← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) - ညီမတစ်ယောက်လို ဆက်ဆံခြင်း

ရွှယ်နင် ထိုအကြောင်းကို စဉ်းစားခဲ့သော်လည်း နွေဦး တော်ဝင်စာမေးပွဲ ရလဒ်များက မကြာမီ ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သူ အရာရှိဖြစ်သွားရင် သူမရဲ့ ဒီလိုမျိုးသေးငယ်တဲ့ ကိစ္စလေးများကို ဂရုစိုက်ဖို့အတွက် ဘယ်လိုလုပ် အချိန်ရပါတော့မလဲ။

ထို့ကြောင့် သူမက ပြောလိုက်သည်။

"မလိုပါဘူး။ အချိန်ကျရင် မားမားကျန်းနဲ့ ဖူရှန်းကိုပဲ သေချာထပ်မေးလိုက်ပါ့မယ်။ ပြီးတော့ ကိုယ်တိုင်လည်း စီးပွားရေးအသေးစားလေးတွေကို ဘယ်လိုစီမံရမလဲဆိုတာ သင်ယူချင်သေးတယ်။ ပိုက်ဆံရှာဖို့ထက် အတွေ့အကြုံရဖို့အတွက်ပါ။"

မိန်းမပျိုလေးက လေးလေးနက်နက် ပြောဆိုနေပြီး လီချန်ချဲ့ကတော့ ရွှယ်နင်၏ နီရဲနေသော မျက်နှာလေးကိုသာ စိုက်ကြည့်နေခဲ့သည်။

သူမ စကားပြောပြီးမှသာ သူ သူမကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့မှန်း ရွှယ်နင် သတိပြုမိသွားသည်။

သူမ မျက်နှာ ပူထူသွား၏။

"အားချဲ့... ဘာဖြစ်လို့လဲဟင်။"

လီချန်ချဲ့က မှင်ရည်ကဲ့သို့ နက်ရှိုင်းသော သူ့အကြည့်များကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ မင်း ဒီလိုတွေးတာ ကောင်းပါတယ်။ အချိန်လည်း နောက်ကျနေပြီဆိုတော့ ရေချိုးပြီး နားကြရအောင်။"

"အိုး... ဟုတ်ကဲ့... ရှင့်ရဲ့ ညအိပ်ဝတ်ရုံကို... အဝတ်စင်ပေါ်မှာ တင်ထားပေးတယ်။"

လီချန်ချဲ့ ရေချိုးခန်းထဲ ဝင်သွားပြီးနောက်တွင်လည်း ရွှယ်နင်၏ ရင်ခုန်သံများက ထိန်းမရသိမ်းမရ ဆက်လက်ခုန်ပေါက်နေဆဲဖြစ်သည်။

သူ လူတွေကို ကြည့်တဲ့အကြည့်က အမြဲတမ်း နက်ရှိုင်းပြီး ပြင်းထန်လွန်းကာ သူမရဲ့နှလုံးသားကို ဆွဲချိတ်လိုက်သည့် ချိတ်တစ်ခုလို သူမကို ကတုန်ကယင် ဖြစ်စေကြောင်း သူမ ခံစားရတာ ကြာပြီဖြစ်သည်။

အခု သူတို့တစ်မိုးအောက်တည်း အတူနေထိုင်နေကြပြီဖြစ်ရာ သူမက နေ့စဉ်နှင့်အမျှ သူ့အကြည့်များကို ရင်ဆိုင်နေရ၏။

တစ်နေ့ကျလျှင် သူမ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး... သူ့ကို အပြီးအပိုင် ဝါးမျိုပစ်လိုက်မိမှာကို သူမ တကယ်ပဲ စိုးရိမ်မိတယ်။

ဒါပေမဲ့လည်း မင်းသမီးယန်ရန်ကို တွေးမိလိုက်သည်နှင့် သူမခေါင်းပေါ် ရေအေးတစ်ပုံး လောင်းချခံလိုက်ရသကဲ့သို့ ချက်ချင်း အသိစိတ်ပြန်ဝင်လာသည်။

