အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) - သမီးလေးတစ်ယောက်တော့ ရှိရမယ်
သူမက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲငင်ကာ ကုတင်ပေါ်သို့ တက်လိုက်ပြီး လွင့်ဝဲနေသော ခြင်ထောင်ဇာပါးလေးကြားမှတစ်ဆင့် စားပွဲခုံတွင်ထိုင်ကာ စာဖတ်နေသော အမျိုးသားကို ခဏမျှ ကြည့်နေမိသည်။
သူမ၏ စိတ်ထဲတွင်တော့ ခဏနေ သူ ရောက်လာရင် သူမဘက်က အနည်းငယ် စတင်လှုပ်ရှားကြည့်မည်ဟု တွေးနေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် လီချန်ချဲ့က အလွန်အေးတိအေးစက်နိုင်ပြီး မိန်းမများကို အလွယ်တကူ ကလူမြှူဆွယ်တတ်သည့် ပေါ့ပျက်ပျက် သခင်လေးမျိုးနှင့် မတူပေ။
ဒါ့အပြင် သူ့ရင်ထဲမှာ သဘောကျရသူရှိနေပြီးဖြစ်လို့ သူမကို ထိတွေ့ချင်မှ ထိတွေ့လိမ့်မယ်။
သူမက သူ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် သူ့ကို အနည်းငယ် "မြှူဆွယ်" ဖို့ ကြိုးစားကြည့်မယ်။ သူ သူမကို ထိတွေ့မယ်၊ မထိတွေ့ဘူးကတော့ သူ့ဆုံးဖြတ်ချက်ပဲ။
ဤသို့ တွေးမိသောအခါ သူမ ပြန်လည်သက်သာရာရသွားသည်။
စောင်ထဲသို့ မှီချလိုက်ပြီးနောက် သူမ၏ လက်လေးက ကော်လာကို ညင်သာစွာ ဆွဲဟလိုက်ရာ ကြာပန်းရောင် ရင်ခံအင်္ကျီလေးမှာ အနည်းငယ် ပေါ်လွင်လာခဲ့သည်။
သူမက သွယ်လျသော်လည်း ရင်သားများကတော့ ထူးထူးခြားခြား ပြည့်ဖြိုး၏။ ဤထက်ပိုပါကလည်း ဝလွန်းရာကျမည်ဖြစ်ပြီး ဤထက်လျော့ပါကလည်း ပိန်လွန်းရာကျပေလိမ့်မည်။
သူမ၏ ခါးလေးမှာ လက်တစ်ဆုပ်စာမျှသာရှိမည်ဟု ထင်ရလောက်အောင် သွယ်လျနေပြီး ပြန့်ပြူးနေသော ဝမ်းဗိုက်လေးမှ အသားအရည်မှာ ကျောက်စိမ်းကောင်းတစ်ပွင့်လို ချောမွေ့နေသည်။
အခြားသူများကို ဆိုထားဘိ၊ ရင်ခံအင်္ကျီလေးထဲတွင် ဖုံးကွယ်ထားသော နုနယ်လှပသည့် ကောက်ကြောင်းများကို သူမကိုယ်တိုင် မြင်ရချိန်မှာပင် မျက်နှာတစ်ခုလုံး ပူထူသွားတာကို ခံစားလိုက်ရသည်။
သူမ ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်ပါစေ ဆက်မကြည့်ရဲတော့ပေ။ ပျင်းရိပျင်းတွဲဖြင့် မေးစေ့ကို လက်ဖြင့်ထောက်ကာ သူမ စောင့်နေလိုက်သည်။
သို့သော် သူမ စောင့်ရင်းစောင့်ရင်း အိပ်ပျော်သွားသည်အထိ သူမ "မြှူဆွယ်" ချင်သည့်သူက ရောက်မလာခဲ့ပေ။
အိပ်ပျော်သွားပြီးနောက်တွင်တော့ သူမက အလွန်တရာ အသက်ဝင်ပြီး လှပသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။
လီချန်ချဲ့က သူမ အိပ်ပျော်သွားသည်အထိ စောင့်နေပြီးမှ သူ့လက်ထဲမှ စာအုပ်ကို ချလိုက်၏။
ကုတင်ဘေးသို့ လျှောက်သွားသောအခါ မိန်းကလေးငယ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ။
သူမ၏ ပါးပြင်လေးများက နီမြန်းနေပြီး နှာခေါင်းထိပ်လေးက အလိုမကျသလို ပန်းနုရောင် ဖျော့ဖျော့လေး သန်းနေသည်။
အောက်ဘက်တွင်တော့ အလွန်နူးညံ့သည့် ချယ်ရီရောင် နှုတ်ခမ်းလေးနှစ်လွှာ ရှိနေသည်။
မနေ့ညက သူမကို နမ်းရှိုက်ခဲ့တဲ့ အခိုက်အတန့်ကို ပြန်လည်သတိရမိချိန်တွင် အမျိုးသား၏ အတွင်းစိတ်၌ ထိန်းချုပ်မရသော အပူလှိုင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"နင်နင်..."
