← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄) - သူမရဲ့ နှလုံးသားကိစ္စများ

လီချန်ချဲ့က ကျေနပ်စွာ မျက်လုံးများကို မှေးစင်းလိုက်သည်။

"နောက်တစ်ခါ ထပ်ခေါ်ပါဦး။"

ရွှယ်နင်သည် လီချန်ချဲ့ကို သူမ၏ အစ်ကိုအရင်းတစ်ယောက်လို သဘောထားကာ ရိုးသားဖြူစင်တဲ့ စိတ်ဖြင့် ခေါ်လိုက်၏။

"ဖူကျွင်း!"

လီချန်ချဲ့က "အင်း" ဟု တိုးတိုးလေး အသံပြုလိုက်ပြီး ပြုံးရွှင်နေသော ကောင်မလေး၏ မျက်နှာကို ငဲ့ကြည့်လိုက်ရာ သူ့စိတ်အခြေအနေလည်း သူမနည်းတူ တက်ကြွသွားသည်။

"ကိုယ်က မင်းရဲ့ ခင်ပွန်းလေ။ မင်းအတွက် ဘာမဆိုလုပ်ပေးဖို့က သဘာဝပဲ။ ဒါ့အပြင် မင်းကို သေချာစောင့်ရှောက်ပါ့မယ်လို့ မင်းရဲ့အစ်ကိုလုကို ကိုယ် ကတိပေးထားတယ်။ နင်နင်... မင်း တကယ် အားနာနေစရာ မလိုပါဘူး။ ကိုယ့်ကို တကယ် ကျေးဇူးဆပ်ချင်တယ်ဆိုရင် နောက်မှ ကိုယ့်ပုခုံးကို နှိပ်ပေးမလား။"

ရွှယ်နင်က သူ့လက်ကို မလွှတ်ပေးပေ။ ကြည်လင်သော ဆောင်းဦးရေပြင်ကဲ့သို့ သူမ၏ မျက်ဝန်းများက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သတိဝင်လာသည်။

အရင်ဘဝတုန်းက သူမဟာ စုကျန်းအတွက် နေ့စဉ်ရက်ဆက် စိုးရိမ်ပူပန်ခဲ့ရပြီး ယခု သူမရှေ့ရှိ ဤအမျိုးသားကို သတ်ပစ်ရန်ပင် စုကျန်းအား စေတနာဖြင့် အကြံပေးခဲ့ဖူးသည်။

သူမ တကယ်ပဲ... သေသင့်တယ်။

ကောင်မလေး၏ နက်ရှိုင်းသော အကြည့်များနှင့် ဆုံလိုက်ရသောအခါ လီချန်ချဲ့သည် သူမ၏ မျက်ဝန်းထဲတွင် သူနားမလည်နိုင်သော ခံစားချက်များစွာ ရှိနေတယ်လို့ ခံစားလိုက်ရသည်။ သူက သူမ၏ နှာခေါင်းလုံးလုံးလေးကို ညင်သာစွာ ဆွဲညှစ်လိုက်၏။

"ဘာတွေ ကြည့်နေတာလဲ။"

"ဘာမှမကြည့်ပါဘူး။"

သူ့လှုပ်ရှားမှုများက သိမ်မွေ့ပြီး သူမ၏ နှာခေါင်းထိပ်လေးကို ညှစ်လိုက်ချိန်တွင် မက်မွန်ပွင့်မျက်ဝန်းများက ကြင်နာယုယမှုများ ပြည့်နှက်နေသည်။

ရွှယ်နင်က အစပိုင်းတွင် ကြက်သေသေသွားသော်လည်း နောက်ပိုင်းတွင် ရင်ထဲ၌ ဆို့နင့်သွားသည်။ သူမက နှာခေါင်းကို အနည်းငယ် ရှုံ့ကာ ပြုံးလိုက်သည်။

"ဖူကျွင်း... ရှင် ဒီနေ့လုပ်ခဲ့တဲ့ကိစ္စကြောင့် စုကျန်း ဒေါသထွက်သွားတာ အဆန်းတော့မဟုတ်ဘူး။ သခင်မကြီးရှဲ့ ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ ဆိုတာကိုပဲ မသိတာ။ သူ(မ)က တုန်းကျင်းမြို့ တစ်မြို့လုံးမှာ မျက်နှာကို အရေးအကြီးဆုံးထားတဲ့ သူတွေထဲက တစ်ယောက်လေ။"

လီချန်ချဲ့က ပြောသည်။

"သူတို့ ဘာပဲလုပ်လုပ် မင်းကိုတော့ ဒုက္ခမပေးနိုင်ပါဘူး"

ရွှယ်နင်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ သူမ၏ တောက်ပသော အကြည့်များက သူ၏ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာပေါ်သို့ ကျရောက်သွားသည်။

"ဖူကျွင်း။"

လီချန်ချဲ့က မျက်ခုံးပင့်လိုက်သည်။

"ဟင်?"

