အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း ၁၇၃ - သူ မပျော်ရွှင်ဘူး
ထိုအခိုက်အတန့်တွင် သူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရတယ်လို့ သူ ခံစားရပြီး၊ ဤစော်ကားမှုက သူ့အပေါ်ထားရှိသော ရွှယ်နင်၏ လျစ်လျူရှုမှုမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
စုကျန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာအမူအရာက အေးစက်တင်းမာသွားသည်။ သူက လီမိသားစု၏ မြင်းလှည်းပေါ်သို့ လှမ်းတက်လိုက်ပြီး အတွင်းသို့ဝင်ကာ ရွှယ်နင်ကို ဆွဲချရန် ရည်ရွယ်လိုက်၏။
"ရွှယ်နင်၊ ဆင်းခဲ့လို့ ငါပြောနေတယ်။ မင်း မကြားဘူးလား။"
"ကြားပါတယ်"
ရွှယ်နင်က စုကျန်း၏ ဒေါသထွက်နေသော မျက်လုံးများကို ရင်ဆိုင်ပြီး လှောင်ပြောင်လိုက်သည်။
"ဒါပေမယ့် ကျွန်မ မဆင်းနိုင်ဘူး။ ဒါက ကျွန်မ ခင်ပွန်းရဲ့ မြင်းလှည်းပဲ။ ကိုယ့်သိက္ခာကိုယ်စောင့်ပါ ရှီဇီစု!"
လီချန်ချဲ့ မျက်လုံးများကို မှေးလိုက်ပြီး ရွှယ်နင်ကို သူ့အနောက်တွင် ကာကွယ်ထားလိုက်သည်။ ထို့နောက် လျင်မြန်သော ကန်ချက်တစ်ချက်ဖြင့် စုကျန်းကို မြင်းလှည်းပေါ်မှ လိမ့်ကျသွားစေရန် တိုက်ရိုက်ကန်ချလိုက်၏။
သူ၏ အေးစက်သော အကြည့်များက ထက်မြက်အေးစက်သော ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး စုကျန်းအပေါ် မည်သည့်ယဉ်ကျေးမှုမျှ မပြသခဲ့ပေ။
"ထွက်သွားစမ်း။"
စုကျန်း မြင်းလှည်းပေါ်မှ ကန်ချခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ ချန်နင်လမ်းမထက်သို့ ပြုတ်ကျသွားသည်။
သာမန်အရပ်သားများစွာက ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လာရောက်ကြည့်ရှုကြပြီး၊ တရားရေးဝန်ကြီးဌာနမှ သခင်စု ဖြစ်နေတာကို မြင်သောအခါ အံ့ဩသွားကြသည်။ သခင်စုကို လွှင့်ပစ်လိုက်သော မြင်းလှည်းကို ကြည့်လိုက်ရာ ကျန်းကော်နယ်စားမင်းအိမ်တော်၏ အမှတ်တံဆိပ်ကို တွေ့လိုက်ရသည်။
မော့ပိုင်က အလျင်အမြန် မျက်လွှာချလိုက်ပြီး သူ့သခင်လေးကို ထူပေးရန် ရှေ့သို့ ထွက်လာခဲ့သည်။
လီချန်ချဲ့က ခန်းဆီးကိုမတင်ကာ ဖြည်းဖြည်းချင်း ထွက်လာခဲ့ပြီး၊ မြင်းလှည်းပေါ်တွင် သစ်ခွနှင့် ကျောက်စိမ်းသစ်ပင်ကဲ့သို့ ခန့်ညားထည်ဝါစွာ ရပ်နေသည်။ သူက လုံးဝ ဖရိုဖရဲဖြစ်နေသော စုကျန်းကို ငုံ့ကြည့်လိုက်သည်။
"နင်နင်က အခု ငါ့ရဲ့ ဇနီးပဲ။ သူ(မ)ကို အနှောင့်အယှက်ပေးတာ ရပ်လိုက်ပါ ရှီဇီစု။ မဟုတ်ရင်တော့ လီမိသားစုက ကစားစရာမဟုတ်ဘူးဆိုတာ သိထားပါ။"
ထိုသို့ပြောပြီးနောက် သူက မြင်းလှည်းထဲသို့ ပြန်ဝင်သွားပြီး အမိန့်ပေးလိုက်သည်။ ထို့နောက် ကျန်းကော် နယ်စားမင်းအိမ်တော်၏ မြင်းလှည်းက စုကျန်း၏ ခန္ဓာကိုယ်ဘေးမှ ဖြတ်တိုက်ကာ ရှေ့သို့ ဆက်ထွက်သွားသည်။
