အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) သူ၏ နှစ်သက်မှု
ကြောင်အမ်းအမ်းဖြစ်နေတဲ့ မိန်းကလေးငယ်မှာ အထူးချစ်စရာကောင်းနေပြီး သခင်ဖြစ်သူရှေ့တွင် ဝပ်တွားကာ အပွတ်သပ်ခံချင်၍ နှစ်သိမ့်မှုရှာနေသော ကြောင်ပေါက်လေးတစ်ကောင်နှင့် တူနေသည်။
သူက လက်ညှိုးကို ကွေးကာ သူမ၏ ပင့်မော့နေသော နှာခေါင်းထိပ်လေးကို ညင်သာစွာ ပွတ်ဆွဲလိုက်ပြီး ချစ်မြတ်နိုးစွာ ပြုံးလိုက်သည်။
"ဘာလို့ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲလဲ။"
ရွှယ်နင် ခဏမျှ မှင်သက်သွားပြီးနောက် စိုစွတ်နေသော မျက်တောင်ရှည်များကို ပင့်တင်ကာ ထိုအမျိုးသား၏ နက်ရှိုင်းပြီး အဆုံးအစမဲ့သော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
လီချန်ချဲ့၏ ကြင်နာမှုက ကြယ်ကြွေတစ်ခုကဲ့သို့ သူမ၏ ရင်ဘတ်ကို ပူလောင်သော နွေးထွေးမှုဖြင့် လောင်ကျွမ်းသွားစေသည်။
သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မျက်တောင်ခတ်လိုက်ရာ မျက်လုံးထောင့်များမှ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာတော့သည်။
လွန်ခဲ့တဲ့ မိနစ်ပိုင်းအနည်းငယ်က စုမိသားစု၏ အရှက်ခွဲခြင်းကို ခံခဲ့ရချိန်တွင် သူမ မငိုချင်ခဲ့ပေ။ သူမ၏ ရင်ထဲတွင် မုန်းတီးမှုများသာ ပြည့်နှက်နေပြီး သူတို့အားလုံး သေသွားဖို့သာ ဆန္ဒရှိခဲ့၏။
သို့သော် ယခုတော့ လီချန်ချဲ့၏ ရိုးရှင်းသော အမူအရာနှင့် ပေါ့ပါးသော စကားတစ်ခွန်းကြောင့်ပင် သူမ၏ ရင်ထဲတွင် ဝမ်းနည်းနာကြည်းမှုများဖြင့် လွှမ်းမိုးသွားရသည်။
သူမ နှာခေါင်းရှုံ့လိုက်ပြီး မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ကာ လက်ချောင်းများ အဖြတ်ခံလိုက်ရသော ထိုလူကို လက်ညှိုးထိုးပြလိုက်သည်။
"အားချဲ့... သူကရော ဘယ်လိုလုပ်မလဲ။"
"အဲဒါ မင်း ပူပန်နေဖို့ မလိုပါဘူး"
လီချန်ချဲ့က သူမကို ရင်ခွင်ထဲ ဆွဲသွင်းရင်း ပြောလိုက်သည်။
"ကိုယ်တို့ အိမ်ပြန်သင့်ပြီ။"
ရွှယ်နင်က သူ့ရင်ခွင်ထဲမှာ ဖန့်လိုစားသောက်ဆိုင်ထဲကနေ ပွေ့ချီခေါ်ဆောင်သွားခံရမတတ်ပင်။
ဒီနေ့ မိုးက ရုတ်တရက် ရွာချလာသောကြောင့် အမျိုးသားဖြစ်သူမှာ တစ်ကိုယ်လုံး စိုရွှဲနေပြီး သူ့ကိုယ်ပေါ်မှ ထင်းရှူးနံ့မှာ ပို၍ ရှင်းလင်းပြတ်သားလာသည်။
သူတို့နှစ်ယောက် စင်္ကြံလမ်းသို့ ရောက်သောအခါ နွေဦးမိုးက တဖွဲဖွဲ ကျဆင်းနေပြီး ပို၍ သည်းလာ၏။
ဖူရှန်းက ပေါင်ချန်ကို ဆွဲကာ ပြုံးလျက် ပြောလိုက်သည်။
"သခင်လေး... ကျွန်တော်တို့ ထီးသွားငှားလိုက်ပါဦးမယ်။ သခင်လေးနဲ့ စစ်သူကြီးလု ဒီမှာ ခဏစောင့်နေပေးပါ။"
ပေါင်ချန်၏ မျက်ဝန်းများမှာ တစ်ချိန်လုံး နီရဲနေခဲ့ပြီး အစက သူမ မသွားချင်ခဲ့ပေ။