သူမ ဘာတွေတွေးနေမိတာလဲ။ သူ့မှာ ချစ်ရတဲ့သူ ရှိပြီးသားလေ။

လောလောဆယ်တော့ သူက သူမကို ညီမတစ်ယောက်လို ဆက်ဆံနေသေးတယ်။ အကယ်၍ သူမဘက်က မဖြစ်သင့်တဲ့ ခံစားချက်များ ရှိလာပါက စုကျန်းလိုပဲ သူမအပေါ် သူ့ရဲ့ဆက်ဆံရေး ပြောင်းလဲသွားနိုင်တယ်။

နှစ်အတော်ကြာ စုကျန်း၏ ရွံရှာမှုနှင့် စော်ကားမှုများကို ခံခဲ့ရသဖြင့် သူမ အရမ်းကို ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။

ပြန်လည်မွေးဖွားလာပြီးနောက် အတိတ်က အမှားမျိုး ထပ်မမှားစေရဟု သူမ ကျိန်ဆိုထားခဲ့တယ်။

မောင်နှမအရင်းတွေလိုမျိုး အပြန်အလှန် လေးစားမှုဖြင့် လက်ရှိအခြေအနေကို ဆက်ထိန်းထားတာက ပိုကောင်းပါတယ်။

တကယ်တော့ ရှီဇီနှင့် မင်းသမီးယန်ရန်တို့ ပေါင်းဖက်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းများကိုပင် သူမ စဉ်းစားပေးနိုင်တယ်။

အိမ်ပြန်လည်ပတ်ပြီးနောက် သိပ်လုပ်စရာမရှိသဖြင့် မင်းသမီးကြီးအိမ်တော်သို့ ပေးပို့ရန် ဖိတ်စာတစ်စောင်ကို ပေါင်ချန်အား ပြင်ဆင်ခိုင်းထားပြီး နောက်ရက်အနည်းငယ်အတွင်း ပို့ရန် စီစဉ်ထားလိုက်သည်။

ပေါင်ချန်က နှုတ်ခမ်းကို စေ့လိုက်ပြီး မလိုလားသော်လည်း သိပ်မတားဆီးတော့ပေ။ သူမက ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး။ နောက်ရက်အနည်းငယ်နေရင် မင်းသမီးကြီးအိမ်တော်ကို ဖူရှန်းနဲ့ ပို့ခိုင်းလိုက်ပါ့မယ်။ ဒါပေမယ့် မင်းသမီးလေးက ကျန်းမာရေး သိပ်မကောင်းတော့ မင်းသမီးကြီးက သူ(မ)ကို အပြင်ထွက်ခွင့် ပြုချင်မှပြုမှာပါ။"

အထူးသဖြင့် ပြီးခဲ့သည့်အကြိမ် အပန်းဖြေစံအိမ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက် မင်းသမီးကြီးက မင်းသမီးလေးကို အိမ်တော်အတွင်း၌သာ အကျယ်ချုပ်သဖွယ် ထားရှိခဲ့သည်။

သခင်မလေး၏ မင်္ဂလာဆောင်မတိုင်မီ ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ အကြိမ်အနည်းငယ် လာရောက်လည်ပတ်သည်မှလွဲ၍ သူမ ပေါ်မလာတော့ပေ။

ထို့အပြင် သခင်မလေး၏ မင်္ဂလာဆောင်နေ့တွင် မင်းသမီးလေးက လာမည်ဟု အစတုန်းက ပြောခဲ့သော်လည်း နောက်ဆုံးတွင် ရောက်မလာခဲ့ချေ။

