← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) - သူ့အလေးထားမှု

သို့သော် လီချန်ချဲ့က သူမနှင့် နန်းတွင်းရေးရာများ ဆွေးနွေးရတာကို စိတ်အနှောင့်အယှက်ဖြစ်ဟန် မပြပေ။ ထို့အစား သူမကို စိတ်ရှည်ကြင်နာစွာ ကြည့်ရင်း ပြောလာသည်။

"နင်နင် တခြားသိချင်တာရှိရင်လည်း လွတ်လွတ်လပ်လပ် မေးလို့ရတယ်နော်"

ရွှယ်နင်က နားမလည်ပေ။

"ရလဒ်တွေ မထွက်သေးဘူး မဟုတ်လား"

"နောက်ရက်အနည်းငယ်နေရင် ထွက်လိမ့်မယ်။"

လီချန်ချဲ့က အေးချမ်းသော မျက်နှာထားဖြင့် တိုးတိုးလေး ရယ်မောလိုက်သည်။

"ကိုယ်ကတော့ ဒီနေ့ပဲ ရလဒ်ကို သိနေပြီလေ။"

ရွှယ်နင်က နှုတ်ခမ်းကို အနည်းငယ်စေ့လိုက်ပြီး တောက်ပနက်မှောင်သော မျက်လုံးများဖြင့် သူ့ကို စိုးရိမ်တကြီး ကြည့်လာသည်။

သူမ၏ စိတ်အားထက်သန်နေသော အကြည့်ကြောင့် လီချန်ချဲ့ ကျေနပ်သွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

"တော်ဝင်စာမေးပွဲအောင်ဖို့က မခက်ခဲပါဘူး။ အခု နန်းတော်စာမေးပွဲကိုပဲ စောင့်ရတော့မယ်။ နင်နင်... ကိုယ့်ကို ကျွမ့်ယွမ်ဖြစ်စေချင်လား၊ ဒါမှမဟုတ် ထန်ဟွာ ဖြစ်စေချင်လား။"

"ထန်ဟွာလန်ပေါ့။ ထိပ်ဆုံးသုံးယောက်က ဂုဏ်သိက္ခာပိုင်းမှာ သိပ်မကွာပေမယ့် ရုပ်ချောတဲ့သူတွေမှ ထန်ဟွာလန် ဖြစ်နိုင်တာလေ။ ဖူကျွင်းက ဒီလောက် ရုပ်ချောနေတော့ ထန်ဟွာလန်ဖြစ်မှ အံဝင်ခွင်ကျဖြစ်မှာပေါ့။"

ရွှယ်နင်၏ စိတ်အခြေအနေက ချက်ချင်း တောက်ပသွားပြီး သူ့အတွက် ကြက်ပေါင်သားတစ်တုံးကို ခပ်သွက်သွက် ခူးထည့်ပေးလိုက်သည်။

"ဒါဆို ဖူကျွင်းက မကြာခင် ဟန်လင်ကျောင်းတော်ကို ဝင်ရတော့မှာပေါ့။"

လီချန်ချဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။"

ထိုသို့ပြောရင်း ရွှယ်နင် ထည့်ပေးသော ကြက်ပေါင်သားကို ပါးစပ်ထဲ ထည့်လိုက်၏။

အမျိုးသား၏ နှုတ်ခမ်းပုံစံက လှပပြီး စားသောက်နေသည့် ဟန်ပန်ကလည်း သပ်ရပ်ကျော့ရှင်းသည်။

စောစောက စိတ်လှုပ်ရှားနေသဖြင့် သတိမထားမိသော်လည်း ယခုမှ သူမ ဟင်းခူးပေးခဲ့သော တူက သူမ ကိုယ်တိုင်စားနေသည့် တူဖြစ်ကြောင်း ရွှယ်နင် သတိရသွားသည်။

ဒါပေမဲ့ သူကတော့ ရွံရှာသည့်ဟန် လုံးဝမပြဘဲ ထိုကြက်ပေါင်သားကို စားလိုက်၏။

မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့ကလည်း သူမ သောက်ခဲ့တဲ့ ခွက်ထဲမှ လက်ဖက်ရည်ကို သူ သောက်ခဲ့ဖူးတယ်။

အိမ်ပြန်လည်ပတ်သည့်နေ့ကလည်း သူမ စားကြွင်းစားကျန် ပဲတီစိမ်းမုန့်တစ်ဝက်ကို သူ စားခဲ့တယ်။

