← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) - မနာလိုနေတာလား။

ရွှယ်နင်က ထိုလူများကို အကဲခတ်ကြည့်လိုက်၏။ တစ်ယောက်ချင်းစီတိုင်းက ကြည်လင်တောက်ပပြီး ထက်မြက်သော မျက်ဝန်းများ၊ တည်ငြိမ်ရင့်ကျက်သော အသွင်အပြင်များ ရှိကြသည်— သူတို့က သန့်ရှင်းသပ်ရပ်ကာ ထိရောက်မှုရှိပြီး အလုပ်ကိစ္စများကို နိုင်နင်းစွာ ကိုင်တွယ်နိုင်မည့်ပုံ ပေါ်သည်။

လူစုက အထဲသို့ဝင်လာပြီး သေသပ်စွာ တန်းစီရပ်လိုက်ကြသည်။ သူမကို သခင်မလေးဟု ရိုသေစွာ ခေါ်ဆိုကြပြီး သူတို့တစ်ဦးချင်းစီ ကျွမ်းကျင်ရာ အုပ်ချုပ်မှုကဏ္ဍများကို ရှင်းပြကြသည်။

ဤကဲ့သို့ ဆက်ဆံခံရခြင်းအတွက် ရွှယ်နင် အနည်းငယ် အားနာမိသွားသည်။

အရင်ဘဝက စုကျန်း၏ ရှီဇီကတော်အဖြစ် ဆယ်နှစ်တိုင်တိုင် နေထိုင်ခဲ့သော်လည်း ဒီနေ့လိုမျိုး ဆက်ဆံမှုကို တစ်ခါမှ မရရှိခဲ့ဖူးပေ။

ချက်ချင်းပင် သူမက အိမ်တော်ထိန်းများကို ငွေစများ ဆုချလိုက်၏။

အိမ်တော်၏ အပိုင်းတစ်ခုချင်းစီတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ ရှိသည်။ သူမက ဖူရှန်းနှင့် မားမားကျန်းကို သူမအား နေရာအနှံ့ လိုက်ပြခိုင်းကာ အသီးသီးသော နေရာများရှိ အစေခံမိန်းကလေးများ၊ အထိန်းတော်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်လိုက်သည်။ အိမ်တော်တွင် သခင်မအသစ် ရောက်လာတာ ရှားပါးသောကြောင့် အစေခံမိန်းကလေးများက ဤသခင်မလေးအကြောင်းကို အထူး သိချင်နေကြသည်။

"ကြည့်စမ်း၊ အဲဒါ ရှီဇီကတော် မဟုတ်ဘူးလား။ ငါတို့ဘက်ကို ဘာလို့ လာနေတာလဲ။"

ရွှယ်နင်၏နောက်တွင် အိမ်တော်ထိန်း ဆယ်ယောက်ကျော် လိုက်ပါလာတာကို မြင်လိုက်ရသဖြင့် အပ်ချုပ်ဆောင်မှ အစေခံမိန်းကလေးများမှာ စိတ်လှုပ်ရှားစွာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။

ရှီဇီ၏ အနီးကပ်လူယုံဖြစ်သော ဖူရှန်းကိုယ်တိုင် သူမနောက်မှ လိုက်ပါလာတာက သူတို့အားလုံးကို အနည်းငယ် ထိတ်လန့်သွားစေသည်။

ဒီသခင်မလေးက ပြဿနာလာရှာမှာကို စိုးရိမ်ကြသဖြင့် လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။

"သခင်မလေးက အိမ်တော်ကို အခုမှ ရောက်တာလေ။ ငါတို့ သူ(မ)ကို မသင့်တော်တာ လုပ်မိတာမျိုး မရှိပါဘူးနော်။"

"သခင်မဝမ်လိုပဲ ပေါင်းသင်းရ ခက်နေမလား။"

"ဒါပေမယ့် သူ(မ)က ငါတို့ရှီဇီ တရားဝင်လက်ထပ်ပြီး နယ်စားမင်းအိမ်တော်ထဲကို ယာဉ်ရှစ်စီးပါတဲ့ ခြံရံမှုနဲ့ ခေါ်လာခဲ့တဲ့ ဇနီးလေ။ သူ(မ)ဘယ်လောက်ပဲ ဆက်ဆံရခက်ခက် ငါတို့ သည်းခံရမှာပဲ။ နယ်စားမင်းဆီ သူ(မ)သွားမတိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်... မဟုတ်ရင် ငါတို့ စစ်တပ်အပြစ်ဒဏ်တွေ ခံရလိမ့်မယ်။"

"ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ စည်းကမ်းတွေက အရမ်း တင်းကျပ်လွန်းတယ်။ လစာများလို့သာ မဟုတ်ရင် ဒီမှာ အစေခံဖို့ ငါ သဘောတူခဲ့မှာ မဟုတ်ဘူး..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မဝမ် အခန်းထဲက အစေခံမလေးတစ်ယောက် လက်ဖက်ရည်ပန်းကန်လုံး ခွဲမိလို့ ကြိမ်လုံးနဲ့ အချက်ပေါင်းများစွာ ရိုက်ခံရတယ်။ သူ(မ) အခုထိ အခန်းထဲမှာ လဲနေတုန်းပဲ၊ အသက်လေး ရှူရုံပဲရှိတော့တာ။ အခုတလော နယ်စားမင်းသာ အလုပ်မရှုပ်နေဘူးဆိုရင် သူ(မ) ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ။"

"နင်တို့က ကံကောင်းပါတယ်— အိမ်တော်ထဲကို အဝယ်ခံခဲ့ရတာဆိုတော့။ ငါတို့လို ဒီမှာပဲ အစေခံအဖြစ် မွေးဖွားလာတဲ့ သူတွေကျတော့ရော ဘယ်လိုလုပ်မလဲ။ ထွက်ပြေးဖို့ အခွင့်အရေးတောင် မရှိဘူး။ အမှားမလုပ်မိဖို့နဲ့ သခင်တွေကို မပြစ်မှားမိဖို့ပဲ ဆုတောင်းနိုင်တော့တယ်။"

ရွှယ်နင်သည် အစေခံမိန်းကလေးများ၏ ဆွေးနွေးပြောဆိုသံများကို အဝေးမှ ကြားနေရသည်။ သူမ အနီးသို့ ရောက်သွားသောအခါ သူတို့အားလုံးက ထိတ်လန့်တကြား တိတ်ဆိတ်သွားကြသည်။

သူမက သူတို့ကို မဆူပူဘဲ သူတို့စကားများကို မကြားခဲ့သည့်ဟန် ဆောင်လိုက်သည်။ ထို့အစား လူတိုင်းကို နှုတ်ဆက်ကာ သူတို့၏ မျက်နှာတစ်ခုချင်းစီကို အချိန်ယူ မှတ်သားလိုက်၏။

အပ်ချုပ်ဆောင်မှ အစေခံမိန်းကလေးများမှာ သိသာစွာပင် သက်ပြင်းချလိုက်နိုင်ကြသော်လည်း တောက်ပလှပစွာ ဝတ်ဆင်ထားသော ရွှယ်နင်ကို သတိဖြင့် အကဲခတ်နေကြဆဲဖြစ်သည်။

သတို့သမီးအသစ် ရောက်လာခြင်းက ဝမ်းမြောက်စရာကိစ္စ ဖြစ်သော်လည်း သခင်ဖြစ်သူက အိမ်ထောင်စုကို အလွန်တင်းကျပ်စွာ အုပ်ချုပ်သည့် စစ်သည်တစ်ဦး ဖြစ်သောကြောင့် အစေခံများက ဘယ်လောက်ပဲ သိချင်နေပါစေရွှယ်နင်၏ ရှေ့တွင် သခင်များအကြောင်းကို မဆွေးနွေးရဲကြပေ။ ဤသခင်မလေးနှင့် မင်ဟွားဆောင်မှ သခင်မကြီးတို့ အဆင်ပြေနိုင်မလား၊ ရှီဇီ နောက်ဆုံးမှာ လက်ထပ်ခဲ့တဲ့ ဇနီးက ဘယ်လိုလူစားမျိုးလဲ၊ ဒါမှမဟုတ် သခင်မအသစ်က သူမရဲ့ အာဏာကို ပြသရန်အတွက် ဒီနေ့ တကူးတက လာတာလား ဆိုသည်တို့ကိုသာ တိတ်တဆိတ် ခန့်မှန်းနေကြလေသည်။

