← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) ဆိုင်ခန်းသွားကြည့်ခြင်း

သူမကိုယ်တိုင် အိုးထဲကဆေးဖတ်တွေကို စောင့်ကြည့်ပြီး လေးငါးကြိမ်လောက် ကျိုချက်တိုက်ပြီးမှသာ ပေါင်ချန်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် မကြာမီမှာပင် ယန်ချွန်းခေါက်ဆွဲတစ်ပန်းကန်ကြောင့် ပေါင်ချန်တစ်ယောက် ခြံဝင်းထဲ၌ ရိုက်နှက်သတ်ဖြတ်ခံလိုက်ရသည်။

သူမ၏သေဆုံးမှုက အလွန်အမင်း အဖြစ်ဆိုးလွန်း၏။ အဝတ်အစားများပင် ချွတ်ချခံထားရသည်။

သူမခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ရိုက်နှက်ခံထားရသော အညိုအမည်းဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

တင်ပါးများမှာ သွေးသံရဲရဲဖြစ်နေပြီး မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက် ဖူးယောင်နေသည်။

အရိုးစုသာကျန်တော့လောက်အောင် ပိန်ချုံးနေသဖြင့် လူ့ခန္ဓာကိုယ်ဟုပင် မှတ်မိရန်ခက်ခဲလှသည်။

အမတ်ချုပ်ကတော်ဆိုသည့် အမည်ခံသာရှိပြီး စုမိသားစုတွင် မျက်နှာသာမရ၊ နေရာမရှိသော သူမကို အထင်သေးကြသဖြင့် ပေါင်ချန်၏ရုပ်အလောင်းကို ခြံဝင်းထဲသို့ ပေါ့ပေါ့တန်တန် ပစ်ချထားခဲ့ကြသည်။

သူမက ပေါင်ချန်၏ ရုပ်အလောင်းကိုဖက်ကာ နေ့ရောညပါ ငိုကြွေးခဲ့ရ၏။ သူမဆီမှာသာ ပိုက်ဆံတွေ အများကြီးရှိခဲ့လျှင် ကောင်းမယ်လို့ အကြိမ်ကြိမ် တွေးမိခဲ့သည်။

အနည်းဆုံးတော့ ခေါင်းတလားဝယ်ဖို့ပင် မတတ်နိုင်သည့်အဖြစ်မျိုး ကြုံရမည်မဟုတ်ပေ။

ပေါင်ချန်ကို မြေမြှုပ်သည့်နေ့တွင် သူမအပေါ် သဘောကောင်းသည့် အိမ်ဟောင်းမှ အဘွားအိုတစ်ဦးက စုတ်ပြဲနေသော ဖျာတစ်ချပ်ကို ရှာပေးခဲ့သည်။

အဘွားအိုက နှစ်သိမ့်ပေးခဲ့သည်။

"သခင်မလေး၊ လူတစ်ယောက်သေသွားပြီဆိုရင် မြေမြှုပ်သင်္ဂြိုဟ်ရမှာပါပဲ။ ခေါင်းတလားရှိတာ မရှိတာက သိပ်အရေးမကြီးပါဘူး။ နှစ်တစ်ထောင်ကြာရင် ဘယ်သူမဆို မြေကြီးတစ်ဆုပ် ဖြစ်သွားကြမှာပဲလေ"

နောက်ဆုံးတွင်တော့ သူမက ပေါင်ချန်ကို လွှတ်ပေးလိုက်ပြီး အဘွားအိုအား ရုပ်အလောင်းကို သွားရောက်မြေမြှုပ်ရန် ခွင့်ပြုပေးခဲ့ရသည်။

ဤအကြောင်းများကို ပြန်တွေးမိပြီး ရွှယ်နင်၏ မျက်လုံးများတွင် နာကြည်းမှုမျက်ရည်များ ပြည့်လျှံလာသည်။

ဒါကြောင့် ပြန်လည်မွေးဖွားလာတဲ့ ယခုဘဝမှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေးတစ်ခု ရှိလာစေရန် သူမ ဆုံးဖြတ်ချက်ချထားတယ်။

"သခင်မလေး..."