လူနှစ်ယောက်က ဒီလောက်တောင် ရင်းနှီးနိုင်သလား။

တူကိုရော ဒီလို မျှသုံးလို့ရလို့လား။

စုကျန်းသာဆိုလျှင် သူမကို သတ်ချင်နေလောက်ပြီ။

သူမရင်ထဲ မလုံမလဲဖြစ်သွားပြီး အတင်းပြုံးကာ တူကို ကမန်းကတန်း ပြန်ရုပ်လိုက်သည်။ အခုတော့ သူ့ကို ဟင်းခူးပေးရန် သူမ တကယ် မဝံ့ရဲတော့ပေ။

"ဒီနေ့ အိမ်တော်က အစေခံတွေအားလုံးကို ဆုချလိုက်တယ်လို့ ကြားတယ်။"

လီချန်ချဲ့က ရွှယ်နင်၏ သတိထားနေမှုကို သတိပြုမိသော်လည်း ဘာမှမပြောပေ။ အပြန်လမ်းတွင် အိမ်တော်အတွင်း တစ်နေ့တာဖြစ်ပျက်ခဲ့သမျှကို ဖူရှန်းက ပြန်လည်ပြောပြပြီးဖြစ်၏။

ရွှယ်နင်က အလှပြပန်းအိုးသက်သက် မဟုတ်ကြောင်း သူ သိတယ်။

ခြံဝင်းထဲမှာ ပိုးမွှားနှိမ်နင်းတဲ့ အပင်အချို့ကို ထားရှိထားပြီး အခန်းတွင်းရှိ ရှေးဟောင်းပစ္စည်းစင်ပေါ်တွင်လည်း သူနှစ်သက်သည့် ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

နံရံတွင် မုယွီခန်းမမှ အဖိုးတန် ရှေးဟောင်းပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။

သူစီစဉ်ပေးထားတဲ့ အိမ်တော်ထိန်းများကိုလည်း သူပြောစရာမလိုဘဲ သူမကိုယ်တိုင် ခိုင်းစေအသုံးချတတ်၏။

ဒီမိန်းကလေးမှာ ကိုယ်ပိုင်အတွေးအခေါ်များ ရှိတာ ထင်ရှားသော်လည်း ရွှမ်းယီနယ်စားမင်းအိမ်တော်က သူမ၏ အရည်အချင်းများကို မြှုပ်နှံထားခဲ့ခြင်းသာ။

တစ်ခုတည်းသော အားနည်းချက်မှာ သူမက အလွန်အမင်း သတိကြီးလွန်းပြီး အခြားသူများ၏ အရိပ်အကဲကို ခတ်တတ်ခြင်းပင်။

သူမက သူ့ဇနီးဖြစ်လာတဲ့အထိ သူ့အပေါ် အစေခံတစ်ယောက်လို ပြုစုနေတုန်းပဲ။

ဒါပေမဲ့လည်း မိန်းကလေး၏ အကျင့်အချို့က ချက်ချင်းကြီး ပြောင်းလဲပစ်၍ မရနိုင်ပေ။

လီအိမ်တော်သို့ သူမ လက်ထပ်ဝင်ရောက်လာပြီဖြစ်လို့ နောင်မှာ သူမရဲ့ သတိကြီးလွန်းမှုနှင့် အလိုက်သိလွန်းတဲ့ အကျင့်များကို တဖြည်းဖြည်း ပြုပြင်ပေးရန် အခွင့်အရေးများစွာ ရှိနေသေးတယ်။

မိန်းကလေးတစ်ယောက်ဆိုတာ အချစ်ခံ၊အလိုလိုက်ခံရမယ့်သူသာဖြစ်ပြီး အစေခံတစ်ယောက်လို မဆက်ဆံသင့်ပေ။ သူမလုပ်သမျှတိုင်းမှာ သူ့မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်နေရန် မလိုအပ်ဘူး။

သူက တင်းမာပြီး စည်းကမ်းကြီးလွန်းတဲ့ မိန်းကလေးမျိုးထက် သူ့အပေါ် စိတ်ကောက်၊ ချွဲနွဲ့တတ်သည့် ဇနီးမျိုးကိုပဲ လိုချင်တယ်။

အမျိုးသားဖြစ်သူ၏ အမေးကို ကြားသောအခါ ရွှယ်နင်၏ အာရုံကြောများ ပြန်လည်တင်းမာသွားပြန်သည်။

ဖူရှန်းက သူမကို လွတ်လွတ်လပ်လပ် နေထိုင်ရန်နှင့် အိမ်တော်တွင် သူမဘာပဲလုပ်လုပ် ရှီဇီက ထောက်ခံပေးမည်ဖြစ်ကြောင်း အာမခံထားသော်လည်း သူမက တစ်ခုခု အမှားလုပ်မိပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမိမှာကို ဗီဇအရ စိုးရိမ်နေဆဲပင်။

"ဟုတ်ကဲ့၊ တကယ်လို့ မသင့်တော်ဘူးဆိုရင်..."

