← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) - အရွယ်ရောက်ခြင်း အခမ်းအနား

"ဟက်..."

ရှဲ့နင်းထန်က ရယ်မောလိုက်သည်။

"ငါကတော့ ဒါကို ကောင်းတဲ့အရာလို့ မြင်တယ်။ ရွှယ်နင် ပြန်လာတာက ငါ့‌ယောကျာ်းရဲ့ နှလုံးသားကို ဘာမှ လှုပ်ခတ်စေမှာ မဟုတ်ပေမဲ့ သူနဲ့ ငါ အတူတူရှိနေတာကို သူ(မ) မြင်လိုက်ရရင်တော့ မနာလိုဝန်တိုမှုတွေနဲ့ အရူးအမူး ဖြစ်သွားလိမ့်မယ်။"

ရှောင်လင်တန့်က စိုးရိမ်စွာဖြင့် ထပ်ပြောသည်။

"ဝန်ကြီးချုပ်ယန်ရဲ့ မြေးမလေးက အရွယ်ရောက်ကာစပဲ ရှိသေးတယ်လို့ ကြားတယ်။ ရှီဇီက ဒီရက်ပိုင်း အိမ်မပြန်ဘူးလေ။ သခင်မလေး မစိုးရိမ်ဘူးလား။"

"စိုးရိမ်တာပေါ့။"

ရှဲ့နင်းထန်က ရွှေဆံထိုးတစ်ခုကို ကောက်ယူကာ သူမ၏ ဆံထုံးတွင် ထိုးစိုက်လိုက်သည်။

"ဒါပေမဲ့ ငါ့ယောကျာ်းက မိန်းမအလှအပတွေနဲ့ လှည့်စားလို့ရမယ့်လူမျိုး မဟုတ်ဘူး။ ရွှယ်နင်လို အလှမျိုးကိုတောင် စိတ်မဝင်စားခဲ့တာ၊ ယန်မိသားစုက မိန်းကလေးကို ဘာလို့ စိတ်ဝင်စားမှာလဲ။"

ထိုသို့ ပြောဆိုနေသော်လည်း ရှဲ့နင်းထန်မှာ စိတ်မသက်မသာ ဖြစ်နေဆဲပင်။

စုကျန်းက ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ယန်အိမ်တော်တွင်သာ နေထိုင်နေခဲ့သည်။

ပြန်တွက်ကြည့်လျှင် သူတို့လင်မယားမှာ လက်ထပ်ပြီးကတည်းက ရွှယ်နင် မင်္ဂလာဆောင်နေ့တွင်သာ တစ်ကြိမ်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် လုံးဝ မတွေ့ခဲ့ကြပေ။

ရှဲ့နင်းထန်သည် နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာတာ မကြာသေးပေ။ မင်္ဂလာဦးညတွင်သာ ခင်ပွန်း၏ အချစ်ကို ရရှိခဲ့ပြီး အိမ်ထောင်မှု သာယာမှုကို အရသာခံရုံရှိသေး၊ စုကျန်းနှင့် ကလေးယူရန် အလွန်တက်ကြွစွာ မျှော်လင့်နေခဲ့သည်။

သို့သော် အခုတော့ မင်္ဂလာဆောင်ပြီး မကြာခင်မှာပင် ခင်ပွန်းဖြစ်သူက သူမအနားကို မလာတာ ရက်အတော်ကြာပြီဖြစ်လို့ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေ၏။

သခင်မနျဲ့က အသုံးမကျသူဖြစ်ပြီး အိမ်မှုကိစ္စကို စီမံခန့်ခွဲရန် မစွမ်းဆောင်နိုင်၊ ချိုသာတဲ့ စကားများပဲ ပြောတတ်သည်။

သခင်မကျန်း ဘိုးဘွားခန်းမသို့ ရောက်သွားပြီးနောက် နယ်စားမင်းအိမ်တော်၏ အာဏာအများစုမှာ သခင်မကြီးရှဲ့၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

သခင်မကြီးရှဲ့က သူမကို ရွှမ်းယီနယ်စားမင်းအိမ်တော်ကို စီမံခန့်ခွဲစေလိုသော်လည်း စုကျန်းအကြောင်းသာ တွေးနေမိသဖြင့် စိတ်မပါဘဲ ဖျားနာတယ်လို့ အကြောင်းပြကာ မင်ယွဲ့ဆောင်တွင် အနားယူနေခြင်းဖြစ်သည်။

