← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) - အပျိုစင်ဖြစ်နေသေးတာလား

ရွှယ်နင်က သူမစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။ တစ်ခုခု ပုံမှန်မဟုတ်တာကို တွေ့သွားတယ်လို့ ထင်ကာ မေးလိုက်သည်။

"ငါ့ကျန်းမာရေး တစ်ခုခုများ ဖြစ်နေလို့လား"

ချွင်းရီက သူမ၏လက်ချောင်းများကို အမြန်ရုပ်လိုက်ပြီး အရိုအသေပေးကာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင်လည်း အထိတ်တလန့်ဖြင့် တဒိတ်ဒိတ် ခုန်နေသည်။

"သခင်မလေးက ချီဓာတ်နဲ့ သွေးအားနည်းနေလို့ အားဖြည့်ပေးဖို့ပဲ လိုတာပါ။ တခြား ကြီးကြီးမားမား ပြဿနာ ဘာမှမရှိပါဘူး။"

ရွှယ်နင်က သက်ပြင်းတိုးတိုးချလိုက်၏။ ဒီဘဝမှာ ဘာပဲဖြစ်ဖြစ် ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခုတော့ အနည်းဆုံး ရနိုင်လိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ။

ချီဓာတ်နဲ့ သွေးအားနည်းတဲ့ရောဂါ ကပ်ပါလာဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယုံကျိုးက အိမ်တော်ဟောင်းမှာတုန်းက သူမ ခံစားခဲ့ရတဲ့ အရင်ဘဝက နာတာရှည်ရောဂါထက်စာရင်တော့ အများကြီး သာပါသေးတယ်။

ပြေးလွှားခုန်ပေါက်နိုင်တယ်၊ စားနိုင်သောက်နိုင်တယ်၊ နွေးနွေးထွေးထွေး နေနိုင်တယ်ဆိုရုံနှင့်ပင် သူမ အတော်လေး ကျေနပ်နေပြီ။

"တခြား ဘာမှမရှိတော့ရင် သွားလို့ရပြီ။"

အချိန်ကို ကြည့်ရသလောက် ရှီဇီ ပြန်လာတော့မည့် အချိန်ပင်။

ချွင်းရီ၏ ရင်ထဲ တင်းကျပ်သွားပြီး ရွှယ်နင်ကို ကြည့်ကာ သူမမျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဟုတ်ကဲ့ပါ"

သူမက စိတ်လှုပ်ရှားမှုနှင့် အာရုံကြောများ တင်းမာမှုကိုပါ ခံစားနေရကာ နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။

"သခင်မလေး၊ ဒီအစေခံကို ခွင့်ပြုပါဦး"

တံခါးဝသို့ ရောက်သောအခါ၊ လှပနုနယ်သော ရွှယ်နင်၏ မျက်နှာလေးကို သူမ မချင့်မရဲ လှည့်ကြည့်မိသွားသည်။

သူမရင်ထဲတွင် မနာလိုစိတ်များ လှိုင်းထလာ၏။ မိန်းမချင်း အတူတူပဲကို၊ ဘာလို့ ရွှယ်နင်က ရှီဇီလို ယောက်ျားမျိုးနဲ့ လက်ထပ်ရလောက်အောင် ကံကောင်းနေရတာလဲ။

သူမ တုံ့ဆိုင်းနေပြီး မသွားချင်မလာချင် ဖြစ်နေတာကို မြင်တော့ ရီကွမ်းက သူမ၏အင်္ကျီလက်ကို သတိတရ ဆွဲလိုက်သည်။

"ချွင်းရီ၊ သွားရမယ့် အချိန်ရောက်ပြီလေ။"

ကျိုယင်းဆောင်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ချွင်းရီသည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်တော့သည်။

ရီကွမ်းက နားမလည်ပေ။

"နင် ဘာတွေရယ်နေတာလဲ"

"ငါ ရယ်တာကလေ..."

