အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) ကျွန်တော်နှင့် နင်နင်၏ မိသားစုကိစ္စ
"ရှင်—"
"ဘာလဲ၊ ငါ ပြောတာ မှားနေလို့လား။"
စုကျန်း၏ အသံဩဩတွင် မွေးရာပါ မာနတစ်ခု ရောယှက်နေသည်။
ရွှယ်နင်၏ နီမြန်းနေတဲ့ မျက်နှာလေးက ချက်ချင်း သွေးဆုတ်ဖြူရော်သွားသည်။ သူမ အထိတ်တလန့် မော့ကြည့်လိုက်တဲ့အခါ အပေါ်ထပ်ရှိ ထိုအမျိုးသား၏ မျက်လုံးများထဲမှ အေးစက်စက်နှင့် မဖုံးမကွယ်နိုင်သော ဒေါသများကို သွားဆုံလေသည်။
စုကျန်းက မကျေနပ်နိုင်သေးဘဲ လှောင်ပြုံးတစ်ခုကို ပြုံးလိုက်ပြီး ရွှယ်နင်အား အပြစ်ပေးချင်သည့် ရက်စက်တဲ့စိတ်ဆန္ဒတစ်ခုက သူ့ရင်ထဲတွင် ဖြစ်တည်လာသည်။
ရွှယ်နင်၏ လက်ရှိ အေးစက်ပြီး ကင်းကွာနေတဲ့ အပြုအမူအပေါ် သူ အတော်လေး ဂရုစိုက်မိကြောင်းကိုတော့ သူ ဝန်ခံတယ်။
ဒါပေမဲ့ သူမ ဒီလိုမျိုး ခေါင်းမာနေတာကို သူ မနှစ်မြို့ဘူး။
တုန်းကျင်းမှာ သူကလွဲပြီး ဘယ်သူမှ သူမရဲ့ ခိုလှုံရာ မဖြစ်နိုင်ကြောင်းကို ရွှယ်နင်အား သူ သိစေချင်တယ်။
မင်္ဂလာဦးညမှာတောင် ဘယ်သူမှ မထိချင်ကြတဲ့ မိန်းမတစ်ယောက်။
သူ့ကို ခေါင်းမော့ပြီး စကားပြောခွင့် သူမမှာ ဘယ်လို အခွင့်အရေးရှိလို့လဲ။
သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်တယ်။ တုန်းကျင်းရှိ လူတိုင်း သူမကို အထင်သေးစေချင်တယ်။ ဘယ်ယောကျ်ားရှေ့မှာမဆို သူမ ခေါင်းမဖော်ရဲအောင် လုပ်ပစ်ပြီး သူမှလွဲပြီး အားကိုးစရာ မရှိအောင် လုပ်ပစ်ချင်တယ်။
သူ လှေကားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။
လှေကားထစ်များပေါ်မှ သူ၏ ခြေသံက ရွှယ်နင်၏ ဂုဏ်သိက္ခာကို တစ်စစီ ရိုက်ချိုးနေသကဲ့သို့ပင်။
ဘေးပတ်လည်မှ တီးတိုးပြောသံများက အဆိပ်လူးထားသော ဓားများကဲ့သို့ ရွှယ်နင်၏ ရင်ဘတ်ကို ထိုးစိုက်နေသည်။
သူမ မျက်မှောင်ကြုတ်လိုက်ကာ မျက်ဝန်းများ နီရဲလာပြီး သူမအနားသို့ ချဉ်းကပ်လာတဲ့ စုကျန်းကို အေးစက်စွာ စိုက်ကြည့်နေ၏။
မော့ပိုင်က မှုန်ကုပ်နေတဲ့ မျက်နှာဖြင့် လုစစ်လင်အား သူ့အနောက်တွင် ကွယ်ထားပေးသည်။
လုစစ်လင်၏ မျက်နှာ ပြာနှမ်းသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"နင်နင်!"