ဘေးနားရှိလူက ရုတ်တရက် တင်းကြပ်စွာ ဖက်လိုက်သဖြင့် ပေါင်ချန်၏ စိတ်နှလုံးများ နူးညံ့သွားသည်။

"ဘာဖြစ်လို့လဲဟင်"

ရွှယ်နင်က သူမ၏မျက်နှာကို ပေါင်ချန်၏ ပခုံးပေါ်အပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ နောင်ကျရင် နင့်ကိုကောင်းကောင်း ထားနိုင်အောင် ငါ ပိုက်ဆံတွေ အများကြီး ရှာချင်ရုံပါ"

ပေါင်ချန်က ရယ်မောလိုက်၏။

"ကျွန်မက ထားရလွယ်ပါတယ်။ ဟင်းကောင်းတွေဖြစ်ဖြစ်၊ ပေါက်စီအကြီးကြီးဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း အစားအစာတွေပဲဖြစ်ဖြစ် အကုန်စားနိုင်ပါတယ်"

ထိုစကားကြောင့် ရွှယ်နင်၏ မျက်ဝန်းများ နီရဲသွားပြီး မရယ်ဘဲမနေနိုင်တော့ပေ။

"နင်က ဒီထက်ပိုပြီး ရည်မှန်းချက်မကြီးတတ်တော့ဘူးလား။ နင့်သခင်မက နင့်ကို ဒါတွေပဲ ကျွေးနိုင်မယ် ထင်နေတာလား"

လက်ထပ်ပြီးကတည်းက ရွှယ်နင်၏ ငွေကြေးအခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

လီချန်ချဲ့ ပေးထားသော လက်ဖွဲ့ပစ္စည်းများကို သူမ မထိရသေးသော်လည်း၊ ဇနီးတစ်ယောက်အနေဖြင့် လစဉ်စရိတ် ငွေတစ်ရာ ရရှိသည်။ ထို့အပြင် သူမဝတ်ဆင်တဲ့ လက်ဝတ်ရတနာများနှင့် ရာသီအလိုက် အဝတ်အစားများကို အိမ်တော်ရှိ အပ်ချုပ်သမများက ချုပ်ပေးသည့်အပြင် အပြင်မှ အသင့်ချုပ်ပြီးသား အဝတ်အထည်များကိုပါ ဝယ်ယူရရှိ၏။

ထိုလက်ဝတ်ရတနာများတွင် နယ်စားမင်းအိမ်တော်၏ အမှတ်တံဆိပ် မပါရှိသဖြင့် သူမဆန္ဒရှိသလို သုံးစွဲခြင်း၊ ပေါင်နှံခြင်း၊ သို့မဟုတ် လက်ဆောင်ပေးခြင်းများ ပြုလုပ်နိုင်သည်။

ထို့ကြောင့် သူမက ရွှေ၊ ငွေ၊ ရတနာ သေတ္တာငယ်တစ်ဝက်ခန့်ကို ပေါင်ချန်အား ပေးခဲ့သည်။

ကံမကောင်းစွာဖြင့် ပေါင်ချန်ကလည်း သူမလိုပဲ ထိုကဲ့သို့ အဖိုးတန်ပစ္စည်းများကို မမြင်ဖူးသဖြင့် ဘယ်လိုသိမ်းဆည်းရမလဲဆိုတာကို မသိပေ။ ထို့ကြောင့် နောင်တစ်ချိန် သူမ အိမ်ထောင်ကျသည့်အခါမှသာ ယူတော့မည်ဟုဆိုကာ ရွှယ်နင်ထံတွင်သာ ပြန်လည်အပ်နှံထားခဲ့သည်။

ပေါင်ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး အသံမှာ ပိုမိုနူးညံ့သွားသည်။

"ကျွန်မက သခင်မလေးကို ဆင်းရဲဒုက္ခ မရောက်စေချင်ဘူး။ ဒါကြောင့် ဘယ်လို အခက်အခဲကိုမဆို ခံနိုင်ရည်ရှိပါတယ်။ နောက်ပြီး သခင်မလေးကလည်း ကျွန်မကို ဒုက္ခရောက်အောင် ထားမှာမှ မဟုတ်တာ။ သခင်မလေး ဘဝလည်း အခုထက် ပိုပိုပြီး ကောင်းမွန်လာစေချင်တယ်"

ရွှယ်နင် အကူအညီမဲ့စွာ ပြုံးလိုက်ပြီး နီရဲနေသော မျက်ဝန်းများကိုပင့်ကာ ပေါင်ချန်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

အတိတ်မှ ပြန်ရောက်လာကတည်းက သူမက ကိုယ့်အရေးကိုပဲ အာရုံစိုက်နေခဲ့ပြီး ပေါင်ချန်၏ နာကြည်းမှုများကို လက်စားချေရန် မေ့လျော့နေခဲ့တယ်။

