← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) - မျက်နှာလိုမျက်နှာရ ဖားယားခြင်း

ရွှယ်နင် လက်ထပ်သွားကတည်းက သခင်မကျန်းက ဘိုးဘွားခန်းမမှာ ဒူးထောက်အပြစ်ပေးခံရပြီး၊ စုယီလီက အပြင်လူတွေရှေ့မှာ အရှက်ခွဲခံရကာ ပြီးခဲ့သည့်ညက လီယွမ်မှာ မအိပ်ခဲ့သလို၊ သခင်မနျဲ့ကလည်း မင်္ဂလာဆောင်နေ့က လီချန်ချဲ့၏ အေးစက်စူးရှသော မျက်နှာထားကို ပြန်တွေးမိပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

"အိမ်တော်သခင်မ နေရာက ထင်သလောက် မလွယ်ဘူးပဲ။ အရင်က သခင်မကျန်းကို အရမ်း ဩဇာညောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခု ငါ့လက်ထဲရောက်လာမှပဲ ဘယ်လောက်ခက်ခဲပင်ပန်းလဲဆိုတာ တကယ် နားလည်လာတော့တယ်။"

နွေဦးရာသီ ရောက်ရှိလာသည်နှင့်အမျှ မြို့တော်ရှိ ပွဲလမ်းသဘင်များမှာလည်း ပိုမို များပြားလာခဲ့သည်။

အထူးသဖြင့် နောက်နှစ်ရက်အကြာတွင် နွေဦး တော်ဝင်စာမေးပွဲရလဒ်များ ထွက်ပေါ်လာတော့မည်ဖြစ်ရာ အချို့လူများမှာ ပြန်လည် လှုပ်လှုပ်ရွရွ ဖြစ်လာကြပြန်သည်။

သခင်မနျဲ့က ဤအိမ်မှုကိစ္စများကို အမုန်းဆုံးပင်။

အရင်က အေးအေးလူလူနေရတဲ့ ကိုယ်လုပ်တော်တစ်ယောက်အနေဖြင့် သူမက နေ့တိုင်း စုယီလီကိုပဲ ပြုစုယုယရန် လိုအပ်ပြီး သူမ၏ဘဝမှာ အလွန် သက်တောင့်သက်သာ ရှိသည်။

အခုတော့ သူမက သခင်မကြီးရှဲ့ကို ပြုစုရုံသာမက စာရင်းဇယားများကို စစ်ဆေးကာ အိမ်မှုကိစ္စများကိုပါ စီမံခန့်ခွဲနေရပြီ။

ရှုပ်ထွေးနေသော ထိုစာရင်းအုပ်များကို သူမ လုံးဝ နားမလည်နိုင်သေးပေ။

စာရင်းကိုင်များ ပို့လာသော ထူထဲသည့် စာရင်းအုပ်များကို မြင်ရတိုင်း သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် တဒိတ်ဒိတ်ခုန်နေပြီး တစ်ခုခု မှားယွင်းသွားမှာကို အမြဲတမ်း ပူပန်နေတတ်၏။

သူမက တုန်လှုပ်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်သည်။

"မနေ့က စာရင်းတွေရော... အဲဒီစာရင်းအုပ်တွေကို စစ်ပြီးပြီလား။"

အထိန်းတော်ကျောက်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီးနောက် သူမက ပြုံးကာ ပြောလိုက်သည်။

"ဒီအစေခံအိုကြီး သခင်မအတွက် စစ်ဆေးပြီးပါပြီ။ ဘာအမှားမှ မရှိလို့ သခင်မ စိတ်ချလက်ချ နေလို့ရပါတယ်။"

အထိန်းတော်ကျောက်သည် သခင်မနျဲ့ နယ်စားအိမ်တော်သို့ ခေါ်ဆောင်လာခဲ့သူဖြစ်ပြီး သူမ အယုံကြည်ရဆုံး လူယုံတော်တစ်ဦး ဖြစ်သည်။ သူမကို ကူညီပေးမည့်သူ ရှိနေသဖြင့် အရာရာက အနည်းငယ် ပိုမိုလွယ်ကူသွားခဲ့သည်။ ကျေနပ်သွားသော သခင်မနျဲ့က လက်ဖက်ရည်ပူပူ တစ်ငုံသောက်လိုက်ပြီး သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် ဖိတ်စာများကို ရွေးချယ်နေလိုက်သည်။