ချွင်းရီက သူမပါးစပ်ကိုအုပ်ကာ အားရပါးရ ရယ်မောလိုက်သည်။ လမ်းပေါ်တွင် ဘယ်သူမှမရှိတာကို မြင်တော့ သူမက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"တချို့လူတွေက သူတို့နေရာနဲ့ လုံးဝမတန်ဘူးဆိုတာပဲ"

ရီကွမ်းက ချွင်းရီ ရယ်လွန်း၍ မျက်ရည်များထွက်ကျလာသည်အထိ စောင့်နေပြီးနောက် နှုတ်ခမ်းကိုစေ့ကာ-

"ကဲပါ၊ တော်တော့။ ရှီဇီကတော်က ရှီဇီကိုယ်တိုင် တရားဝင် လက်ထပ်ခေါ်ယူထားတာ။ နင် စကားပြောတာ ဆင်ခြင်ဦး။"

ချွင်းရီက မျက်ထောင့်မှ ရယ်လွန်း၍ထွက်လာသော မျက်ရည်များကို သုတ်လိုက်၏။

"ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ ငါ ဆင်ခြင်ပါ့မယ်။ နင်လည်း မင်ဟွားဆောင်ကို မြန်မြန် ပြန်သွားတော့။ နင့်သခင်လေး နင့်အလုပ်အကျွေးကို စောင့်နေလိမ့်မယ်။"

ရီကွမ်းက တစ်ခုခုတော့ မှားနေပြီဟု ခံစားရသဖြင့် နောက်သို့ ခဏခဏ လှည့်ကြည့်နေမိသည်။

"ချွင်းရီ၊ နင် တကယ် အဆင်ပြေရဲ့လား။"

ချွင်းရီက နှုတ်ခမ်းကွေးရုံ ပြုံးလိုက်သည်။

"ငါ တကယ် အဆင်ပြေပါတယ်။ ငါ့အတွက် စိတ်မပူနဲ့၊ မြန်မြန်သာ ပြန်တော့။"

ရီကွမ်း ထွက်သွားမှသာ သူမမျက်လုံးထဲတွင် နက်မှောင်တဲ့ အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားသည်။

ဘယ်သူက ထင်ထားမှာလဲ။ လေးငါးရက်ကြာတဲ့အထိ ရှီဇီကတော်က အပျိုစင်ဖြစ်နေတုန်းပဲဆိုတာကို။

သူတို့ရှီဇီက မိန်းမတွေအပေါ် စိတ်မဝင်စားဘူးဆိုတာ လူတိုင်းသိတယ်။

ရုတ်တရက်ကြီး လက်ထပ်လိုက်တာက မြို့တော်မှာ နေရာတစ်ခုရဖို့နဲ့ တုန်းကျင်းက မှူးမတ်တွေရှေ့မှာ ဟန်ပြသက်သက်ပဲ ဖြစ်ရမယ်။

ဒါ့အပြင် ရှီဇီ၏ လျှို့ဝှက်ချက်ကိုလည်း သူမ သိထားတယ်။

သူ တစ်နှစ်ပတ်လုံး ခါးမှာ ချိတ်ဆွဲထားလေ့ရှိတဲ့ အသက်ရှည်ဆုတောင်း သော့ခလောက်လေးက သူချစ်ရတဲ့ မိန်းကလေးနဲ့ သက်ဆိုင်နေတယ်။

ပြီးတော့ သူက ဟယ်ကျန့်မှာ မွေးဖွားကြီးပြင်းလာခဲ့သူဆိုတော့ သူချစ်ရတဲ့သူက ဘယ်လိုလုပ် ရွှယ်နင် ဖြစ်နေနိုင်မှာလဲ။

ချွင်းရီက မျက်လွှာချကာ ပြုံးလိုက်ပြီး ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဆက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူမက အပြင်ဘက်ခြံဝင်းဆီသို့ အလျင်အမြန် ထွက်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ အိမ်တော်ကနေ ထွက်သွားဖို့ နည်းလမ်းရှာရမယ်။

...............

ကျိုယင်းဆောင်သည် နောက်ဆုံးတွင် တိတ်ဆိတ်သွားတော့သည်။

ရှီဇီ ညစာစားရန် အိမ်တော်သို့ ပြန်လာမည်ဖြစ်ကြောင်း ရှေ့တံခါးမှ သတင်းပို့လာသည်။

ရွှယ်နင်က ပေါင်ချန်နှင့် မားမားကျန်းတို့ကို ကြိုတင်ပြင်ဆင်ထားရန် စောစောစီးစီးကပင် ညွှန်ကြားထားပြီးဖြစ်၏။

ညစာ အဆင်သင့်ဖြစ်လုနီးပါးတွင် မားမားကျန်း၏ အကြံပေးချက်အတိုင်း ရှီဇီ ပြန်ရောက်မရောက် ကြည့်ရန် အရှေ့ဘက်ခြံဝင်းသို့ လူလွှတ်လိုက်သည်။

