိုး ဟုတ်ပုံမရပေ။

လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပုံအပ်ရန် ဆုံးဖြတ်ခဲ့တဲ့ စိတ်ပိုင်းဖြတ်မှုကြီးက အခု တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။

All Chapters