အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း ၁၆၈ - ယန်ယန်၏ မင်္ဂလာပွဲ
"ကောင်းပြီလေ၊ ပြီးရင် ပုရှန်းရှန်းမှာပဲနေပြီး မင်းတို့ဆီက မွဲသွားတဲ့အထိ စားပစ်မယ်"
လီချန်ချဲ့က ရွှယ်နင်ရဲ့ နူးညံ့တဲ့လက်ကလေးကို တစ်လျှောက်လုံး ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
"တကယ်ကို လီ မျိုးရိုးနဲ့လိုက်တယ်၊ နည်းနည်းလေးတောင် အနစ်နာခံမယ့်သူ မဟုတ်ဘူး။"
လုစစ်လင်က မျက်လုံးကိုမှေးကာ ပြုံးလိုက်သည်။
"ရောက်ပြီ၊ မင်းတို့နှစ်ယောက် ဧည့်ခန်းမှာ ခဏစောင့်နေကြ။ ပျင်းရင်လည်း ပုရှန်းရှန်းမှာ သွားနားလို့ရတယ်။ လုအိမ်တော်ကို ကိုယ့်အိမ်လိုပဲ သဘောထားပါ၊ အားနာစရာမလိုဘူး။"
လီချန်ချဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။။
"ငါလည်း မင်းကို အားနာနေမှာ မဟုတ်ဘူး။"
လီချန်ချဲ့ ယခုလို မကြာခဏ ပြုံးတတ်လာတာကို မြင်ရတော့ လုစစ်လင်းက သူ့အတွက် တကယ်ကို ဝမ်းသာမိသည်။
သူ့ကို သိကျွမ်းလာခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ပြုံးတာကို မြင်ရခဲ၏။ သို့သော် ဒီနေ့ နင်နင်အနားမှာတော့ သူ့နှုတ်ခမ်းတွေက အပြုံးမပျက်ခဲ့ပေ။
နင်နင်က သူ့ဒဏ်ရာတွေအတွက် အကောင်းဆုံးဆေးတစ်ခွက် ဖြစ်ပုံရတယ်။ အခုမှစပြီး အမည်ခံမိခင်ဆိုသူအတွက် သူ ဝမ်းနည်းပူဆွေးနေစရာ မလိုတော့ဘူး။ တကယ်ကို ကောင်းမွန်တဲ့ အရာပင်။
"ကဲ၊ ငါ အပြင်ခဏသွားလိုက်ဦးမယ်။ ခဏနေ ပြန်လာခဲ့မယ်။ မင်းတို့နှစ်ယောက် အမေနဲ့ စကားပြောနှင့်ကြဦး။"
ထိုသို့ပြောပြီးနောက် သူလှည့်ထွက်သွားသည်။
"အစ်ကိုလု၊ ဘယ်သွားမလို့လဲ"
ရွှယ်နင်က နားမလည်စွာ မေးလိုက်၏။
ယန်ရှီက ညင်သာစွာ ပြုံးလိုက်သည်။
" ဒီနေ့ သမီး လုအိမ်တော်ကို လာမယ်ဆိုတာ မင်းအစ်ကိုသိလို့၊ သမီးအဖော်ရအောင် ယန်ယန်ကို လာခေါ်ဖို့ ဝေ့အိမ်တော်ဆီ ဖိတ်စာပို့ထားတယ်။"
ရွှယ်နင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
"ယန်ယန်က ဘာတဲ့လဲ"
ယန်ရှီက ရယ်မောလိုက်သည်။
"မင်းအစ်ကို အခုပဲ သူ(မ)ကို သွားကြိုမလို့လေ။"