မင်းသမီးကြီးက အနီးကပ် စောင့်ကြည့်နေ၍သာ မဟုတ်။ မင်းသမီးယန်ရန်သည် သူမချစ်ရတဲ့ အမျိုးသားက အခြားတစ်ယောက်နှင့် လက်ထပ်သွားတာကို မြင်တွေ့ရသဖြင့် အပြင်မထွက်ချင်လောက်အောင်ပင် အသည်းကွဲနေခြင်း ဖြစ်နိုင်ပေသည်။

ရွှယ်နင်က ပေါင်ချန်၏ အဓိပ္ပာယ်ကို နားလည်သဖြင့် ခဏမျှ တုံ့ဆိုင်းသွားသည်။

"ငါ သူ(မ)အပေါ် အမှားလုပ်ခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် သူ(မ)ကို လာလည်ဖို့ ဖိတ်ခေါ်ရမယ်။ သူ(မ)ကို ကြာကြာတော့ ဆွဲမထားပါဘူး— မင်းသမီးအိမ်တော်ကိုပဲ ပြန်ခိုင်းလိုက်မှာပါ။ အားချဲ့ ဒီမှာရှိနေတော့ သူ(မ) လာဖို့ သေချာပေါက် သဘောတူမှာပါ။"

ပေါင်ချန်က စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"သခင်မလေး... ရှီဇီက မင်းသမီးယန်ရန်ကို တကယ်ပဲ ချစ်တာလားဟင်။ တခြားတစ်ယောက်ယောက် ဖြစ်နေနိုင်မလား။"

ရွှယ်နင်သည် မင်းသမီး၏ အပန်းဖြေစံအိမ်တွင် ထိုညက သူမ ကြားခဲ့ရသည့် လှုပ်လှုပ်ရှားရှား အသံများကို ပြန်လည်အမှတ်ရမိသွား၏။ နှစ်သစ်ကူးအကြိုညလိုမျိုး အရေးကြီးတဲ့နေ့မျိုးမှာတောင် သူက မင်းသမီးယန်ရန်၏ ဘေးနားမှာ ရှိနေပေးရန် လိုလားခဲ့တယ်။ သူတို့နှစ်ယောက်ကြားထဲက ခံစားချက်က သေချာပေါက် နက်ရှိုင်းမှာပဲ။

သူမ၏ မဆင်မခြင် စကားများကြောင့် အားချဲ့၏ သိက္ခာကို မထိခိုက်ခဲ့လျှင်၊ ပြီးတော့ အစ်ကိုလု ရဲ့ ပတ်သက်မှုသာ မရှိခဲ့လျှင် သူက ကတိကဝတ်အရ သူမကို လက်ထပ်ရန် သေချာပေါက် သဘောတူခဲ့မည် မဟုတ်ပေ။

သူမ၏ ရင်ထဲတွင် ခါးသီးမှုတစ်ချက် ဖြတ်ပြေးသွား၏။ သူမက မျက်တောင်ရှည်ကြီးများကို နှိမ့်ချလိုက်ကာ လေပြေညင်းလေးတစ်ခုကဲ့သို့ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

"တခြားသူ မဖြစ်နိုင်ပါဘူး။"

အဆုံးသတ်တော့ သူမကိုယ်တိုင်ပဲ အားချဲ့နှင့် မင်းသမီးတို့ တစ်ခန်းတည်းရှိနေစဉ် ထင်းခြောက်နှင့် မီးတောက် တွေ့ဆုံသည့်အလား... နူးညံ့သိမ်မွေ့ပြီး ငြိတွယ်နေကြတဲ့ အသံတွေကို ကြားခဲ့ရတာပဲ မဟုတ်လား။

ပေါင်ချန် ရင်ထဲတွင် နှမြောတသဖြစ်မှုများ လွှမ်းမိုးသွားသည်။ ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာတာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း သူမ၏ သခင်မလေးက ကျိုယင်းဆောင်တွင်မှသာ လွတ်လွတ်လပ်လပ် နေနိုင်တာကို သတိပြုမိသည်။ ရှီဇီကလည်း သခင်မလေးအပေါ် လေးစားမှုရှိပြီး အစစအရာရာ ငဲ့ညှာပေး၏။ သူတို့နှစ်ယောက် အတူတူရှိနေချိန်တွင် လိုက်ဖက်ညီပြီး ချိုမြိန်လွန်းသည့်အတွက် အပြင်လူများအမြင်တွင်မူ အလွန်အမင်း ချစ်ခင်ကြသည့် ဇနီးမောင်နှံအသစ်စက်စက်လေးအဖြစ် ထင်ရှားနေသည်။