"သခင်မလေးက ရှီဇီကတော်ပဲလေ။ လူလွှတ်ပြီး သွားကြည့်ခိုင်းတာ ဘာများ မှားနေလို့လဲ။"

"အဲဒါက မသင့်တော်သလိုများ ဖြစ်နေမလား။"

မားမားကျန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

"အခုမှ လက်ထပ်ထားခါစဆိုတော့ သခင်မလေးက ရှီဇီအပေါ် ဂရုစိုက်ပြရင် သူ ဝမ်းသာနေမှာပါ။ သခင်မလေးကို ကျိုးကြောင်းဆင်ခြင်မှုမရှိဘူးလို့ သူက ဘယ်လိုလုပ် ထင်ပါ့မလဲ။ ယောက်ျားတွေက အပြင်ဘက်မှာ ဘယ်လောက်ပဲ သန်မာပြီး စွမ်းဆောင်နိုင်တယ်လို့ ထင်ရပါစေ၊ အိမ်ပြန်ရောက်တဲ့အခါကျရင် သူတို့လည်း ဇနီးသည်တွေရဲ့ နူးညံ့တဲ့ ယုယကြင်နာမှုနဲ့ မေတ္တာကို လိုအပ်တာပါပဲ။ သခင်မလေးက ရှေ့တံခါးကို အစေခံတစ်ယောက် လွှတ်ပြီး သွားကြည့်ခိုင်းလိုက်ရင် သခင်မလေး သူ့ကို စောင့်နေတယ်၊ ဂရုစိုက်တယ်၊ ပြီးတော့ ချစ်တယ်ဆိုတာကို ရှီဇီ နားလည်သွားလိမ့်မယ်။"

တခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်လျှင်ပင် မားမားကျန်း နှုတ်မှ "ချစ်တယ်" ဟူသော စကားလုံးများ ထွက်ကျလာချိန်တွင် ရွှယ်နင်၏ ကြွေသားကဲ့သို့ ဖြူနုသော မျက်နှာလေးမှာ ချက်ချင်းပင် ပူထူနီရဲသွားတော့သည်။

ဘယ်လိုလုပ် ဒီလောက် ဗြောင်ကျကျ ပြောထွက်ရတာလဲ။

အချစ်က ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ။ သူမက အဲဒီလောက်တောင် သိသာနေလို့လား။

မားမားကျန်း၏ နှုတ်ခမ်းများက စနောက်ချင်သည့်အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး ရွှယ်နင်၏ နီရဲနေသော ပါးပြင်လေးများကို မြင်တော့ သူမက ပို၍ပင် သဘောကျသွားသည်။ ရှီဇီက အိမ်တော်ထဲတွင် အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နောက်ဆုံးတော့ သူ့အနားမှာ အဖော်ပြုပေးမယ့်သူ ရှိလာခဲ့ပြီလေ။

"သခင်မလေး၊ ဒီအဘွားကြီး ပြောတာကိုသာ နားထောင်လိုက်စမ်းပါ။"

ရွှယ်နင်က မချိတင်ကဲ သဘောတူလိုက်သည်။

"ဒါဆို... ဒါဆိုလည်း ပေါင်ချန်ကို သွားကြည့်ခိုင်းလိုက်မယ်လေ။"

"အဲဒါမှ ပိုအဆင်ပြေမှာပေါ့"

မားမားကျန်းက ရွှယ်နင်ကို ချစ်ခင်မြတ်နိုးသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီအဘွားကြီးကို သွားခွင့်ပြုပါဦး။"

"ဂရုစိုက်သွားပါ မားမား"

ရွှယ်နင်က ပြန်ဖြေလိုက်ပြီး မားမားကျန်းကို လိုက်ပို့ချိန်အထိ သူမမျက်နှာလေး နီရဲနေဆဲဖြစ်သည်။

ထို့နောက်မှ သူမက ပေါင်ချန်ကို ခေါ်ကာ ရှီဇီ ပြန်ရောက်မရောက် ရှေ့တံခါးသို့ သွားကြည့်ခိုင်းလိုက်သည်။