သို့သော် မကြာမီမှာပင် သူတို့က နတ်သမီးတစ်ပါးကဲ့သို့ ထင်ရသော ဤသခင်မလေးမှာ မယုံနိုင်လောက်အောင် သဘောထားကြီးပြီး ခင်မင်စရာကောင်းကြောင်းကို နားလည်သွားကြ၏။

ရွှယ်နင် အိမ်တော်သို့ ဝင်ရောက်လာပြီး အိမ်မှုကိစ္စများကို တာဝန်ယူပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ဌာနအားလုံးအတွက် လစဉ်လစာများကို တိုးမြှင့်ပေးခြင်းပင်။ မင်္ဂလာပွဲ ကျင်းပနေသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် သူမက လူတိုင်းကို ဆုငွေများလည်း ဝေငှပေးခဲ့သည်။

သူမက ခံစားချက်ပါသော စကားများ မပြောခဲ့ဘဲ ၎င်းမှာ နယ်စားမင်းနှင့် ရှီဇီတို့၏ အမိန့်အရဖြစ်ကြောင်းကိုသာ ပြောကြားခဲ့၏။

အိမ်တော်ထိန်းများမှစ၍ သန့်ရှင်းရေးလုပ်သော အစေခံမိန်းကလေးများအထိ လူတိုင်း စာအိတ်နီများ ရရှိခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ကျန်းကော်နယ်စားမင်းအိမ်တော် တစ်ခုလုံးတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပျံ့နှံ့သွားပြီး လူတိုင်းက ရွှယ်နင်ထံသို့ လာရောက်၍ ဆုတော်ငွေများအတွက် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုကြလေသည်။

တစ်ရက်တည်းနှင့်ပင် အိမ်တော်တစ်ခုလုံးက အသစ်ရောက်လာသော ဤသခင်မလေးကို မှတ်မိသွားကြပြီး သူမအကြောင်းကို ချီးကျူးပြောဆိုလာကြသည်။

လက်ဖက်ရည်ဆောင်တွင် အလုပ်အကျွေးပြုသော ချွင်းရီ တစ်ယောက်သာ ဆုငွေများပါသော ငွေအိတ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး မထီမဲ့မြင်ဟန်ဖြင့် ရှိနေခဲ့သည်။

"နင်တို့အားလုံး သူ(မ)ကို ချီးမွမ်းနေကြတာပဲ၊ ဒါပေမယ့် သူ(မ)က နင်တို့လို အရူးတွေရှေ့မှာ ဟန်ဆောင်နေတာ မဟုတ်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူ(မ)က လူတွေရဲ့ စိတ်ကို သိမ်းသွင်းဖို့အတွက်ပဲ ပိုက်ဆံသုံးနေတာလေ၊ နင်တို့ကများ သူ(မ)ကို အမျိုးကောင်းသမီး၊ သဘောကောင်းတဲ့ သခင်မလေးလို့ ထင်နေကြတာလား။ သူ(မ)က မိသားစုဆိုလို့ ဘယ်သူမှမကျန်တော့တဲ့ အားကိုးရာမဲ့ မိဘမဲ့တစ်ယောက်ပါ။ ရွှမ်းယီနယ်စားမင်းအိမ်တော်ကလည်း သူ(မ/ကို မကြိုက်ကြဘူး၊ ဒီကို လက်ထပ်ဝင်လာပြီးရင်ရော ဘယ်သူက သူ(မ)ကို အထောက်အပံ့ပေးမှာတဲ့လဲ။ မကြာခင် သခင်မဝမ်ရဲ့ နှင်ထုတ်တာကိုတောင် ခံရနိုင်သေးတယ်။"

ရွှယ်နင်ကတော့ ဥယျာဉ်ဘက်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

လက်ဖက်ရည်ဆောင်တွင်တော့ ချောမောလှပသော အစေခံမိန်းကလေးငယ်အချို့က ငွေအိတ်ထဲမှ ငွေစများကို စိတ်လှုပ်ရှားစွာ စုရုံးရေတွက်နေကြပြီး လွတ်လွတ်လပ်လပ် စကားပြောဆိုနေကြသည်။

