အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) - ကွဲပြားသော အဖြေများ
ပေါင်ချန်က သတိဝင်လာပြီး နောင်တရသည့်ဟန်ဖြင့်-
"ဒါဆို ကျွန်မပဲ အလွန်အကျွံ တွေးမိသွားတာပေါ့..."
ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဒီကိစ္စအတွက် နင် စိတ်ပူနေစရာ မလိုပါဘူး။ အရင်သွားနားလိုက်တော့။ သမားတော်ကိစ္စကို အားချဲ့နဲ့ စကားပြောဖို့ အခွင့်အရေး ရှာလိုက်ပါ့မယ်။"
ပေါင်ချန် ထွက်သွားပြီးနောက် လီချန်ချဲ့ ရေချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
အမျိုးသားထံမှ အေးမြသော ရေငွေ့များ လွင့်ပျံနေဆဲ ဖြစ်၏။
တောက်ပသော ရေစက်လေးများက သူ၏ ကျီးကန်းတောင်ပံလိုမျိုး နက်မှောင်သော ဆံနွယ်များမှတစ်ဆင့် ပုံကျလှပပြီး ဆွဲဆောင်မှုရှိသော ညှပ်ရိုးပေါ်သို့ စီးကျနေသည်။
ပွပွယောင်းယောင်း ဝတ်ရုံအောက်တွင် ကျယ်ပြန့်သော ပုခုံးနှင့် ရှည်လျားသော ခြေတံများဖြင့် ပြည့်စုံသည့် ပြီးပြည့်စုံသော ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိနေသည်။ သူ၏ ပျင်းရိလေးတွဲပြီး အေးဆေးတည်ငြိမ်သော လှုပ်ရှားမှုများနှင့်အတူ ထိုကြံ့ခိုင်သန်မာသော ခါးအလှကလည်း မလွန်ဆန်နိုင်လောက်အောင် ဆွဲဆောင်နေ၏။
အခန်းထဲတွင် ပန်းနွယ်ပုံသဏ္ဌာန် မီးအိမ်ထွန်းညှိထားပြီး ၎င်း၏ အဖြူရောင်ပိတ်ပါးမီးအိမ်စွပ်ပေါ်တွင် ရောင်စုံလိပ်ပြာပုံများ ပန်းထိုးထားကာ အတွင်း၌ မှိန်ပျပျ ဖယောင်းတိုင်မီးလျှံအချို့ ရှိနေသည်။
ကြာပန်းရောင် ညအိပ်ဝတ်ရုံပါးလေးကို ဝတ်ဆင်ထားသော ရွှယ်နင်သည် လက်ထဲတွင် သမိုင်းစာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ကုတင်ဘေးတွင် ငိုက်မြည်းကာ မှီထားသည်။
ကံကောင်းထောက်မစွာဖြင့် အခန်းကြမ်းပြင်ကို ကျောက်စိမ်းနွေးများ ခင်းထားပြီး ကြမ်းပြင်အောက် နွေးထွေးမှုပေးသည့် စနစ် ရှိနေသဖြင့်သာ။ မဟုတ်ပါက သူမကိုယ်သူမ ဒီလိုမျိုး ဂရုမစိုက်ဘဲ နေတတ်တဲ့ သူမ၏ ကျန်းမာရေးကြောင့် တစ်ဖန် ပြန်လည်ဖျားနာပေဦးမည်။
လီချန်ချဲ့က လျှောက်လာပြီး မိန်းမပျိုလေး၏ နံဘေးတွင် ထိုင်လိုက်သည်။
မိန်းကလေး၏ နီမြန်းနေသော ပါးပြင်လေးက လည်ပင်းခုန်အုံးပေါ်သို့ မှီကျနေပြီး သူမ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်အလှက ကုတင်ဘေးတွင် ပျော့ပျောင်းသော ကောက်ကြောင်းတစ်ခုအဖြစ် မှီတွဲနေတာကို သူ မြင်လိုက်ရသည်။ သူမလက်ထဲက သမိုင်းစာအုပ်မှာ ယခင်မင်းဆက်၏ ထိုက်ဇူမင်းကြီး စစ်တပ်ထောင်ပြီး ဇနီးဖြစ်သူနှင့်အတူ မင်းဆက်အသစ်ကို တည်ထောင်ခဲ့သည့် စာမျက်နှာတွင် ပွင့်လျက်ရှိနေသည်။
