အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) - ချွင်းရီလား
စောင်စွန်းလေးကို ဆုပ်ကိုင်ထားရင်း သူမရင်ထဲ လှိုင်းထန်နေခဲ့သော်လည်း အမျိုးသားဖြစ်သူက လှဲမအိပ်ဘဲ သူ့ဝတ်ရုံကို သပ်ရပ်အောင်ပြင်ကာ အပြင်သို့ ထွက်သွားတာကိုပဲ မြင်လိုက်ရသည်။
"အားချဲ့... ဘယ်သွားမလို့လဲ။"
အမျိုးသားက အခန်းကန့်တံခါးဘေးတွင် ရပ်လိုက်ပြီး သူ၏ ဘေးတိုက်မျက်နှာသွင်ပြင်က တစ်ဝက်တစ်ပျက် ထင်ရှားပေါ်လွင်နေသည်။
"အရင်အိပ်နှင့်လိုက်ပါ။"
ရွှယ်နင်က ဘယ်တုန်းကမှ အများကြီး မမေးရဲပေ။ အမျိုးသားမှာ လုပ်စရာကိစ္စများ ရှိနေသေးတယ်လို့ပဲ ယူဆလိုက်ပြီး စောင်အောက်သို့ နာခံမှုရှိစွာ ပြန်လည်တိုးဝင်သွားသည်။
အိပ်ဆောင်ထဲတွင် ခပ်သင်းသင်း နံ့သာပေါင်းနံ့လေး လွင့်ပျံ့နေပြီး အမျိုးသား ထွက်ခွာသွားသော ခြေသံကိုပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။
မကြာမီမှာပင် သူမ အိပ်ပျော်သွားတော့သည်။
...
လီချန်ချဲ့သည် အိပ်ဆောင်မှထွက်လာပြီး အရှေ့ဆောင်ရှိ စာကြည့်ဆောင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။
သူ၏ စာကြည့်ဆောင်မှာ မူလက အရှေ့ဘက်ခြံဝင်းတွင် ရှိသည်။
ရွှယ်နင် အိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီးနောက် ၎င်းကို ကျိုယင်းဆောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဖူရှန်းက စာကြည့်ဆောင်ထဲတွင် စောင့်နေနှင့်ပြီးဖြစ်၏။ သခင်ဖြစ်သူ ဝင်လာတာကို မြင်သောအခါ စာရွက်တစ်ရွက် ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါက သခင်မလေး ဒီနေ့လုပ်ခဲ့သမျှနဲ့ စားခဲ့တာတွေအားလုံး မှတ်တမ်းတင်ထားတာပါ။ ရှီဇီ... စစ်ဆေးကြည့်ပါဦး။"
သခင်မဝမ်၏ ခန့်မှန်းရခက်သော စိတ်နေသဘောထားကြောင့် လီချန်ချဲ့သည် ရွှယ်နင်ကို အိမ်တော်ထဲတွင် တစ်ယောက်တည်း ထားခဲ့ရန် မဝံ့ရဲပေ။
ထို့အပြင် အိမ်တော်ခွဲထွက်ရန် အချိန်လည်း မကျသေးပေ။
ထို့ကြောင့် ရွှယ်နင်၏ နေ့စဉ်လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ခြံဝင်းအတွင်း လျှို့ဝှက်သက်တော်စောင့်တစ်ဦးကို သူ စီစဉ်ထားခဲ့သည်။
၎င်းမှာ သူ မရှိခိုက် သခင်မဝမ်က ရွှယ်နင်ကို ပစ်မှတ်ထားမည်ကို တားဆီးရန်ဖြစ်၏။
လီချန်ချဲ့ ထိုင်လိုက်ပြီး စာရွက်ကို ယူလိုက်သည်။ မှတ်တမ်းများက အံ့ဩစရာကောင်းလောက်အောင် အသေးစိတ်ကျပေသည်။
သူ့မျက်လုံးများက စာကြောင်းများကို ခပ်မြန်မြန် ဖတ်သွားပြီး သွယ်လျသော လက်ချောင်းက ချွင်းရီအမည်ရှိ အစေခံမလေး၏ နာမည်ပေါ်သို့ ခေါက်လိုက်သည်။