သူတို့၏ လက်ရှိ အဆင့်အတန်းအရ ဆုငွေအဖြစ် ငွေနှစ်ချန်သာ ရရှိခဲ့သော်လည်း ၎င်းကပင် သူတို့ကို ပျော်ရွှင်စေရန် လုံလောက်နေပြီ။

ဘာပဲဖြစ်ဖြစ် သခင်မဝမ် အိမ်တော်သို့ လက်ထပ်ဝင်ရောက်လာကတည်းက နယ်စားမင်းအိမ်တော်မက ရှုပ်ထွေးပြီး ပရမ်းပတာ ဖြစ်နေခဲ့တာလေ။

သခင်မဝမ်သည် ပြုစုခစားရန် ခက်ခဲရုံသာမက စိတ်အပြောင်းအလဲမြန်ကာ ခန့်မှန်းရလည်း ခက်ခဲ၏။

ဟယ်ကျန့်ရှိ အိမ်တော်ဟောင်းမှာကတည်းက သူမက သူတို့ကို အသက်ရှူကျပ်သည်အထိ နှိပ်စက်ခဲ့ပြီးဖြစ်သည်။

နယ်စားမင်းကလည်း ထိုသခင်မဝမ်ကို အလွန်အကျွံ အလိုလိုက်ထားပြီး အနည်းငယ်မျှ အစပျိုးရုံနှင့်ပင် အစေခံများကို စစ်တပ်အပြစ်ဒဏ်များဖြင့် မကြာခဏ အပြစ်ပေးလေ့ရှိ၏။

သူတို့နှစ်ယောက် အဆင်ပြေနေလျှင် ကိစ္စမရှိသော်လည်း ရန်ဖြစ်ကြပြီဆိုလျှင် နောက်ဆုံးတွင် နစ်နာရတာ အမြဲတမ်း အစေခံများပင်။

အခု သခင်မလေးအသစ်က အိမ်တော်ထဲကို ရောက်လာပြီး ဒီလောက်များပြားတဲ့ ဆုငွေတွေကို ရက်ရက်ရောရော ပေးကမ်းခဲ့တယ်။ သူမက လူတွေရဲ့ စိတ်ကို သိမ်းသွင်းဖို့ ကြိုးစားနေတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့ ငွေတွေက သူတို့လက်ထဲကို တကယ်ရောက်လာပြီပဲလေ။ ဒီထက်ပိုပြီး ဘာတောင်းဆိုစရာ လိုသေးလို့လဲ။

တစ်ယောက်က ပြောလိုက်သည်။

"ချွင်းရီ... နင် မလိုချင်ရင် နင့်ရဲ့ ဆုငွေကို ငါ့ကို ပေးလိုက်လို့ရတယ်။ နင့်ကိုယ်စား ငါ သုံးပေးမယ်လေ"

ချွင်းရီက ငွေအိတ်ကို အမြန်လုယူကာ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။

"ငါ အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ ဒီသခင်မလေးက နည်းနည်း ဟန်ဆောင်ကောင်းလွန်းတယ်လို့ ထင်လို့ပါ။"

ပိုးသားအင်္ကျီအနီ ဝတ်ဆင်ထားသော အစေခံမိန်းကလေးတစ်ဦးက အနားသို့ တိုးလာပြီး ချွင်းရီ၏ မကျေနပ်တဲ့ မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။

"သူ(မ)က ဟန်ဆောင်နေတော့ရော ဘာဖြစ်လဲ။ ချမ်းသာတဲ့ အိမ်တော်တွေမှာ ဟန်ဆောင်ကောင်းတဲ့ သခင်မတွေ အများကြီးပဲ မဟုတ်ဘူးလား။ ငါတို့ အစေခံတွေကို အသက်ရှူချောင်အောင် ထားပေးသရွေ့ ငါတို့က ကျေးဇူးတင်ရမှာပဲ။ ချွင်းရီ... နင် သခင်မလေးကို မနာလိုနေတာတော့ မဟုတ်ပါဘူးနော်။"

ချွင်းရီက လှောင်ပြုံး ပြုံးလိုက်ပြီး သူမ၏ မျက်နှာထား အေးစက်သွားသည်။

"ငါက သူ(မ)ကို မနာလိုရမယ်? ငါ မနာလိုရလောက်အောင် သူ(မ)ဆီမှာ ဘာများရှိနေလို့လဲ။"