သို့သော် ယနေ့မှာမူ မတူညီပေ။ ယနေ့တွင် ရွှယ်နင် ပြန်လာမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရွှယ်နင်ရှေ့မှာ သူမ၏ အရှိန်အဝါကို ထုတ်ပြမှ ဖြစ်မယ်။

သူမက စုကျန်း၏ ဇနီး၊ စုကျန်း၏ နှလုံးသားထဲမှာ အဖိုးတန်ဆုံး အမျိုးသမီးက ဘယ်သူလဲဆိုတာကို ရွှယ်နင် နားလည်အောင် လုပ်ရမယ်။

ဤအချက်ကို တွေးမိသောအခါ ရှဲ့နင်းထန်၏ နှုတ်ခမ်းများ ပို၍ ကော့ညွှတ်သွားသည်။

"လက်ဖက်ရည်နဲ့ မနက်စာ ပြင်ထားခိုင်းလိုက်။ ရှီဇီ ခဏနေရင် လာစားတော့မှာ။"

ရှောင်လင်တန့်က ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

မကြာမီပင် စုကျန်းသည် အနက်ရောင် ဝတ်ရုံဖြင့် မင်ယွဲ့ဆောင်ထဲသို့ ဝင်ရောက်လာသည်။

အမျိုးသားမှာ ရုပ်ရည်ခန့်ညားပြီး ဂုဏ်သိက္ခာရှိသော်လည်း မျက်နှာတွင် မောပန်းနွမ်းနယ်မှုများ ဖုံးလွှမ်းနေ၏။

တရားရေးဌာနတွင် တာဝန်များ ပိနေသည်။ ဝန်ကြီးချုပ်ယန် အသည်းအသန် ဖျားနာပြီးနောက် တာဝန်အများစုမှာ စုကျန်း၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။

မြို့တော်ရှိ လူတိုင်းက စုကျန်းကို ဝန်ကြီးချုပ်ယန်၏ တပည့်ရင်းဟု ပြောဆိုနေကြသည်။ ဝန်ကြီးချုပ်ယန် ကွယ်လွန်ခဲ့လျှင် စုကျန်းက သူ့အမွေကို ဆက်ခံရမှာ အသေအချာပင်။ လက်ရှိဧကရာဇ်ကလည်း စုကျန်းကို အလွန် အလေးထား၏။ မင်္ဂလာဆောင်နေ့တွင်ပင် ဧကရာဇ်က နန်းတော်မှ လက်ဆောင်များစွာ ပေးအပ်ခဲ့သည်။

ရှဲ့နင်းထန်က အလျင်အမြန် ပြေးသွားပြီး သူ၏ လက်မောင်းကို တွဲကိုင်ကာ ချွဲနွဲ့ပြောဆိုလိုက်သည်။

"ယောကျာ်း.. နောက်ဆုံးတော့ ပြန်လာပြီနော်။ ဒီရက်ပိုင်းအတွင်း ကျွန်မ ရှင့်ကို ဘယ်လောက်တောင် လွမ်းနေလဲ သိရဲ့လား။"

သူတို့မှာ မင်္ဂလာဦးကာလ ဖြစ်သဖြင့် ထိုသို့ ရင်းနှီးမှုမှာ သဘာဝကျပေသည်။

ထို့အပြင် အချိန်မှာလည်း စောနေသေး၏။

ပြတင်းပေါက် အကန့်များအပြင်ဘက်တွင် မြူနှင်းများ ဝေဆာနေသည်။ သူတို့နှစ်ယောက် အိပ်ရာနွေးနွေးထဲတွင် အချိန်အနည်းငယ် ပိုအနားယူနိုင်သေးသည်။

ရှဲ့နင်းထန်သည် မင်္ဂလာဦးညကတည်းက စုကျန်းကို အလွန်အမင်း မြတ်နိုးနေခဲ့မိရာ ရှက်ရွံ့ခြင်းကို မေ့လျော့ပြီး သူမ၏ ခန္ဓာကိုယ်ကို သူ့အနားသို့ တိုးကပ်လိုက်ကာ နီရဲနေသော ပါးပြင်လေးကို သူ့ပုခုံးပေါ်တွင် မှီတင်ထားလိုက်သည်။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ယောကျာ်း... အချိန်က စောပါသေးတယ်။ ဝမ်ရှို့ဆောင်ကို ခဏနေမှ သွားကြရအောင်လား"