သူမအတွက်တော့ ဒါဟာ အတွေ့အကြုံသစ်တစ်ခုပင်။

ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင်လည်း ဇနီးသည်တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် သူမ၏ခင်ပွန်းက သူမနှင့်အတူ ညစာစားလေ့ သိပ်မရှိခဲ့ပေ။ စုကျန်းကို အလုပ်မှ ပြန်လာရန် လူလွှတ်၍ အလျင်လိုခိုင်းခြင်းမျိုးကို သူမ ဘယ်တုန်းကမှ မလုပ်ရဲခဲ့သလို၊ သူ ဘယ်ရောက်နေသလဲ ဆိုတာကိုလည်း မမေးမြန်းရဲခဲ့ပေ။ နေ့ရက်အများစုတွင် သူမက ယောက္ခမဖြစ်သူ သခင်မနျဲ့နှင့် အဘွားအိုတို့ကိုသာ ပြုစုလုပ်ကျွေးခဲ့ရပြီး သူတို့ စားသောက်ပြီးချိန်ရောက်မှသာ သူမ ထိုင်ကာ အနားယူနိုင်ခဲ့သည်။ သူမအတွက် ကျန်ရစ်သော အစားအသောက်များမှာ အေးစက်နေသည် (သို့မဟုတ်) ပြန်နွှေးထားသဖြင့် စားချင်စရာ မကောင်းတော့ပေ။

သူမ လက်ထပ်လိုက်သည့် အချိန်မှစ၍ တစ်ယောက်တည်းသာ စားသောက်ခဲ့ရသည်။ ယုံကျိုးရှိ အိမ်တော်ဟောင်းသို့ ပြောင်းရွှေ့ပြီးနောက် သူမနှင့် ပေါင်ချန်တို့ အချင်းချင်း အားတင်းထားခဲ့ကြသော်လည်း နှစ်နှစ်မပြည့်မီမှာပင် ပေါင်ချန် ရိုက်သတ်ခံခဲ့ရ၏။ ထိုနောက်ပိုင်း နှစ်ပေါင်းများစွာတိုင်အောင် သူမ အထီးကျန်စွာ နေထိုင်ခဲ့ရသည်။

သို့သော် လီချန်ချဲ့နှင့် လက်ထပ်ပြီးကတည်းက သာမန်ဇနီးမောင်နှံတွေ ရရှိသင့်တဲ့ အဖော်ပြုမှုမျိုးကို သူမ စတင်ခံစားလာရသည်။

"သခင်မလေး၊ သခင်လေးနဲ့ ဖူရှန်းတို့ ဒုတိယတံခါးကို ရောက်နေကြပြီ။"

မကြာမီမှာပင် ပေါင်ချန်က အပြင်မှ အလျင်စလို ဝင်လာသည်။

ရွှယ်နင်က သူမလက်ထဲရှိ စာရင်းစာအုပ်ကို အမြန်ချထားလိုက်ပြီး ခြံတံခါးအပြင်ဘက်သို့ ထွက်ကြိုရန် မတ်တပ်ရပ်လိုက်သည်။

သူတို့ ဒုတိယတံခါးကို ဖြတ်လာပြီဟု ပြောလိုက်သည်နှင့် ရွှယ်နင်က သူမ၏ လက်သေးသေးလေးများကို ပွတ်သပ်လိုက်သည်။ မကြာမီမှာပင် အရပ်မြင့်မြင့် အမျိုးသားတစ်ဦး၏ ပုံရိပ်က ကျိုယင်းဆောင် တံခါးအပြင်ဘက်တွင် ပေါ်လာတော့သည်။

ရွှယ်နင်က အံ့ဩတကြီး မျက်လုံးပြူးသွားပြီး မျက်တောင်နှစ်ချက်သုံးချက် ခတ်လိုက်ကာ သူ့ကိုကြိုရန် ရှေ့သို့တိုးသွားသည်။

"ရှင် ဒီလောက်စောစော ပြန်ရောက်လာတာလား။"

လီချန်ချဲ့သည် ရွှေချည်ဖြင့် ပုံစံဖော်ထိုးထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ခြံတံခါးအပြင်ဘက်တွင် လက်ဆွဲမီးအိမ်ကိုင်ကာ ရပ်နေသည့် သူမကို ကြည့်လိုက်ပြီးနောက် သူ့ရင်ထဲတွင် နွေးထွေးသွားသော်လည်း သူမ အေးနေမှာကို စိုးရိမ်မိသည်။

သူက သူမ၏ နူးညံ့ပြီး သေးငယ်သော လက်လေးများကို သူ့လက်ဖဝါးကြီးများဖြင့် အုပ်ကိုင်ကာ နွေးသွားစေသည်။