"ဘာမှမဟုတ်ပါဘူး။"

ရွှယ်နင်က မျက်နှာလွှဲလိုက်ပြီး လီချန်ချဲ့၏ လက်ကြီးများကို လွှတ်ပေးလိုက်သည်။

"နောက်မှ ကျွန်မကိုယ်တိုင် ဟင်းချိုလေး တစ်ခွက် လုပ်ပေးရမလား။"

မိဘများ ကွယ်လွန်သွားပြီးကတည်းက သူမ၏ တစ်သက်တာတွင် ခြွင်းချက်မရှိ အကာအကွယ်ပေးခံရခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

ဒီနေ့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို မျက်နှာပျက်အောင် လီချန်ချဲ့ ကူညီပေးခဲ့တာက မယုံနိုင်လောက်အောင် ကျေနပ်စရာကောင်းသော်လည်း သူမရင်ထဲတွင်တော့ စိုးရိမ်ပူပန်နေဆဲပင်။

ထိပ်ဆုံးမှာ ရပ်တည်ရတာ အမြဲမခံဘူးလို့ သူမ အမြဲတမ်း ခံစားရတယ်။

အကယ်၍ လူတစ်ယောက်က အရမ်းဝင့်ကြွားပြီး ကျေနပ်နေမယ်ဆိုရင် တိမ်တိုက်တွေပေါ်ကနေ ပြုတ်ကျပြီး လုံးဝပျက်စီးသွားမယ့် နေ့တစ်နေ့ ရောက်လာလိမ့်မယ်။

လီချန်ချဲ့ သူမကို ပေးခဲ့တဲ့အရာများက စုကျန်းပေးခဲ့သည့် အရာများထက် ပိုကောင်းသော်လည်း ၎င်းက သူမကို ပို၍ မလုံခြုံသလို ခံစားရစေသည်။

ကျိုယင်းဆောင်သို့ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမမျက်နှာထက်တွင် အပြုံးတစ်ပွင့် ပွင့်လန်းလာသည်။

"ဒါဆို ပေါင်ချန်နဲ့ ကျွန်မ မီးဖိုချောင်မှာ အရင်သွားလုပ်စရာရှိတာ လုပ်လိုက်ဦးမယ်။ ဖူကျွင်းက အရင် သွားရေချိုးနှင့်လေ၊ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်။"

ထိုသို့ပြောပြီးသည်နှင့် သူမက ပေါင်ချန်ကို မီးဖိုချောင်ငယ်ရှိရာဘက်သို့ ဆွဲခေါ်သွားလေသည်။

စင်္ကြံတစ်လျှောက်တွင် လှပသေသပ်သော နန်းတော်သုံး မီးအိမ်များ ချိတ်ဆွဲထားပြီး ခြံဝင်းထောင့်များတွင် ကျောက်မီးအိမ်များ ချထားသည်။ လမ်းတစ်လျှောက်ရှိ အစေခံမိန်းကလေးများက သူမကို ရိုသေစွာ အရိုအသေပေးကြ၏။

သူမက တစ်ယောက်ချင်းစီကို ခေါင်းညိတ်ပြရင်း မီးဖိုချောင်ထဲသို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်သွားသည်။

သူမ နှလုံးခုန်သံများ မြန်ဆန်နေပြီး ရင်ဘတ်ထဲကနေ ခုန်ထွက်လာတော့မည့်အတိုင်း ခံစားနေရသည်။

ပေါင်ချန်က နားမလည်နိုင်စွာ ကြည့်လာသည်။

"သခင်မလေး၊ ဘာဖြစ်လို့လဲ။ ခုနကပဲ သခင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့တာ မဟုတ်ဘူးလား။"

ရွှယ်နင်က ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

"ငါ—"