ဒါပေမဲ့လည်း လီရှီဇီ၏ ရင်ထဲမှာတော့ အခြားတစ်ယောက် ရှိနေခဲ့ပြီးသား ဖြစ်နေတယ်။

သူ့ရင်ထဲမှာ လူတစ်ယောက် ရှိနေရင်တောင် သခင်မလေးက အိမ်တော်ထဲကို လက်ထပ်ဝင်ရောက်လာပြီးသားလေ။ သူ့အချစ်ကို ရရှိအောင် ဘာကြောင့် ကြိုးစားမကြည့်ရမှာလဲ။

အကယ်၍ လီရှီဇီ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ရင် ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ရေရှည်တည်တံ့စွာ နေထိုင်သွားနိုင်မယ် မဟုတ်လား။

ဒါ့အပြင် လီရှီဇီ၏ မြင့်မြတ်သော ရာထူးနှင့်ဆိုလျှင် ကိုယ်လုပ်တော်အများအပြား သို့မဟုတ် မယားငယ်များ ထားရှိတာက ထူးဆန်းတဲ့အရာ မဟုတ်ပေ။ နောင်တစ်ချိန်မှာ လီရှီဇီက သူချစ်ရသူကို လက်ထပ်ယူခဲ့ရင်တောင် သူမရဲ့ သခင်မလေးကတော့ ဆက်ရှိနေနိုင်သေးတယ်... အနေဖြင့်...။ ဤသို့တွေးမိလိုက်သည်နှင့် ပေါင်ချန်၏ ရင်ထဲတွင် တစ်ဖန် စိတ်မကောင်းဖြစ်ရပြန်သည်။

သူမရဲ့သခင်မလေးက မိဘမဲ့တစ်ယောက် ဖြစ်နေပါစေဦးတော့ စစ်သူကြီးအိမ်တော်၏ တရားဝင် သမီးအရင်းခေါက်ခေါက်ပဲ။ဘယ်လိုလုပ် အခြားသူရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာနိုင်မှာလဲ။

သူမက နှုတ်ခမ်းကို စေ့လျက် တုံ့ဆိုင်းနေရင်း သခင်မလေး ဖိတ်စာရေးပြီး အိတ်ထဲသို့ ထည့်ကာ တံဆိပ်ခတ်လိုက်တာကို စောင့်ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် သူမက တစ်ဖန် စမ်းသပ်ကာ မေးမြန်းလိုက်ပြန်သည်။

"သခင်မလေး... တကယ်ပဲ ကြိုးစားမကြည့်တော့ဘူးလားဟင်။ အချိန်ကြာလာတာနဲ့အမျှ ရှီဇီက သခင်မလေးအပေါ် သံယောဇဉ်တွယ်ပြီး သဘောကျလာရင်ရော"

"မဖြစ်နိုင်ပါဘူး။"

ရွှယ်နင်က ဖိတ်စာကို ပေါင်ချန်ထံ ကမ်းပေးရင်း ပြတင်းပေါက်အပြင်ဘက်မှ အသစ်စိုက်ထားသော ငှက်ပျောပင်ကို ငေးကြည့်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။

"သူက ငါ့ကို ညီမတစ်ယောက်လိုပဲ မြင်တာပါ။"

