← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) - သူ(မ)က ဘာလို့ အပျိုစင်ဖြစ်နေသေးတာလဲ။

ရွှယ်နင်၏ ခေါင်းမာမှုကို မြင်တဲ့အခါ စုကျန်းက ရှဲ့နင်းထန်ကို လွှတ်ပေးလိုက်ပြီး ရွှယ်နင်အနားသို့ လျှောက်သွားသည်။ သူ့လက်ဝါးကြီးက သူမ၏ သွယ်လျသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။

"လူတစ်ယောက်ကို ရိုက်တာ မှန်တယ်လို့ ထင်နေတာလား။ ဒီအကျင့်ဆိုးတွေကို ဘယ်သူ သင်ပေးလိုက်တာလဲ။"

ရွှယ်နင် နှစ်ကြိမ်ခန့် ရုန်းကန်လိုက်သော်လည်း ထိုယောကျ်ား၏ ဆုပ်ကိုင်မှုက ပို၍သာ တင်းကျပ်လာသည်။

သူမက မျက်လုံးကို မော့ကာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"စုကျန်း... အရင်စပြီး ရန်စတာ ရှင့်မိန်းမပဲ။ သူ(မ) တောင်းဆိုလို့ ကျွန်မက ဖြည့်ဆည်းပေးလိုက်တာ။ ပြီးတော့ သူ(မ)ပြောခဲ့တာတွေကိုလည်း ကျွန်မ ပြောပြီးပြီ။ ရှင့်ကို ကျွန်မ အခု မကြိုက်တော့ဘူး။ ကျွန်မ ရွှယ်နင်က ရှင်တို့ စုမိသားစုကိုပဲ ကပ်တွယ်နေရမယ်ဆိုပြီး ရှင်တို့မိသားစုက ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ မထင်နဲ့တော့။"

အရင်က အချစ်များ ပြည့်နှက်နေခဲ့တဲ့ သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများက ယခုအခါ အေးစက်ပြီး ကင်းကွာသွားခဲ့ပြီ။

စုကျန်းသည် ရွှယ်နင်၏ မျက်ဝန်းနက်များထဲသို့ စိုက်ကြည့်နေမိသော်လည်း သူမဆီမှ ထွက်ပေါ်နေသော သင်းပျံ့သည့် ရနံ့လေးကို ရှူရှိုက်မိလိုက်သည်။

သူမ၏ စိုစွတ်နေသော မျက်ဝန်းများနှင့် ဆုံမိချိန်တွင် သူ့ဝမ်းဗိုက်အောက်ပိုင်းက ချက်ချင်း တင်းမာသွား၏— ၎င်းမှာ ရှဲ့နင်းထန်နှင့် ရှိတဲ့အချိန် တစ်ခါမှ မကြုံဖူးသည့် ခံစားချက်မျိုးဖြစ်၏။

သူမ တစ်ချက်ကြည့်ရုံနှင့်ပင် သူ့ကိုယ်တွင်း၌ မီးတောက်တစ်ခု ရုတ်တရက် လောင်ကျွမ်းသွားသကဲ့သို့ပင်။

ခန္ဓာကိုယ်ထဲမှ ထိုထူးဆန်းသော ခံစားချက်ကြောင့် သူ ခဏတာ ငေးမောသွားသည်။

သူ ငေးမောနေတာကို မြင်တဲ့အခါ ရွှယ်နင်က စိတ်မရှည်စွာဖြင့် လက်ကောက်ဝတ်ကို ဆွဲရုန်းလိုက်ပြီး သူ၏ ချောမောသော မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

ထိုပြတ်သားတဲ့ ရိုက်သံကြောင့် စုကျန်းသာမက အနီးအနားရှိ လူအားလုံးပါ အံ့အားသင့်သွားကြ၏။

ရွှယ်နင်က လူမြင်ကွင်းမှာ စုကျန်းကို ရိုက်ရဲလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။

သူက တရားရေးဝန်ကြီးဌာနရဲ့ နာမည်ကြီး "နတ်ဆိုးကြီး" မဟုတ်လား။ သူ့လက်ထဲ ရောက်သွားတဲ့ ဘယ်ရာဇဝတ်ကောင်မဆို အရေခွံတစ်လွှာ မဆုတ်ဘဲ ပြန်ထွက်ရတယ်လို့ မရှိဘူး။