အခွင့်အရေးသာရမယ်ဆိုရင် ပေါင်ချန်ကို အရှက်ခွဲစော်ကားခဲ့သူများအားလုံး ဆိုးရွားတဲ့ နိဂုံးနှင့် ရင်ဆိုင်ရစေမယ်။

သခင်မလေး၏ စူးရှသော အကြည့်များအောက်တွင် ပေါင်ချန်၏ မျက်လုံးများက ဂနာမငြိမ်ဖြစ်သွားပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသည်။

"သခင်မလေး သခင်လေးလုနဲ့ တွေ့ဖို့ ချိန်းထားတယ် မဟုတ်လား။ လု မိသားစုဆီ သွားဦးမှာလားဟင်"

"အင်း"

ရွှယ်နင်က ခပ်ရေးရေး ပြုံးလိုက်သည်။

"သေချာပေါက် သွားရမှာပေါ့"

ယနေ့တွင် မူလတုန်းက သူမတစ်ယောက်တည်း ဆိုင်ခန်းသွားကြည့်ရန် စီစဉ်ထားသော်လည်း လုစစ်လင်က သူမကို ကူညီလေ့လာပေးမည်ဟု ပြောလာခဲ့၏။

စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖ်ို့ပဲသိတဲ့ စစ်သူကြီးတစ်ယောက်က စီးပွားရေးအကြောင်း ဘာကိုနားလည်နိုင်မှာလဲ။

သူက သူမကို ပြောစရာ စကားတစ်ချို့ရှိနေလို့ပဲ ဖြစ်မယ်။

ထင်သည့်အတိုင်းပင် သူတို့နှစ်ဦး ယန်ရှားလမ်းတွင် ဆုံတွေ့ခဲ့ကြသည်။ ဆိုင်နှစ်ဆိုင်ခန့် ဝင်ကြည့်ပြီးနောက်တွင် လုစစ်လင်မှာ စိတ်မရှည်တော့ဘဲ တစ်ခုခုကို ပြောချင်သော်လည်း မျိုသိပ်ထားရသည့် မျက်နှာပေးမျိုး ဖြစ်နေသည်။

သို့သော် သူက စီးပွားရေးလုပ်ငန်းများကို စိတ်မဝင်စားသော်ငြား သူမနှင့်အတူ ညနေစောင်းသည်အထိ လိုက်ပါပေးခဲ့၏။

တုန်းကျင်းမြို့တော်က တကယ်ကို စည်ကားသိုက်မြိုက်သည်။ အခြားကိစ္စများကို ခဏဖယ်ထားလျှင်ပင် ကြီးပွားတိုးတက်နေသော မြင်ကွင်းတစ်ရပ်ကို တွေ့မြင်ရသည်။

အထူးသဖြင့် မကြာသေးမီက တုန်းကျင်းတွင် ထူးခြားသော ဆိုင်အချို့ ပေါ်ထွက်လာပြီး လူအများ၏ အာရုံစိုက်မှုကို များစွာရရှိနေသည်။ ဆိုင်အများစုမှာ ဝင်ရောက်ရန် တန်းစီရပြီး VIP များနှင့် SVIP များသာ ပစ္စည်းဝယ်ယူခွင့်ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော ဆိုင်တစ်ဆိုင်ပင် ရှိသေး၏။

ထို့ပြင် 'ခန်သယ့်ကျီ' ဟုခေါ်သော စားသောက်ဆိုင်တစ်ဆိုင်မှာလည်း မကြာသေးမီက နာမည်ကြီးလာပြီး ထိုဆိုင်တွင် သီချင်းဆို ကပြဖျော်ဖြေနိုင်သည့် နာမည်ကျော်တစ်ဦး ရှိနေသည်။ လူတိုင်းက ထိုသခင်မလေးလျိုကို ကြယ်ပွင့် ဟု ခေါ်ဝေါ်ကြပြီး အဆင့်မြင့် အရာရှိများနှင့် အထက်တန်းလွှာများစွာတို့က သူမကို အားပေးရန် သွားရောက်တတ်ကြသည်။

"သခင်မလေး၊ VIP ဆိုတာ ဘာလဲဟင်"

"ကြယ်ပွင့် ဆိုတာကရော ဘာလဲ"