ဒီလိုပုံစံနဲ့ အိပ်တာ သက်သောင့်သက်သာ ရှိရဲ့လားလို့ သူ တွေးမိသွားသည်။
သူ လက်လှမ်းပြီး မိန်းကလေး၏ လက်ထဲမှ စာအုပ်ကို ယူလိုက်သည်။
ရွှယ်နင် ချက်ချင်း နိုးလာပြီး မှုန်ဝါးဝါး မျက်လုံးများကို ဖွင့်ကာ အမျိုးသား၏ နက်ရှိုင်းသော မက်မွန်ပွင့်မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။
"ဖူကျွင်း... ရေချိုးပြီးပြီလား။"
မိန်းကလေး၏ မျက်ဝန်းထဲတွင် အိပ်ချင်မူးတူး အရိပ်အယောင်များ ရှိနေဆဲဖြစ်၏။
အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ဦးလိုမျိုး သူမက အကြောင်းပြချက်မရှိဘဲ ကြင်နာယုယလိုစိတ်ကို နှိုးဆွပေးနေသည်။
ဒီလို ရွှယ်နင်နှင့် ကြုံရတိုင်း လီချန်ချဲ့ အမြဲတမ်း စိတ်မငြိမ်မသက် ဖြစ်ရသည်။ သူ့လက်ဖဝါးကြီးက သူမ၏ သွယ်လျသော လက်ဖျံလေးကို ပွတ်သပ်ပေးလိုက်ပြီး အကြည့်များက သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။
"ဘာလို့ မအိပ်သေးတာလဲ။"
ရွှယ်နင်က မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်ပြီး သူမ သတိမထားမိဘဲ ဝတ်ရုံကော်လံက အနည်းငယ် ခပ်ဟဟဖြစ်သွားသည်။
လီချန်ချဲ့အပေါ် သူမ၏ သတိထားမှုများက ပို၍ပို၍ လျော့ပါးလာခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာတင် သူမက သူ့ကို မိသားစုဝင်တစ်ဦးလို အမှန်တကယ် သတ်မှတ်ပြီး လုံးဝ သတိမထားဘဲ နေတတ်လာခဲ့ပြီ။
မော့ကြည့်လိုက်စဉ် အမျိုးသား၏ ကျယ်ပြန့်သော ရင်အုပ်ကြွက်သားများကို မြင်လိုက်ရသဖြင့် သူမ ချက်ချင်း မျက်နှာနီမြန်းသွားကာ ခန္ဓာကိုယ်ကို အထဲသို့ တိုးလိုက်သည်။
"ဘာမှလုပ်စရာမရှိတာနဲ့ပဲ..."
လီချန်ချဲ့၏ အကြည့်များက ပိုမိုနက်ရှိုင်းလာ၏။
"ဘာလို့ အရင်မအိပ်တာလဲ။"
ရွှယ်နင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"စာအုပ်ခဏဖတ်ရင်း ရှင်ထွက်လာတာကို စောင့်ပြီး အတူတူအိပ်မလို့ပါ။"
လီချန်ချဲ့၏ မျက်ဝန်းများ မှေးမှိန်သွားပြီး လေသံက တိုးရှသွားသည်။
"အတူတူလား။"
ရွှယ်နင်က ဝေခွဲမရဟန်ဖြင့် ကြည့်ကာ-
"အရင်ကလည်း... ကျွန်မတို့တွေ အမြဲတမ်း အတူတူအိပ်ခဲ့ကြတာပဲ မဟုတ်ဘူးလား။"
လီချန်ချဲ့၏ အကြည့်များက ပြင်းထန်လာပြီး မိန်းကလေး၏ အနည်းငယ်ဟနေသော နှုတ်ခမ်းနီနီလေးပေါ်သို့ စူးစိုက်သွားတော့သည်။