"ဒီလူတွေ အားလုံး ရွှယ်နင်ကြောင့် ရောက်လာကြတာ ဖြစ်ရမယ်။ မိုးလင်းတာနဲ့ သခင်မကြီး စစ်ဆေးကြည့်လို့ရအောင် ဒီဖိတ်စာတွေကို ဝမ်ရှို့ဆောင်ကို ယူသွားမယ်။"

အထိန်းတော်ကျောက်က ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ"

ထို့နောက် သူမက ကိုယ်လုပ်တော်နျဲ့ မျက်နှာသစ်ပြင်ဆင်ရန် ကူညီပေးဖို့အတွက် လူတစ်ယောက်ကို ခေါ်လိုက်၏။

သူမ ဝမ်ရှို့ဆောင်သို့ ရောက်ရှိလာချိန်တွင် သခင်မလျိုနှင့် သခင်မတုန်းတို့က အထဲတွင် ထိုင်နေကြပြီဖြစ်သည်။

ယနေ့မှစ၍ နှင်းများ တိတ်သွားပြီဖြစ်သော်လည်း အပြင်ဘက်တွင်မူ အေးစက်သော မြူခိုးများ လွှမ်းခြုံနေဆဲဖြစ်သည်။

အခန်းမကြီးမှာ အလင်းရောင် မှိန်ပျပျသာရှိပြီး အစေခံမိန်းကလေးများက မီးအိမ်များ ထွန်းညှိထားသော်လည်း အုံ့မှိုင်းနေဆဲပင်။

သခင်မနျဲ့က ပြုံးလိုက်ပြီး ဖိတ်စာများကို စုစည်းကာ သခင်မကြီးရှဲ့ထံသို့ ဆက်သလိုက်သည်။

သခင်မကြီးရှဲ့၏ မျက်နှာမှာ ဖြူရော်နေပြီး ဖိတ်စာများကို တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် ဤဖိတ်စာများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ သေချာပေါက်ပင် ရွှယ်နင်က အထက်တန်းလွှာအသိုင်းအဝိုင်းသို့ တက်လှမ်းသွားနိုင်တာကို မြင်တဲ့အခါ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို မျက်နှာလိုမျက်နှာရ ဖားယားချင်သူများထံမှ လာသော ဖိတ်စာများသာ ဖြစ်လိမ့်မည်။

သို့သော် အမှန်တရားမှာ အကယ်၍ သူမသာ ထိုစဉ်က ရွှယ်နင်အပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံခဲ့ရင် ယခုဆိုလျှင် ဤဖိတ်စာများကို အပြစ်ကင်းစင်သောစိတ်ဖြင့် လက်ခံနိုင်မည်ဖြစ်သည်။ သို့သော်လည်း... ဘဝတွင် "အကယ်၍" ဆိုတာ မရှိပေ။ အိမ်တော်တစ်ခုလုံးတွင် သူမက ရွှယ်နင်ကို အမြဲတမ်း အထင်အသေးဆုံးပင်။

ရွှယ်နင် ငယ်ငယ်တုန်းက စုယင်၊ စုရှီး၊ သို့မဟုတ် စုချင်းတို့ထဲမှ ဘယ်သူက အနိုင်ကျင့်သည်ဖြစ်စေ သခင်မကြီးရှဲ့က အမြဲတမ်း ရွှယ်နင်ကိုသာ အပြစ်တင် ဖိနှိပ်လေ့ရှိသည်။

တစ်နှစ်တွင် သူမ၏မွေးနေ့၌ ရွှယ်နင်က အိမ်တော်ထဲတွင် ရွှယ်ဇနီးမောင်နှံအတွက် စက္ကူပိုက်ဆံများ မီးရှို့ပေးနေတာကို မြင်လိုက်ရသဖြင့် ဒေါသတကြီးဖြင့် သူမကို ပါးချခဲ့ဖူးသည်။

ထိုမျှ ငယ်ရွယ်သော ကလေးမလေးမှာ ရင်ကွဲမတတ် ငိုကြွေးနေခဲ့ရ၏။ ထိုစဉ်က သခင်မကျန်းသာ တားမပေးခဲ့လျှင် သူမက ထိုကလေးကို နယ်စားမင်းအိမ်တော်ပြင်ပသို့ မောင်းထုတ်ပစ်ချင်ခဲ့မိသည်။

ယခု ထိုအကြောင်းများကို ပြန်တွေးမိတဲ့အခါ သခင်မကြီးရှဲ့သည် သူမ၏ အတိတ်က လုပ်ရပ်များအတွက် အလွန်အမင်း နောင်တရနေပြီး ဘယ်လို ပြန်လည်ကုစားရမလဲဆိုတာကို မသိတော့ပေ။