"ငွေ ဆယ်ဂဏန်းလောက်တန်တဲ့ အဲဒီဆက်စပ်ပစ္စည်းတွေက ဘာတွေလဲ။ ဘယ်လိုလုပ် အဲဒီလောက် ဈေးကြီးကြီးနဲ့ ရောင်းနိုင်ရတာလဲ"

"လူတွေရဲ့ပိုက်ဆံက လေတိုက်လို့ လွင့်လာတာများလား"

ပေါင်ချန်က မေးခွန်းများ တစ်သီကြီး မေးနေပြီး ဘာကိုမှ မမြင်ဖူး မတွေ့ဖူးသည့်အတိုင်း ပြုမူနေသည်။

အတိတ်က ရွှယ်နင်လည်း အိမ်တော်မှ အပြင်ထွက်ခဲသဖြင့် တုန်းကျင်းရှိ အရာများစွာကို သိရှိခြင်း မရှိပေ။

ယနေ့ အချိန်ကျပ်တည်းနေပြီး တုန်းကျင်းမြို့ရှိ ဆိုင်အားလုံးကို လိုက်လံကြည့်ရှုရန် သူမတွင် အင်အားမရှိတော့ပေ။

ဆိုင်ပေါင်း ဆယ်ဆိုင်ကျော်ခန့် ဝင်ကြည့်ပြီးနောက် မိုးချုပ်သွားသဖြင့် ဖန့်လိုစားသောက်ဆိုင်တွင် ညစာစားရန် လုစစ်လင်က အကြံပြုလာသည်။

တုန်းကျင်းတွင် ညမထွက်ရအမိန့် မရှိသဖြင့် လမ်းမများမှာ ညဘက်၌ပင် စည်ကားနေဆဲဖြစ်၏။

'ခန်သယ့်ကျီ' ကို ဖြတ်သန်းသွားစဉ် ရွှယ်နင်က ဤစားသောက်ဆိုင်မှာ သာမန်မဟုတ်ကြောင်း ခံစားလိုက်ရသည်။

အပြင်အဆင်က ထူးခြားဆန်းသစ်နေရုံသာမက ဆိုင်းဘုတ်ကပါ ပတ်ဝန်းကျင်ရှိ ဆိုင်များနှင့် ကွဲပြားနေသည်။

လုစစ်လင်က စားသောက်ဆိုင်ကို မော့ကြည့်လိုက်သည်။

"ဒီဆိုင်ရဲ့ နောက်ကွယ်က ပိုင်ရှင်က အမျိုးသမီးတစ်ယောက်လို့ ကြားတယ်"

ရွှယ်နင် ခဏမျှ မှင်သက်သွားပြီးနောက် သူမ၏မျက်လုံးများ ချက်ချင်း အရောင်လက်သွားကာ ထိုအမျိုးသမီးက အမှန်တကယ်ပင် ထူးချွန်တယ်လို့ တွေးလိုက်မိသည်။

"တကယ်ပဲ အမျိုးသမီးပိုင်တာလား"

"ဟုတ်တယ်"

လုစစ်လင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒီလိုခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်က ဒီလို ဆန်းသစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖန်တီးနိုင်တာ တကယ်ကို ရှားပါးတယ်။ မင်းရဲ့အစ်ကို ငါတောင်မှ သူ(မ)ကို စိတ်ဝင်စားမိတယ်။ ကံဆိုးတာက နောက်ကွယ်ကပိုင်ရှင်ရဲ့ ဘယ်သူလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိဘူး။ ကောလာဟလအရတော့ သူ(မ)က သာမန်အရပ်သားထဲက မဟုတ်ဘဲ အသိုင်းအဝိုင်းကောင်းက ဆင်းသက်လာတယ်လို့ ပြောကြတယ်"

"သာမန်လူတွေက ဒီလောက်ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို တွေးမိမှာ မဟုတ်ဘူးလေ"

ရွှယ်နင်က ထိုအမျိုးသမီးကို အလွန်ပင် လေးစားအားကျသွားတော့သည်။

"နင်နင်ကလည်း စီးပွားရေးလုပ်ချင်တာဆိုတော့... အစ်ကို အဲဒီအမျိုးသမီးပိုင်ရှင်က ဘယ်သူလဲဆိုတာ စုံစမ်းပေးရမလား။ ဒါမှ ညီမလေး သူ(မ)ဆီကနေ ပညာသင်ယူလို့ရမှာပေါ့"