"မသင့်တော်တာ ဘာမှမရှိပါဘူး။ မင်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။"

လီချန်ချဲ့က နှုတ်ခမ်းကို အနည်းငယ်ကွေးညွတ်ကာ ချီးကျူးလိုက်သည်။

"အဖေက အိမ်တော်ကို အရမ်းတင်းတင်းကျပ်ကျပ် အုပ်ချုပ်တော့ အစေခံတွေက မကျေမနပ်ဖြစ်နေကြတယ်။ ဒါပေမယ့် အဖေ့အာဏာကြောင့် ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။ မင်းရဲ့ နူးညံ့တဲ့ ချဉ်းကပ်မှုက သူတို့ရဲ့နှလုံးသားတွေကို ရဖို့ အဖေ့အတွက် အကူအညီဖြစ်စေလိမ့်မယ်။"

ရွှယ်နင်၏ စိုးရိမ်နေသော စိတ်က ချက်ချင်း ပေါ့ပါးသွားသည်။

"ကျွန်မလည်း အိမ်တော်ရဲ့ စည်းမျဉ်းတွေကို ကြည့်ပြီးပါပြီ။ တကယ်ပဲ တင်းကျပ်လွန်းအားကြီးတယ်။ အားချဲ့... အလွယ်တကူ သေဒဏ်ပေးတတ်တဲ့ ဒီစည်းမျဉ်းတွေကို ပြင်ဆင်ပေးဖို့ အဖေ့ကို တောင်းဆိုလို့ရမလားဟင်။"

လီချန်ချဲ့က မျက်ခုံးပင့်လိုက်သည်။

"ဘာလို့ မရရမှာလဲ။"

ရွှယ်နင်က မယုံကြည်နိုင်စွာဖြင့်-

"တကယ်လား။"

လီချန်ချဲ့က မိန်းကလေး၏ ပါးပြင်ရှိ အသားစိုင်ပျော့ပျော့လေးကို လှမ်းဆွဲလိုက်ပြီး ချစ်မြတ်နိုးစွာ ပြောလိုက်သည်။

"မင်းက အခု အိမ်တော်ရဲ့ သခင်မလေ။ သဘာဝကျကျပဲ မင်းပြောသမျှက အတည်ပဲပေါ့။ အိမ်တော်အတွင်းရေးကိစ္စတွေကို ခင်ပွန်းဖြစ်တဲ့ ကိုယ်တောင် ဝင်စွက်ဖက်လို့ မရဘူး။ မဟုတ်ရင် အစေခံတွေက ဘယ်သူ့စကားကို နားထောင်ရတော့မလဲ။"

ရွှယ်နင်က တုံ့ဆိုင်းသွား၏။

"ဒါပေမယ့် အဖေက—"

"အဖေက စစ်သည်တစ်ယောက်လေ။ အိမ်တွင်းရေးကိစ္စတွေကို တစ်ဝက်လောက်ပဲ နားလည်တာ။ မင်းက သူ့အစား ကောင်းကောင်း စီမံပေးနိုင်ရင် သူက ဝမ်းသာနေမှာပါ။"

လီချန်ချဲ့က အလှည့်တိုင်းတွင် သူမကို ချီးကျူးနေသဖြင့် ရွှယ်နင် ရှက်သွေးဖြာသွားရသည်။

"မင်ဟွားဆောင်က အခြေအနေ ဘယ်လိုနေလဲ မသိဘူး။ အမေ့ရဲ့ လူတွေကိုပါ ကျွန်မ ဆုချလိုက်တယ်။ ကျွန်မ တွေးမိတာက— မပြည့်စုံမှုက မကျေနပ်ချက်ကို ဖြစ်စေတာမဟုတ်ဘဲ မမျှတမှုကသာ ဖြစ်စေတာဆိုတော့လေ။ အမေ့လူတွေကို ဆုမချရင် ဝေဖန်စရာဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဆုချလိုက်ပြန်ရင်လည်း အမေက အများကြီးတွေးသွားမလား စိုးရိမ်မိတယ်။"