လုစစ်လင်၏ ကျောပြင်အား ကြည့်နေသော ရွှယ်နင်၏အကြည့်တို့က စနောက်ချင်စရာကောင်းနေပြီး သူမမျက်လုံးများက လခြမ်းကွေးလေးများသဖွယ် ဖြစ်နေသည်။
"ယန်ယန်ကို သွားကြိုတာ ကျွန်မအတွက်လား၊ သူ့အတွက်လားဆိုတာတော့ ပြောရခက်သားပဲ။"
မိန်းကလေးငယ်၏ လေသံမှာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကာ၊ ယခင်က လွှမ်းခြုံထားသော အထီးကျန်ဆန်ပြီး အသက်ဝင်မှုမရှိသည့် အငွေ့အသက်များနှင့် လုံးဝကွဲပြားနေကာ ယခုအခါတွင်မူ တောက်ပသော သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
လီချန်ချဲ့၏ ရှည်လျားသော မျက်တောင်များ အနည်းငယ် တုန်ခါသွား၏။ သူ့အကြည့်များက သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာလေးပေါ်တွင် ရပ်တန့်နေပြီး ဘယ်လောက်ကြည့်ကြည့် မဝနိုင်ဖြစ်နေသည်။ သူမရဲ့နူးညံ့တဲ့ လက်ချောင်းလေးများကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း၊ သူမကို သူ့အရိုးများထဲအထိ ပေါင်းစပ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
ရွှယ်နင်ကတော့ အမျိုးသား၏ သူမအပေါ် ပိုင်ဆိုင်လိုစိတ်များကို လုံးဝသတိမထားမိပေ။ သူမက သူ့ဘေးတွင် သက်သောင့်သက်သာ လျှောက်လှမ်းရင်း၊ ယန်ရှီနှင့် စကားပြောရန် တစ်ခါတစ်ရံ ခေါင်းလှည့်လာတတ်သည်။
ယန်ရှီသည် လီချန်ချဲ့က ရွှယ်နင်ကို ကြည့်သည့်အချိန်တွင်၊ သူမကို ဝါးမျိုပစ်ချင်နေသည့်အတိုင်း ဖြစ်နေသော အကြည့်များကို သတိမထားမိဘဲ မနေခဲ့ပေ။
အရင်အချိန်များက စစ်သူကြီးလုလည်း ဇနီးဖြစ်သူအား ဤအကြည့်မျိုးဖြင့်ပင် ကြည့်ခဲ့ဖူး၏။ နောက်ပိုင်းတွင် စစ်သူကြီးနှင့် ဇနီးဖြစ်သူတို့ အလွန်ချစ်ခင်ကြင်နာခဲ့ကြပြီး မကြာမီမှာပင် သခင်မတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ ထိုကလေးမှာ အားစစ်ပင်။
သူမ၏အကြည့်များက ထိုနှစ်ယောက်ကြားတွင် အဓိပ္ပာယ်ပါပါ ကူးလူးသွားလာနေ၏။
ကျန်းကော်နယ်စားမင်းအိမ်တော်၏ လီမိသားစုမှာ တင်းကျပ်သော စည်းမျဉ်းများနှင့် ကျင့်ဝတ်များရှိသည့် ကြီးကျယ်သော မူးမတ်မျိုးနွယ်စုဖြစ်သည်။ လီမိသားစု၏ သတို့သမီးအသစ်တစ်ယောက်အနေဖြင့်၊ နင်နင်နှင့် လီရှီဇီတို့က မင်္ဂလာဦးညမှာပင် လင်မယားအရာ မြောက်ပြီးလောက်ပြီ။