ရိုက်ချက်ကြောင့် စုကျန်း၏ ခေါင်းမှာ ဘေးသို့ ယိုင်သွားပြီး သူ့မျက်လုံးနက်များထဲတွင် အေးစက်သော ဒေါသများ ချက်ချင်း ပြည့်နှက်သွားသည်။

သူက ပါးစောင်ကို လျှာဖြင့် ထိုးလိုက်ပြီးနောက် လှည့်ကာ ရွှယ်နင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်— သူမကို သတ်ပစ်တော့မည့် အကြည့်မျိုးပင်။

"မင်း ငါ့ကို ရိုက်တယ်ပေါ့။"

သူ့အသံက အေးစက်နေသည်။

"ရွှယ်နင်... ဒီကို လာခဲ့စမ်း။"

"ကျွန်မက ရှင့်ကို ဘာလို့ မရိုက်ရမှာလဲ။"

ရွှယ်နင် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။ မိန်းမကောင်းတစ်ယောက်က ယောကျ်ားတစ်ယောက်နဲ့ ရန်မဖြစ်ဘူးလေ။ အရင်ဘဝတုန်းက သူက ဒေါသထွက်ရင် လည်ပင်းညှစ်တတ်တဲ့ အကျင့်ဆိုးရှိတယ်။

လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း သူမက နှာခေါင်းရှုံ့လိုက်သည်။

"ရှင်နဲ့ ရှင့်မိန်းမက ကျွန်မ ရှင့်ကို ကြိုက်တယ်ဆိုပြီး လုပ်ကြံစွပ်စွဲတယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို ရိုက်လိုက်တာပဲ!"

ထို့နောက် ရှဲ့နင်းထန်၏ ပုံစံကို အတုယူကာ သူမက မျက်လုံးများကို ရဲလာစေပြီး အောက်ရှိ လူအုပ်ကြီးကို ကြားစေရန် အသံကို တမင် မြှင့်ပြောလိုက်သည်။

"လူတိုင်း မသိကြသေးဘူးထင်တယ်။ စုကျန်းရဲ့ နှောင့်ယှက်မှုကနေ လွတ်မြောက်ဖို့ မဟုတ်ရင် ကျွန်မ အခုလို အမြန် လက်ထပ်ခဲ့မှာ မဟုတ်ဘူး!"

လူအုပ်ကြီးက နားမလည်နိုင် ဖြစ်သွားကြသည်။

"သခင်မလေးရွှယ်... ဘာကို ဆိုလိုတာလဲ။"

"ဘာကို ဆိုလိုရမလဲ။ ကျွန်မက နှစ်ပေါင်းများစွာ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ အခြားသူရဲ့ အိမ်ခေါင်မိုးအောက် နေလာရတဲ့ မိဘမဲ့တစ်ယောက်ပါ။ အပြင်ကလူတွေက ကျွန်မက စုကျန်းကို ကြိုက်လို့ အသည်းအသန် တွယ်ကပ်ပြီး လိုက်နေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မက အိမ်ပြင်ကို လွတ်လွတ်လပ်လပ် မထွက်နိုင်တဲ့ မိန်းမသားတစ်ယောက်ဆိုတော့ အဲဒီစကားတွေကို ငြိမ်ခံနေခဲ့ရတာ။ အခု လက်ထပ်ပြီးတဲ့အထိ စုကျန်းက... ကျွန်မကို မလွှတ်ပေးဘူး... ကျွန်မ... ကျွန်မ နယ်စားမင်းအိမ်တော်ကနေ ထွက်လာခဲ့ပြီလေ... ကိုယ့်ဘဝကိုယ် အေးအေးချမ်းချမ်း နေပါရစေတော့..."

စကားပြောရင်း သူမ၏ မျက်ဝန်းများမှာ နီရဲလာပြီး မျက်ရည်များ ကျဆင်းလာတော့မည့်ဟန် ရှိနေသည်။

သူမက နဂိုကပင် ပြိုင်ဘက်ကင်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ယခု ရှည်လျားသော မျက်တောင်များတွင် တောက်ပနေသော မျက်ရည်စများ တွဲခိုနေဝာာကို မြင်ရသောအခါ သနားစရာကောင်းပြီး နစ်နာနေပုံရတဲ့ သူမ၏ အမူအရာက အခြားသူများ၏ ရင်ထဲတွင် နက်ရှိုင်းစွာ သနားကြင်နာမှုများ ဖြစ်ပေါ်လာစေတော့သည်။