ကံကောင်းတာ သူမက ရွှယ်နင်၏ စရိုက်ကို အနည်းငယ် နားလည်ထားဆဲပင်။ ရွှယ်နင်က လိမ္မာရေးခြားရှိပြီး နာခံတတ်သည့် မိန်းကလေးတစ်ဦး ဖြစ်တာကြောင့် သူမဘက်ကသာ အောက်ကျို့ပြီး နူးညံ့သော စကားအချို့ ပြောလိုက်လျှင် ရွှယ်နင်က သူမ၏ အတိတ်က လျစ်လျူရှုမှုများကို သေချာပေါက် ခွင့်လွှတ်ပေးလိမ့်မယ်။

"ဒီနှစ်ရက်အတွင်း ဘာမှမလုပ်နဲ့ဦး။ မနက်ဖြန်ကျရင် ရွှယ်နင်နဲ့ သမက်အသစ်က သုံးရက်မြောက် အိမ်ပြန်ခရီး လာကြလိမ့်မယ်။ သေချာ ပြင်ဆင်ထားလိုက်ကြ။"

သခင်မနျဲ့က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ။"

သမက်အသစ်အကြောင်း ပြောလိုက်သည်နှင့် မိသားစုတစ်ခုလုံး တင်းမာသွားကြသည်။ သခင်မလျိုနှင့် သခင်မတုန်းက ရှုပ်ထွေးသော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

သခင်မလျိုက တုံ့ဆိုင်းနေပြီးမှ စကားစလိုက်သည်။

"သခင်မကြီး... ကျွန်မတို့ တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပြင်ဆင်ထားသင့်လားဟင်။"

သခင်မတုန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသည်။

"လီမိသားစုရှေ့မှာ ငါတို့ပစ္စည်းတွေက ဘာတန်ဖိုးရှိမှာမလို့လဲ။"

သခင်မလျ်ိုက နှုတ်ခမ်းကို စေ့လိုက်သည်။

"ကျွန်မကို မေးရင်တော့ ရွှယ်နင် ကြိုက်တတ်တဲ့ စားစရာတွေကို ပိုပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်။"

"ဒါပေမဲ့ ရွှယ်နင်က..."

သခင်မနျဲ့က ခဏတုံ့ဆိုင်းသွား၏။

"သူ(မ) ဘာကြိုက်တတ်လဲ။"

ဤစကား ထွက်လာသည်နှင့် လူတိုင်း ကြောင်အမ်းသွားကြသည်။ အရင်တုန်းက အမြဲတမ်း ရွှယ်နင်ကသာ သူတို့အလိုကို လိုက်ခဲ့ခြင်း ဖြစ်သည်။ သူမက မိဘမဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ဘယ်သူကမှ အရေးမစိုက်ခဲ့ကြသဖြင့်... သူမ ဘာကြိုက်တတ်လဲဆိုတာကို ဘယ်သူက သိပါ့မလဲ။

သခင်မနျဲ့က ပြောလိုက်သည်။

"ခဏနေရင် ရှီဇီဆီ လူလွှတ်ပြီး မေးကြည့်ရမလား။"

"ရှီဇီတောင် သိပါ့မလား မသိဘူး။"

သခင်မတုန်းက တုံ့ဆိုင်းစွာဖြင့် ထပ်ပြောသည်။

"ဒါမှမဟုတ် သခင်မကျန်းနဲ့ မန်မန်တို့ကို မေးကြည့်ရင်ရော။'

သခင်မလျိုက ပြန်ဖြေသည်။

"သခင်မကျန်းက ဘိုးဘွားခန်းမထဲမှာပဲ နေနေတာ။ ကျွန်မ သွားခေါ်ပေမဲ့ အထိန်းတော်စုန့်က သူ(မ) ပြန်ဖျားနေလို့ ဘယ်သူ့ကိုမှ မတွေ့နိုင်ဘူးလို့ ပြောတယ်။ မန်မန်ကျတော့လည်း ကျန်းမိသားစုဆီ သွားတယ်မဟုတ်လား။ အခုထိ ပြန်မလာသေးဘူး။"

သခင်မတုန်းက သိချင်စွာဖြင့် မေးလိုက်သည်။

"သူ(မ)က ဘာလို့ ကျန်းမိသားစုဆီ ထပ်သွားရတာလဲ။"

သခင်မလျိုက ရှင်းပြသည်။

"ကြားရသလောက်တော့ လီမိသားစု မင်္ဂလာ လာဆောင်တဲ့နေ့က သခင်မကျန်းက သူ(မ)ကို ပြန်လွှတ်လိုက်တာတဲ့။"