မဟုတ်ပါက နင်နင်၏ ရှက်တတ်ပြီး အနေအထိုင်ဆင်ခြင်တတ်သော စရိုက်အရ၊ သူမက ယောက်ျားတစ်ယောက်နှင့် ဒီလိုမျိုး ရင်းနှီးနေမှာ မဟုတ်ပေ။
ထိုသို့တွေးမိတော့ ယန်ရှီ၏ နှုတ်ခမ်းထောင့်များ အထင်းသား ကွေးတက်သွားသည်။ ထို့နောက် သူတို့နှစ်ယောက်ကို ပန်းခန်းမဆောင်သို့ နွေးထွေးစွာ ခေါ်ဆောင်သွားခဲ့သည်။
အစေခံမိန်းကလေး အချို့က လက်ဖက်ရည်လာချပေးသည်။ ခန့်ညားထည်ဝါသော သမက်အသစ်ကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာများ တစ်ယောက်ပြီးတစ်ယောက် နီရဲသွားကြလေသည်။
ထုံးစံအရ သုံးရက်မြောက်နေ့ အိမ်ပြန်လည်သည့် အခမ်းအနားတွင် သတို့သမီးသစ်က သူမ၏ ခင်ပွန်းကို မိဘဆွေမျိုးများနှင့် မိတ်ဆက်ပေးရသည်။ သို့သော် လီချန်ချဲ့နှင့် လုစစ်လင်တို့က ညီအစ်ကိုများလို ရင်းနှီးပြီးသားဖြစ်သည်။ လုအိမ်တော်တွင်လည်း ရက်အတော်ကြာ နေထိုင်ခဲ့ဖူးသဖြင့် လီချန်ချဲ့မှာ ယန်ရှီနှင့်လည်း စိမ်းသက်မနေတော့ပေ။ ထို့ကြောင့် ရှုပ်ထွေးသော ထုံးစံများကို ကျော်ပစ်လိုက်ကြသည်။
ထိုအခါမှသာ ရွှယ်နင်က လီချန်ချဲ့၏ လက်ကို လွှတ်ပေးလိုက်၏။
လီချန်ချဲ့က ဖူရှန်းကို လက်ဆောင်များ ယူလာရန် အမိန့်ပေးလိုက်သည်။
ရွှယ်နင်က ယန်ရှီဘေးတွင် ထိုင်လိုက်ပြီး ဝေ့ကျန့်ယန်နှင့် လုစစ်လင်တို့၏ ကိစ္စကို စတင်ဆွေးနွေးလေသည်။
အရင်ဘဝက ဝေ့ကျန့်ယန်သည် စုယွီနှင့် လက်ထပ်ခဲ့ပြီး သူ့နှိပ်စက်မှုအောက်တွင် သုံးနှစ်နီးပါး ခံစားခဲ့ရသည်။ သူမ၏ဘဝကလည်း ရွှယ်နင်ထက် သိပ်မသာခဲ့ပေ။
ညီအစ်မနှစ်ယောက်သည် ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ချွေးမများဖြစ်လာခဲ့သော်လည်း၊ စုမိသားစု၏ အမျိုးသားနှစ်ယောက်ကြောင့် နှစ်ယောက်စလုံး နာကျင်ခဲ့ရသည်။
စုယွီလို လူမျိုးက ဘယ်သူ့ကိုမှ တကယ်ချစ်မည် မဟုတ်ပေ။ သူက ဒုတိယအိမ်တော်ခွဲမှ တရားဝင်သားဖြစ်ပြီး စုကျန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော်လည်း၊ မည်သည့်တာဝန်ကြီးမှ မရခဲ့သလို တော်ဝင်စာမေးပွဲများတွင်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို၊ မောက်မာသူလည်း ဖြစ်၏။ နှစ်ပေါင်းများစွာ သူက အဆင့်အတန်းနိမ့်သော မယားငယ်နှင့်သာ အချိန်ဖြုန်းနေခဲ့ပြီး၊ ကိုယ့်အိမ်တော်တွင်းမှ မွန်မြတ်သော တရားဝင်ဇနီးကိုတော့ မုန်းတီးနေခဲ့သည်။