"ဒါ... ဒါက... ဘာပဲဖြစ်ဖြစ် သူ(မ)က အားနည်းတဲ့ မိန်းမသားတစ်ယောက်ပါပဲလေ။"

"မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်ရင် အကာအကွယ်ပါးပါးလေးပဲ ခြားတယ်လို့ ပြောကြတယ်။ သူ(မ)လို ရုပ်ရည်မျိုးနဲ့ဆို သူ(မ)တကယ်သာ လိုချင်ရင် ဘယ်သူ့ကိုများ ဆွဲဆောင်လို့ မရဘဲနေမှာလဲ။"

"လူတိုင်းက အထင်လွဲနေခဲ့ကြတာများလား။ သူ(မ)က စုကျန်းကို လုံးဝမကြိုက်တာလည်း ဖြစ်နိုင်တယ်။ စုကျန်းကသာ သူ(မ)အချစ်ကိုမရလို့ တမင်သက်သက် နာမည်ဖျက်တာဖြစ်မယ်။ ဒီလောကမှာ မိန်းမတွေက အခက်ခဲဆုံးပဲလေ။ ပြီးတော့ စုကျန်းက မှူးမတ်မျိုးနွယ်... မိဘမဲ့ဖြစ်တဲ့ သခင်မလေးရွှယ်က သူ့ရဲ့ အာဏာနဲ့ သြဇာကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ။"

"ရွှယ်နင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ—"

စကားများကို ကြားတဲ့အခါ စုချင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လုစစ်လင်က မျက်ခုံးပင့်လိုက်ပြီး ရှေ့သို့ တိုးလာသော စုချင်း၏ ခန္ဓာကိုယ်ကို သူ၏ ဓားရှည်ဖြင့် အမူအရာကင်းမဲ့စွာ တားဆီးလိုက်သည်။

သူက ရှဲ့နင်းထန်၊ စုချင်း၊ စုယွီနှင့် အခြားသူများကြားတွင် ဝင်ရပ်ကာ ရွှယ်နင်ကို ကာကွယ်ပေးလိုက်သည်။

"တော်ကြတော့၊ မင်းတို့ မိသားစုတစ်ခုလုံးက အရိုးထဲထိအောင် ပုပ်ပွနေကြတာပဲ။ နင်နင်က မိဘမရှိတဲ့ မိဘမဲ့တစ်ယောက်ပါလို့ ပြောတာကို မကြားဘူးလား။ သူ(မ)က မင်းတို့ရဲ့ ရှီဇီအစ်ကိုကို ဘယ်လိုလုပ် သွားနှောင့်ယှက်ရဲမှာလဲ။ မင်းတို့အစ်ကို၊ မင်းတို့ယောက်ျား... သူတို့က တုန်းကျင်းက ချမ်းသာတဲ့ မိသားစုတွေထဲက အလိုလိုက်ခံထားရတဲ့ သခင်လေးတွေနဲ့ ဘာမှမကွာဘူး။ အားကိုးရာမဲ့နေတဲ့ မိန်းမသားတစ်ယောက်ကို မြင်တာနဲ့ သူတို့လိုချင်တာကို အတင်းအဓမ္မ ယူလို့ရပြီလို့ ထင်နေကြတာ။ ကံကောင်းတာက ငါတို့ရဲ့ နင်နင်က ပါးနပ်ပြီး အစောကြီး လက်ထပ်သွားလို့ပေါ့။ ရှီဇီစု... ဒီနေ့ မင်းကို ငါ အကြံပေးလိုက်မယ်—"

လုစစ်လင်၏ အကြည့်များက စူးရှသွားသည်။

"ဆင်းရဲဒုက္ခပင်လယ်က အဆုံးအစမရှိဘူး၊ နောင်တရပြီး လှည့်ပြန်ရင် ကမ်းခြေက အနီးလေးတင်ပါ။ ငါတို့ရဲ့ နင်နင်ကို မင်းစောစောစီးစီး လက်လွှတ်လိုက်တာ ကောင်းလိမ့်မယ်။"

ထိုသို့ပြောပြီးနောက် စုကျန်း၏ အမူအရာ မည်သို့ပင်ရှိစေကာမူ သူက ရွှယ်နင်ဘက်သို့ လှည့်လိုက်သည်။

"နင်နင်... သွားကြစို့။"

ဆင်းရဲဒုက္ခပင်လယ်က အဆုံးအစမရှိဘူး၊ နောင်တရပြီး လှည့်ပြန်ရင် ကမ်းခြေက အနီးလေးတင်ပါ။