ရွှယ်နင်၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ လူအုပ်ကြီး၏ အထင်သေးတဲ့ အကြည့်များကို မြင်လိုက်ရတဲ့အခါ သူမ၏ရင်ထဲတွင် ရှင်းပြမတတ်သော ဝမ်းနည်းမှုလှိုင်းလုံးကြီး ရိုက်ခတ်လာသည်။
စုကျန်းက ခပ်ဖွဖွ ရယ်မောလိုက်၏။
"သခင်မလေးရွှယ်... ဘာလို့ စကားမပြောတာလဲ။"
ရွှယ်နင်၏ မျက်နှာထား အေးစက်သွားသည်။
"ရှင်က ကျွန်မကို ဘာပြောစေချင်တာလဲ။"
စုကျန်းက သူမ သေချာမကြားမည်ကို စိုးရိမ်သည့်အတိုင်း တစ်လုံးချင်းစီ ပီပီသသ ပြောလိုက်သည်။
"မင်္ဂလာဦးညလို ပျော်ရွှင်စရာကောင်းတဲ့အချိန်မှာ... ဘာလို့ သခင်လေးလီက မင်းကို မထိရတာလဲ။"
ရွှယ်နင်က အံကြိတ်ကာ အတင်းအားယူပြီး ပြန်ဖြေလိုက်သည်။
"သူ ကျွန်မကို မထိဘူးလို့ ဘယ်သူပြောလဲ။ လင်မယားကြားက ကိစ္စတွေကို ရှင့်လို အပြင်လူ တစ်ယောက်က ဘယ်လိုလုပ် သိနိုင်မှာလဲ—"
အပြင်လူ?
"အပြင်လူ" ဟူသော စကားလုံးက စုကျန်းကို ပြင်းထန်စွာ နာကျင်စေသည်။
ထိုစကားလုံးက သူ့ကို ဘာကြောင့် ဒီလောက်တောင် ဒေါသထွက်စေမှန်း သူကိုယ်တိုင် နားမလည်နိုင်ပေ။
ရွှယ်နင်က လီချန်ချဲ့နှင့် သူမ၏ ဆက်ဆံရေးတွင် သူ့ကို ဖယ်ချန်ထားဝာာကို ကြားလိုက်ရရုံနှင့် သူ့ကို ပို၍ နေရခက်လာစေသည်။
စုကျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ သူလက်ကို ဆန့်တန်းကာ ရွှယ်နင်၏ လက်သေးသေးလေးကို ဆွဲဖမ်းပြီး အပေါ်သို့ မြှောက်လိုက်၏။ သူမ၏ ကျယ်ဝန်းသော အင်္ကျီလက်စ အောက်သို့ လျှောကျသွားချိန်တွင် သူမ၏ ဖြူဖွေးသော လက်မောင်းပေါ်၌ တောက်ပသော အနီရောင် အပျိုစင်အမှတ်အသား ပေါ်လာလေသည်။
အပျိုစင်အမှတ်အသားက မပျက်မယွင်း ရှိနေသေးသည့်အတွက် ရွှယ်နင်၏ လိမ်ညာမှုမှာ ပေါ်လွင်သွားတော့သည်။
ဘေးလူများအားလုံး နောက်တစ်ကြိမ် အံ့ဩတကြီး ရေရွတ်လိုက်မိကြသည်။ လီမိသားစုနှင့် လက်ထပ်ပြီးတာ ကြာပြီဖြစ်သော်လည်း ရွှယ်နင်မှာ အထိအတွေ့မခံရသေးကြောင်း ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။
အလွန်လှပတဲ့ မျက်နှာနှင့် ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိပါလျက် သခင်လေးလီက သူမကို ထိဖို့ ဘာကြောင့် ငြင်းဆန်ခဲ့ရတာလဲ။
တစ်ခဏချင်းမှာပင် ခန်းမတစ်ခုလုံး ခန့်မှန်းပြောဆိုသံများဖြင့် ဆူညံသွားတော့သည်။
ဒါပေမဲ့လည်း ယောကျ်ားတစ်ယောက်မှာ ဘယ်လိုအပြစ်များ ရှိနိုင်မှာမလို့လဲ။
နောက်ဆုံးတော့ အပြစ်အားလုံးက မိန်းမဖြစ်သူအပေါ်မှာပဲ ကျရောက်သွားတော့သည်။ အချို့က ရွှယ်နင်ကို ရမ္မက်ကင်းမဲ့သူဟု ဆိုကြပြီး၊ အချို့ကမူ သူမက ကလေးမရနိုင်သူဟု စွပ်စွဲကြသည်။ တချို့ကလည်း သူမကို ကံဆိုးစေသူဟု တီးတိုးပြောဆိုကြကာ— သူမ၏ ဇာတာက အလွန်ဆိုးရွားလွန်းတာကြောင့် သခင်လေးလီက သူမကို ရှောင်ဖယ်နေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