အစမှအဆုံးတိုင်အောင် ရွှယ်နင်က အပြင်သို့ ထွက်မလာခဲ့သည့်အပြင် အပိုစကားတစ်ခွန်းမျှပင် မဟခဲ့ပေ။
စုကျန်းက သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မျက်နှာက အလွန်အမင်း မှောင်မိုက်နေသည်။
"ရှီဇီစုက ရွှယ်မိသားစုက အဲဒီ မိဘမဲ့ကောင်မလေးကို သဘောမကျဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား။"
"ဒါဆို သခင်မလေးရွှယ် လက်ထပ်သွားတာနဲ့ ဘာလို့ ရှီဇီစုက သူ(မ)လမ်းကို လာပိတ်နေရတာလဲ။"
"ကောလာဟလတွေက မှားနေတာများလား။ တကယ်တော့ ရှီဇီစုက သခင်မလေးရွှယ်အပေါ် ခံစားချက်ရှိနေတာလား။"
"အခု သခင်မလေးရွှယ်က အိမ်ထောင်ကျသွားပြီဆိုတော့ ရှီဇီစု နောင်တရဖို့ နောက်ကျသွားပြီ မဟုတ်ဘူးလား။ လီမိသားစုက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူတို့ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့တာလို့ ကြားတယ်။ သခင်မလေးရွှယ်ရဲ့ မင်္ဂလာဦးညလည်း ပြီးသွားလောက်ပြီပေါ့။"
စုကျန်း အေးခဲသွားပြီး သူ့ခန္ဓာကိုယ်မှာ ရှင်းပြ၍မရနိုင်အောင် တောင့်တင်းသွားသည်။
အမျိုးသား၏ သွေးရောင်လွှမ်းနေသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများ ချက်ချင်း ရပ်တန့်သွားပြီး လူအုပ်ကြီးမှာ ငှက်များနှင့် သားရဲများကဲ့သို့ လူစုကွဲသွားကြသည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာပြီး ဆည်းဆာက အရာအားလုံးကို လွှမ်းခြုံသွားသည်။
စုကျန်းက သူ၏ အထီးကျန်ဆန်သော ပုံရိပ်ဖြင့် နေရာတွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။
"မင်္ဂလာဦးည" ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် သူ့ခေါင်းမှာ ပေါက်ကွဲထွက်တော့မည့်အလား ထိုးကိုက်လာ၏။
သူ့ခန္ဓာကိုယ်ရှိ သွေးများအားလုံး နောက်ပြန်စီးဆင်းနေသကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်ကိုယ်လုံး တောင့်တင်းနေကာ ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်တော့ပေ။
သူ့မျက်စိရှေ့တွင် တောက်ပသော အနီရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်နေသည်။
စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့နှာတံကို ဖိညှစ်လိုက်ပြီးနောက်မှသာ ထိုအနီရောင် အရိပ်အယောင်များကို သူ့ဦးနှောက်ထဲမှ အတင်းထုတ်ပစ်လိုက်နိုင်ခဲ့သည်။
"ရှီဇီ၊အဆင်ပြေရဲ့လား။"
စုကျန်းက သူ၏ ချောမောသော မျက်နှာကို မော့လိုက်ရာ အမူအရာက မှောင်မိုက်နေသည်။ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းများက အနီရောင်သန်းနေ၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက အသံခပ်အက်အက်ဖြင့် ပြောလိုက်သည်။
