အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) - ကျန်းမာရေး သွေးခုန်နှုန်းစမ်းခြင်း
ချွင်းရီသည် ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ရီကွမ်း၏ ကြည်လင်ပြီး အပြစ်ကင်းစင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။ မနေ့က အိမ်ပြန်ရောက်ချိန်တွင် မောင်ဖြစ်သူ ချွင်းရှန်း ပြောခဲ့တဲ့စကားများကို သတိရသွားကာ သူမက ခဏမျှ စဉ်းစားလိုက်ပြီးနောက် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
သူမက အနားသို့လျှောက်သွားကာ ရီကွမ်း၏ လက်မောင်းကို ချိတ်လိုက်သည်။
"ရီကွမ်း... သခင်မလေးက နင့်ကို ဆုငွေပေးသေးလား။"
ရီကွမ်းသည် အကြီးဆုံးသခင်လေး၏ ခြံဝင်းတွင် အလုပ်အကျွေးပြုသူ ဖြစ်၏။
၎င်းကို သီးခြားအိမ်တော်ဟု ဆိုကြသော်လည်း တကယ်တမ်းတွင်မူ မင်ဟွားဆောင်၏ ဘေးဘက်ရှိ ခြံဝင်းငယ်လေးတစ်ခုသာ ဖြစ်ပြီး သခင်မဝမ်၏ အဆောင်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည်။
သခင်မဝမ်သည် ယခင်က အခြားသူတစ်ဦးနှင့် အိမ်ထောင်ကျဖူးသော်လည်း နယ်စားမင်းက သဘောကျသွားသဖြင့် အတင်းအဓမ္မ သိမ်းပိုက်ခြင်းခံခဲ့ရတယ်လို့ ပြောကြသည်။
အစပိုင်းတွင် သခင်မဝမ်သည် နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်ရန် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ၏ အရင်ခင်ပွန်း အသက်ကို ကယ်တင်ရန်အတွက် မတတ်သာဘဲ သဘောတူခဲ့ရသည်။
သို့သော်လည်း သခင်မဝမ် လက်ထပ်သည့် မင်္ဂလာဦးညမှာပင် သူမ၏ အရင်ခင်ပွန်းမှာ ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထို့နောက် သခင်မဝမ်သည် နယ်စားမင်းနှင့် ပြင်းထန်စွာ ရန်ဖြစ်ခဲ့ကြ၏။
ထိုအချိန်မှစ၍ သခင်မဝမ်သည် နယ်စားမင်းနှင့် သွေးသားမတော်စပ်သော ဤသားဖြစ်သူအပေါ်တွင် အလွန်အမင်း ဂရုတစိုက် စောင့်ရှောက်လာခဲ့သည်။
သူမ၏ ကိုယ်ပိုင် သွေးသားအရင်းဖြစ်သော သားကိုပင် လျစ်လျူရှုထားခဲ့၏။
ကျိုယင်းဆောင်သည် မင်ဟွာဆောင်နှင့် အဝေးဆုံးတွင် ရှိသည်။
ရီကွမ်းသည် အခြားသော အစေခံမိန်းကလေးများနှင့် မတူပေ— သူမကို အကြီးဆုံးသခင်လေးက ကောက်ယူမွေးစားထားခြင်းဖြစ်သည်။
သူမက အကြီးဆုံးသခင်လေးရှေ့တွင် လွတ်လွတ်လပ်လပ် စကားပြောဆိုနိုင်ရုံသာမက သခင်မဝမ်ကလည်း သူမအား အကြီးဆုံးသခင်လေး၏ အိပ်ဆောင်အစေခံအဖြစ် ထားရှိရန် ရည်ရွယ်ထားသည့်အတိုင်း တမူထူးခြားစွာ ဆက်ဆံလေသည်။
ချွင်းရီသည် မွေးရာပါ အစေခံတစ်ဦး မဟုတ်ပေ။ သူမ၏ မိသားစုသည် မျိုးရိုးစဉ်ဆက် သမားတော်များဖြစ်ခဲ့သော်လည်း မှူးမတ်တစ်ဦးကို မတော်တဆ ပြစ်မှားမိပြီးနောက် ဆင်းရဲမွဲတေသွားခဲ့သည်။