ဝေ့ကျန့်ယန် နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာကတည်းက၊ သူမက သူ့အလုပ်အကိုင်အတွက် အကြိမ်ကြိမ် ကူညီပေးခဲ့ပြီး ဝေ့မိသားစု၏ အဆက်အသွယ်များကိုပင် အသုံးပြုကာ လမ်းခင်းပေးခဲ့သည်။ စုယွီသည် ယန်ယန့်၏ အကူအညီများကို ရယူခဲ့သော်လည်း၊ သူမက လွှမ်းမိုးလွန်းတယ်၊ သူ၏အောင်မြင်ရာလမ်းကို ဝင်ရောက်စွက်ဖက်တယ်လို့ပြောကာ မုန်းတီးနေခဲ့သည်။
အမြဲတမ်း နူးညံ့ပြီး စကားနားထောင်တတ်သူ သနားစရာ ယန်ယန်... သူမက သူ့ကို ဘယ်တုန်းကများ ကြမ်းတမ်းတဲ့စကား ပြောဖူးလို့လဲ။
သူမက သူ့ကလေးများကို မွေးဖွားပေးရင်း ကျန်းမာရေးတွေ အကြိမ်ကြိမ် ထိခိုက်ခဲ့ရတယ်။ နောက်ပိုင်း ဖျားနာပြီး အရိုးပေါ် အရေတင်မျှသာ ကျန်တော့ကာ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။ နောက်ဆုံးအကြိမ် စုယွီ၏ကလေးကို ကိုယ်ဝန်ဆောင်ရချိန်တွင် ကိုယ်ဝန်ကို ထိန်းသိမ်းရန် အိပ်ရာထဲ၌ လေးငါးလခန့် လှဲနေခဲ့ရ၏။သို့တိုင် ဝမ်းနည်းစရာကောင်းစွာဖြင့် သူမက မီးတွင်းထဲမှာပင် အသက်ဆုံးရှုံးခဲ့ရသည်။
ယန်ယန်ကို အိမ်တော်သို့ တရားဝင် လက်ထပ်ခေါ်ယူခဲ့တာ စုယွီကိုယ်တိုင်ပင်။
သူမက သူ့ကို အတင်းအကျပ် မလုပ်ခဲ့သလို မယားငယ်ကိုလည်း ဒုက္ခမပေးခဲ့ပေ။
ဒီလိုကြေကွဲစရာကောင်းတဲ့ သေဆုံးမှုမျိုးကြုံရအောင် သူမ ဘာအမှားတွေများ လုပ်ခဲ့မိလို့လဲ။
ဝေ့ကျန့်ယန်၏ ကံကြမ္မာမှာ မတရားဟု ရွှယ်နင် အလွန်ခံစားရသည်။ အခု သူမ ပြန်လည်မွေးဖွားလာပြီဖြစ်တာကြောင့် သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို အရင်ဘဝက လမ်းကြောင်းအတိုင်း လုံးဝ လျှောက်ခိုင်းမှာ မဟုတ်ဘူး။
"သမီးအစ်ကိုလုကလည်း ယန်ယန့်အပေါ် ဆက်ဆံတာ နည်းနည်းတော့ ထူးခြားတယ်လို့ အဒေါ် သတိထားမိတယ်"