"သွေးခုန်နှုန်းစမ်းသပ်ချိန်မှာ မင်း ရှိနေခဲ့လား။"
ဖူရှန်းက ပြန်ဖြေသည်။
"အဲဒီအချိန်တုန်းက ကျွန်တော် မရှိနေပါဘူး။ ရှီဇီ... ဒီအစေခံမလေးဆီမှာ သံသယဖြစ်စရာ တစ်ခုခု ရှိနေလို့လား။"
ရေးထားတဲ့ မှတ်တမ်းအရဆိုလျှင် သဘာဝကျကျပင် ဘာမှ လွဲချော်နေပုံမရပေ။ သို့သော် လီချန်ချဲ့က ရွှယ်နင်နှင့် ပတ်သက်လာလျှင် အမြဲတမ်း သတိကြီးကြီးထားတတ်သူဖြစ်၏။ အစေခံတစ်ယောက်က ရုတ်တရက် ဆေးစစ်ပေးရန် ကမ်းလှမ်းလာခြင်းမှာ ထူးဆန်းတယ်လို့ ယူဆကာ မေးလိုက်သည်။
"သူ(မ)က ဘယ်အဆောင်ကလဲ။"
ဖူရှန်းက ဖြေသည်။
"သူ(မ)က လက်ဖက်ရည်ဆောင်က ဖြစ်ပုံရပါတယ်။ လက်ဖက်ရည်တိုက်ပစ္စည်းတွေကို ကြီးကြပ်ရတဲ့သူပါ။ ပုံမှန်ဆို ခပ်ငြိမ်ငြိမ်ပဲနေပြီး ပြဿနာတစ်ခုမှ မရှာဖူးပါဘူး။"
လီချန်ချဲ့ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"လက်ဖက်ရည်ဆောင်က အစေခံတစ်ယောက်က ဆေးပညာ နည်းနည်းပါးပါး သိနေတယ်ပေါ့။"
ဖူရှန်း ခေါင်းကုတ်လိုက်သည်။
"ရှီဇီ... မသင်္ကာစရာများ ရှိလို့လား။"
လီချန်ချဲ့၏ မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေဆဲပင်။
"မနက်ဖြန် ဒီအစေခံရဲ့ နောက်ခံကို မင်းကိုယ်တိုင် စုံစမ်းကြည့်လိုက်။"
ဖူရှန်းက ချက်ချင်းပင် ပြန်ဖြေသည်။
"ဟုတ်ကဲ့။"
လီချန်ချဲ့၏ လက်ချောင်းများက စာရေးစားပွဲပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး စည်းချက်ကျကျ ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။ စာရွက်ပေါ်တွင် ရွှယ်နင်၏ ချီစွမ်းအင်နှင့် သွေးအားနည်းနေတယ်လို့ မှတ်တမ်းတင်ထားတာကို သတိပြုမိသွားရာ ခဏမျှ စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"နင်နင်ရဲ့ ကျန်းမာရေးက အားနည်းတယ်။ သူ(မ)ကို ကျန်းမာရေးစစ်ဆေးဖို့ နတ်သမားတော်လိုင်ကို အိမ်တော်ထဲ ပင့်လာဖို့ အချိန်တစ်ခု ရှာလိုက်ပါ။"
ဖူရှန်းက မနေနိုင်ဘဲ စုတ်သပ်လိုက်မိသည်။
"ရှီဇီ... သခင်မလေးကို ကျန်းမာရေးစစ်ဆေးပေးဖို့ နတ်သမားတော်လိုင်က သဘောတူပါ့မလား။"
ထိုနတ်သမားတော်လိုင် သည် တုန်းကျင်းတွင် အလွန်ခက်ခဲသူအဖြစ် နာမည်ကြီး၏။ ထူးခြားပြောင်မြောက်သော ဆေးပညာစွမ်းရည်များ ရှိပေမယ့် သူ့ရဲ့ စိတ်နေသဘောထားက ထူးဆန်းပြီး လူနာများကို အလွယ်တကူ ဆေးမကုပေးတတ်ပေ၊ အထူးသဖြင့် အမျိုးသမီးများကို ဖြစ်၏။ ရွှေငွေများစွာ ပုံပေးလျှင်တောင်မှ အမျိုးသမီးတစ်ဦးကို ဆေးစစ်ပေးရန် သူ့ကို ဖျောင်းဖျ၍ မရနိုင်ပေ။
ရှီဇီက နတ်သမားတော်လိုင်၏ အသက်ကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးတယ် ဆိုပေမဲ့လည်း........