"မနက်ဖြန် ရွှယ်နင် ပြန်လာလို့ သခင်မကျန်းကို မတွေ့ရင် ငါတို့ ဘာပြောရမလဲ။"

သခင်မနျဲ့၏ အသံတွင် လှောင်ပြောင်မှုများ စွက်နေသည်။ သခင်မကျန်း အခုနောက်ပိုင်း ထူးထူးဆန်းဆန်း ဖြစ်လာတာကို သူမ တွေးမိရင်း နယ်စားမင်းကတော် ဖြစ်နေရုံဖြင့် တကယ်ကို အရှိန်အဝါ ပြချင်နေတယ်လို့ ထင်နေမိသည်။ နယ်စားမင်းက သူမအပေါ် ပိုရွံရှာသွားမှာကို မကြောက်ဘူးလား။ ကိုယ့်သမီးအရင်းကို မိခင်ဘက်က မိသားစုဆီ အကြိမ်ကြိမ် ပြန်လွှတ်နေရအောင်။ ဒီအကြောင်း အပြင်လူတွေသိသွားရင် ရယ်စရာ ဖြစ်တော့မယ်။

သခင်မတုန်းက ထပ်မံရယ်မောလိုက်သည်။

"ရှင်တို့အားလုံးက သူ(မ)ကို အရမ်းအရေးတယူ လုပ်လွန်းနေကြတာပါ။ သူ(မ)က လီမိသားစုထဲကို ခမ်းနားတဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ လက်ထပ်ဝင်ရောက်သွားတယ်ဆိုပေမဲ့ လီရှီဇီက စစ်သူကြီးလုရဲ့သားနဲ့ သေတူရှင်မကွာ ခင်မင်တဲ့ ဆက်ဆံရေးရှိလို့သာ သူ(မ)ကို မျက်နှာသာပေးတာပါ။ အဲဒီတုန်းက လီလင်းဖုန်း သခင်မဝမ်ကို ဘယ်လိုလက်ထပ်ခဲ့လဲဆိုတာ ရှင်တို့ မသိကြဘူးလား။ လီမိသားစုက ယောကျ်ားတွေက မိန်းမတွေအပေါ် မကြင်နာတတ်ကြဘူး။ ရွှယ်နင် လက်ထပ်ပြီးသွားရင် ဘယ်လိုဘဝမျိုးနဲ့ နေရမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါ့အပြင် အဲဒီခန်းဝင်ပစ္စည်းတွေက လီရှီဇီက သူ(မ)ကို ပေးထားတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ လီမိသားစုပိုင်တာပဲ။ ရွှယ်နင်နဲ့ ဘာမှမဆိုင်ဘူး။"

"ကျွန်မကို မေးရင်တော့..."

လူတိုင်းက ရွှယ်နင်ကို မျက်နှာလိုမျက်နှာရ ဖားယားချင်နေကြတာကို မြင်သောအခါ သခင်မလျိုက ဒေါသထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"သူ(မ)က ဘာများ အရေးပါလို့လဲ။ ရိုးရိုးတန်းတန်းပဲ ဆက်ဆံပါ။ အထွတ်အထိပ်မှာ ထားစရာ မလိုပါဘူး။"

လူအုပ်ကြီးက ဆက်လက် ငြင်းခုန်ပြောဆိုနေကြသော်လည်း မည်သည့် ကောက်ချက်ချမှုမျှ မရနိုင်ခဲ့ပေ။

သခင်မကြီးရှဲ့က မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပို၍ စိတ်ဆင်းရဲလာသလို ခံစားလိုက်ရ၏။

"တော်ကြတော့! အားလုံးပဲ တိတ်တိတ်နေကြစမ်း!"

နယ်စားမင်းအိမ်တော်ရှိ တရားဝင်နှင့် တရားမဝင် သမီးများအားလုံးထဲတွင် သူမက သူတို့ကို ဂရုတစိုက် ပျိုးထောင်ပေးရန် အထူး စီစဉ်ပေးခဲ့သည်။ နောက်ဆုံးတွင် သူမ အမြဲတမ်း အထင်သေးခဲ့တဲ့ ရွှယ်နင်က လီမိသားစုဆိုတဲ့ သစ်ကိုင်းမြင့်ကြီးပေါ်သို့ တက်လှမ်းသွားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။

အောက်ဘက်တွင် ထိုင်နေကြသော စုယင်နှင့် စုချင်းတို့ကို ကြည့်လိုက်သောအခါ သူမအတွက် စိတ်ပျက်စရာမှလွဲ၍ ဘာမှ မမြင်တွေ့ရပေ။