သို့သော် စုကျန်းက သူမ၏ အချက်ပြမှုများကို လုံးဝ သတိမပြုမိဘဲ မျက်မှောင်ကြုတ်လျက် သူမ၏ ဖက်တွယ်ထားသော လက်များကို ဖယ်လိုက်သည်။

"အဘွား ဘယ်လိုနေလဲ"

ရှဲ့နင်းထန် ကြောင်အသွားတယ်။ ဒီလိုမျိုး နူးညံ့လှပတဲ့ အလှတရားက သူ့လက်မောင်းထဲမှာ ရှိနေပါလျက်နှင့် ဒီယောက်ျားက သခင်မကြီးရှဲ့အကြောင်းကိုပဲ စိုးရိမ်နေရသလား။

"အဘွား ကျန်းမာပါတယ်၊ ဒါပေမဲ့ လီမိသားစုကိစ္စနဲ့ ဒီရက်ပိုင်း အရမ်း စိတ်ညစ်နေရှာတယ်"

စုကျန်းသည် ရှဲ့နင်းထန်အပေါ် စိတ်ဝင်စားမှု နည်းပါးသလို အိမ်ထောင်ရေး ဆက်ဆံမှုအပေါ်တွင်လည်း စိတ်အားထက်သန်ခြင်း မရှိပေ။ လက်ထပ်ခြင်းက နယ်စားမင်းအိမ်တော်ထဲသို့ အိမ်ရှင်မတစ်ယောက် ခေါ်ဆောင်လာရုံမျှသာ ဖြစ်တယ်လို့ သူခံစားရသည်။

သူ့ဘဝမှာ ဘာမှ မပြောင်းလဲသွားပေ၊ တစ်ခုတည်းသော ပြောင်းလဲမှုက သူ့နောက်ကို အမြဲတမ်း အရိပ်လို လိုက်နေကျ ရွှယ်နင် ဆိုသည့် ကလေးမလေး မရှိတော့ခြင်းပင်။

မင်ယွဲ့ဆောင်တွင် ယခုအခါ အမျိုးသမီးတစ်ယောက် ရှိနေပြီဖြစ်သဖြင့် ထိုသူမက လုံးဝ ရောက်မလာတော့ပေ။

ပို၍ တိတိကျကျ ပြောရလျှင် မိခင်ဖြစ်သူ၏ မွေးနေ့ပွဲပြီးကတည်းက သူမ လုံးဝ ရောက်မလာခဲ့ပေ။

စုကျန်း၏ မျက်မှောင်များ ပို၍ ကြုတ်သွားပြီး ရင်ထဲတွင် ရှင်းပြ၍ မရသော စိတ်မသက်မသာမှုများ ဖြစ်ပေါ်လာသည်။ သူက ဝတ်ရုံကို ချွတ်လိုက်ပြီး လိုဟန် ကုတင်ပေါ်တွင် ထိုင်လိုက်၏။

မော့ပိုင်က ရေနွေးများကို ချက်ချင်း ယူလာပေးသည်။

"ရှီဇီ... လက်ဆေးပါဦး"

စုကျန်းက ဘာခံစားချက်မှ မရှိဘဲ လက်များကို ဆေးကြောလိုက်သည်။

ထိုအခါမှသာ ရှဲ့နင်းထန်သည် အမျိုးသား၏ လက်ချောင်းထိပ်များတွင် စွန်းထင်းနေသော သွေးစက်များကို သတိထားမိလိုက်သည်။

သူမ၏ မျက်နှာက အနည်းငယ် ဖြူလျော့သွားသည်။ အစောပိုင်းက သူမက အချစ်ရေးကိုပဲ စိတ်ရောက်နေသဖြင့် သူ့ကိုယ်ပေါ်မှ သွေးနံ့ကို သတိမထားမိခဲ့ပေ။

"အူး—"

သူမသည် ရွံရှာစိတ်ဖြင့် အော့အန်ချင်သလို ဖြစ်သွားပြီး မျက်နှာပျက်ကာ ကုလားထိုင်၏ အခြားတစ်ဖက်သို့ ရွှေ့ထိုင်လိုက်သည်။

"ယန်အိမ်တော်က ပြန်လာတာ မဟုတ်ဘူးလား"

"အင်း"