နောက်ပိုင်းတွင် သူမ၏ မောင်ဖြစ်သူက မိသားစုတစ်ခုလုံးကို ထိခိုက်နစ်နာစေလုနီးပါး အမှားတစ်ခု ကျူးလွန်မိသောအခါ သူမက ကျန်းကော်နယ်စားမင်းအိမ်တော်သို့ အစေခံအဖြစ် ရောင်းချခံခဲ့ရသည်။
သူမတွင် နူးညံ့ချောမောသော အသွင်အပြင်ရှိပြီး သာမန်မိသားစုများမှ မိန်းကလေးများထက် ပို၍ ဆွဲဆောင်မှုရှိ၏။
ထို့ကြောင့် သူမက ရည်မှန်းချက် အနည်းငယ်ရှိကာ ရီကွမ်းနှင့် ရင်းနှီးအောင် နေခဲ့သည်။
သူမက အိမ်တော်၏ ရှီဇီကို အချိန်ကြာမြင့်စွာကတည်းက မျက်စိကျနေခဲ့ပြီး သူ့ကိုယ်လုပ်တော် ဖြစ်လာရန် မျှော်လင့်နေခဲ့သည်။
သို့သော် သူမက ဤရည်မှန်းချက်ကို ရီကွမ်းအပါအဝင် ဘယ်သူ့ကိုမှ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိပေ။
သူတို့နှစ်ယောက် အတူတူ ထွက်လာခဲ့ကြသည်။ ရီကွမ်းက အမြဲတမ်း တိုးညှင်းစွာ ပြောတတ်သည်။
"အိမ်တော်ထဲက လူတိုင်း ရကြမှတော့ သဘာဝကျကျပဲ အကြီးဆုံးသခင်လေးဘက်က လူတွေလည်း မကျန်ခဲ့ပါဘူး။"
ချွင်းရီက မေးလိုက်သည်။
"မင်ဟွားဆောင်ကရော"
ရီကွမ်းက ပြန်ဖြေသည်။
"သူတို့လည်း ဆုငွေရတယ်လို့ ကြားတယ်"
ချွင်းရီက တွေးတွေးဆဆဖြင့် ပြောလိုက်၏။
"ဒီသခင်မလေးက တကယ်ကို ရဲတင်းတာပဲ"
ရီကွမ်းလည်း ဒီသခင်မလေးက ထူးခြားကြောင်း ခံစားမိတယ်။
ကျိုယင်းဆောင်နှင့် မင်ဟွားဆောင်တို့သည် အမြဲတမ်း သဘောထားကွဲလွဲခဲ့ကြသည်။ ကျိုယင်းဆောင်တွင် အလုပ်အကျွေးပြုသူများထဲ မင်ဟွားဆောင်မှ လူများကို မရှောင်ကြဉ်သူ ဘယ်သူရှိမှာလဲ။
ဒါပေမဲ့ သူမက သခင်မဝမ်၏ လူများကို ဆုချရဲခဲ့တယ်။
ကံကောင်းထောက်မစွာဖြင့် နယ်စားမင်းနှင့် ရှီဇီတို့က နန်းတော်သို့ သွားနေကြသည်။ အကယ်၍ နယ်စားမင်းသာ သိသွားခဲ့လျှင် ဒေါသထွက်မလား မထွက်ဘူးလား ဘယ်သူပြောနိုင်မလဲ။
ထို့အပြင် သခင်မဝမ်ကလည်း ဒေါသကြီးသူဖြစ်သည်။ သခင်မလေးက ရှီဇီ၏ ဇနီးဖြစ်သည်။
သခင်မဝမ်သည် ရှီဇီကိုပင် မနှစ်မြို့ပေ— သူ့ဇနီးကို ဘယ်လိုလုပ် သဘောကျနိုင်ပါ့မလဲ။
"ငါက သခင်မလေးကို သွားပြီး အရိုအသေပေးမလို့။ နင်ရော လိုက်ခဲ့မလား။"
ချွင်းရီကလည်း သူမ၏မောင် အကူအညီတောင်းထားတာကို ဖြည့်ဆည်းပေးရန် ရွှယ်နင်နှင့်တွေ့ဆုံမည့် အကြောင်းပြချက်ကို ရှာနေသဖြင့် ပြုံးကာ ပြောလိုက်၏။
"အတူတူသွားကြတာပေါ့"
မွန်းလွဲပိုင်းတွင် ရွှယ်နင်သည် အိမ်တော်ထိန်းများကို ခေါ်ယူကာ အစည်းအဝေးငယ်တစ်ခု ပြုလုပ်ခဲ့ပြီး ဆုပေးမည့် စည်းမျဉ်းအချို့ကို သတ်မှတ်လိုက်သည်။