"အင်း... ရွှေတွေ..."
သူမ၏ အိပ်မက်က အတော်လေး သာယာနေပုံရသည်။
မိန်းကလေးငယ်၏ နှုတ်ခမ်းထောင့်တွင် ချိုမြိန်ပြီး အပြစ်ကင်းစင်သော အပြုံးလေးတစ်ခု တွဲခိုနေသည်။
လီချန်ချဲ့က မြတ်နိုးစွာ ပြုံးလိုက်ပြီး သူမ၏ နူးညံ့ဖြူဝင်းသော ပါးပြင်လေးကို သူ့လက်ဖမိုးဖြင့် ပွတ်သပ်လိုက်သည်။
"စောင်ခြုံထားလေ။"
"အာ... ရွှေတွေ... ကျေးဇူးတင်ပါတယ် အဖေ..."
ရွှယ်နင်က နှုတ်ခမ်းကို သပ်လိုက်ပြီး၊ အရင်အိပ်နေတဲ့ အနေအထားကို သက်တောင့်သက်သာမဖြစ်ဟု ထင်ဟန်ဖြင့် တစ်ဖက်သို့ လှည့်ကာ ကုတင်ပေါ်တွင် ပက်လက်လှန်လိုက်သည်။
"သမီးလေးတစ်ယောက်တော့ ရှိရမယ်... သမီးလေးတစ်ယောက်တော့ ရှိရမယ်..."
သူမ လှုပ်ရှားလိုက်ချိန်တွင် ပွင့်ဟနေသော ကော်လာကြားမှ သက်ဝင်လှုပ်ရှားနေသည့် အမွှာနှစ်မြွှာက နူးညံ့စွာ တုန်ခါသွားရာ မြင်တွေ့ရသူ ဘယ်သူ့ကိုမဆို ခြောက်သွေ့သော ရေငတ်ခြင်းကို လှုံ့ဆော်ပေးနေတော့သည်။
လီချန်ချဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အကြည့်ကို လွှဲဖယ်ကာ သူမ၏ အဝတ်အစားများကို သေသပ်သွားအောင် လက်လှမ်း၍ ပြင်ဆင်ပေးလိုက်သည်။ ထို့နောက်မှ သူက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းနှစ်ချောင်းဖြင့် သူမရဲ့ နုနယ်ဖြူဝင်းတဲ့ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးနေစဉ် သူ့နှလုံးသားထဲတွင် နွေးထွေးသော ရေစီးကြောင်းတစ်ခု စီးဆင်းသွားခဲ့သည်။
ရွှယ်နင်က နှစ်ခြိုက်စွာ အိပ်မောကျနေသဖြင့် ဤအခိုက်အတန့်တွင် ဖြစ်ပေါ်နေသော သူ့ခံစားချက်များကို သဘာဝကျကျပင် မသိရှိနိုင်ခဲ့ပေ။
မွေးဖွားကတည်းက သူ့ကို မိခင်အရင်းဖြစ်သူက ရွံရှာမုန်းတီးခဲ့တယ်။
သူ့ဖခင်မှာ ကြမ်းတမ်းသော အမျိုးသားတစ်ဦးဖြစ်ပြီး ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းကို မတတ်ကျွမ်းသဖြင့် သူ့ကို နို့ထိန်းသည်ထံတွင်သာ ထားရစ်ခဲ့သည်။
ကလေးဘဝတုန်းက သူက မိခင်ဖြစ်သူ၏ ဂရုစိုက်ကြင်နာမှုများကို အမြဲတမ်း တောင့်တခဲ့ဖူးတယ်။
ဤအတွက်ကြောင့် သူမကို ပျော်ရွှင်စေရန် သူက နှိမ့်ချပြီး သနားစရာကောင်းတဲ့ အရာများစွာကို လုပ်ဆောင်ခဲ့ဖူး၏။