ဒါပေမဲ့ ရှီဇီက သခင်မလေးရဲ့ ကျန်းမာရေးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုပေးရန် နတ်သမားတော် လိုင်ကို တောင်းဆိုမယ်တဲ့လား။
နတ်သမားတော်လိုင်က... သဘောတူပါ့မလား။
နတ်သမားတော်လိုင်၏ ထူးဆန်းသော စိတ်နေသဘောထားကို တွေးမိကာ လီချန်ချဲ့က သူ့နှာတံပေါ်ကို ခပ်ဖွဖွ ညှစ်လိုက်သည်။
မိန်းမပျိုလေး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက နုနယ်ပြီး အအေးပတ်လွယ်ကာ အားနည်းသည့် လက္ခဏာရှိသည်။ ထို့အပြင် အစောပိုင်းက စုကျန်းအတွက် ဓားချက်ခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း သူကြောင့်ပင် ချောက်ထဲ ခုန်ချခဲ့ရသဖြင့် သူမ၏ ဒဏ်ရာများက ထပ်ခါတလဲလဲ ကောင်းမွန်စွာ မသက်သာခဲ့ရှာပေ။
သူတို့ရဲ့မင်္ဂလာဦးညမှာ သူမရင်ဘတ်မှ အမာရွတ်ကို သူ စစ်ဆေးခဲ့တယ်။ ဒီနေ့အထိ ထိုနေရာမှာ ဖျော့တော့တော့ အမှတ်အသားတစ်ခု ကျန်ရှိနေဆဲဖြစ်လို့ သူ့ရင်ထဲမှာ မချိတင်ကဲဖြစ်မှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ကို နှိုးဆွပေးနေ၏။
ဘာပဲဖြစ်ဖြစ် အခု ထိုမိန်းကလေးက သူ့ဆီ လက်ထပ်ဝင်ရောက်လာခဲ့ပြီ။
သူမကို နောက်ထပ် ဘယ်လို ဖျားနာမှု ဒါမှမဟုတ် နာကျင်မှုကိုမှ ထပ်မံမခံစားစေရတော့ဘူး။
စုကျန်းကြောင့် ရရှိခဲ့တဲ့ ထိုအမာရွတ်ကိုလည်း လုံးဝ ပျောက်ကွယ်သွားအောင် သူ ပြုလုပ်ပေးမယ်။
"ထားလိုက်တော့... နောက်ကျရင် ကိုယ်တိုင်ပဲ သွားတွေ့လိုက်မယ်။"
ထိုစကားကို ကြားသောအခါ ဖူရှန်းမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ရှီဇီက နတ်သမားတော်လိုင်နဲ့ ပြောဆိုဆက်ဆံရတာကို အမုန်းဆုံးပဲလေ။
အစောပိုင်းက သခင်မဝမ်သည် အကြီးဆုံးသခင်လေး၏ ကျန်းမာရေးအတွက် နတ်သမားတော်လိုင်အား ဖိတ်ကြားပေးရန် ရှီဇီကို အထပ်ထပ် တောင်းဆိုခဲ့ဖူးသော်လည်း ရှီဇီက ဘယ်သောအခါမျှ သဘောမတူခဲ့ချေ။
အခုတော့ သခင်မလေးရဲ့ ကျန်းမာရေးအတွက် သူကိုယ်တိုင် သွားရောက်ရန် လိုလားနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါကသာ အချစ်မဟုတ်ရင် အခြားဘာဖြစ်နိုင်ဦးမှာလဲ။
ကံမကောင်းစွာဖြင့် သခင်မလေး၏ ရင်ထဲမှာ ထိုစုရှီဇီသာ ရှိနေပြီး ဒီနေ့အထိ အိမ်ထောင်ရေး ပြီးမြှောက်ဖို့ကိုငြင်းပယ်နေဆဲပင်။
အကယ်၍ အပြင်လူတွေသာ သိသွားပါက ရှီဇီရဲ့ မျက်နှာ ဘယ်နားသွားထားရပါတော့မလဲ။
"ဘာလို့ ရပ်ကြည့်နေသေးတာလဲ။"
"ဟင်..."
ဖူရှန်း ချက်ချင်း အသိစိတ်ပြန်ဝင်လာသည်။
"ရှီဇီ့မှာ တခြားခိုင်းစရာ ရှိသေးလို့လားဗျ။"
"မရှိတော့ဘူး။"
လီချန်ချဲ့က နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်ရင်း ထရပ်လိုက်ပြီး ရွှယ်နင်ကို ပွေ့ဖက်အိပ်စက်ရန်အတွက် အခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
"ငါလည်း ပြန်ပြီး နားတော့မယ်။ မင်း သွားနိုင်ပြီ။"
ဖူရှန်း - "..."
ရှီဇီ မင်္ဂလာဆောင်ပြီးကတည်းက သူ့ စိတ်နေသဘောထားက တကယ်ပဲ အများကြီး ပိုမိုနူးညံ့လာခဲ့တယ်။
...