သူမစကားတွေက ယောက်ျားတစ်ယောက်ကို အလွယ်တကူ အပြစ်ကျူးလွန်ချင်စိတ်ပေါက်သွားအောင် သွေးဆောင်နိုင်တယ်ဆိုတာ သူမ သိရဲ့လား။
သို့သော် မိန်းကလေးက စာရွက်ဖြူတစ်ရွက်လို ဖြူစင်လွန်းနေ၏။ သူမ၏ အရည်လဲ့နေသော မျက်ဝန်းများတွင် ထိုသို့သောအဓိပ္ပာယ် အရိပ်အယောင်လေးမျှ မပါရှိတဲ့အတွက် သူမအပေါ်ထားရှိသည့် သူ့အတွေးများကိုပင် ရှက်စရာကောင်းတယ်လို့ ခံစားရစေသည်။
ရွှယ်နင်က ပို၍ ရှက်သွေးဖြာသွားသည်။
"စာမျက်နှာနည်းနည်းလေး ဖတ်ရုံနဲ့ ဒီလောက် ပင်ပန်းသွားမယ်လို့ မထင်ထားမိဘူး။"
အိမ်ထောင်မှုထိန်းကျောင်းရာတွင် အတွေ့အကြုံမရှိသေးသူတစ်ယောက်အနေဖြင့် ဤမျှကြီးမားသော အိမ်တော်ကြီးကို စီမံခန့်ခွဲရန် သူမ သင်ယူစရာတွေ အများကြီး လိုနေသေးသည်။
သူမက နည်းနည်းလေးတောင် ပေါ့လျော့ဖို့ မဝံ့ရဲဘဲ စုမန်ထံမှ သင်္ချာပညာသင်ယူရန် နောက်ရက်အနည်းငယ်အတွင်း အိမ်တော်သို့ ခေါ်ယူရန် စီစဉ်ထားသည်။
သူမ၏ ရိုးသားဖြူစင်သော သဘာဝလေးကို မြင်လိုက်ရသောအခါ လီချန်ချဲ့သည် သူ့ကိုယ်သူ တိရစ္ဆာန်တစ်ကောင်လို ရင်ထဲမှ ကျိန်ဆဲလိုက်မိ၏။ သူက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး လက်ထဲရှိ စာအုပ်ကို ငုံ့ကြည့်လိုက်သည်။
ဤစာအုပ်များမှာ သူ ငယ်ငယ်ကတည်းက ဖတ်ခဲ့သော စာအုပ်များဖြစ်သော်လည်း အိမ်တော်တွင်းမှ မိန်းမပျိုလေးတစ်ယောက်ဖြစ်သည့် ရွှယ်နင်ကလည်း သမိုင်းစာအုပ်ဖတ်ရဝာာကို နှစ်သက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သမိုင်းစာအုပ်၏ ဤစာမျက်နှာတွင် ယခင်မင်းဆက်၏ ထိုက်ဇူမင်းကြီး ရှောင်းရွှင်အကြောင်း မှတ်တမ်းတင်ထားသည်။
ထိုမင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ်တွင် ဒဏ္ဍာရီဆန်သော ဘဝမှတ်တမ်းတစ်ခု ရှိခဲ့၏။ ဆင်းရဲနွမ်းပါးပြီး နိမ့်ကျသော အဆင့်အတန်းမှ မွေးဖွားလာသူဖြစ်သော်လည်း ထင်ရှားကျော်ကြားသော ကျန်းမျိုးနွယ်စုမှ သမီးအကြီးဆုံးနှင့် လက်ထပ်ခဲ့သည်။
ကျန်းမျိုးနွယ်စု၏ အပြည့်အဝ ထောက်ခံပံ့ပိုးမှုဖြင့် ရှောင်းရွှင်သည် တိုင်းပြည်ကို သိမ်းပိုက်ကာ နယ်မြေအားလုံးကို စည်းလုံးစေခဲ့ပြီး သာ့ယဲ့မင်းဆက်၏ ပထမဆုံးသော ဧကရာဇ် ဖြစ်လာခဲ့သည်။
နှမြောစရာကောင်းသည်မှာ အင်ပါယာကို တည်ထောင်ပြီးနောက် ရှောင်းရွှင်သည် ကိုယ်လုပ်တော်များကို အလုံးအရင်းဖြင့် စတင်ရွေးချယ်ခဲ့ပြီး သူအရေးပေးသော ကိုယ်လုပ်တော်တစ်ဦးအတွက် ကျန်းသခင်မကို မိဖုရားခေါင်ကြီးနေရာမှ ဖယ်ရှားခဲ့ခြင်းပင်။