အထူးသဖြင့် နွေဦးတောအုပ် ပွဲတော်တွင် ဂုဏ်သတင်း လုံးဝ ပျက်စီးသွားခဲ့သော စုယင်ပင်။

မြို့တော်မှာ ဘယ်သူကများ ပါးနပ်မှု မရှိဘဲ နေမှာလဲ။ ရွှမ်းယီနယ်စားမင်းအိမ်တော်မှ သမီးများ အရှက်ကွဲသွားတာကို လူတိုင်း သိကြပြီး အားလုံးက လဲနေသူကို ထပ်ဆင့် နင်းချေရန်သာ အလုအယက် ကြိုးစားနေကြသည်။

ပြီးခဲ့သည့်ရက်ကတင် အောင်သွယ်တော်များ ရောက်လာပြီး သူမကို ကိုယ်လုပ်တော်အဖြစ် ကမ်းလှမ်းခဲ့ကြ၏။ ရွှမ်းယီနယ်စားမင်းအိမ်တော်က တုန်းကျင်းမြို့မှာ ရပ်တည်ရန် ဘာမျက်နှာ ကျန်တော့မလဲ။

သခင်မကြီးရှဲ့၏ မျက်နှာထားက ပို၍ ဆိုးရွားလာခဲ့သည်။

"စုယင်အတွက် လော်မိသားစုနဲ့ လက်ထပ်ပွဲ စေ့စပ်ဆွေးနွေးမှု ဘယ်လိုနေလဲ။"

ကိစ္စရပ်များ ကိုင်တွယ်ရာတွင် သခင်မကျမ်းလောက် ပါးနပ်မှုမရှိသော သခင်မနျဲ့သည် လော်မိသားစုထံ သွားရောက်လည်ပတ်စဉ်က သခင်မကြီးလော်၏ နှိမ်ချဆက်ဆံခြင်းကို ခံခဲ့ရသည်။ သူမ၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီမြန်းသွားပြီး စကားကို ထစ်အစွာဖြင့် ပြန်ဖြေလိုက်သည်။

"သခင်မကြီးလော်က သေချာတဲ့ အဖြေ မပေးသေးဘူး။ စာမေးပွဲရလဒ်တွေ ထွက်လာတဲ့အထိ စောင့်သင့်တယ်လို့ သူ(မ)က ပြောတယ်။"

သခင်မလျိုက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

"သူ(မ)သားကပဲ သိပ်ကြီးကျယ်နေတဲ့ အတိုင်းပဲ။"

စုယင်က သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်၏။

"အဘွား... အဲဒါ မြေးမ အမှား မဟုတ်ပါဘူး။ လော်ဝမ်ကျွင်းက မြေးမကို မြှူဆွယ်ခဲ့တာ... သူက မြေးမကို အထင်သေးရင် မြေးမလည်း သူ့ကို အထင်သေးပါတယ်။"

သခင်မကြီးရှဲ့က စိတ်မရှည်စွာ ငေါက်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း! သူကလွဲရင် တခြား ဘယ်သူက နင့်ကို လက်ထပ်မယ်လို့ ထင်နေလဲ။"

ဤရှုပ်ထွေးနေတဲ့ ကိစ္စများက အလွန် စိတ်ပျက်ဖွယ် ကောင်းလှသည်။

ရွှမ်းယီနယ်စားမင်းအိမ်တော်က စည်ပင်ဝပြောပုံပေါ်သော်လည်း နောက်ဆုံးတွင်တော့ မည်သည့် အာဏာ သို့မဟုတ် စစ်ရေးအာဏာမျှ အမှန်တကယ် ကိုင်စွဲထားခြင်း မရှိပေ။

ကံကောင်းထောက်မစွာဖြင့် စုကျန်းက သူ၏ အရည်အချင်းကို သက်သေပြနိုင်ခဲ့ပြီး နန်းတွင်းအတွင်းဝန်ရုံးသို့ ဝင်ရောက်ကာ ဝန်ကြီးချုပ်ယန်၏ နောက်ဆုံး တပည့်ဖြစ်လာခဲ့သည်။ ယခု ဝန်ကြီးချုပ်ယန် အသည်းအသန် ဖျားနာနေချိန်တွင် စုကျန်းက လွန်ခဲ့သော နှစ်ရက်အတွင်း ယန်အိမ်တော်သို့ သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။ လူတိုင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်ကို အနီးကပ် စောင့်ကြည့်နေကြပြီး ဤအချိန်တွင် မည်သည့် အမှားအယွင်းမျှ အဖြစ်ခံ၍ မရပေ။

All Chapters