ရှီဇီနှင့် သခင်မဝမ်တို့ကြားမှ ဆက်ဆံရေးကို သူမ ပြေလည်စေချင်တယ်။ အကယ်၍ သခင်မဝမ် ဒေါသထွက်လာလျှင် သူမကို တွေ့ခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာမှာ။

ကံမကောင်းစွာဖြင့် ယနေ့ အိမ်တော်တွင် ဘယ်လောက်ပဲ ဆူညံပွက်လောရိုက်နေပါစေ သခင်မဝမ်ကတော့ တံခါးပိတ်လျက်သာ နေခဲ့သည်။

လီချန်ချဲ့၏ မျက်နှာအမူအရာ အနည်းငယ် အေးစက်သွား၏။အခုနောက်ပိုင်း သူက သခင်မဝမ်ကို ဂရုစိုက်မှု ပို၍ပို၍ နည်းပါးလာခဲ့သည်။

နှစ်ပေါင်းများစွာ သူမရှေ့မှာ သူ နှိမ့်ချနေထိုင်ခဲ့သော်လည်း မိခင်မေတ္တာဆိုတာကို ဘယ်လိုမှ မရရှိခဲ့ပေ။ ထိုအရာမရှိဘဲ နေလိုက်တာက ပိုကောင်းတယ်။

သူချစ်ရသူအပေါ်ပဲ တစ်ကိုယ်လုံးနှစ်မြှုပ်ထားပြီး သူတို့ရဲ့ ကိုယ်ပိုင် မိသားစုဘဝလေးအတွက်ပဲ ကောင်းမွန်စွာ တည်ဆောက်ချင်တော့တယ်။

"မင်ဟွားဆောင်က အစေခံတွေဆိုတာလည်း အိမ်တော်ရဲ့ အစေခံတွေပဲလေ။ သူတို့အားလုံး မင်းစကားကို နားထောင်ရမှာပေါ့။ သခင်မဝမ်က မင်းဆီ လာရင် အပြစ်အားလုံးကို ကိုယ့်အပေါ် ပုံချလိုက်ပါ။"

ရွှယ်နင် ရင်ထဲ ပေါ့ပါးသွားသည်။ လီချန်ချဲ့၏ စကား၊ သူ၏ ဟန်ပန်နှင့် လေသံတို့က သူမကို စိတ်အေးသွားစေသည်။

သူက သူမအပေါ် အမြဲတမ်း စူးရှကြမ်းတမ်းသည့် စုကျန်းနှင့် မတူပေ။

သူမ ပိုသတိထားလေ စုကျန်းက သူမကို ပိုလှောင်ပြောင်လေဖြစ်ပြီး သူမဘက်ကလည်း အမှားတွေ ပိုလုပ်မိလေဖြစ်၏။

အမှားပိုများလာသည်နှင့်အမျှ သခင်မကြီးရှဲ့နှင့် အခြားသူများထံမှ အဆူအပူများကို ခံရလေသည်။ ခဏခဏ အဆူခံရပြီးနောက် သူမ ကောင်းကောင်းလုပ်နိုင်သည့် အရာများအပေါ်တွင်ပါ ယုံကြည်မှု တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့သည်။

မြို့တော်ရှိ မှူးမတ်ကတော်များ ကျင်းပသော ပွဲလမ်းသဘင်များကို တက်ရောက်သည့်အခါတွင်ပင် သူမ ခေါင်းမော့ကာ မနေရဲတော့ပေ။

တစ်ခါက မင်းသမီးရှို့နင်းသည် လူအများရှေ့တွင် သူမကို ကျက်သရေမရှိဟုဆိုကာ ဗြောင်ကျကျ လှောင်ပြောင်ခဲ့ဖူးသည်။

ထိုစဉ်က သူမ ပြန်လည်ချေပရန် စကားတစ်ခွန်းမျှ မဟရဲခဲ့ချေ။ အိမ်တော်သို့ ပြန်ရောက်သောအခါတွင်လည်း စုကျန်း၏ သရော်စကားများကိုသာ ရင်ဆိုင်ခဲ့ရသည်။