ရှဲ့နင်းထန်နှင့် စုချင်းတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများနှင့် မျက်ခုံးများက သူတစ်ပါးဒုက္ခရောက်တာကို ဝမ်းသာနေသည့် အရိပ်အယောင်များဖြင့် မြင့်တက်သွားသည်။
"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။"
ရှဲ့နင်းထန်က တစ်ယောက်မျှ မကြားမှာကို စိုးရိမ်သည့်အတိုင်း သူမ၏ နှုတ်ခမ်းများကို အလွန်အကျွံ ဟန်လုပ်ကာ ဖုံးအုပ်လိုက်သည်။
"ညီမလေး ရွှယ်နင်... မင်္ဂလာဦးညမှာတောင် နင်နဲ့ သခင်လေးလီက အကြင်လင်မယားအရာ မမြောက်သေးဘူးလား။"
"သူ(မ)လို ထိုင်းမှိုင်းတဲ့သူမျိုးကို ဘယ်သူက သဘောကျမှာလဲ။"
စုချင်းက မီးလောင်ရာ လေပင့်လိုက်သည်။
"သခင်လေးလီတောင် သူ(မ)ကို လုံးဝ ရွံရှာနေပြီး မထိချင်တာ ဖြစ်မယ်လို့ ငါထင်တယ်။"
ရွှယ်နင်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး ဖြူရော်နေသော မျက်နှာဖြင့် ပြင်းထန်စွာ ရုန်းကန်လိုက်သည်။
"စုကျန်း... ကျွန်မကို လွှတ်စမ်း!"
စုကျန်းက သူမကို ပြုံးတစ်ဝက် မျက်နှာဖြင့် စိုက်ကြည့်နေသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် ထောင်ချောက်မိနေတဲ့ သားရဲတစ်ကောင်လို ရုန်းကန်နေရသည့် သူမကိုကြည့်ရင်း နောက်ဆုံးတွင်တော့ သူ ကျေနပ်မှုကို ခံစားလိုက်ရသည်။
ရွှယ်နင်က ရုန်းထွက်၍ မရတော့သည့်အဆုံး အမျိုးသား၏ လက်ကြီးကို အားကုန်သုံး၍ ကိုက်ချလိုက်၏။
စုကျန်းက နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားပြီး သူမကို လွှတ်လိုက်သည်။
ရွှယ်နင်က သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လျှာဖြင့် လျက်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် နာကြည်းချက်များ ပြည့်နှက်နေသည်။
"ကျွန်မနဲ့ ကျွန်မခင်ပွန်းကြားက အိပ်ခန်းထဲမှာ ဖြစ်ပျက်တဲ့ကိစ္စတွေက ရှင်နဲ့ ဘာမှမဆိုင်ဘူး။"
စုကျန်းက အေးစက်ပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် သူမကို သတိပေးလိုက်သည်။
"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေက မကြာခင် ကျန်းကော်နယ်စားမင်းအိမ်တော်ဆီ ရောက်သွားလိမ့်မယ်။ ဒီသတင်းကို ကြားပြီးရင် မင်းရဲ့ ယောက္ခမတွေက မင်းကို အိမ်တော်မှာ ဆက်ထားမယ်လို့ မင်းထင်နေလား။"
ရွှယ်နင် ခဏတာ ဆွံ့အသွားပြီး သူမ၏ ရင်ဘတ်ထဲတွင် ခါးသီးမှုများဖြင့် တင်းကျပ်သွားသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမက နှုတ်ခမ်းကိုစေ့ကာ ပြောလိုက်သည်။
"အဲဒါ ရှင်နဲ့ မဆိုင်ပါဘူး။"
စုကျန်း၏ လေသံမှာ ဂရုမစိုက်သလို ရှိသော်လည်း သနားညှာတာမှု အနည်းငယ် ရောယှက်နေသည်။
"ရွှယ်နင်... မင်းသာ စကားနားထောင်မယ်ဆိုရင် ရွှမ်းယီနယ်စားမင်းအိမ်တော်က အမြဲတမ်း မင်းရဲ့ အိမ်ဖြစ်နေမှာပါ။"
စုကျန်း၏ ဟန်ဆောင်ကောင်းသော မျက်နှာကို ကြည့်ရင်း ရွှယ်နင်မှာ ရွံရှာမှုမှလွဲ၍ ဘာမှ မခံစားရချေ။