ဤစကားများသည် အရင်ဘဝတုန်းက စုကျန်းကိုယ်စား အစေခံအိုကြီးများက သူမအား လာပြောခဲ့သော စကားများပင်။ အခုတော့ လုစစ်လင်က စုကျန်းထံသို့ ပြန်လည် ပေးအပ်လိုက်ပြီ။

တကယ်ကိုပဲ ကံကြမ္မာဘီးလှည်းက လည်ပတ်နေတာပဲ။

ကံကောင်းစွာဖြင့် ကောင်းကင်ဘုံက သနားကြင်နာပြီး သူမကို အစကနေပြန်စဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။

သူမက ထိုဆင်းရဲဒုက္ခပင်လယ်ထဲမှ လှည့်ပြန်လာခဲ့တာ ကြာပြီ။

စုကျန်းအတွက်တော့ သူမ ဂရုစိုက်တော့မှာ မဟုတ်ဘူး။

ရွှယ်နင် ရိုက်လိုက်သော ပါးရိုက်ချက် လေးချက်က အလွန်ပင် ကျေနပ်အားရစရာ ကောင်းသည်။

သို့သော် သူမက ဖန့်လိုစားသောက်ဆိုင်တွင် စားသောက်ချင်စိတ် လုံးဝမရှိတော့ပေ။

"ကောင်းပြီ... အစ်ကိုလု၊ တခြားနေရာမှာ သွားစားကြရအောင်။"

လုစစ်လင်၏ နှုတ်ခမ်းထောင့်တွင် ဂရုမစိုက်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။

"အင်း... ဒီမှာက ခွေးတချို့ မရပ်မနား ဟောင်နေတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ မြန်မြန်သွားပြီး နင့်ယောက်ျားကို သွားကြိုကြတာပေါ့။"

စော်ကားခံလိုက်ရသော စုယွီ၏ မျက်နှာအမူအရာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။

စုကျန်း၏ မျက်ဝန်းများက ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းနေပြီး ၎င်းတို့ထဲမှ နောက်ဆုံးကျန်ရှိနေသော သည်းခံနိုင်စွမ်းများ ပျောက်ကွယ်သွားချိန်တွင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။

စုမိသားစု အရှက်ကွဲတာကို မြင်တွေ့ရတာ ရှားပါးတဲ့အတွက် ရွှယ်နင်၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေသည်။

သူမက ပေါင်ချန်ကို ဆွဲခေါ်လိုက်ပြီးနောက် သခင်မနှင့် အစေခံတို့က လုစစ်လင်နောက်မှ လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် သူမအပေါ်ထားရှိသော စားသောက်သူများ၏ အကြည့်များမှာ အစပိုင်းက အထင်အမြင်သေးမှုမှ သနားကြင်နာမှုသို့ ပြောင်းလဲသွားကြသည်။

ရွှယ်နင် မျက်တောင်ခတ်လိုက်ပြီး သူမ ထိန်းချုပ်ထားသော မျက်ရည်များကို ကျဆင်းစေရန် မျက်လုံးများကို နီရဲစေလိုက်သည်။

သူမက ဟန်ဆောင်နေမှတော့ ပီပြင်အောင် လုပ်တာက ပိုကောင်းမယ် မဟုတ်လား။

စုမိသားစုက သူမက စုကျန်း ချစ်ခင်စွဲလမ်းနေတယ်လို့ အကြောင်းပြပြီး အမြဲတမ်း အရှက်ခွဲခဲ့တာ မဟုတ်ဘူးလား။

ကောင်းပြီ... အခုမှစပြီး သူမက စုမိသားစု၏ အရှက်မရှိမှုကို သင်ခန်းစာယူကာ စုကျန်းကပဲ သူမရဲ့ အချစ်ကို မရနိုင်တာကြောင့် အသည်းအသန် လိုက်လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း အပြင်မှာ အသံကျယ်ကျယ်ဖြင့် ကြေညာတော့မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံးက အလိမ်အညာတွေချည်းပဲလေ— ဘယ်သူပြောတယ်ဆိုတာ အရေးမကြီးပါဘူး။