အခု ပြန်တွေးကြည့်လျှင် ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ သူတစ်ပါးအရိပ်အောက် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် သူမ၏ စိတ်နေသဘောထားက စုကျန်းကြောင့် ပုံပျက်သွားခဲ့ပြီဖြစ်သည်။

၎င်းက ယခုအခါ သူမကိုယ်သူမပင် မယုံကြည်နိုင်ဖြစ်စေခဲ့၏။

ကံကောင်းထောက်မစွာဖြင့် အားချဲ့နှင့် သူမ တွေ့ဆုံခဲ့ရတယ်။

တစ်နေ့လုံး အိမ်တွင် အလုပ်များနေခဲ့သဖြင့် ရွှယ်နင်၏ စိတ်ထဲတွင် အစီအစဉ်များ ရှိနေခဲ့ပြီးဖြစ်သည်။ အစာစားပြီးနောက် သတို့သမီးခန်းဝင်ပစ္စည်းစာရင်းကို ယူလာရန် ပေါင်ချန်ကို ခိုင်းလိုက်ပြီး သူမက ချွဲနွဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ခန်းဝင်ပစ္စည်းတွေ အားလုံးကို ကျွန်မ စီစဉ်ပြီး ဘဏ္ဍာတိုက်ထဲမှာ သိမ်းထားလိုက်ပြီ။ ဒီနေ့ပဲ စာရင်းပြုစုဖို့ လူတစ်ယောက်ကို ခိုင်းလိုက်တယ်။ အားချဲ့... ကြည့်ကြည့်ပါဦး။"

လီချန်ချဲ့က ညစာစားပွဲကို ရှင်းလင်းစေပြီးနောက် လိုဟန်ကုတင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်လိုက်သည်။

"ဒါတွေက မင်းပစ္စည်းတွေပဲလေ။ ကိုယ် ကြည့်စရာမလိုပါဘူး။"

ရွှယ်နင်၏ ရင်ထဲတွင် နွေးထွေးသွားသည်။

ရှီဇီက ခန်းဝင်ပစ္စည်းများအားလုံးကို သူမအား ပေးမည်ဟု ပြောခဲ့သော်လည်း သူမက လိပ်ပြာသန့်သန့်ဖြင့် လက်မခံနိုင်ခဲ့ပေ။ သို့သော် သူ့ကို အခုချက်ချင်း ပြန်ယူရန်လည်း အတင်းအကျပ် မတိုက်တွန်းတော့ဘဲ ခန်းဝင်ပစ္စည်းစာရင်းကို ပိုးထည်သေတ္တာတစ်လုံးထဲတွင် လုံခြုံစွာ သိမ်းဆည်းထားလိုက်သည်။ ထိုသေတ္တာထဲတွင် သူပေးထားသော ကျောက်စိမ်းဆွဲသီးလည်း ပါဝင်၏။ အကယ်၍ သူတို့ကွာရှင်းကြမည်ဆိုလျှင် ဤအရာများအားလုံးကို သူ့ထံ ပြန်ပေးရမည်။

"ဟို... အားချဲ့၊ အဖေပေးတဲ့ ရွှေတွေနဲ့ပတ်သက်ပြီးတော့လေ— အဲဒါကိုသုံးပြီး စီးပွားရေးအသေးစားလေးတစ်ခု စလုပ်မလို့ စဉ်းစားထားတယ်။"

ရွှယ်နင် ပိုမိုယုံကြည်မှုရှိလာဝာာကို မြင်လိုက်ရသဖြင့် လီချန်ချဲ့၏ နှုတ်ခမ်းများက သဘောကျကျေနပ်သည့် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"ဒါ ကောင်းတဲ့ အကြံပဲ။ စိတ်ထဲမှာ စဉ်းစားထားတဲ့ ဆိုင်ရှိလား။"

ရွှယ်နင်က ခဏမျှ စဉ်းစားပြီးနောက်-

"ကျွန်မမှာ အစွမ်းအစ သိပ်မရှိပေမယ့် ပန်းထိုးတာနဲ့ ပန်းချီဆွဲတာတော့ နည်းနည်း ကျွမ်းကျင်တယ်။ အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ ဆိုင်နှစ်ဆိုင်လောက် ငှားပြီး စလုပ်ကြည့်မယ်။"

လီချန်ချဲ့က မေးလိုက်သည်။

"ကိုယ့်အကူအညီ လိုအပ်လား။"

All Chapters