"ငါ အဆင်ပြေတယ်။ ရွှယ်နင်က အခု အမြင့်ကို တက်လှမ်းနိုင်သွားပြီမလို့ သူ(မ)က ပိုပြီး ရဲတင်းလာတာ။ လီချန်ချဲ့ရဲ့ ဇနီးဖြစ်လာတာနဲ့တင် သူ(မ)က ဘယ်သူ့ကိုမှ မကြောက်တော့ဘူးလို့ ထင်နေတာ။ သူ(မ)က အရမ်း တုံးအလွန်းနေသေးတယ်။"
အမျိုးသား၏ လေသံမှာ ပေါ့ပါးပြီး အထင်သေးဟန်ရှိသော်လည်း သူ့အကြည့်များမှာ အေးစက်နေသည်။ အနီးကပ်ကြည့်လျှင်ပင် လူသတ်ချင်သော စိတ်ဆန္ဒမျိုးတောင် အနည်းငယ် ပေါ်လွင်နေ၏။
မော့ပိုင် တုန်လှုပ်သွားသည်။ သူ့သခင်လေးကို ဒီလိုပုံစံမျိုးဖြင့် မတွေ့ရတာ ကြာပြီ။ သခင်မလေးရွှယ် စုအိမ်တော်သို့ ပြန်မလာတော့တာက မျှော်လင့်ထားပြီးသားပင်—မင်္ဂလာမဆောင်မီကပင် အဘွားအိုက သခင်မလေးရွှယ်ကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် ဆုံးမခဲ့တာ မဟုတ်လား။ ဒါပေမဲ့ သခင်မလေးရွှယ် လက်ထပ်မည့်သူက ကျန်းကော်နယ်စားမင်းအိမ်တော်မှ ဆက်ခံသူ ဖြစ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ခဲ့ကြပေ။
ယုတ္တိကျကျ ပြောရလျှင်၊ တုန်းကျင်းမြို့ရှိ စုမိသားစု၏ လက်ရှိအခြေအနေအရ လီမိသားစုနှင့် မဟာမိတ်ဖွဲ့ခြင်းက အကျိုးသာရှိပြီး အန္တရာယ်မရှိပေ။
နယ်စားမင်းအိမ်တော်၏ အနာဂတ်ကို တာဝန်ယူရမည့် ရှီဇီတစ်ယောက်အနေဖြင့်၊ မိမိ၏ ယောက်ဖဖြစ်သူ ရှီဇီလီနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားသင့်တယ်။
သခင်မလေးရွှယ်က... သူမအိမ်ပြန်လည်တဲ့နေ့မှာ ခန်းဝင်ပစ္စည်းများကို ဒီလိုမျိုး ခမ်းနားစွာ ပြန်ပို့လိုက်တာက နယ်စားမင်းအိမ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေတာ မှန်ပေမယ့် သူမရဲ့ မင်္ဂလာကိစ္စကို ပေါ့ပေါ့တန်တန် ဆက်ဆံခဲ့တာက နယ်စားမင်းအိမ်တော်ပင်။
သို့သော် ယခုတော့ ရှီဇီ၏ လေသံအရ သူက လီမိသားစုကို ရန်သူအဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားပုံရ၏။
"ရှီဇီ၊ အဲဒီရှီဇီလီက အေးဆေးပုံပေါက်ပေမယ့် အလွယ်တကူ အနိုင်ကျင့်လို့ရမယ့်သူတော့ မဟုတ်လောက်ဘူး။ သခင်မကြီးရဲ့ အကြံပေးချက်အတိုင်း လီမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်"
ရင်းနှီးတဲ့ ဆက်ဆံရေး?
ရွှယ်နင်က အခုမှ လက်ထပ်ရသေးတာ၊ ဒါပေမယ့် သူမက ဒီလိုအလုပ်တွေ လုပ်နေပြီ။ သူ ဘယ်လိုလုပ်ပြီး အေးဆေးနေနိုင်ပါ့မလဲ။
ယခုအခိုက်အတန့်တွင်၊ ထိုကျေးဇူးကန်းတဲ့ မိန်းကလေးကို သူ့ရှေ့ ဆွဲခေါ်လာပြီး အပြစ်ပေးကာ သူ့စွမ်းအားကို နားလည်အောင် လုပ်ချင်တံ့စိတ်ကို သူ မထိန်းချုပ်နိုင်တော့ပေ။
စုကျန်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ သူ ဘာကြောင့် ဒီလောက်တောင် မကျေမနပ်ဖြစ်နေရတာလဲဆိုတာကို သူကိုယ်တိုင်လည်း မသိပေ။