သူမဘာဖြစ်နေလဲဆိုတာကို သူမကိုယ်တိုင်လည်း သေချာမရှင်းပြတတ်ဘူး။

လီချန်ချဲ့အပေါ် သူမ သံယောဇဉ်ဖြစ်သလို ကြောက်လည်းကြောက်နေမိတယ်။

သူမအပေါ် ခြွင်းချက်မရှိ အလိုလိုက်ပြီး အမြဲတမ်း အကာအကွယ်ပေးတတ်တာကို သူမ သဘောကျတယ်။ ဒါပေမဲ့ သူမကြောက်တာက ဒီလောက်ကြီးမားတဲ့ ချစ်ခင်ယုယမှုကို လက်မခံနိုင်မှာကိုဖြစ်ပြီး၊ ပိုကြောက်တာက လူ့စိတ်ဆိုတာ ဖောက်ပြန်တတ်ကာ စေတနာစစ်ကို ရှာရခက်ခဲတာကြောင့်ပင်။

ရွှယ်နင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲတက်နေသော ပါးပြင်ကို ပုတ်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ သူ့အတွက် ဟင်းချိုလုပ်ပေးဖို့ ဘာပါဝင်ပစ္စည်းတွေ သုံးရမလဲဆိုတာ တွေးနေလို့ပါ။ ဒါနဲ့ ပေါင်ချန်... အရင်က ဝယ်ထားတဲ့ ပဲနီလေးတွေ ကျန်သေးလား သွားကြည့်ပေးပါလား။"

"စိတ်မပူပါနဲ့ သခင်မလေး။ ကျွန်မတို့ရဲ့ ကျိုယင်းဆောင်က အရင် ချီယွင်ဆောင်နဲ့ မတူဘူးလေ။ ဒီမှာ အရာအားလုံးရှိတယ်။"

ပေါင်ချန်က တောက်ပစွာ ပြုံးလိုက်သည်။

"ကျွန်မ မားမားကျန်းဆီ သွားတောင်းလိုက်ပါ့မယ်။"

ပေါင်ချန် ထွက်သွားမှသာ ရွှယ်နင်၏ တင်းမာနေသော ကျောပြင်က အနည်းငယ် ပြေလျော့သွားတော့သည်။

သူမက ပြတင်းပေါက်ကို မှီကာ စင်္ကြံလမ်းကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

လီချန်ချဲ့နှင့် သူ့အစေခံ ဖူရှန်းတို့ အခန်းဆီသို့ လျှောက်လာနေတာကို မြင်လိုက်ရသည်။

ထိုအမျိုးသားတွင် မြင့်မြတ်ပြီး ဩဇာကြီးမားသော အသွင်အပြင်ရှိကာ တံတိုင်းကာထားသော လမင်းကဲ့သို့ အေးစက်ခက်ထန်ပြီး အလွန်ချောမောသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ငေးကြည့်ချင်စရာပင်။

သူ့ရှေ့မှာဆိုလျှင် သူမက ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း အကဲခတ်ရဲတာ မရှိပေ။

ပိုကြည့်လေ သူမရင်ခုန်သံများ ပိုမြန်လာလေဖြစ်၏။

သူ့ရှေ့တွင် ဖြစ်ပေါ်နေသော ရင်ခုန်သံတိုင်းက သူ့အပေါ်ထားရှိသော သူမ၏ ခံစားချက်ကြောင့်ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ သိလိုက်သည်။

ဒါပေမယ့်... လူတစ်ယောက်ကို ချစ်ရတာ အရမ်းနာကျင်ပြီး ပင်ပန်းလွန်းတယ်လေ... တစ်ခါကဆို သူမအသက်နဲ့ပါ ရင်းခဲ့ရသေးတယ်။

ဒါ့အပြင် ဒီအမျိုးသားက သူမကို ပြန်ချစ်ချင်မှ ချစ်လိမ့်မယ်။

လက်ရှိ သူမအပေါ် ကာကွယ်ပေးပြီး သံယောဇဉ်ထားနေတာက အစ်ကိုလုနှင့် ရှိတဲ့ ဆက်ဆံရေးကြောင့်ပဲ။

ရွှယ်နင်က နောင်တရစွာ သက်ပြင်းချလိုက်ပြီး အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

တော်ပါပြီ... လူတွေက အချစ်ကို လိုအပ်ချင်မှ လိုအပ်မှာပါ။

သူ့ကျေးဇူးကို ဆပ်ဖို့သက်သက်နဲ့ သူ့အပေါ် ကောင်းပေးလို့ရတာပဲ။

ထို့ကြောင့် ဘယ်သူမှ မသိစေရန် ဒီခံစားချက်ကို သူမရင်တွင်း အနက်ရှိုင်းဆုံးမှာ တိတ်တဆိတ် မြှုပ်နှံထားလိုက်တော့မယ်။

"သခင်မလေး၊ ပဲနီလေးတွေ ရပါပြီ။"

"ကောင်းပြီ။"

ရွှယ်နင်က သူမ၏ပါးပြင်ကို ညင်သာစွာ ထိလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"ငါအခုလာခဲ့မယ်"

...