သို့သော် ဖူရှန်းက သူမကို အဓိပ္ပါယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်တာကို မြင်တဲ့အခါ သူမလည်း သူ့နောက်ကနေ မိုးရေထဲသို့ ပြေးလိုက်သွားတော့သည်။
မိုးစက်မိုးပေါက်များကြားတွင် ရွှယ်နင်က ဖန့်လိုစားသောက်ဆိုင် အဝင်ဝ၌ တိတ်တဆိတ် ရပ်နေခဲ့သည်။
သူမ ခေါင်းငုံ့ထားပြီး အင်္ကျီလက်စထဲတွင် လက်ချောင်းများကို ကွေးထားမိသည်။
သူမ၏ လက်မောင်းပေါ်ရှိ အပျိုစင်အမှတ်အသားမှာ မီးလို ပူလောင်နေသကဲ့သို့ ခံစားနေရ၏။
သူမက ဘယ်ဘက်လက်ဖြင့် ထိုနေရာကို ဖိအုပ်လိုက်ရာ ရှက်ရွံ့မှုလှိုင်းလုံးများက သူမ၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။
ဒီလိုကိစ္စမျိုးက လှောင်ပြောင်စရာ အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။
ဒါပေမဲ့ သူမကို ပိုအံ့အားသင့်စေတာ အားချဲ့က သူမ၏ မိုက်မဲမှုအတွက် အပြစ်မတင်ခဲ့ခြင်းပင်။အဲ့ဒီအစား သူက သူမဘက်ကနေ ရပ်တည်ပေးခဲ့တယ်။
ထိုလူ၏ လက်ချောင်းများ အဖြတ်ခံလိုက်ရတာကို မြင်ပြီးနောက် မကြောက်ဘဲနေရန်မှာ မဖြစ်နိုင်ပေ။
သို့သော် အားချဲ့က သူမအတွက် အရှိန်အဝါ တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်းကိုလည်း သူမ နားလည်ထား၏။
"ကိုယ် လာတာ နောက်ကျသွားတယ်။ ဘာလဲ... မင်း ဝမ်းနည်းနေတုန်းပဲလား။"
ရွှယ်နင်၏ နှာခေါင်းလေး နီရဲနေပြီး မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းနေဆဲပင်။
"မ— မဟုတ်ပါဘူး။"
လီချန်ချဲ့က စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်သည်။
"နင်နင်... ကိုယ်က မင်းရဲ့ ခင်ပွန်းလေ။ မင်းမှာ နာကြည်းခံစားရတာတွေ ရှိရင် ကိုယ့်ကို ပြောပြလို့ရတယ်။"
"ကျွန်မ—"
ရွှယ်နင် စကားမပြောနိုင်ခင်မှာပင် လုစစ်လင်က မကျေမနပ်ဖြင့် စကားဖြတ်ပြောလိုက်သည်။
"မင်းကို ငါတောင် မမေးရသေးဘူး၊ မင်းက နင်နင်ကို အရင်မေးနေပြီပဲ။ ပြောစမ်းပါဦး... ဘာလို့ မင်္ဂလာဦးညမှာ လင်မယားအရာ မမြောက်ခဲ့တာလဲ။"
"အစ်ကိုလု..."
ရွှယ်နင် အလျင်စလို ရှင်းပြလိုက်သည်။
"ဒါက အားချဲ့ရဲ့ အပြစ် မဟုတ်ပါဘူး။"
"နင် သူ့ကို ကာကွယ်ပေးနေစရာ မလိုဘူး။ ဒီလိုကိစ္စတွေက ယောကျ်ားတစ်ယောက်ရဲ့ တာဝန်ပဲ။ မိန်းကလေးတစ်ယောက်မှာ ဘာအပြစ် ရှိနိုင်မှာမို့လို့လဲ။"
"ကျွန်မ—"
"ဒါ ငါ့ရဲ့ လုပ်ရပ်ပါ"
လီချန်ချဲ့က လေးနက်စွာ ပြောလိုက်သည်။
လုစစ်လင်က သူ့ကို စွေကြည့်လိုက်၏။
"နင်နင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်လို့ မင်းကို ငါပြောထားတယ်လေ။"
လီချန်ချဲ့က လုစစ်လင်၏ ဒေါသကို ဂရုမစိုက်ပေ။
"စိတ်ချပါ၊ မင်းကို ပေးထားတဲ့ ကတိကို ငါ တည်ပါတယ်။ ဒါပေမဲ့ ဒါက ငါနဲ့ နင်နင်ကြားက သီးသန့်ကိစ္စလေ။ အဲဒါကိုပါ မင်းက ဝင်စွက်ဖက်ဦးမလို့လား။"
"ငါ—"