သို့သော် သူ ပြန်လည်ရရှိခဲ့တာ မိခင်ဖြစ်သူ၏ ပိုမိုပြင်းထန်လာသော ရွံရှာမုန်းတီးမှုများသာ။
သူက လီမိသားစု၏ မြင့်မြတ်ပြီး ပြိုင်ဘက်ကင်းသော တရားဝင်သားကြီး ဖြစ်သော်လည်း လက်တွေ့တွင်မူ အချစ်မခံရသော သနားစရာကောင်းသူတစ်ယောက်ပင်။
သူ၏ တစ်သက်တာလုံးကို မိခင်ဖြစ်သူ၏ မုန်းတီးမှုအောက်တွင်သာ ကုန်ဆုံးရတော့မယ်လို့ သူ တစ်ခါက တွေးခဲ့ဖူး၏။
ရွှယ်နင်ကို လက်ထပ်ရန် စိတ်ကူးပေါ်လာသည့် အချိန်အထိပေါ့။
မနေ့က ကြီးကျယ်ခမ်းနားတဲ့ အနီရောင် မင်္ဂလာယာဉ်တန်းကြီးဖြင့် သူမကို အိမ်သို့ ခေါ်ဆောင်လာသည့် အချိန်အထိပေါ့။
အေးစက်ပြီး တိတ်ဆိတ်နေသော သူ၏ ကျိုယင်းဆောင်ထဲတွင် သွားလာလှုပ်ရှားနေရင်း သူ့ဘေးမှာ အိပ်ပျော်နေသည့် သူမ၏ နုနယ်ပျော့ပျောင်းသော ခန္ဓာကိုယ်လေးကို ကြည့်ကာ— သူမ စကားမပြောဘဲ ကုလားထိုင်ပေါ်တွင် ထိုင်နေလျှင်ဖြစ်စေ၊ ကုတင်ပေါ်တွင် လှဲနေလျှင်ဖြစ်စေ၊ သို့မဟုတ် စင်္ကြံအောက်တွင် ရပ်နေလျှင်ဖြစ်စေ— မှီခိုအားထားနိုင်သော ခံစားချက်မျိုးကို သူ ခံစားလိုက်ရသည်။
အခု သူ့မှာ အိမ်လေးတစ်လုံး ရှိသွားပြီ၊ ပြီးတော့ သူ ကာကွယ်စောင့်ရှောက်ပြီး ချစ်မြတ်နိုးချင်တဲ့ မိသားစုတစ်ခုလည်း ရှိသွားပြီ။
ဒါကြောင့် သူက မိခင်ဖြစ်သူကို ဆန့်ကျင်ရန် သတ္တိအနည်းငယ်ပင် မွေးမြူနိုင်ခဲ့သည်။
သူမ ပေါ်လာပေးခဲ့မှုအတွက် သူ ဘယ်လောက်တောင် ကျေးဇူးတင်နေခဲ့ကြောင်းကို ရွှယ်နင် မသိခဲ့ပေ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူမကို သူ့အနားမှာ ထားရှိရန် သူ တောင့်တခဲ့ကြောင်းကိုလည်း သူမ မသိခဲ့ပေ။
သူမက စုကျန်းကို သဘောကျကြောင်း ကြားလိုက်ရချိန်တွင် သူ့နှလုံးသားက တစ်စစီ ကြေမွသွားသလို ခံစားခဲ့ရသည်။
သူက အချိန်အတော်ကြာ စိတ်ဓာတ်ကျနေခဲ့ပြီး ဟယ်ကျန့်ရှိ ကိစ္စရပ်များကို အချိန်အတော်ကြာ ရှောင်လွှဲနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမကို လက်ထပ်ခွင့်ရရန် ကောင်းကင်ဘုံက သူ့ကို အခွင့်အရေး ပေးသနားခဲ့တယ်။
"နင်နင်..."