ရွှယ်နင်၏ မျက်ဝန်းများ တောက်ပသွားသည်။

"တကယ် စုံစမ်းလို့ရမှာလား"

"ဘာလို့ မရရမှာလဲ"

လုစစ်လင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ငါတို့သာ ကြိုးစားရင် သူ(မ)ရဲ့လျှို့ဝှက်ချက်ကို သေချာပေါက် စုံစမ်းနိုင်မှာပါ။ ဒါ့အပြင် ညီမလေးရဲ့ ခင်ပွန်းကိုလည်း ကူညီခိုင်းလို့ရတာပဲ။ မှတ်ထားဦး... မင်းရဲ့ခင်ပွန်းက မင်းထင်သလောက် မရိုးရှင်းဘူး။ သူ့မှာ နေရာတိုင်းမှာ မျက်စိနဲ့ နားတွေရှိတယ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး"

ရွှယ်နင် မျက်တောင်ခတ်လိုက်မိသည်။ လီချန်ချဲ့၏ စွမ်းဆောင်ရည်ကို သူမလည်း သိပြီးသားပါ။

"ကောင်းပါပြီ အစ်ကို၊ ညီမအတွက် စိတ်ထဲမှတ်ထားပေးပါဦးနော်"

လုစစ်လင်က သူ့နှာခေါင်းထိပ်ကို ပွတ်ရင်း-

"အစ်ကိုက ညီမလေးကိစ္စကို စိတ်ထဲထားပေးရင် ညီမလေးရော အစ်ကို့ကိစ္စကို စိတ်ထဲထားပေးမှာလား"

ရွှယ်နင်က လုစစ်လင်၏ ရည်ရွယ်ချက်ကို နားမလည်ချင်ယောင်ဆောင်ကာ ဟန်မပျက် ဇဝေဇဝါမျက်နှာပေးဖြင့်-

"အစ်ကိုက ညီမလေးဆီက ဘာအကူအညီ လိုလို့လဲဟင်"

"ဒီကိစ္စက တကယ်ပဲ ညီမလေးရဲ့ အကူအညီ လိုအပ်တာပါ"

လုစစ်လင်သည် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး ပေတိမှ ရန်သူများစွာက သူ့ကို မဟာရန်သူအဖြစ် သတ်မှတ်ထားကြသော်လည်း သူတစ်ခါမျှ မကြောက်ရွံ့ခဲ့ဖူးချေ။

ဝေ့ကျန့်ယန်နှင့် ပတ်သက်လာလျှင်သာ သူ ဘာလုပ်ရမှန်းမသိ ဝေခွဲမရ ဖြစ်နေရ၏။

ထိုမိန်းကလေးက ဂုဏ်သရေရှိ ပညာတတ်မိသားစုမှ ဆင်းသက်လာပြီး နုနယ်ကာ အလိုလိုက်ခံထားရသူဖြစ်ရာ သူ နယ်စပ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကြမ်းတမ်းသည့် အမျိုးသမီးများနှင့် လုံးဝမတူပေ။

ထိုမိသားစုတွင် ဤသမီးတစ်ဦးတည်းသာရှိပြီး သခင်မကြီးလင်က သူမကို လက်ဖျားပေါ်တင်ကာ မြတ်နိုးတန်ဖိုးထားကြောင်း သူ ကြားသိထားသည်။

ဒါကြောင့် သမီးဖြစ်သူကို အခုလိုမျိုး စစ်သည်မိသားစုထဲသို့ ပေးစားရန် ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။

သူကိုယ်တိုင်လည်း စိုးရိမ်မိတယ်။ အကယ်၍ သူမကို လက်ထပ်ပြီးနောက် နှစ်အနည်းငယ်အတွင်း နယ်စပ်ကို ပြန်သွားရပါက သူမတစ်ယောက်တည်း လင်မဲ့မယားလိုမျိုး နေရစ်ခဲ့ရမည်ဖြစ်ရာ သူမအပေါ် မတရားရာ ကျမည်မဟုတ်လား။

ထို့အပြင် စစ်မြေပြင်က အလွန်အန္တရာယ်များပြီး သူကိုယ်တိုင်ပင် ဘယ်လောက်အထိ အသက်ရှင်နိုင်မလဲဆိုတာကို အာမမခံနိုင်ပေ။

အကယ်၍ သူကြောင့် သူမရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားရင် သူ ဘာတတ်နိုင်တော့မှာလဲ။

All Chapters