ဘာပဲဖြစ်ဖြစ် သူလည်း အိမ်ထောင်ကျပြီးပြီလေ။ သူ့ဇနီးသည်က ယဉ်ကျေးသိမ်မွေ့ပြီး ဆွေကြီးမျိုးကြီးမှ ဖြစ်ကာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူများစွာ ပေးနိုင်တယ်။ ဒါပေမဲ့ သူက ပျော်ရွှင်မှုကို မရှာဖွေနိုင်သေးဘူး။
ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူ့နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
ပို၍ စိတ်တည်ငြိမ်သွားသောအခါ သူက သူ့လက်စွပ်ကျယ်ကြီးမှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး မြင်းလှည်းပေါ်သို့ တည်ငြိမ်စွာ တက်လိုက်သည်။
"မော့ပိုင်၊ မင်းတစ်ခု လုပ်ပေးဖို့ လိုတယ်"
"ရှီဇီ၊ အမိန့်ရှိပါ"
တုန်းကျင်းမြို့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အလျောက် စုကျန်းတွင် ကိုယ်ပိုင်အဆက်အသွယ်များ ရှိသည်မှာ ထင်ရှား၏။
မြင်းလှည်းအတွင်း ထိုင်နေရင်း သူ့ရင်ထဲမှ စိတ်ပျက်မှုများက ပို၍ ပြင်းထန်လာသည်။
ရွှယ်နင်ကို သတ်ပစ်ပြီး သူ့ရဲ့ မုန်းတီးမှုကို ဖြေဖျောက်ချင်မိတယ်။
သူသည် သူ့ဒေါသကို ဖိနှိပ်ထားရင်း မျက်လုံးများကို မှိတ်ကာ မော့ပိုင်ကို ပြောလိုက်သည်။
"ငါ တစ်ယောက်ယောက်ကို ကယ်ခဲ့ဖူးတယ်လို့ မှတ်မိနေတယ်။"
မော့ပိုင်က သေချာနားထောင်လိုက်ပြီး၊ ရှီဇီက တစ်ချိန်က တရားရေးဝန်ကြီးဌာန အကျဉ်းထောင်တွင် လူငယ်လေးတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတာကို ပြန်အမှတ်ရလိုက်သည်။
ထိုလူငယ်မှာ သူ၏ဖခင်၏ အမှားကြောင့် အပြစ်မရှိဘဲ အကျဉ်းထောင်သို့ ရောက်ရှိနေသူဖြစ်သည်။
ရှီဇီက သူ့မိသားစုအတွက် အမှုမှ ကင်းလွတ်စေခဲ့ရုံသာမက ဘဝသစ်ကို ပြန်လည်စတင်နိုင်စေရန် ငွေတုံးတစ်တုံးကိုပါ ပေးအပ်ခဲ့ဖူးသည်။
"ရှီဇီ၊ အဲဒီ ချွင်းရှန်းဆိုတဲ့ ကောင်လေးကို ဆိုလိုတာလား။"
မြင်းလှည်းက ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ဖြည်းညင်းစွာ မောင်းနှင်နေရင်း အနည်းငယ် ယိမ်းနွဲ့နေပြီး ပတ်ဝန်းကျင်မှ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
စုကျန်း၏ စိတ်ထဲတွင် ရွှယ်နင်၏ အေးစက်ပြီး ခံစားချက်မဲ့သော မျက်နှာက ထပ်တလဲလဲ ပေါ်လာနေသဖြင့် သူ့စိတ်အခြေအနေက ပို၍ပင် မကောင်းမွန်ပေ။
"သူ့မှာ လီမိသားစုအိမ်တော်မှာ အစေခံအဖြစ် လုပ်နေတဲ့ အစ်မတစ်ယောက်ရှိတယ်လို့ ငါမှတ်မိတယ်။"
မော့ပိုင်သည် ဤစကား၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် နားလည်သွား၏။
"ရှီဇီ၊ ဆိုလိုတာက..."
စုကျန်းက ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။
"ချွင်းရှန်းကို သွားရှာပြီး ငါ့အတွက် သတင်းအချက်အလက်တချို့ စုဆောင်းပေးဖို့ ကိုယ်တိုင် သွားပြောလိုက်။"
မော့ပိုင်က နှုတ်ခမ်းကို စေ့လိုက်ပြီး ပြန်ဖြေသည်။
"သဘောပေါက်ပါပြီ"
..........................
ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင် ကောင်းကင်ကြီးမှာ လုံးဝနီးပါး မှောင်မိုက်နေပြီ။
အထက်ကောင်းကင်ပြင်တွင် ကြယ်တာရာများက တလက်လက် တောက်ပနေ၏။
နောက်ဘက်တံခါးမှတစ်ဆင့် အိမ်တော်အတွင်းသို့ ဝင်လိုက်ရာ ပန်းပွင့်များ အစုံအလင်ဖြင့် စိမ်းလန်းစိုပြည်သော မြင်ကွင်းကို တွေ့ရသည်။
ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ကျယ်ဝန်းပြီး သစ်သားတန်းများတွင် လက်ရာမြောက်စွာ ထွင်းထုထားကာ အရောင်တင်ဆီများ လိမ်းခြယ်ထားသော ခန်းမဆောင်များ၊ နက်ရှိုင်းသော ခြံဝင်းများနှင့် အစေခံများစွာဖြင့် ပြည့်နှက်နေသည်။
အဖွဲ့သည် ကွယ်ကာထားသော တံတိုင်းကို ကျော်ဖြတ်ပြီး ရှည်လျားသော စင်္ကြံလမ်းများစွာကို လျှောက်ကာ အတွင်းခန်းများသို့ ပို့ဆောင်ပေးမည့် လခြမ်းပုံသဏ္ဌာန် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
လမ်းတစ်လျှောက်တွင် လီချန်ချဲ့မှာ မိန်းကလေးငယ်၏ ဘေးတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေပြီး သူမ ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ရင်း သူမ၏ ပြုံးရွှင်နေတဲ့ မျက်နှာလေးကို တစ်ချက်တစ်ချက် ငေးကြည့်နေသည်။
ရွှယ်နင်က လီချန်ချဲ့ စုကျန်းကို မြင်းလှည်းပေါ်မှ ကန်ချလိုက်တာကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက်၊ သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။ သူမ၏ ခင်ပွန်းဖြစ်သူအပေါ်ထားရှိသည့် သဘောထားမှာပင် လွန်စွာ ကြည်နူးနှစ်သက်ဟန် ပေါ်လွင်နေ၏။
ဒါက အကျိုးစီးပွားအတွက်သာ ပေါင်းဖက်ထားတဲ့ အိမ်ထောင်ရေးဖြစ်သော်လည်း၊ လီချန်ချဲ့ကို အသုံးချပြီး လူမှုအဆင့်အတန်း တက်လှမ်းရန် သို့မဟုတ် သူတစ်ပါးကို အထင်သေးရန် သူမ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။
သို့သော် သူမအတွက် သူလုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးက သူမကို တုန်းကျင်းမြို့တွင် လူပြောများအောင် ဖန်တီးပေးခဲ့သည်။
ဒါက လုံးဝကောင်းမွန်တဲ့ အရာဟုတ်မဟုတ် သူမ မသေချာသော်လည်း၊ စုကျန်း၏ ရှေ့တွင် သူမ၏ စိတ်ထဲမှ အငြိုးအတေးများကို အပြည့်အဝ ဖွင့်ထုတ်လိုက်ရခြင်းက သူမကို ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေသည်။
အိမ်ပြန်ရောက်တဲ့အခါ အမျိုးသားက မလှုပ်ရှားမီမှာပင် ရွှယ်နင်က နှုတ်ခမ်းကိုစူကာ အပြုံးတစ်ခု ဖန်တီးလိုက်ပြီး သူ့လက်မောင်းကို အလျင်အမြန် မတင်ပေးကာ လေးစားသမှုဖြင့် မြင်းလှည်းပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။
"ဖူကျွင်း၊ မလှုပ်ရှားပါနဲ့။ ကျွန်မ ကူညီပေးပါ့မယ်!"
လီချန်ချဲ့က ချစ်ခင်မြတ်နိုးစွာ ပြုံးလိုက်ပြီး မိန်းကလေးငယ်၏ နူးညံ့သော လက်ဝါးထဲတွင် သူ့လက်မောင်းကို အနားယူစေကာ သူ့နှလုံးသားမှာ ထူးခြားစွာ နှစ်သိမ့်မှု ရရှိသွားသည်။ တံခါးဝမှစ၍ ကျိုယင်းဆောင်အထိ သူမ၏ လက်ကို သူ ဘယ်တော့မှ မလွှတ်ခဲ့ပေ။
"အခုတော့ ဘယ်သူက မင်းကို အကောင်းဆုံး ဆက်ဆံလဲဆိုတာ သိပြီလား?"
ရွှယ်နင်၏ မျက်လုံးများက တောက်ပနေသည်။
"သေချာပေါက်၊ ကျွန်မရဲ့ ဖူကျွင်းပဲပေါ့။”