သူတို့က အရင်ဆုံး ယုတ်မာတဲ့ကစားကွက်ကို စတင်ခဲ့တာပဲ။

ဒါကြောင့် သူမကို ရက်စက်တယ်၊ ကျေးဇူးကန်းတယ်လို့ အပြစ်လာမတင်နိုင်တော့ဘူး။

ဖန့်လိုစားသောက်ဆိုင် အပြင်ဘက်တွင် လေနှင့်မိုးက မှိုင်းညို့နေသည်။

တတိယလ၏ နွေဦးမိုးဖွဲများက ပိုးမျှင်များအလား တဖွဲဖွဲ ကျဆင်းနေပြီး အမည်းရောင် ခေါင်မိုးစွန်းများအောက်တွင် ဆက်တိုက်ဆိုသလို ရွာသွန်းနေလေသည်။

သူတို့ ရောက်လာချိန်က ရာသီဥတုသာယာပြီး လေပြေသွေးနေခဲ့သော်လည်း ယခုအခါတွင်မူ အေးစက်ပြီး ဆွေးမြေ့ဖွယ်ကောင်းသော မိုးရေများ ကျဆင်းလာခဲ့ပြီ။

အေးစက်သော လေပြေက မိန်းမငယ်လေး၏ နူးညံ့ပြီး မြူခိုးရောင်သမ်းနေသော ခရမ်းရောင် စကတ်စကို လွှင့်တင်သွားသည်။

သို့သော် ရွှယ်နင်က ရပ်တန့်မည့် အရိပ်အယောင်မပြပေ။

သူမက အချိန်ကြာမြင့်စွာ လှောင်ချိုင့်ထဲတွင် ပိတ်လှောင်ခံထားရသော တေးဆိုငှက်လေးတစ်ကောင်နှင့် တူနေသည်။စုကျန်းနှင့် အဝေးဆုံးသို့ ပျံသန်းသွားရန် တောင်ပံများကို စိတ်အားထက်သန်စွာ ဖြန့်ကြက်နေသကဲ့သို့ပင်။

"ရွှယ်နင်—"

သူမ တံခါးဝသို့ ရောက်ချိန်မှာပင် ဒုတိယထပ်မှ စုကျန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှယ်နင်က သူစကားပြောတာကို ထပ်မကြားချင်တော့ဘဲ ဖန့်လိုစားသောက်ဆိုင်၏ တံခါးခုံကို ကျော်ဖြတ်တော့မည် ဖြစ်၏။

သို့သော် ထိုယောကျ်ား၏ အလျင်စလိုမရှိသော အသံက ဆက်ထွက်လာသည်။

"မင်း လက်ထပ်ထားတာ ရက်အတော်ကြာနေပြီကို အခုထိ အပျိုစင်ဖြစ်နေတုန်းပဲ။ မင်းယောက်ျားက မင်းကိုမနှစ်သက်လို့ မထိမကိုင်တာလား၊ ဒါမှမဟုတ် မင်းက ငါ့အတွက်... တမင်သက်သက် အပျိုစင်ဘဝကို စောင့်ထိန်းထားတာလား။"

ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ၎င်းသည် ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်များ ကျယ်ပြန့်စွာ ထသွားစေသည်။

ရွှယ်နင် လုံးဝ တောင့်တင်းသွားပြီး သူမ၏ စိတ်ထဲတွင် ချာချာလည်သွားသည်။ သူမက ကြောင်အမ်းသွားသလို အလွန်အမင်းလည်း အရှက်ရသွား၏။

ဘယ်သူကမှ အမျိုးသမီးတစ်ယောက်ရဲ့ အိပ်ခန်းတွင်း လျှို့ဝှက်ကိစ္စများကို အပြင်လူများရှေ့တွင် ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။

ဒါပေမယ့် စုကျန်းကတော့...

ဂုဏ်သတင်းကြီးမားတဲ့ ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ရှီဇီက ဒီလိုမျိုး ကမ္ဘာပျက်မတတ်၊ တစ္ဆေသရဲများပင် လန့်ဖျပ်သွားစေနိုင်တဲ့ စကားများကို သာမန်အရပ်သားများစွာရှေ့မှာ တကယ်ကြီး ပြောထွက်ခဲ့တယ်။

ဖန့်လိုစားသောက်ဆိုင်၏ အထဲနှင့် အပြင်ဘက်တွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များက သွေးဆုတ်ဖြူရော်နေသော ရွှယ်နင်၏ မျက်နှာငယ်လေးပေါ်သို့ ထင်းရှူးရွက်အပ်ချွန်များအလား တဖွဲဖွဲ ကျရောက်လာတော့သည်။

All Chapters