စုကျန်းက သူမကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

"တစ်ညလုံး အကျဉ်းသားတွေကို စစ်မေးပြီးတော့မှ ဆရာ့ဆီ ဝင်သွားပြီး ပြန်လာတာ"

ရှဲ့နင်းထန်မှာ ထိုကိစ္စများကို စိတ်မဝင်စားပေ။ သို့သော် အမျိုးသား၏ အေးစက်ပြီး ဆိုးရွားသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခု တိုးဝင်လာသည်။သူမက မဖော်ပြမိအောင် ထိန်းချုပ်ကာ အလိုလိုက်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ယောကျာ်း... ဒီနေ့က ရွှယ်နင် သူ(မ)မိဘအိမ်ကို ပြန်မယ့်နေ့လေ။ သူ(မ)အတွက် လက်ဆောင် ပြင်ဆင်ပြီးပြီလား"

ရွှယ်နင် ဆိုသည့် နာမည်ကို ကြားလိုက်ရသော်လည်း စုကျန်း၏ တည်ငြိမ်သော မျက်နှာတွင် မည်သည့် အမူအရာမျှ မပြောင်းလဲပေ။

"ဘာပြင်ထားတာလဲ"

ရှဲ့နင်းထန်က ပြန်ဖြေသည်။

"သူ(မ)က အရင်က ကျွန်မကို ဆံထိုးတစ်ချောင်း ပေးဖူးလို့ ကျောက်စိမ်းလက်ကောက်လေး ပြန်ပေးမလားလို့ စဉ်းစားထားတယ်။ သင့်တော်ပါ့မလား"

စုကျန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။

"မင်းသဘောပဲ"

သူ၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသဖြင့် ရှဲ့နင်းထန်က ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒီလက်ကောက်က အကောင်းဆုံးပစ္စည်းနဲ့ လုပ်ထားတာ။ ရွှယ်နင် ဒီလောက်လှတဲ့အရာမျိုး တစ်ခါမှ ဝတ်ဖူးမှာ မဟုတ်ဘူး"

စုကျန်း၏ ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲသွားပြီး သူ့အကြည့်များက စူးရှလာသည်။

"မင်း ဘာပြောလိုက်တယ်"

သူ့ရဲ့ အေးစက်စက် အကြည့်များကို ရင်ဆိုင်လိုက်ရသဖြင့် ရှဲ့နင်းထန်၏ နှလုံးသားမှာ တစ်ချက် ရပ်တန့်သွားသည်။

"ယောကျာ်း... ကျွန်မ..."

စုကျန်းက နှာခေါင်းရှုံ့လိုက်သည်။

"နယ်စားမင်းအိမ်တော်က သူ(မ)ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်လို့ မင်းက ဆိုလိုချင်တာလား"

ရှဲ့နင်းထန်မှာ အမျိုးသား၏ စိတ်နေစိတ်ထား ဤမျှ မခန့်မှန်းနိုင်လောက်အောင် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမရဲ့စကားက သူ့ကို ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေလဲဆိုတာကိုလည်း သူမ နားမလည်နိုင်ချေ။သူမက စိတ်မချမ်းမြေ့စွာဖြင့် နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"ကျွန်မ ဆိုလိုတာ အဲဒါမဟုတ်ပါဘူး... သူ(မ)က အမြဲတမ်း ရိုးရိုးရှင်းရှင်းပဲ ဝတ်တတ်တာကို သတိထားမိလို့ပါ။ ရိုးရိုးအရောင် ဝတ်ရုံတွေပဲ ဝတ်ပြီး ဆံပင်မှာလည်း ကတ္တီပါပန်းလေးတွေပဲ ပန်တတ်တာကိုး။ ဒီလို တန်ဖိုးကြီးတဲ့အရာတွေကို သူ(မ) စိတ်မဝင်စားဘူးလို့ ထင်မိလို့ပါ..."