သူတို့ပတ်ဝန်းကျင်ရှိ လူအများအပြားက သူမကို လက်ညှိုးထိုးကာ အရှက်မရှိတဲ့ မိန်းမဟု ခေါ်ဝေါ်နေကြပြီ။
အချို့ကမူ သူမက ကိုယ့်အဆင့်ကိုယ်မသိဘဲ ကျန်းကော်နယ်စားမင်းအိမ်တော်ဆိုသည့် အကိုင်းအခက်မြင့်ကို လှမ်းတက်ရန် ကြိုးစားခဲ့သော်လည်း ကိုယ့်ခင်ပွန်းကိုတောင် အနိုင်မယူနိုင်ခဲ့ဟု ပြောဆိုကြသည်။
အချို့က သူမက ပြည့်တန်ဆာရုံမှ ပြည့်တန်ဆာတစ်ယောက်ထက်ပင် ဆိုးရွားသေးသည်ဟု ပြောကြ၏။
ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ သူမမှာ အရှက်ကွဲစရာ မျက်နှာ ဘာကျန်သေးလို့လဲ။
မရေမတွက်နိုင်သော လူများ၏ လှောင်ပြောင်ခြင်းကို ခံရရုံမျှသာ။ တစ်ကြိမ် သေဖူးပြီးသား လူတစ်ယောက်အနေနဲ့ ဘာကို ကြောက်စရာ ရှိသေးလို့လဲ။
ဒီနေ့ကစပြီး သူမနဲ့ စုမိသားစုဟာ အစစ်အမှန် ရန်သူတွေ ဖြစ်သွားကြပြီ။
"စုကျန်း—"
ဟန်ဆောင်မှုအားလုံးကို ဆွဲခွာပစ်ကာ ကျိန်ဆဲစကားလုံးများကို အဆက်မပြတ် ပေါက်ကွဲပစ်တော့မည့်အတိုင်း သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး မျက်ဝန်းများမှာလည်း သွေးရောင်လွှမ်းနေသည်။
သို့သော် ထိုအချိန်မှာပဲ သူမ၏ နောက်ကျောဘက်မှ အသံတစ်သံက သူမ၏ စကားများကို ခပ်ဖွဖွ ဆက်ယူလိုက်သည်။
"ကျွန်တော်နဲ့ နင်နင်ရဲ့ မိသားစုကိစ္စတွေက သခင်စု ဖန့်လိုစားသောက်ဆိုင်မှာ ပြောရမယ့် ကိစ္စမျိုး မဟုတ်ဘူးထင်တယ်။"
ထိုအသံမှာ ရှင်းလင်းပြတ်သားပြီး အေးစက်နေကာ ဖော်ပြ၍မတတ်နိုင်သော အေးစိမ့်မှုတစ်ခု ပါဝင်နေသော်လည်း ပေါင်တစ်ထောင်မျှ လေးလံနေသကဲ့သို့ ခံစားရသည်။
ထိုလေသံထဲတွင် ခပ်ဖွဖွ ရယ်မောသံ အနည်းငယ် ပါဝင်နေသော်လည်း ဆူညံနေတဲ့ ခန်းမကြီးတစ်ခုလုံးကို ချက်ချင်းပင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားစေသည်။
ရွှယ်နင်က ကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်တဲ့အခါ သူမ၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းများက ဘယ်အချိန်ကတည်းက သူမ၏အနောက်သို့ ရောက်ရှိနေမှန်းမသိသော အမျိုးသားတစ်ဦးပေါ်သို့ ကျရောက်သွားတော့သည်။
သူ၏ နက်မှောင်သော ဆံပင်များကို ကျောက်စိမ်းသရဖူဖြင့် အမြင့်တွင် စည်းနှောင်ထားပြီး ဝတ်ရုံနက်နှင့် ခြုံစောင်နက်ကို ဝတ်ဆင်ထားကာ အေးစက်စက်နိုင်လှသော အရှိန်အဝါနှင့် အာဏာစက်များကို ထုတ်လွှတ်နေသည်။ သူက ထိုနေရာတွင် ဂုဏ်သိက္ခာရှိပြီး ကျော့ရှင်းစွာ တစ်ကိုယ်တည်း မတ်တပ်ရပ်နေရုံမျှဖြင့် မဖော်ပြနိုင်သော ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေသည်။
"ရှင်... ရှင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။"
"ကိုယ်က မင်းရဲ့ ခင်ပွန်းလေ။ အန်းရုံ တည်ခင်းဧည့်ခံပွဲ ပြီးရင် မင်းကို လာကြိုရမှာ မဟုတ်ဘူးလား။"
"ကျွန်မ..."