လီချန်ချဲ့က ရင်ထဲမှ ဝမ်းသာပီတိများကို ဖိနှိပ်လိုက်ပြီး သက်ပြင်းချကာ သူမ၏ နူးညံ့သွယ်လျသော လက်ကလေးကို သူ့လက်ကြီးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ကိုယ့်ကို ထားမသွားပါနဲ့။"
...
ကျန်းကော် နယ်စားမင်းအိမ်တော် ရှီဇီ၏ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲမှာ မြို့ထဲတွင် အလျင်အမြန်ပင် လူပြောများသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
ရှီဇီ လီချန်ချဲ့က ဇနီးသည်ကို ခမ်းနားသော ယာဉ်တန်းကြီးဖြင့် ကြိုဆိုခဲ့သည့် လှပသော ဇာတ်လမ်းလေးမှာ တုန်းကျင်းမြို့၏ လမ်းမများနှင့် လမ်းကြားများတစ်လျှောက် အချိန်တိုအတွင်း ပြန့်နှံ့သွားခဲ့သည်။
တုန်းကျင်းမြို့တွင် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ကျန်းကော်နယ်စားမင်းအိမ်တော်က ဤမျှ လှုပ်လှုပ်ရှားရှားဖြစ်စေသော အဖြစ်အပျက်ဖြင့် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
သို့သော်လည်း လီလင်းဖုန်း၏ သားဖြစ်နေတာကို ထည့်တွက်ကြည့်လျှင် သူ ဘာပဲလုပ်လုပ် အံ့သြစရာတော့ မဟုတ်ပေ။
"လူသတ်နတ်ဘုရား" လီလင်းဖုန်းနှင့် သူ၏သား တုန်းကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာမှုက မြို့တွင်းရှိ အထက်တန်းလွှာများကို ကျောချမ်းသွားစေခဲ့သည်။
မည်သို့ပင်ဆိုစေ ပညာတတ် မျိုးနွယ်စုကြီး လေးခုအနက်မှ တစ်ခုဖြစ်သော လီမိသားစု၏ ခေါင်းဆောင်ဟောင်း လီမော့ကျုံးသည် တစ်ချိန်က ရာထူးကြီးမားသော အမတ်တစ်ဦးအဖြစ် အလွန် ကြီးမားသော ဩဇာအာဏာကို ကိုင်စွဲခဲ့ဖူးသည်။ မင်းဆက်အပြောင်းအလဲများနှင့် မငြိမ်မသက်ဖြစ်နေသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရသော်လည်း လီမိသားစုကမူ မတုန်မလှုပ်ဘဲ ခိုင်မြဲနေခဲ့၏။
သူ၏မြေးဖြစ်သူ လီလင်းဖုန်းမှာ တစ်ချိန်က တုန်းကျင်းမြို့နှင့် သာ့ယုံမင်းဆက် တစ်လျှောက်လုံးကိုပင် မုန်တိုင်းထန်စေခဲ့သူ ဖြစ်သည်။ လတ်တလောနှစ်များတွင်တော့ သူက ဟယ်ကျန့်သို့ ဆုတ်ခွာသွားခဲ့ပြီး မြို့တော်တွင် သူနှင့်ပတ်သက်သော ကောလာဟလများလည်း လျော့နည်းသွားခဲ့သည်။ သို့တိုင် မှတ်ဉာဏ်ရှိသူတိုင်းက ကျန်းကော် နယ်စားမင်းအိမ်တော်၏ ယခင်က ဘုန်းတန်ခိုးကြီးမားမှု၊ စည်ပင်ဝပြောမှုနှင့် အကန့်အသတ်မဲ့ ချမ်းသာကြွယ်ဝမှုတို့ကို မှတ်မိနေကြဆဲပင်။