ယန်ရှီက သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် ယန်ယန်နဲ့ စုမိသားစုရဲ့ မင်္ဂလာကိစ္စကို နှစ်ဖက်မိသားစုတွေက လွန်ခဲ့တဲ့နှစ်တွေကတည်းက သဘောတူထားကြတာ။ ဝေ့မိသားစုက သခင်မလင်နဲ့ သခင်မကျန်းတို့က ခင်မင်ရင်းနှီးကြတော့ ကလေးတွေအတွက် စောစောစီးစီး စေ့စပ်ပေးခဲ့ကြတယ်။ ယန်ယန်က အခုမှ အရွယ်ရောက်လာတာဆိုတော့ နယ်စားမင်းအိမ်တော်က စေ့စပ်လက်ဆောင် မပို့ရသေးတာပါ။ နှစ်သစ်ကူးပြီးရင်တော့ မိသားစုနှစ်ဖက်က ကလေးတွေရဲ့ မင်္ဂလာကိစ္စကို စတင်ဆွေးနွေးကြလောက်ပြီ။"
"မဖြစ်ဘူး"
ရွှယ်နင်က နှုတ်ခမ်းကိုစူကာ ယန်ရှီကို စိုက်ကြည့်လိုက်ပြီး ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလာသည်။
"အဒေါ်၊ ယန်ယန်က စုယွီကို လက်ထပ်လို့မဖြစ်ဘူး။"
ယန်ရှီလည်း ဝေ့ကျန့်ယန်ကို သဘောကျပြီး သူမ၏ ချွေးမဖြစ်လာရန် ဆန္ဒရှိ၏။ သို့သော် စုရှီးကိစ္စနှင့်ပတ်သက်၍ ရွှမ်းယီနယ်စားမင်းအိမ်တော်နှင့် အဆင်မပြေဖြစ်ထားခါစဆိုတော့ ဝေ့နှင့် စု မိသားစုကြားရှိ မင်္ဂလာကိစ္စကို ဝင်စွက်ဖက်ပြီး ဖျက်ဆီးလိုက်မယ်ဆိုပါက စုမိသားစုက ပို၍ပင် မကျေမနပ် ဖြစ်သွားနိုင်သည်။
"အဲဒီ စုယွီကလည်း နယ်စားမင်းအိမ်တော်ရဲ့ တရားဝင်သားပဲလေ။ သူက အခုထိ ကြီးကြီးမားမား အောင်မြင်မှုမရသေးပေမယ့်၊ သူ့အစ်ကို ရှီဇီရဲ့ အကူအညီနဲ့ နယ်စားမင်းအိမ်တော်ရဲ့ သြဇာအာဏာကြောင့် သိပ်တော့ ဆိုးမှာမဟုတ်ပါဘူး။ ယန်ယန် သူ့ကို လက်ထပ်တာက နစ်နာစရာတော့ မဟုတ်ပါဘူး။"
ရွှယ်နင်၏ နီသွေးရောင် နှုတ်ခမ်းများ အရောင်လွင့်သွားသည်။ သူမက ခဏ မျက်လွှာချလိုက်ပြီးနောက် ပြန်မော့လာကာ ပြောလိုက်သည်။
"အစ်ကိုလုက စုယွီထက် ယန်ယန့်ကို ပိုသဘောကျနေတယ်ဆိုတာ ကျွန်မ မြင်နေရတယ်"
ယန်ရှီက တမ်းတမ်းတတဖြင့်-
"တကယ်တော့ အဒေါ်လည်း ယန်ယန့်ကို သဘောကျပါတယ်"
ယခု ရွှမ်းယီနယ်စားမင်းအိမ်တော်မှ လွတ်မြောက်လာပြီဖြစ်ရာ ရွှယ်နင်၏ ပြုမူလုပ်ကိုင်ပုံများမှာ ပိုမိုလွတ်လပ်လာခဲ့သည်။ လုစစ်လင်နှင့် ဝေ့ကျန့်ယန်တို့ကို ပေါင်းဖက်ပေးရန် သူမ ဆုံးဖြတ်ထားပြီး နှုတ်ခမ်းထက်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လွင်နေသည်။
"အဒေါ်က ယန်ယန့်ကို ချွေးမတော်ချင်တယ်ဆိုရင်၊ ယန်ယန် လုအိမ်တော်ကို လက်ထပ်ဝင်လာဖို့ နည်းလမ်းရှာရမှာပေါ့။"
"ဒါက..."