"သခင်မလေးရွှယ် ကျိုယင်းဆောင်ကို ရောက်လာကတည်းက တကယ်ကို ထူးခြားသွားသလိုပဲ။"

ဖူရှန်းက သူ့သခင်၏ ဝတ်ရုံကို ချွတ်ပေးရင်း နွေးထွေးစွာ လင်းထိန်နေသော မီးဖိုချောင်ငယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သခင်မလေး ကိုယ်တိုင်ကိုယ်ကျ ဟင်းချိုလုပ်ပေးမည်ဟု ကြားသောကြောင့် အစေခံမိန်းကလေးအချို့က ဆန်းသစ်သည်ဟု ထင်ကာ မီးဖိုချောင်ပတ်လည်တွင် ဝိုင်းကြည့်နေကြသည်။

အစေခံမိန်းကလေးငယ်အချို့က တံခါးဝတွင် စုရုံးကာ လည်ပင်းဆန့်၍ အထဲသို့ လှမ်းကြည့်နေကြ၏။

ထူးဆန်းတယ်— ကျိုယင်းဆောင်က အမြဲတမ်း ခမ်းနားထည်ဝါပြီး သေသပ်လှပစွာ ဖွဲ့စည်းထားသော်လည်း အသက်ဝင်မှု ကင်းမဲ့နေခဲ့သည်။

ယခုတော့ ခြံဝင်းထဲတွင် နေရာတိုင်း၌ လူများ၊ စိမ်းလန်းစိုပြည်သော အပင်များနှင့် အပြိုင်အဆိုင် ဖူးပွင့်နေသော ရှားပါးပန်းမန်များဖြင့် ပြည့်နှက်နေပြီး အရာအားလုံးက ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ရင်ကိုနွေးထွေးစေသော အငွေ့အသက်များဖြင့် ပြည့်လျှံနေသည်။

အထူးသဖြင့် သခင်မလေးရွှယ်နှင့် ပေါင်ချန်တို့ ပေါ်လာတိုင်း အေးစက်တိတ်ဆိတ်နေသော ဤဥယျာဉ်လေးကို ရုတ်တရက် အသက်ဝင်လာစေ၏။

ခြံဝင်းထဲတွင် အစေခံမိန်းကလေးများ အလုပ်လုပ်နေခြင်း မရှိလျှင်ပင်။

စင်္ကြံအောက်တွင် ပေါင်ချန်တစ်ယောက်တည်း ငိုက်မျဉ်းနေလျှင်ပင်။

သခင်မလေးက တန်ဖိုးကြီးကုတင်ငယ်ပေါ်တွင် အနားယူနေလျှင်ပင်။

ခြံဝင်းကြီးက အရင်လို အသက်မဲ့မနေတော့ဘဲ တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေတော့သည်။

သူ့သခင်၏ အရှိန်အဝါကပင် သိသိသာသာ နူးညံ့သွားခဲ့၏။

မကြာသေးမီက တော်ဝင်စာမေးပွဲ ဖြေဆိုပြီး လက်ထပ်လိုက်တာကြောင့် သူက လူသတ်ခြင်းကိုပင် ရပ်တန့်လိုက်လေပြီ။

လီချန်ချဲ့သည် ခါးစည်းကြိုးကို ခပ်လျော့လျော့ စည်းထားသော လမင်းဖြူရောင် ဝတ်ရုံပွပွကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူ၏ အရပ်မြင့်မြင့် ခန္ဓာကိုယ်ကြီးက ကုတင်ငယ်ကို မှီရင်း စာအုပ်တစ်အုပ်ကို ပေါ့ပေါ့ပါးပါး လှန်လှောဖတ်ရှုနေသည်။