၎င်းက သူမကိုယ်သူအ သနားဂရုဏာသက်နေခြင်း မဟုတ်ပေ။ သူမ၏ အကန့်အသတ်ကို သူမ ကိုယ်တိုင် ကောင်းကောင်းသိနေခြင်းသာ။ လှပတဲ့ ရုပ်ရည်မှလွဲ၍ သူမမှာ ထူးခြားထက်မြက်သော အရည်အချင်း ဘာမျှမရှိချေ။

မင်းသမီးရှို့နင်းတွင် အင်အားတောင့်တင်းသော မိခင်ဘက်မှ မိသားစုနောက်ခံရှိပြီး မင်းသမီးယန်ရန်တွင်မူ မင်းသမီးကြီး၏ ကျောထောက်နောက်ခံ ရှိနေသည်။

ယန်ယန်က နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ကဗျာနှင့် ပန်းချီတွင် ကျွမ်းကျင်သည်။ မန်မန်က အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းကာ နာမည်ကျော် ဆရာတစ်ဦးထံတွင် သင်္ချာပညာကို ထူးချွန်စွာ သင်ယူထားသည်။

အခြားသော မှူးမတ်ကတော်များမှာလည်း နာမည်ကျော် ဆရာများ၏ လမ်းညွှန်မှုအောက်တွင် ရှေးဟောင်းနှင့် ခေတ်သစ် ဗဟုသုတများကို ကျွမ်းကျင်စွာ တတ်မြောက်ထားကြပြီး တူရိယာတီးခတ်ခြင်း၊ စစ်တုရင်ထိုးခြင်း၊ စာလုံးလှရေးဆွဲခြင်းနှင့် ပန်းချီရေးဆွဲခြင်းတို့တွင် တစ်ဦးစီ ကိုယ်ပိုင် အားသာချက်များဖြင့် ထူးချွန်ကြ၏။

သူမ တစ်ယောက်တည်းသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ သနားစရာကောင်းကာ အားနည်းပြီး အလွယ်တကူ အနိုင်ကျင့်ခံရသူ ဖြစ်နေသည်။

သူမမှာ အားကိုးစရာ အင်အားကြီးမားတဲ့ မိခင်ဘက်မှ ဆွေမျိုးများမရှိသလို၊ ထူးခြားတဲ့ အရည်အချင်း သို့မဟုတ် ကြီးမားတဲ့ ရည်မှန်းချက်များလည်း မရှိပေ။

သူမ၏ အမြင်နှင့် စိတ်ကူးစိတ်သန်းများက အိမ်တော်တွင်းရှိ သီးသန့်ကမ္ဘာငယ်လေးထဲတွင်သာ ကန့်သတ်ခံထားရပြီး ပန်းထိုးခြင်းနှင့် ဟင်းချက်ခြင်းကဲ့သို့သော အသေးအဖွဲ ကိစ္စများကိုသာ လုပ်နိုင်စွမ်းရှိ၏။ ၎င်းက အမျိုးသားများကို စိတ်ကျေနပ်စေရန် အမျိုးသမီးများ လုပ်လေ့ရှိသည့် အသေးအဖွဲ အရာများပင်။

ဒီလိုသေးသိမ်တဲ့ မိန်းမတစ်ယောက်ကို ဘယ်သူကမှ သဘောကျမှာ မဟုတ်ဘူး။

စုကျန်းကလည်း ဒီလိုပဲဖြစ်ပြီး လီချန်ချဲ့ကလည်း ကွာခြားမှာ မဟုတ်ဘူး။

သူမကိုယ်တိုင်ပင် ဒီလိုမျိုး အရည်အချင်းမရှိတဲ့ သူမကိုယ်သူမ ရွံရှာမိတယ်။

ဒါပေမဲ့ သူမက အခုမှ အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး သူမရဲ့ အနာဂတ်မှာ အခွင့်အလမ်းကောင်းများစွာ ရှိနေသေးတယ်။

သူမ ကြိုးစားသင်ယူပြီး ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် အားထုတ်ရမယ်။

"ဒါကြောင့်—"