ယန်မိသားစုအိမ်မှ ပြန်လာချိန်တွင် ကောင်းကင်ကြီးက လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။
သန်းခေါင်ယံအချိန်တွင် မိုးဖွဲဖွဲလေး စတင်ရွာသွန်းလာပြီး ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ဖြူဖွေးသော နံရံများနှင့် အမည်းရောင် အမိုးပြားများကို မှုန်ပျပျ မြူခိုးများဖြင့် လွှမ်းမိုးသွားစေသည်။
သုံးလပိုင်း၏ နွေဦးမိုးက ပိုးခြည်မျှင်လေးများကဲ့သို့ နုနယ်သော်လည်း အအေးဓာတ်အချို့ ဆောင်ကြဉ်းလာခဲ့သည်။
စုကျန်းသည် ဘေးတံခါးမှတစ်ဆင့် အိမ်တော်ထဲသို့ ဝင်လာခဲ့ရာ သူ့ဝတ်ရုံရှည်ကြီးမှာ တော်တော်လေး စိုစွတ်နေခဲ့ပြီ။
မင်ယွဲ့ဆောင်သို့ ရောက်သောအခါ အဓိကအခန်းထဲတွင် မီးများ လင်းထိန်နေဆဲဖြစ်တာကို မြင်လိုက်ရသဖြင့် ရှဲ့နင်းထန် မအိပ်သေးကြောင်း သူ သိလိုက်သည်။
မင်္ဂလာဆောင်ပြီးတာ အလွန်ဆုံးမှ လဝက်သာ ရှိသေးသဖြင့် သတို့သမီးအသစ်က ခင်ပွန်းဖြစ်သူအပြန်ကို စောင့်ဆိုင်းနေခြင်းမှာ ပုံမှန်ပင်။
သို့သော်လည်း သူကတော့ အိမ်ထောင်ရေးကိစ္စရပ်များတွင် လုံးဝ စိတ်ပါဝင်စားခြင်း မရှိပေ။ သူ့စိတ်ထဲတွင် မော့ပိုင်အား ခိုင်းစေထားသည့် အလုပ်ကသာ လွှမ်းမိုးနေသဖြင့် မော့ပိုင်ကို ဝင်လာရန် ခေါ်လိုက်သည်။
ခြံဝင်းတံခါးထဲသို့ ဝင်လာပြီးနောက် ရှောင်လင်တန့် စကားပြောတာကိုပင် မစောင့်ဘဲ လှည့်ထွက်ကာ စာကြည့်ဆောင်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှောင်လင်တန့်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လိုက်ကာကို ပင့်ကာ အဓိကအခန်းထဲသို့ ကမန်းကတန်း ဝင်သွား၏။
စုကျန်းက ဂရုမစိုက်ပေ။ လက်ထပ်သည်ဖြစ်စေ၊ မလက်ထပ်သည်ဖြစ်စေ သူ့အတွက် သိပ်ထူးခြားမနေဘူး။ခြံဝင်းထဲမှာ အိမ်ရှင်သခင်မတစ်ယောက် တိုးလာရုံပဲ ရှိတယ်။
သူ၏ အာရုံအားလုံးက နန်းတွင်းရေးရာများတွင်သာ နစ်မြုပ်နေပြီး ဒီလိုအချစ်ရေးအရှုပ်အထွေးများအတွက် အချိန်မရှိပေ။
ဝတ်ရုံကိုချွတ်ပြီး ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မော့ပိုင်က အလျင်အမြန် ဝင်လာသည်။
"ရှီဇီ..."
"ဘယ်လိုနေလဲ။"
"ချွင်းရှန်းရဲ့ အစ်မ ချွင်းရီ ဒီနေ့ အိမ်ပြန်လာပြီး ကိစ္စပြီးပြီလို့ ပြောပါတယ်။"
"ဒီလောက်မြန်မြန်ပဲလား။"
တရားရေးဝန်ကြီးဌာနမှ ပို့လိုက်သော တရားဝင်စာရွက်စာတမ်းအသစ်ကို ကိုင်ထားရင်း စုကျန်းက မျက်လွှာချလိုက်သည်။ သူ့မျက်နှာအမူအရာကို ဖတ်ရခက်နေသော်လည်း သူ့ရဲ့လေသံထဲမှာ ပါဝင်နေတဲ့ အနည်းငယ် စိတ်လောနေမှုက သူ၏စိုးရိမ်ပူပန်မှုကို ဖော်ပြနေသည်။
"ပြောလေ။"
သခင်မလေးရွှယ်နှင့် သူမ၏ ခင်ပွန်းသစ်တို့၏ အိမ်ထောင်ရေး လျှို့ဝှက်ချက်ဖြစ်နေသဖြင့် ပြောရမလား၊ မပြောရမလား မော့ပိုင် တုံ့ဆိုင်းနေခဲ့သည်။
စုကျန်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဟမ်..."
ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် မော့ပိုင်က ပြောလိုက်သည်။
"ချွင်းရီပြောတာကတော့ သခင်မလေးရွှယ်နဲ့ ရှီဇီလီတို့က... မင်္ဂလာဆောင်ပြီးကတည်းက အခုထိ အတူမနေရသေးဘူးတဲ့။"
စုကျန်း၏ လက်အနည်းငယ် တန့်သွားသည်။ ခဏအကြာတွင် လက်ထဲရှိ စာရွက်စာတမ်းကို ချထားလိုက်၏။
ထိုခံစားချက်ကို သူ သေချာမဖော်ပြတတ်ပေ။
သတင်းကို ရုတ်တရက်ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းက ဖြစ်သင့်တယ်လို့လည်း ထင်ရပေသည်။
သူက သူ၏ အေးစက်စက် ဖီးနစ်မျက်ဝန်းများကို ပင့်ကာ မော့ပိုင်အား ကြည့်လိုက်ပြီး သူ၏ ကြီးမားသော အရှိန်အဝါက ဖိနှိပ်လာသလို ရှိသည်။
မော့ပိုင်၏ လည်ချောင်းများ တင်းကျပ်သွား၏။
"ဒီနေ့ သခင်မလေးရွှယ်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ဖို့ ချွင်းရီက တမင်သက်သက် နည်းလမ်းရှာခဲ့တာပါ။ သူ(မ)ရဲ့ အဘိုးက တစ်ချိန်က နာမည်ကြီး သမားတော်တစ်ဦးဖြစ်ခဲ့တော့ ဒီလိုကိစ္စတွေကို သူ(မ) ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် သခင်မလေးရွှယ်က... ဒီနေ့အထိ အပျိုစင် ဖြစ်နေပါသေးတယ်။"
စုကျန်းက ရုတ်တရက် ခပ်ဟဟ ရယ်မောလိုက်ပြီး စာရွက်စာတမ်းကို ပြန်ကောက်ကိုင်လိုက်သည်။
"မင်း ထွက်သွားလို့ရပြီ။ သွားတော့။"
မော့ပိုင်က သူ၏ရှီဇီကို တစ်ချက်ကြည့်လိုက်ပြီး စာကြည့်ဆောင်မှ ထွက်ခွာရန် လှည့်ထွက်သွားသည်။
ထိုအချိန်တိုလေးအတွင်းမှာတင် ရှီဇီ့ကို ဖုံးလွှမ်းနေတဲ့ မှိုင်းညို့နေမှုများက တော်တော်လေး လွင့်စင်သွားတာကို သူ ခံစားလိုက်ရတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှီဇီ၏ လက်အောက်မှာ အလုပ်လုပ်နေရတဲ့အချိန် ရှီဇီက အကြောင်းပြချက်မရှိဘဲ စိတ်မပျော်မရွှင်ဖြစ်နေတယ်လို့ ခံစားရတာကြောင့် သူ နေ့တိုင်း စိတ်လှုပ်ရှားထိတ်လန့်နေခဲ့ရတယ်။
အခုတော့ ပိုကောင်းသွားပါပြီ။ နောက်ဆုံးတော့ ရှီဇီ ပြုံးနိုင်သွားပြီပဲ။
မော့ပိုင် ထွက်သွားပြီးနောက် စုကျန်း အနည်းငယ် တွေဝေသွားပြီး လက်ထဲရှိ စာရွက်စာတမ်းအပေါ် အာရုံမစိုက်နိုင်တော့ပေ။
နန်းတွင်း၌ ယခင်ကကဲ့သို့ အသေးအဖွဲ ကိစ္စဟောင်းများဖြင့်သာ ပြည့်နှက်နေပြီး တရားရေးဝန်ကြီးဌာနတွင် ပြန်လည်သုံးသပ်ရန် လိုအပ်သော အမှုသစ်အနည်းငယ် ရှိနေသည်။
ယမန်နှစ်က နှင်းများ လေးငါးလဆက်တိုက် အဆက်မပြတ် ကျဆင်းခဲ့၏။
မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များ ကမောက်ကမဖြစ်နေပြီး လောကကြီးလည်း မငြိမ်းချမ်းပေ။
လူသတ်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
တရားရေးဝန်ကြီးဌာနတွင် အမှုတွဲများက တောင်ကြီးတစ်လုံးလို ပုံထပ်နေပြီး ထိုအသုံးမကျသော အရာရှိများက သူပြန်လာပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးမည်ကိုသာ စောင့်ဆိုင်းနေကြ၏။