ကျန်းကော်နယ်စားမင်း လီလင်းဖုန်းသည် သူ့ခေတ်သူ့အခါက နာမည်ကျော်ကြားသော စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ ငယ်ရွယ်စဉ်ကာလများက မြို့ပေါင်းများစွာကို သတ်ဖြတ်ချေမှုန်းခဲ့ပြီး ဧကရာဇ်ကပင် သူ့ကို အနည်းငယ် ကြောက်ရွံ့ရသည်။
နယ်စားမင်းအိမ်တော်ရှိ စည်းကမ်းအချို့မှာ တကယ်ကို တင်းကျပ်ပြီး ကြောက်မက်ဖွယ်ကောင်း၏။ အစေခံမိန်းကလေးများ ကြောက်ရွံ့ကြသည်သာမက သူမကိုယ်တိုင်ပင် ထိုစည်းကမ်းများကို သွေးအေးပြီး ရက်စက်လွန်းတယ်လို့ ထင်မြင်မိသည်။
သို့သော် သူမ၏ ယောက္ခထီးနှင့် ရှီဇီတို့ မရှိခိုက်တွင် သူမက စည်းကမ်းများကို ကြီးမားစွာ အပြောင်းအလဲလုပ်ရန် မရဲတင်းပေ။ ထို့အစား ဆုပေးမည့် လမ်းညွှန်ချက်အချို့ကို ယာယီ သတ်မှတ်ပေးခဲ့သည်။
အတိုချုပ်ပြောရလျှင် သူမ၏ လက်အောက်တွင် အလုပ်လုပ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်သရွေ့ အမျိုးမျိုးသော ဆုလာဘ်များကို ရရှိကြမည်။
ငွေကြေးပါဝင်လာပြီဆိုလျှင် လူတိုင်း၏ စိတ်အားထက်သန်မှုက မြင့်တက်လာစမြဲပင်။
ယနေ့တွင် ကျိုယင်းဆောင်သည် နှစ်သစ်ကူးပွဲတော်အလား စည်ကားသိုက်မြိုက်နေတော့သည်။
ထို့နောက် အိမ်တော်ထိန်းများ လူစုခွဲသွားကြပြီး လူစုငယ်များက သူမ၏ ခြံဝင်းထဲသို့ လာရောက်ကာ ကျေးဇူးတင်စကား ဆိုကြလေသည်။
ညနေစောင်းသောအခါ လူအများစုမှာ ပြန်သွားကြပြီဖြစ်၏။
ပေါင်ချန်နှင့် မားမားကျန်းတို့က ညစာပြင်ဆင်ရန် ထွက်သွားကြသည်။
အရှေ့ဘက်ခြံဝင်းရှိ တံခါးစောင့်ထံမှ ရွှမ်းယီနယ်စားမင်းအိမ်တော်ကနေ စာတစ်စောင် ရောက်နေကြောင်း သတင်းပို့လာသည်။
ရွှယ်နင်က စာကိုလှမ်းယူကာ တံခါးစောင့်ကို ပြန်လွှတ်လိုက်ပြီး လိုဟန်ကုတင်ပေါ်တွင် တစ်ယောက်တည်းထိုင်ကာ စာကို ဖတ်လိုက်သည်။
စာသည် သခင်မကြီးရှဲ့ထံမှဖြစ်ပြီး သခင်မကျန်းကလည်း သူမကို လွမ်းဆွတ်နေကြောင်းဆိုကာ စုမိသားစုထံသို့ အချိန်ပေး၍ လာရောက်လည်ပတ်ရန် တောင်းဆိုထားသည်။
စကားလုံးများက ရိုးသားပုံပေါက်ပြီး သူမကို "အားနင်" ဟု အကြိမ်ကြိမ် ခေါ်ဆိုထားကာ သူမကို မြေးအရင်းတစ်ယောက်လို ဆက်ဆံထားသည့်အတိုင်းပင်။
မနေ့ကမှ သူမရဲ့ အိမ်အပြန်ခရီးစဉ်မှာ လီမိသားစုက စုမိသားစု၏ ခန်းဝင်ပစ္စည်းများကို ခမ်းနားကြီးကျယ်စွာ ပြန်ပေးခဲ့တယ်လေ။
ဒီနေ့တော့ သခင်မကြီးရှဲ့က အခြေအနေကို ပြန်လည်ပြင်ဆင်ရန် ရောက်လာပြီ— စုမိသားစုဆိုတာ ဒီလောက်ပါပဲ။
အကယ်၍ သူတို့ဆီမှာ တကယ်သာ စေတနာမှန်ရှိခဲ့လျှင် သခင်မကြီးရှဲ့ ကိုယ်တိုင် စာကို ယူလာသင့်ပြီး ရွှယ်နင်ကို ငြင်းပယ်လို့ မရအောင် လုပ်သင့်တယ်။