မက်မွန်ပန်းရောင် ပိုးအင်္ကျီဝတ်ထားသည့် အစေခံမလေးက တခစ်ခစ် ရယ်မောလိုက်သည်။

"နင်က သခင်မလေးကို ရှီဇီ သဘောကျလို့ မနာလိုနေတာမလား။ ငါတို့ရှီဇီက ချောမောခန့်ညားပြီး သိက္ခာရှိတဲ့အပြင် ဒီနှစ်တွေတစ်လျှောက်လုံး မိန်းမတွေနဲ့ အလှမ်းကွာဝေးအောင် နေခဲ့တာ။ သူ့ကုတင်ပေါ် တက်ဖို့ကြိုးစားတဲ့ အစေခံမတွေ အများကြီး ရိုက်နှက်မောင်းထုတ်ခံခဲ့ရပေမဲ့ အခုတော့ နောက်ခံမရှိတဲ့ အားကိုးရာမဲ့ မိဘမဲ့တစ်ယောက်ကို လက်ထပ်လိုက်တာလေ။ နင်က အခုမှ အခွင့်အရေးရှိတယ်လို့ ထင်နေတာလား။"

ချွင်းရီ၏ မျက်နှာက ခဏမျှ ပျက်သွားသည်။ သူမက အစေခံမလေးကို မျက်စောင်းထိုးလိုက်ပြီး ပြက်လုံးအဖြစ် ပြောလိုက်သည်။

"ငါက အဲဒီမိဘမဲ့မထက် ဘာညံ့လို့လဲ။"

ချွေ့အယ်ဟု အမည်ရသည့် အစေခံမလေးက သူမကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

"နင်က ငါတို့ လက်ဖက်ရည်ဆောင်မှာ အလှဆုံး ဖြစ်နိုင်ပေမဲ့ သခင်မလေးရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုပါသေးတယ်။ သူ(မ)ရဲ့ မျက်ခုံးမျက်ဝန်းတွေကို နင်မမြင်ဘူးလား။ ရှီဇီတင်မကဘူး၊ အစေခံသက်သက်ဖြစ်တဲ့ ငါတောင် သူ(မ)ကိုမြင်ရင် စိတ်လှုပ်ရှားမိတယ်။ နင်က ကိုယ့်ကိုယ်ကိုယ် ဘာထူးခြားနေတယ် ထင်လို့လဲ"

ချွင်းရီသည် ချက်ချင်း အရှက်ရသွားပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲတက်လာသည်။

ကျန်းကော်နယ်စားမင်းအိမ်တော်တွင် စည်းကမ်းက အရာအားလုံးထက် အရေးကြီး၏။

အိမ်တော်ရှိ အမျိုးသားသခင်များထဲမှ မည်သူမျှ ကိုယ်လုပ်တော် သို့မဟုတ် အိပ်ဆောင်အစေခံမိန်းကလေးများ ထားရှိခြင်းမရှိပေ။ အကြီးဆုံးသခင်လေးက လက်မထပ်ရသေးသလို နယ်စားမင်းတွင်လည်း ကိုယ်လုပ်တော် တစ်ယောက်မှ မရှိချေ။

အဆင့်တက်ရန် ရည်မှန်းချက်ကြီးမားသော အစေခံမိန်းကလေးများသည်ပင် မသင့်တော်သော အပြုအမူမျိုးကို မလုပ်ရဲကြပေ။

သို့သော်လည်း ချွင်းရီသည် ချွေ့အယ်နှင့် ဆက်၍ အခြေအတင်မဖြစ်တော့ဘဲ မျက်နှာပျက်ပျက်ဖြင့် တံခါးပြင်ပသို့ ထွက်ခွာလာခဲ့သည်။ သူမက ကျောက်ဖျာလှေကားထစ်များပေါ်သို့ လှမ်းတက်လိုက်စဉ် ပြတင်းပေါက်မှတစ်ဆင့် နောက်သို့ မကျေမနပ် လှည့်ကြည့်လိုက်၏။

"အို... ချွင်းရီ၊ နင်တစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာလဲ။"

တွေးတောငေးမောနေစဉ် ခြံဝင်းတံခါးဝမှ ချိုသာပြီး တက်ကြွသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

All Chapters