၎င်းသာမက ကျန်းသခင်မ၏ မျိုးနွယ်စုတစ်ခုလုံးကိုပါ အရှင်မထားဘဲ သတ်ဖြတ်ပစ်ခဲ့သေး၏။
တရားဝင် သမိုင်းမှတ်တမ်းများအပြင် တရားမဝင် သမိုင်းမှတ်တမ်းများတွင်လည်း ဤဧကရာဇ်နှင့် မိဖုရားတို့အကြောင်း ကောလာဟလများစွာ ရှိနေသေးသည်။
သူတို့က အသေအရှင် အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ကြသည့် ဇနီးမောင်နှံဖြစ်ခဲ့ပါလျက် နောက်ဆုံးတွင် ဤကဲ့သို့သော အခြေအနေမျိုးသို့ ဆိုက်ရောက်သွားလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။
အချုပ်အားဖြင့်ဆိုရသော် ကျန်းမိဖုရားခေါင်ကြီးသည် အတော်လေး ဂုဏ်သိက္ခာမဲ့စွာဖြင့် ကွယ်လွန်သွားခဲ့ရသည်။
သူမ သေဆုံးပြီးနောက်တွင်လည်း ရှောင်းရွှင်နှင့်အတူ ဧကရာဇ်ဂူဗိမာန်၌ မြှုပ်နှံခြင်း မခံခဲ့ရချေ။
ရှောင်းရွှင် မကွယ်လွန်မီတွင် သူ၏အမိန့်ပြန်တမ်း၌ စာတစ်ကြောင်းတည်းသာ ချန်ရစ်ခဲ့သည်။
"ငါ့ကို နားလည်သည်ဖြစ်စေ၊ ပြစ်တင်ရှုတ်ချသည်ဖြစ်စေ သမိုင်းကသာ ဆုံးဖြတ်လိမ့်မယ်။"
သို့သော် ဧကရာဇ်နှင့် မိဖုရားတို့ကြားမှ အစစ်အမှန် ဆက်ဆံရေး သဘောသဘာဝနှင့် နောက်ဆုံးတွင် အသေအကျေ ပဋိပက္ခအထိ ဘယ်လိုလုပ် ရောက်ရှိသွားခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မသိကြချေ။
"ဘာလို့ ဒီနေရာမှာ ရပ်ထားတာလဲ။"
ရွှယ်နင်သည် ဤစာမျက်နှာထောင့်လေးကို ခေါက်ထားခဲ့တာကို လီချန်ချဲ့ သတိပြုမိသွားပြီး ဤဇာတ်လမ်းကို သူမ အလွန် စိတ်ဝင်စားနေပုံပေါ်သည်။
ရွှယ်နင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
"ဒီအပိုင်းကို အမှတ်မထင် လှန်မိသွားပြီး တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေတာနဲ့ပဲ...။ အရင်တုန်းက ဒီလိုစာအုပ်မျိုးတွေကို ပျင်းစရာကောင်းတယ်ထင်လို့ တစ်ခါမှ မဖတ်ခဲ့ဖူးဘူး။ အခုမှပဲ သမိုင်းစာအုပ်တွေထဲမှာ ဘဝကို ဘယ်လိုနေထိုင်ကျင့်ကြံရမလဲဆိုတဲ့ သင်ခန်းစာတွေ အပြည့်အဝ ရှိနေတယ်ဆိုတာ နားလည်သွားတော့တယ်။"