ယန်ရှီ တုံ့ဆိုင်းသွား၏။
ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်သည်။
"အဒေါ် စိတ်ပူစရာမလိုပါဘူး။ အားနင် ရှိနေတာပဲ၊ နည်းလမ်းရှာပေးပါ့မယ်။"
ယခုအခါ ရွှယ်နင်တွင် ကိုယ်ပိုင်အကြံအစည်များရှိနေပြီဖြစ်ကြောင်း ယန်ရှီ သိလိုက်သဖြင့် ရယ်မောလိုက်သည်။
"အဒေါ့်အထင်တော့ မင်းအစ်ကိုလု တစ်ယောက်တည်း စိတ်အားထက်သန်နေတာပါ။ ယန်ယန်က သူ့ကို သဘောကျမကျတောင် ငါတို့ မသိသေးဘူးလေ။ အစီအစဉ်တွေ မဆွဲခင် ယန်ယန့်ကို အရင်မေးကြည့်သင့်တယ်။"
ရွှယ်နင်က မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်လုံးများက ကြည်လင်တောက်ပနေသည်။
"စိတ်မပူပါနဲ့ အဒေါ်၊ ယန်ယန်က စုယွီလို လူမျိုးကို သဘောမကျပါဘူး။ သူက ကြမ်းတမ်းပြီး ပွင့်လင်းဖြောင့်မတ်တဲ့ ယောက်ျားမျိုးကိုမှ သဘောကျတာပါ။"
ယန်ရှီ နားမလည်နိုင်ဖြစ်သွားတယ်။
"ကြမ်းတမ်းပြီး ပွင့်လင်းဖြောင့်မတ်တဲ့ ယောက်ျားမျိုး ဟုတ်လား။"
လီချန်ချဲ့လည်း အပြုံးရိပ်သန်းနေသော မျက်ဝန်းများဖြင့် မိန်းကလေးငယ်ကို မော့ကြည့်လိုက်ရာ၊ သူ့မျက်ခုံးများကြားတွင် တွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာသည်။
ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"သမီးအစ်ကိုလု လို လူမျိုးပေါ့။"
အရင်ဘဝက ဝေ့ကျန့်ယန်သည် မိဘများ၏ စီစဉ်မှုနှင့် အောင်သွယ်တော်၏ စကားများကြောင့်သာ စုယွီကို လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။
သူမက စုယွီကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သည်ဟု ဆိုလျှင် လွန်ရာကျပေမည်။
၎င်းမှာ ကြီးမြတ်သော ဆွေကြီးမျိုးကြီးမှ မိန်းမပျိုတစ်ဦးအနေဖြင့် ခင်ပွန်းဖြစ်သူအပေါ် ပြသသည့် သဘာဝကျသော မေတ္တာတရားနှင့် ရင်းနှီးမှုမျှသာ ဖြစ်၏။
နှစ်သစ်ကူးအကြိုညတစ်ညတွင် စုယွီ အိမ်တော်သို့ ပြန်မလာသလို၊ စုကျန်းလည်း မရှိခဲ့တာကို သူမ ကောင်းကောင်း မှတ်မိနေသည်။
ကျန်သည့် စုမိသားစုဝင်များမှာ ဝမ်ရှို့ခန်းမဆောင်တွင် စုဝေးကာ ပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြ၏။
ဘယ်သူမှ သတိမထားမိချိန်တွင် ချွေးမနှစ်ယောက်ဖြစ်သည့် သူမတို့က ထူထဲသော သိုးမွှေးစောင်များကို ခြုံကာ တောင်ဘက်ပြတင်းပေါက်နားတွင် ထိုင်ရင်း၊ ဆီးနှင်းများကျနေသော ညချမ်းကို ငေးကြည့်ကာ အရက်သောက်ရင်း စကားစမြည် ပြောခဲ့ကြသည်။
ပန်းအရက် တစ်ခွက်ငယ်ကို သောက်ပြီးနောက်၊ ဝေ့ကျန့်ယန်၏ မျက်လုံးများ မှိုင်းရီသွားသည်။ အပြင်ဘက်တွင် တဝဲလည်လည် ကျဆင်းနေသော ဆီးနှင်းများကို ကြည့်ရင်း သူမက စစ်မြေပြင်ရှိ အန္တရာယ်များအကြောင်းကို ရုတ်တရက် ပြောလာခဲ့သည်။
သူမက ပြောခဲ့၏။
"နင်နင်... ယောက်ျားတွေ စစ်တိုက်ထွက်ရင် နောက်ဆုံးမှာ မြင်းရေခွံနဲ့ ပတ်ပြီး ပြန်လာရတယ်လို့ လူတွေ ပြောလေ့ရှိတယ်နော်။ အဲဒါ တကယ်ပဲလား"