နောက်ဆုံးတော့လည်း သူတို့က သူမကို အလေးအနက် မထားကြသေးဘူး။
သို့သော် စုမိသားစုက အမြဲတမ်း ဤကဲ့သို့ပင် သူမ အလျှော့ပေးမည့်အချိန်ကို မောက်မာစွာ စောင့်ဆိုင်းနေတတ်၏။
စုကျန်း သူမကို လျစ်လျူရှုပြီး အကြွင်းအကျန် အနည်းငယ် ပစ်ကျွေးလိုက်ရုံဖြင့် သူမက ခြေသလုံးဖက်ရန် ပြန်လာလိမ့်မည်ဟု ထင်နေသကဲ့သို့ပင်။
ကံမကောင်းစွာဖြင့် သူမက အရင်က လူစားမျိုး မဟုတ်တော့ပေ။
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွားပြီး စာကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
ရက်များကို ရေတွက်ကြည့်လျှင် ဤဘဝတွင် အရာအားလုံးက မပြောင်းမလဲ ရှိနေခဲ့တာတော့ မဟုတ်ပေ။
ဥပမာအားဖြင့် ဝန်ကြီးချုပ်ယန်သည် ဖျားနာမှုကြောင့် ကွယ်လွန်သွားခြင်း မရှိသေးပေ။
နောက်လာမည့် "အနာဂတ် အမတ်ချုပ်ကြီး" ဖြစ်လာမည့် စုကျန်းသည် ဝန်ကြီးချုပ်ယန်၏ ကုတင်ဘေးတွင် နေ့စဉ်ရက်ဆက် တာဝန်ကျေပွန်စွာ ပြုစုနေဆဲပင်။
အားချဲ့က သူမထက် ပို၍ ထက်မြက်သူပင်။ စုမိသားစုက ယခုအချိန်မှာ သူမကို လွယ်လွယ်ဖြင့် ဒုက္ခပေးရန် မဝံ့ရဲတော့ကြောင်း သူ ကြိုတင်တွက်ဆထားပြီး ဖြစ်၏။
အမတ်ချုပ်ရာထူးအတွက်ဆိုလျှင် စုမိသားစုက သူတို့၏ "မကျေနပ်ချက်" များကို ကိုယ်တိုင်မျိုချထားရဖွယ်ရှိသည်။
ထိုအကြောင်းကို တွေးမိရုံမျှနှင့်ပင် ရွှယ်နင်၏ စိတ်ဓာတ်များ တက်ကြွလာသည်။
ထိုအချိန်တွင် အပြင်ဘက်မှ မျက်ဝန်းကြည်လင်ပြီး ချောမောလှပသည့် အစေခံမိန်းကလေးနှစ်ဦး ဝင်ရောက်လာသည်။
"သခင်မလေး—"
မိန်းကလေးနှစ်ဦးမှာ ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။
တစ်ဦးမှာ လက်ဖက်ရည်ဆောင်မှ အဆင့်သုံး အစေခံတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ လီချန်လင်၏ ခြံဝင်းမှ အဆင့်တစ် အစေခံတစ်ဦးဖြစ်သည်။
ရွှယ်နင်သည် ရီကွမ်းဟုခေါ်သော မိန်းကလေးကို မှတ်မိလိုက်သည်။ သူမက လီချန်လင်၏ လူဖြစ်ကြောင်း အားချဲ့က သတိပေးထားခဲ့တယ်။
"ကျွန်မတို့ သခင်မလေးကို ရိုသေစွာ ဦးညွှတ်ပါတယ်။ ရက်ရောတဲ့ ဆုငွေအတွက် ကျေးဇူးတင်ပါတယ်။"
ရွှယ်နင် ပြုံးလိုက်ပြီး သူတို့ကို ထရန် အချက်ပြလိုက်သည်။
ရီကွမ်း၏ မျက်ဝန်းများမှာ နက်မှောင်ပြီး ထက်မြက်ကာ အသစ်ရောက်လာသော သခင်မလေးကို ဂရုတစိုက် အကဲခတ်နေသည်။ ဤအမျိုးသမီးက အမှန်တကယ်ပင် အသက်ရှူမှားလောက်အောင် လှပလွန်းတယ်လို့ သူမ တွေးမိသည်။
သူမ၏ နုနယ်သော မျက်နှာသွင်ပြင်များမှာ မင်ဟွားဆောင်ရှိ သခင်မဝမ်နှင့် ယှဉ်လျှင်ပင် မညံ့ပေ။