"ဘာလို့ ထွက်လာတာလဲ။ နွေဦးပေါက်ပေမယ့် အချမ်းဓာတ်က ကျန်နေသေးတယ်။ အထဲမှာပဲ နေသင့်တာပေါ့။"

ရွှယ်နင်၏ လက်သေးသေးလေးများမှာ အမျိုးသား၏ နွေးထွေးသော လက်ဖဝါးများထဲတွင် နစ်မြုပ်နေပြီး ပါးပြင်များ နီရဲသွားသည်။

"ဘာမှ လုပ်စရာမရှိတာနဲ့ ရှင့်ကို လာကြိုတာပါ။"

လီချန်ချဲ့က သူမကို စိုက်ကြည့်လိုက်ပြီး ဇနီးမောင်နှံနှစ်ဦး ခြံဝင်းထဲသို့ ယှဉ်တွဲလျှောက်လှမ်းလာခဲ့ကြသည်။

ရွှယ်နင်က အမျိုးသား၏ဘေးတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း သူ့ထံမှ ရနေသည့် ထင်းရှူးနံ့သင်းသင်းလေးကို ရှူရှိုက်နေမိသည်။ သူမ၏ မျက်ဝန်းများက အကြောင်းပြချက်မရှိဘဲ စိုစွတ်လာကာ ငိုချင်စိတ်ပေါက်လာသည်။ ဝမ်းနည်း၍ မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူမအနားတွင် ရှိနေပေးသည့် ပျော်ရွှင်မှုက အိပ်မက်တစ်ခုလိုဖြစ်နေပြီး လက်တွေ့မဆန်ဟု ခံစားရတာကြောင့်ပင်။

ရှစ်ထောင့်စားပွဲတွင် ထိုင်နေစဉ် ရွှယ်နင် အတွေးလွန်နေဆဲသာ။

လီချန်ချဲ့သည် ဝတ်ရုံကိုချွတ်၊ လက်ဆေးပြီးနောက် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ သူက ပြုံးကာ မေးလိုက်၏။

"ဘာတွေ တွေးနေတာလဲ"

ရွှယ်နင်က အတွေးလွန်နေရာမှ သတိဝင်လာပြီး မျက်လုံးလေးများကွေးသွားသည်အထိ အမြန်ပြုံးပြလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး။ ဒီနေ့ ရှင်နဲ့အဖေ နန်းတော်ထဲကို ဘာကိစ္စသွားကြတာလဲ။"

စကားပြောပြီးသည်နှင့် သူမ ချက်ချင်း နောင်တရသွားကာ သူမ၏ စပ်စုမှုကို သူ မနှစ်မြို့မှာ စိုးရိမ်သဖြင့် အမျိုးသား၏ မျက်နှာရိပ်မျက်နှာကဲကို သတိထား၍ အကဲခတ်ကြည့်လိုက်သည်။

ဘယ်သူက ထင်ထားမှာလဲ။ လီချန်ချဲ့က ဒေါသမထွက်သည့်အပြင် ဝက်နံရိုးတစ်တုံးကိုပင် သူမ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သေး၏။

"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ဧကရာဇ်က ကိုယ်တို့ လီမိသားစုကို သူ့မျက်စိထဲက ဆူးတစ်ချောင်းလို သဘောထားလာတာ ကြာပြီလေ။ အဖေက ကိုယ့်ကို တုန်းကျင်းကို ရုတ်တရက် ခေါ်လာတော့ ဧကရာဇ်က စိုးရိမ်သွားတာပေါ့။ ကိုယ်တို့ သားအဖနှစ်ယောက်ကို သူ ခေါ်တွေ့ဖို့ဆိုတာ အချိန်ပိုင်းပဲ လိုတော့တာ။ ဒါပေမဲ့ နွေဦး တော်ဝင်စာမေးပွဲရလဒ်တွေ မထွက်မချင်း အဖေက နန်းတော်ထဲဝင်ဖို့ ငြင်းဆန်ခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူက ဧကရာဇ်ကို ခြိမ်းခြောက်လိုက်သလို သူ့ရဲ့ သံသယတွေကိုလည်း လျှော့ကျသွားစေတာပဲ။"

ရွှယ်နင် တအံ့တဩ စုတ်သပ်လိုက်မိသည်။ ဒီလိုကိစ္စမျိုးတွေက... သူမလို မိန်းမသားတစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်သင့်တဲ့ ကိစ္စတွေ တကယ် ဟုတ်ရဲ့လား။

All Chapters