"အခု ခြံဝင်းထဲမှာ လူတွေ အရမ်းများနေတယ်။ မနက်ဖြန် သူတို့ရဲ့ နောက်ခံကို သေချာစစ်ဆေးပြီး ခြံဝင်းထဲမှာ အလုပ်လုပ်ဖို့ အရည်အချင်းရှိတဲ့ လေးငါးယောက်လောက်ပဲ ချန်ထားခဲ့။ ခန်းမကြီးထဲကိုတော့ ပေါင်ချန်နဲ့ မားမားကျန်းကလွဲပြီး ဘယ်သူမှ ပေးမဝင်နဲ့။"

မားမားကျန်းသည် လီချန်ချဲ့၏ နို့ထိန်းမားမား ဖြစ်၏။

သခင်မဝမ်သည် သူ့ကို မွေးဖွားပြီးနောက် မိခင်နို့ တစ်ခါမှ မတိုက်ကျွေးခဲ့ဖူးပေ။

လီလင်းဖုန်းက ကြမ်းတမ်းသော ယောက်ျားတစ်ယောက်ဖြစ်၍ ငိုယိုနေတဲ့ မွေးကင်းစကလေးကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ရမလဲဆိုတာ မသိတာကြောင့် ကလေးကို နို့ထိန်းမားမားထံသို့သာ အပ်နှံထားခဲ့ရသည်။

ဒီနှစ်တွေတစ်လျှောက်လုံး သူ့အတွက် ကျိုယင်းဆောင်ကို စီမံအုပ်ချုပ်ပေးခဲ့တာ မားမားကျန်း(အထိန်းတော်ကျန်း)ပင်။

"ရှီဇီ... စိတ်ချပါ၊ ကျွန်တော် နားလည်ပါတယ်။"

ဖူရှန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"နောက်ပြီးကျရင် သခင်မလေး လုပ်နေတဲ့ ဟင်းချိုလေး တစ်ခွက်လောက် ကျွန်တော် သောက်လို့ရမလား။"

လီချန်ချဲ့က မျက်ခွံကို ပင့်ကာ သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ ဘာစကားမှ မဆိုသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

ဖူရှန်းက ချက်ချင်း သဘောပေါက်သွားသည်။

"ကျွန်တော်က ပေါင်ချန်လုပ်တာကိုပဲ သောက်ပါ့မယ်။ သခင်မလေး ပြင်ဆင်သမျှက ရှီဇီအတွက်ချည်းပါပဲ"

ထိုအခါမှသာ လီချန်ချဲ့က အကြည့်လွှဲသွားပြီး သူ၏ မျက်နှာအမူအရာ ပြေလျော့သွားကာ အေးအေးဆေးဆေး ညွှန်ကြားလိုက်သည်။

"အိမ်တော်ထိန်း အနည်းငယ်ကို ရှာပြီး အဆင်သင့် ပြင်ထားလိုက်။"

ဖူရှန်းက နားမလည်နိုင်ဖြစ်သွားသည်။

"အကယ်၍ ရှီဇီက သခင်မလေးကို အိမ်တော်စီမံအုပ်ချုပ်တတ်အောင် သင်ပေးချင်တယ်ဆိုရင် ဘာလို့ အိမ်တော်ထိန်းတွေကို သူ(မ)ဆီ တိုက်ရိုက် မလွှဲပေးလိုက်တာလဲ။"

လီချန်ချဲ့၏ အမူအရာက အေးစက်တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သူ(မ)က ငါ လက်ထပ်ထားတဲ့ ဇနီးလေ၊ ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ အစေခံမှ မဟုတ်တာ။ အကယ်၍ သူ(မ)က အိမ်တော်ကို စီမံအုပ်ချုပ်ရတာ မနှစ်သက်ဘူးဆိုရင် ဒီလို အသေးအဖွဲ ကိစ္စတွေအတွက် ပင်ပန်းခံနေစရာ မလိုဘူး။ တကယ်လို့ သူ(မ)က ငါ့ရဲ့ အတွင်းဆောင်ကို ဂရုစိုက်ပေးချင်တယ်ဆိုရင်လည်း သူ(မ)ကို အလွန်အမင်း ပင်ပန်းခံခိုင်းလို့ မဖြစ်ဘူး။ ဒီကိစ္စက သူ(မ) ဘယ်လိုလုပ်မလဲဆိုတဲ့ ရွေးချယ်မှုအပေါ်မှာပဲ လုံးလုံး မူတည်တယ်၊ ဒါကြောင့် မင်းဝင်မပါနဲ့။”

All Chapters