အနည်းငယ် စိုက်ကြည့်ပြီးနောက်တွင်မူ သူမဆက်ကြည့်ရန် မရဲတော့ဘဲ ထွက်ခွာရန်အတွက် ချွင်းရီ၏ လက်မောင်းကို ဆွဲလိုက်သည်။
ချွင်းရီကမူ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အမူအရာတွင် စိုးရိမ်စိတ်အနည်းငယ် ပေါ်လွင်နေသည်။
"သခင်မလေး... ကျွန်မ ပြောစရာရှိပေမဲ့ ပြောသင့် မပြောသင့် မသိလို့ပါ။"
အစေခံမလေးမှာ လိမ္မာသယောင်ရှိသော်လည်း သူမ၏ မျက်ဝန်းများတွင် လိမ္မာပါးနပ်မှုနှင့် ရည်မှန်းချက်များ ရှိနေသည်။
သို့သော်လည်း ရွှယ်နင်သည် အိမ်မှုကိစ္စများကို စတင်တာဝန်ယူခါစ ဖြစ်သဖြင့် အစေခံများအပေါ် အတော်လေး နူးညံ့သိမ်မွေ့စွာ ဆက်ဆံသည်။ သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
"ပြောလေ။"
ချွင်းရီက တစ်ဖန် ဒူးထောက်လိုက်ပြီး စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
"ကျွန်မ မိသားစုက မျိုးရိုးစဉ်ဆက် သမားတော်တွေပါ။ ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေဆီကနေ ဆေးပညာအချို့ကို သင်ယူခဲ့ဖူးပါတယ်။ ခုနက သခင်မလေးရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး သခင်မလေး ခန္ဓာကိုယ် အားနည်းနေသလားလို့ စိုးရိမ်မိပါတယ်။ ဒီနေ့ သခင်မလေးက ကျွန်မတို့ကို ဆုငွေပေးခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ပြန်ပေးဆပ်စရာ မရှိလို့ပါ။ သခင်မလေး ခွင့်ပြုမယ်ဆိုရင် ကျွန်မ သွေးခုန်နှုန်း စမ်းပေးပါရစေလား။"
ရွှယ်နင် အံ့အားသင့်သွား၏။ ကျန်းကော်နယ်စားမင်းအိမ်တော်ရှိ အဆင့်သုံး အစေခံတစ်ယောက်က ထိုကဲ့သို့ ကျွမ်းကျင်မှုမျိုး ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"အိုး... ငါ့ရဲ့ သွေးခုန်နှုန်းကို စမ်းပေးမလို့လား။"
ချွင်းရီက အနည်းငယ် ပြုံးလိုက်သည်။
"တကယ်တော့ ကျွန်မ အခြေခံလောက်ပဲ သိတာပါ။ သခင်မလေးအတွက် အပေါ်ယံလောက်ပဲ ကြည့်ပေးမှာပါ။ ကျန်းမာရေးအတွက် သွေးခုန်နှုန်းစမ်းပေးတယ်လို့ပဲ သဘောထားပေးပါ။"
ရွှယ်နင်က သူမကိုယ်သူမ အားနည်းနေကြောင်း ကောင်းကောင်းသိသည်။
ယနေ့သည် အစေခံများနှင့် ပထမဆုံးအကြိမ် ရင်းနှီးအောင် လုပ်ရမည့်နေ့ဖြစ်သဖြင့် မိန်းကလေး၏ စေတနာကို ငြင်းပယ်ရန် မသင့်တော်ပေ။
ထို့ကြောင့် သူမက လက်ကောက်ဝတ်ကို ကုလားထိုင်လက်တင်ပေါ်သို့ တင်လိုက်သည်။
"ကျေးဇူးပါပဲ၊ ကြည့်ပေးပါဦး။"
ချွင်းရီက ပေါ့ပါးစွာ ရှေ့သို့တိုးလာပြီး ရွှယ်နင်၏ သွေးခုန်နှုန်းကို လက်ချောင်းဖြင့် စမ်းသပ်လိုက်သည်။ ခဏမျှ အာရုံစိုက်ပြီးနောက်တွင်မူ သူမက ရုတ်တရက် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်လေသည်။