စုကျန်းသည် တိတ်ဆိတ်သွားပြီး သူ့မှတ်ဉာဏ်ထဲမှ ရွှယ်နင်ကို ပြန်လည် မြင်ယောင်လာသည်။ သူမက အမြဲတမ်း မိတ်ကပ်မလိမ်းဘဲ အလွန်တရာ နှိမ့်ချစွာ နေတတ်သူဖြစ်သည်။ အိမ်တော်ရှိ အခြား မိန်းကလေးများ ရွှေငွေလက်ဝတ်ရတနာများဖြင့် ဆင်မြန်းနေကြချိန်တွင် သူမက ရိုးရိုးရှင်းရှင်း ဝတ်ရုံများကိုသာ ဝတ်ဆင်လေ့ရှိသည်။ တောက်ပသော အဝတ်အစားများကို ဝတ်ဆင်သည့်အခါမျိုးမှာလည်း သူ၏ မွေးနေ့ပွဲကဲ့သို့ အရေးကြီးသော ပွဲလမ်းသဘင်များတွင်သာ ဖြစ်၏။

သူ့အကြည့်များက ရှဲ့နင်းထန်၏ မှန်တင်ခုံဆီသို့ ရောက်ရှိသွားသည်။

ပိုးထည်ဘူးထဲတွင် "ကျောက်စိမ်းဖီးနစ်ရွှေဆံထိုး" တစ်ခု ငြိမ်သက်စွာ တည်ရှိနေသည်။

"ဒါက—"

အဲ့ဒါကို သူ ရင်းနှီးသလို ခံစားရသော်လည်း အတိအကျ မမှတ်မိနိုင်ပေ။

သူ မှတ်မိရန် ကြိုးစားလေလေ၊ ခေါင်းထဲတွင် က်ိုက်ခဲလာလေလေ ဖြစ်သည်။ သမားတော်နှင့် ပြသရန် လိုအပ်နေပြီဟု သူ ထင်လိုက်မိသည်။

ရှဲ့နင်းထန်က မျက်လုံးကို ပင့်ကြည့်လိုက်၏။

"ဒါက ရွှယ်နင် ပေးတဲ့ လက်ဆောင်လေ။ ယောကျာ်း မေ့သွားပြီလား"

စုကျန်းက သူ၏ နက်မှောင်သော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ထိုနေရာသို့ လျှောက်သွားကာ ကျောက်စိမ်းဖီးနစ်ရွှေဆံထိုးကို ကောက်ကိုင်လိုက်သည်။

ကြည့်လေလေ ပို၍ ရင်းနှီးလာလေလေပဲ။

"မော့ပိုင်—"

မော့ပိုင်က အခန်းကန့်နောက်မှ ဝင်လာသည်။

"ရှီဇီ"

စုကျန်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည်။

"ဒီပစ္စည်းကို မှတ်မိလား"

မော့ပိုင်က ဆံထိုးကို တစ်ချက်ကြည့်ပြီး မှတ်မိသွားသည်။

"အဲဒါက ရွှယ်နင်ရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားမှာ ရှီဇီ ပေးခဲ့တဲ့ လက်ဆောင်လေ။"

စုကျန်း အကြီးအကျယ် တုန်လှုပ်သွားပြီး စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ရှဲ့နင်းထန်လည်း ကြောင်အသွား၏။

မော့ပိုင်က တံတွေးကို အနိုင်နိုင်မျိုချကာ-

"ဒီအစေခံ မှားလိမ့်မယ် မထင်ပါဘူး။ အဲဒီတုန်းက ရွှယ်နင်က ဒီဆံထိုးကို အဖိုးတန်ပစ္စည်းတစ်ခုလိုပဲ တန်ဖိုးထားတာ။ သာမန်နေ့တွေမှာ လုံးဝ မပန်ဘဲ ရှီဇီရဲ့ မွေးနေ့၊ နွေဦးပွဲတော် ဒါမှမဟုတ် လပြည့်ပွဲတော်လို အထူးနေ့မျိုးတွေမှာပဲ ပန်တတ်တာပါ။"

စုကျန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ရွှယ်နင်က ဒီအရာကို ဟောင်းနွမ်းနေတဲ့ ဖိနပ်တစ်ရံကဲ့သို့ စွန့်ပစ်ခဲ့တာကို ပြန်တွေးမိသောအခါ သူ့လက်ကြီးမှာ တင်းကျပ်သွားသည်။ သူ့မျက်ဝန်းများထဲသို့ အေးစက်စက် အငွေ့အသက်များ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

(T/N-တကယ်ကကွာ ရှဲ့နင်းထန်ကလည်း စုကျန်းကို ရွှယ်နင် လီချန်ချဲ့ကိုခေါ်သလိုမျိုးပဲ ဖူကျွင်းလို့ခေါ်တာ။ဒါပေမဲ့ တို့နင်နင်လေးနဲ့ တူနေမှာစိုးလို့ ယောကျာ်းလို့ သုံးထားတာ)

All Chapters