ရွှယ်နင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ပေါင်ချန်... နောင်ကို ဒီအကြောင်း ထပ်မပြောပါနဲ့တော့။ အားချဲ့ကို နောက်ထပ် စုကျန်းတစ်ယောက် ဖြစ်သွားတာမျိုး နင် မမြင်ချင်ဘူး မဟုတ်လား။"

ပေါင်ချန်၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ကာ ရင်ထဲတွင် မွန်းကြပ်သွားသည်။

"ဟုတ်ပါပြီ... ကျွန်မ ထပ်မပြောတော့ပါဘူး။"

သူမက မင်းသမီးယန်ရန်အကြောင်း ထပ်မပြောတော့ပေ။ ထို့အစား သူမရဲ့ သခင်မလေး၏ မျက်နှာသွေးရောင် ပိုမိုလန်းဆန်းလာတာကို သတိပြုမိပြီး ချွင်းရီယီအမည်ရသည့် အစေခံမလေး စောစောက ပြောခဲ့တာများကို ပြန်သတိရသွားသည်။ သူမက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ရွှယ်နင်အနီးသို့ တိုးကပ်သွားပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

"သခင်မလေး... အဲဒီအစေခံမလေး ပြောတာ မမှားဘူးထင်တယ်။ အခု သခင်မလေး အတည်တကျ ဖြစ်သွားပြီဆိုတော့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ မနက်ဖြန် ကျွန်မ အပြင်ထွက်ပြီး သခင်မလေးကို စမ်းသပ်ပေးဖို့ တော်တဲ့ သမားတော်တစ်ယောက်လောက် သွားရှာပေးရမလား။"

ရွှယ်နင်က အနည်းငယ် စိတ်ရှုပ်သွားသည့် ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"အိမ်တော်ရဲ့ စည်းမျဉ်းတွေကို နင် နားမလည်ဘူးလား။ အပြင်က သမားတော်တွေကို အလွယ်တကူ ဝင်ခွင့် လုံးဝ မပြုထားဘူး။"

အရင်တုန်းက သခင်မဝမ်သည် အပြင်လူများထံမှ အဆိပ်ရရန် အကြီးအကျယ် ကြိုးစားခဲ့ဖူးသဖြင့် နယ်စားမင်း သေလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ပြောကြသည်။

ထိုအချိန်မှစ၍ အိမ်တော်တွင် စည်းမျဉ်းသစ်တစ်ခု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အိမ်တော်ထဲမှ ဘယ်သူမဆို ဆေးကုသမှု ခံယူရန် လိုအပ်ပါက နယ်စားမင်း၏ ခွင့်ပြုချက် ရရမည်။

မည်သည့်သမားတော်ကို ရွေးချယ်မည်၊ မည်သည့်ဆေးကို သုံးစွဲမည်— အရာအားလုံးက နယ်စားမင်းထံမှ ဖြတ်သန်းရ၏။

အထူးသဖြင့် မင်ဟွားဆောင်တွင် စည်းမျဉ်းများက ပို၍ တင်းကျပ်ပေသည်။

သခင်မဝမ် အိမ်တော်သို့ လက်ထပ်ဝင်ရောက်လာကတည်းက အစားအသောက်၊ အဝတ်အစားနှင့် နေ့စဉ်သုံး ပစ္စည်းကိစ္စ အားလုံးကို နယ်စားမင်း၏ လူများကသာ ကိုင်တွယ်စီစဉ်ခဲ့ကြသည်။

အပြင်လူများ ဝင်စွက်ဖက်ရန် ခဲယဉ်းပြီး ချွေးမဖြစ်သူ သူမတောင် ဝင်ပါခွင့် မရှိပေ။

ဒါပေမဲ့လည်း သတိထားတာက အားသာချက်များလည်း ရှိပါတယ်— အနည်းဆုံးတော့ အသက်အန္တရာယ်ကို မဆင်မခြင် ဆုံးရှုံးရခြင်းမျိုးမှ တားဆီးနိုင်တယ်။

All Chapters