မူလက ဤပထမဆုံးဧကရာဇ်၏ ဇာတ်လမ်းကို သူမ သိပ်ဂရုမစိုက်မိခဲ့ပေ။ သို့သော် သမိုင်းတွင် ကျန်းမိဖုရားခေါင် (သို့မဟုတ်) နဝမမိဖုရားခေါင်ဟု လူသိများသည့် ကျန်းသခင်မအကြောင်းကို ဖတ်မိသောအခါ... ဧကရာဇ်နှင့် ဆယ်နှစ်တိုင်တိုင် ပေါင်းသင်းခဲ့ပါလျက် ရာထူးချခံရပြီး ပြည်နှင်ဒဏ်ပေးခံရကာ ရှီးဟယ်လို ခေါင်ဖျားသောအရပ်တွင် သေဆုံးခဲ့ရတာကို သိလိုက်ရသဖြင့် သူမ ချက်ချင်းပင် နက်ရှိုင်းစွာ ကိုယ်ချင်းစာမိသွားပြီး ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဒါကြောင့်လည်း သူမက ၎င်းကို သတိပေးသင်ခန်းစာတစ်ခုအနေဖြင့် လျှို့ဝှက်စွာ မှတ်ယူကာ နောက်ထပ် အကြိမ်အနည်းငယ် ထပ်ဖတ်ခဲ့ခြင်း ဖြစ်သည်။
ဒီလိုမျိုး မျိုးရိုးမြင့်ပြီး ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပင်လျှင် ယောက်ျားတစ်ယောက်၏ သစ္စာဖောက်တာကို ခံရသေးလျှင်၊ သူမလို လူမျိုးဆိုရင် ပြောစရာလိုသေးလို့လား။
ဒီလောကကြီးမှာ မိန်းမသားတစ်ယောက်ဖြစ်ရတာ သဘာဝအားဖြင့်ကို ခက်ခဲလွန်းတယ်။
ယောက်ျားတစ်ယောက်အပေါ် အရာအားလုံးကို ပုံအောလိုက်မယ်ဆိုရင်၊ တစ်ခုခု မှားယွင်းသွားသည်နှင့် တစ်ချိန်တည်းမှာပင် အပြီးတိုင် ရှုံးနိမ့်သွားတော့မယ်။
၎င်းက လီချန်ချဲ့အပေါ် အပြည့်အဝ အားကိုး၍မရနိုင်ဆိုသည့် အချက်ကို သူမအား ပို၍ သတိဝင်လာစေခဲ့ပြီး သူမနှင့် ပေါင်ချန်အတွက် စောစောစီးစီး ကြိုတင်အစီအစဉ်များ ချမှတ်ထားသင့်ကြောင်းကိုပါ သတိပြုမိစေခဲ့သည်။
ရွှယ်နင် စာဖတ်ရတာ နှစ်သက်တာကို မြင်လိုက်ရသဖြင့် လီချန်ချဲ့၏ စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်နေခဲ့သည်။
ကျယ်ဝန်းသော အိပ်ဆောင်ကြီးထဲတွင် သူတို့နှစ်ယောက်တည်း ဖယောင်းတိုင်မီးရောင်အောက် စကားစမြည်ပြောနေကြရာ အရင်က အေးစက်ပြီး တိတ်ဆိတ်နေတတ်သည့် အခန်းကြီးက အထူးတလည် နွေးထွေးသာယာနေသလို ခံစားရသည်။
"ဟိုဘက်မှာ ကိုယ့်ဆီ စာအုပ်တွေ အများကြီးရှိသေးတယ်။ မင်း စာဖတ်တာကို သဘောကျရင် မနက်ဖြန် ဖူရှန်းကို ဒီအခန်းထဲ ရွှေ့ခိုင်းလိုက်မယ်။"
လီချန်ချဲ့က အပြင်ဘက်အခန်းတွင်ရှိသော စာရေးစားပွဲဆီသို့ သွယ်လျသော လက်ချောင်းများဖြင့် ညွှန်ပြလိုက်သည်။
"အဲဒီစားပွဲက မင်းသုံးဖို့ပဲ။"
ထိုအခါမှသာ ရွှယ်နင်သည် သူမအတွက် သီးသန့် စာရေးစားပွဲတစ်လုံးကိုပင် ပြင်ဆင်ပေးထားခဲ့သည့် သူ၏ စဉ်းစားဆင်ခြင်ပေးမှုကို သတိပြုမိသွားသည်။
"ကျွန်မအတွက်လား။"
"ဟုတ်တယ်။ နင်နင် စာဖတ်ရတာကို နှစ်သက်တဲ့အတွက် ကိုယ် အရမ်းဝမ်းသာတယ်။"
"ဒါဆို—"
ရွှယ်နင်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"ကျွန်မက ဝတ္ထုပုံပြင်စာအုပ်တွေ ဖတ်ရတာကိုပဲ ကြိုက်တယ်ဆိုရင်ရော ရှင် ဝမ်းသာနေဦးမှာလားဟင်။"
လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ရာ နဂိုကတည်းက ချောမောသည့် သူ့မျက်နှာက ခပ်ဖျော့ဖျော့ အပြုံးကြောင့် ပိုပြီး ဆွဲဆောင်မှုရှိနေတော့သည်။
"ဘယ်လို ဝတ္ထုစာအုပ်မျိုးကို ကြိုက်လို့လဲ။ အိမ်တော်ကို ပြန်လာတဲ့အခါ ကိုယ် မင်းအတွက် ဝယ်ခဲ့ပေးမယ်လေ။"
ရွှယ်နင် အံ့ဩမှင်သက်သွားသည်။
ဪ... အဖြေက ဒီလိုမျိုး ကွဲပြားနိုင်တာပဲကိုး။
စုကျန်းဆီမှာ ဝတ္ထုစာအုပ်များဖတ်ရန် တောင်းဆိုစဉ်က သူမ ဘယ်လောက်တောင် နှိမ့်ချခဲ့ရသလဲဆိုတာကို သူမ မှတ်မိနေပြီး၊ ထိုအချိန်က စုကျန်း၏ ရွံရှာလှောင်ပြောင်သည့် အကြည့်ကိုပါ ပြန်လည်အမှတ်ရမိသွားသည်။
ဒါဆို ဝတ္ထုစာအုပ်ဖတ်ရတာကို နှစ်သက်တာက အထင်သေးခံရလောက်တဲ့ အရာတစ်ခုများလား။
မင်းသမီးရှို့နင်းလည်း ဝတ္ထုစာအုပ်တွေ ဖတ်ရတာ ကြိုက်တာပဲလေ။ ဒါပေမယ့် စုကျန်းက ရှို့နင်းကိုကျတော့ ဘယ်တော့မှ မလှောင်ပြောင်ခဲ့ဘူး။
"အားချဲ့—"
ရွှယ်နင်သည် သူမ၏ နှလုံးသားကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး မျက်ဝန်းများ ပူနွေးလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မက ဝတ္ထုစာအုပ်တွေ ဖတ်ရတာကို သိပ်ကြိုက်တာ မဟုတ်ပါဘူး... ဖူကျွင်း ဒုက္ခခံပြီး ဝယ်စရာ မလိုပါဘူး... ကျွန်မ... ရှင်ပေးတဲ့ စာအုပ်တွေကိုပဲ ဖတ်ပါ့မယ်။"
လီချန်ချဲ့က သူမကို တွေးတွေးဆဆ ကြည့်လိုက်ပြီးနောက် လက်ကိုမြှောက်ကာ ရွှယ်နင်၏ ဆံပင်လေးများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။
"ကောင်းပါပြီ၊ အချိန်လည်း နောက်ကျနေပြီ။ အိပ်ကြစို့။"
အိပ်ချင်စိတ်တစ်ခုက သူမအပေါ် လွှမ်းမိုးလာခဲ့သည်။
အမျိုးသားဖြစ်သူ၏ နက်ရှိုင်းပြီး ချိုသာသော အသံကို နားထောင်ရင်း၊ ရွှယ်နင် စိတ်အေးချမ်းသာယာမှုကို ခံစားလိုက်ရသည်။ သူမက နှုတ်ခမ်းထောင့်စွန်းလေးများကို ကွေးညွတ်ကာ ပြုံးလိုက်ပြီး ကုတင်ကြီး၏ အတွင်းဘက်သို့ တက်ကာ သူမ၏ ကိုယ်ပိုင်စောင်လေးထဲသို့ တိုးဝင်လိုက်သည်။
မင်္ဂလာဆောင်ကာလ မကုန်ဆုံးသေးသဖြင့် တောက်ပသော အနီရောင်စောင်ကို မလဲရသေးပေ။
လီချန်ချဲ့ကို အစ်ကိုတစ်ယောက်လိုပဲ သူမ သဘောထားခဲ့တယ်ဆိုရင်တောင်မှ အခုလို ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် နှစ်ယောက်တည်း အတူတူအိပ်စက်ရတာက ဖော်ပြ၍မရနိုင်သော ရင်ခုန်လှိုက်မောဖွယ် ခံစားချက်မျိုးကို ဖြစ်ပေါ်စေဆဲပင်။