သေချာပေါက်ပင် ယခုလက်ရှိ ကျန်းကော် နယ်စားမင်းအိမ်တော်မှာလည်း ယခင်က ခမ်းနားကြီးကျယ်မှုများနှင့် သိပ်မကွာခြားလှပေ။
လီလင်းဖုန်းနှင့် သူ၏သား မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း ကြားသိရသောအခါ ဧကရာဇ်က သူ့ကို နန်းတော်သို့ ဝင်ရောက်ခစားရန် ဆင့်ခေါ်သည့် အမိန့်တော်သုံးရပ်ကို တစ်ဆက်တည်း ထုတ်ပြန်ခဲ့သည်။
ယနေ့တိုင်အောင် သူက အိုမင်းနေပြီဖြစ်သော ဧကရာဇ်ကို မျက်နှာသာပေး၍ နန်းတော်သို့ ဝင်ရောက်လာခြင်း မရှိသေးချေ။
ဧကရာဇ်အိုကြီးမှာ ဘာမှမတတ်နိုင်ဘဲ လီမိသားစုဘက်မှ စတင်လှုပ်ရှားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရတော့၏။
မည်သို့ပင်ဆိုစေ သာ့ယုံ၏ ပညာတတ် မျိုးနွယ်စုကြီး လေးခုအနက် ကျန်းကော်နယ်စားမင်းကသာလျှင် စစ်တပ်အာဏာကို ကိုင်စွဲထားဆဲ ဖြစ်သည်။
ထို့အပြင် သူ၏ တစ်ဦးတည်းသောသား လီချန်ချဲ့မှာ ဤခမ်းနားသော မင်္ဂလာပွဲတွင် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
လူတိုင်းက လီလင်းဖုန်းကို ကြောက်ရွံ့ကြသော်လည်း လီချန်ချဲ့နှင့် ပတ်သက်၍မူ ဘာတစ်ခုမှ မသိကြပေ။
ဂုဏ်သတင်းကြီးမားသော လီမိသားစုတွင် မွေးဖွားလာခဲ့သည့် ဤလူငယ်လေးမှာ လီလင်းဖုန်း၏ တစ်ဦးတည်းသော တရားဝင်သားဖြစ်ပြီး အလွန် ထူးကဲသော ရုပ်ရည်သွင်ပြင်ကိုလည်း ပိုင်ဆိုင်ထား၏။
သို့သော် သူ၏ နည်းဗျူဟာများနှင့် စိတ်နေသဘောထားကိုမူ ဘယ်သူမှ မသိကြပေ။
လီချန်ချဲ့ကို မြင်ဖူးသူများက သူက ဖခင်ဖြစ်သူနှင့် ရုပ်ချင်းဆင်တူပြီး နွေဦး တော်ဝင်စာမေးပွဲတွင်ပင် အထောက်အထားကို ဖုံးကွယ်၍ ဝင်ရောက်ဖြေဆိုခဲ့ဖူးကြောင်း ပြောဆိုကြရုံမျှသာ ရှိသည်။
ဤအကြောင်းကို ကြားသောအခါ မြို့တော်ရှိ လူများက သူ့ထံမှ မျက်နှာသာရရန် အလျင်အမြန် ကြံစည်လာကြတော့သည်။