ရွှယ်နင်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်နေပြီး နှုတ်ခမ်းများတွင်လည်း သွေးစုတ်နေသည်။ သူမကိုယ်သူမ မစွမ်းဆောင်နိုင်ဘဲ လုံးဝ အသုံးမကျသူတစ်ယောက်ဟု ခံစားလိုက်ရ၏။
ဒီနေ့ ဖန့်လိုစားသောက်ဆိုင်မှာ ဒီလောက်တောင် အရှက်တကွဲ ဖြစ်ခဲ့ရတဲ့အတွက် သူမရှေ့က အမျိုးသားက သူမကို အထင်သေးရွံရှာလိမ့်မယ်လို့ သူမ ကျိန်းသေ ထင်နေမိတယ်။ ပြီးတော့ စုကျန်း ပြောခဲ့သလိုပဲ... သူမက အထိအတွေ့မခံရသေးတဲ့ အပျိုစင် ဖြစ်နေတုန်းပဲဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင်... သူမအတွက် ဘယ်လောက် အရှက်ရစရာ ကောင်းမလဲဆိုတာကို ထားလိုက်ပါဦး။ ခက်ထန်သော ယောက္ခထီး ကျန်းကော်နယ်စားမင်းအိမ်တော် သခင်ကြီးနှင့် စိတ်မှန်းရခက်သော ယောက္ခမ အမေတို့က သူမအပေါ် ဘယ်လို ဆက်ဆံကြမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ထိုအခိုက်အတန့်တွင် သူမ အရာအားလုံးကို တွေးတောမိသွားသည်။
အိမ်တော်သို့ ပြန်ရောက်လျှင် လီချန်ချဲ့က သူမကို အရင်ဆုံး အပြစ်တင် ကြိမ်းမောင်းပြီးနောက် ကွာရှင်းစာချုပ်ကို ကမ်းပေးလိမ့်မည်ဟုပင် သူမ စိတ်ကူးယဉ်မိသွား၏။
ထို့နောက် သူမ တုန်းကျင်းမြို့တွင် ဆက်နေနိုင်တော့မည် မဟုတ်ပေ။ သူမက ပေါင်ချန်ကို ခေါ်ကာ ဘယ်သူမှ မသိတဲ့ တောင်ပိုင်းအရပ်သို့ သွားပြီး ဘဝသစ် ပြန်စရလိမ့်မယ်။ ပြီးတော့ ထိုရွှေဒင်္ဂါးသေတ္တာနှင့် မင်္ဂလာခန်းဝင်ပစ္စည်းများကိုလည်း သူ့ထံ အမြန်ဆုံး ပြန်ပေးရလိမ့်မယ်။
သူမ၏ မျက်ဝန်းများကို ဘေးသို့ လွှဲလိုက်ပြီး လက်သေးသေးလေးဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ထိုအမျိုးသား၏ အကြည့်ကို ရှောင်ဖယ်လိုက်သည်။ ခေါင်းမာသော မျက်ရည်များက သူမ၏ မျက်ဝန်းများတွင် ဝဲတက်လာသော်လည်း အောက်သို့ ကျမလာစေရန် အောင့်ထားမိသည်။
"ကျွန်မ... ကျွန်မ အိမ်တော်ကို ပြန်တော့မလို့ပါ။"
လီချန်ချဲ့ ရောက်ရှိလာခြင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။ ရွှယ်နင်၏ စိတ်ထဲတွင် ရှုပ်ထွေးဆူပူနေပြီး ဘာကိုမှ ရှင်းပြရန် အင်အား မရှိတော့ပေ။ အမှန်တရားကလည်း ထိုအတိုင်းပင် ဖြစ်နေ၍ သူမတွင် ရှင်းပြစရာ ဘာမှမရှိချေ။
"မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အနိုင်ကျင့်ခံရတာလဲ။"
လီချန်ချဲ့၏ ခြုံစောင်မှာ မိုးရေများဖြင့် လုံးဝ စိုရွှဲနေပြီဖြစ်သည်။ သူက ရွှယ်နင်အနားသို့ လျှောက်လာပြီး လက်ကြီးကို မြှောက်ကာ နွေးထွေးသော လက်ချောင်းထိပ်လေးများဖြင့် သူမ၏ နှုတ်ခမ်းထောင့်မှ နီမြန်းနေသော သွေးစများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
"ကိုယ် မင်းနားကနေ တစ်ရက်ပဲ ခွဲသွားရသေးတယ်... မင်းကိုယ်မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အနိုင်ကျင့်ခံခိုင်းလိုက်ရတာလဲ။”