ကံဆိုးစွာဖြင့် ဤတောင့်တင်းခိုင်မာသော အာဏာကိုင်းကျွန်းကြီးကို ရွှမ်းယီနယ်စားမင်းအိမ်တော်မှ မိဘမဲ့ မိန်းကလေးငယ်က စောစီးစွာပင် လက်ဝါးကြီးအုပ်သွားခဲ့လေပြီ။
လူတိုင်း သက်ပြင်းချကြသည်၊ လူတိုင်း ကြောက်ရွံ့ကြသည်၊ လူတိုင်း စိုးရိမ်ပူပန်ကြပြီး ဩဇာအာဏာရှိသော ဤလူသစ်ကို ဆွဲဆောင်စည်းရုံးရန် နည်းလမ်းများကို စတင်ရှာဖွေလာကြတော့သည်။
သို့သော် လီရှီဇီမှာ ယခုမှ လက်ထပ်ထားခါစဖြစ်ပြီး သူ၏ ဇနီးသစ်လေးနှင့် ကြင်စဦးကာလတွင် ရှိနေကာ ခွဲမရအောင် ချစ်ခင်ကြင်နာနေကြ၏။
ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပို့လိုက်သော ဖိတ်စာတစ်စောင်မှ ပြန်ကြားချက် မရရှိခဲ့ပေ။
ဉာဏ်ရည်သွက်လက်သူများက ရွှယ်နင်၏ မိသားစုမှတစ်ဆင့် ဆက်သွယ်နိုင်ရန် မကြာမီ စတင်ကြိုးပမ်းလာကြတော့သည်။
သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ကြီးပြင်းလာခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမှ ရှီဇီစု၏ မွေးစားညီမအဖြစ် အသိအမှတ်ပြုခံခဲ့ရတာ မဟုတ်လား။ ဤအဆက်အသွယ်ဖြင့်ဆိုလျှင် မျက်နှာသာရရန် အလွယ်ကူဆုံး ဖြတ်လမ်းတစ်ခု သေချာပေါက် ဖြစ်လိမ့်မယ်။
ထို့ကြောင့် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ တဖြည်းဖြည်း တိုးများလာတော့သည်။
မနက်စောစောတွင် တံခါးစောင့်က နောက်ထပ် ဖိတ်စာတစ်စောင်ကို လာပို့ပြန်၏။
သခင်မနျဲ့သည် ဝမ်ရှို့ဆောင်ရှိ ကိစ္စရပ်များကို ညဉ့်နက်သည်အထိ ဖြေရှင်းနေခဲ့ရသဖြင့် ယခုအခါ သမ်းဝေနေတော့သည်။ ဝတ်ရုံကို ကိုယ်တွင် ပတ်ထားရင်း သူမက လိုဟန်ကုတင်ပေါ်တွင် ထိုင်ကာ ဖိတ်စာပါ အကြောင်းအရာများကို လှမ်းကြည့်လိုက်သည်။
၎င်းမှာ သူမအား ပွဲတော်တစ်ခုသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် နောက်ထပ် ဖိတ်စာတစ်စောင်သာ ဖြစ်နေပြန်သည်။
"သခင်မ နောက်ထပ် နည်းနည်းလောက် အိပ်ချင်သေးလား။ မနေ့ကတည်းက ဖိတ်စာတွေ အပုံလိုက် ကျနေတာ။ သခင်မ အနားယူပြီးမှ ဘယ်ပွဲတက်မလဲဆိုတာ ရွေးချယ်လို့ ရပါတယ်။"
အထိန်းတော်ကျောက်က လိုက်ကာကို မတင်ကာ ဝင်လာပြီး လက်ဖက်ရည်ပူပူ ငှဲ့ကာ ရေနွေးနှင့် မျက်နှာသုတ်ပုဝါများကို စင်ပေါ်တွင် တင်ပေးလိုက်သည်။