လုစစ်လင် ဆွံ့အသွားသည်။
"တခြားသူတွေ နင်နင်ကို ဝေဖန်တာမျိုး ငါ မလိုချင်လို့ပါ။ ခုနက စုမိသားစုက လူတွေ သူ(မ)ကို ကြည့်သွားတဲ့ အကြည့်တွေကို မင်း မမြင်လိုက်ဘူးလား—"
လီချန်ချဲ့၏ အသံမှာ အနည်းငယ် ပို၍ သြဇာပါလာသည်။
"ဒီကိစ္စအတွက် မင်းကို ငါ ရှင်းရှင်းလင်းလင်း ဖြေရှင်းပေးပါ့မယ်။"
လုစစ်လင်က ပြန်ပြောသည်။
"မင်းကိုယ်တိုင် ပြောခဲ့တာနော်။ နင်နင်အပေါ် မကောင်းတာတွေ လုပ်နေတာ ငါမသိစေနဲ့။"
လီချန်ချဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"သူ(မ)ကို အနိုင်ကျင့်မယ့်အစား မင်းကိုပဲ အရင် အနိုင်ကျင့်လိုက်မယ်။"
လုစစ်လင်မှာ ဒေါသထွက်လွန်း၍ ခလုတ်တိုက်မတတ်ပင် ဖြစ်သွားသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီလေ။ မင်း ကတိတည်တာပဲ ကောင်းမယ်။"
လီချန်ချဲ့၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေဆဲပင်။
"ငါနဲ့ ငါ့ဇနီးက အိမ်တော်ကို ပြန်ဖို့ ပြင်နေပြီ။ မင်းဘာသာ ရထားလုံး ရှာစီးတော့။"
"လီချန်ချဲ့... မင်းက ငါ့ညီအစ်ကို ဟုတ်သေးရဲ့လား —"
လုစစ်လင်နှင့် လီချန်ချဲ့တို့ အတန်ကြာ အငြင်းပွားပြီးနောက် သူတို့နှစ်ဦးကြားတွင် ညပ်နေသော ရွှယ်နင်မှာအကူအညီမဲ့စွာ ပြုံးနေရုံသာ တတ်နိုင်တော့သည်။
အားချဲ့နှင့် အစ်ကိုလုက ညီအစ်ကိုအရင်းများကဲ့သို့ ရင်းနှီးကြပြီး အစ်ကိုလုကြောင့်သာ အားချဲ့က သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံနေခြင်းဖြစ်ကြောင်း သူမ သိထားပေမယ့် အစ်ကိုလုက အားချဲ့ကို ယခုလို စစ်ဆေးမေးမြန်းနေခြင်းမှာ ကျန်းကော်နယ်စားမင်းအိမ်တော် သခင်လေးအတွက် အလွန်ပင် ရိုသေမှု ကင်းမဲ့လွန်းရာ ကျနေသည်။
သူမက လုစစ်လင်ကို ဘေးသို့ အမြန်ဆွဲခေါ်လိုက်၏။
"အစ်ကိုလု... အားချဲ့ကို အပြစ်မတင်ပါနဲ့။ အားလုံးက ညီမကြောင့်ပါ။"
ယောကျ်ားတစ်ယောက်အနေဖြင့် လုစစ်လင်က မိန်းကလေးငယ်တစ်ဦး၏ အတွင်းရေးကိစ္စများကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။
သူ့ကို အစိတ်ပျက်ဆုံးဖြစ်စေသည်မှာ ရွှယ်မိသားစုဝင်များအားလုံး ကွယ်လွန်သွားကြပြီဖြစ်ပြီး စုမိသားစုကလည်း သူမကို သိပ်ဂရုမစိုက်ကြသည့်အပြင် အိမ်တွင် သူမကို လမ်းညွှန်ပြသပေးမည့် အမျိုးသမီးကြီးတစ်ဦးမျှ မရှိခြင်းပင်။
သူမရဲ့ အသက်အရွယ်အရ ယောကျ်ားနှင့် မိန်းမကြားက ကိစ္စရပ်များကို ဝေဝါးဝါးသာ နားလည်ထားနိုင်လောက်တယ်။ ကျောက်ရုပ်လို လီချန်ချဲ့နှင့်ပါ ပေါင်းလိုက်လျှင် ဒီလင်မယားက သူ့ကို တူဖြစ်စေ၊ တူမဖြစ်စေ ဘယ်တော့များမှ မွေးပေးကြမယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။
သူ၏ ထူထဲနက်မှောင်သော မျက်ခုံးကြီးများကို ခြင်တစ်ကောင်ပင် ညပ်သေနိုင်လောက်သည်အထိ တင်းကျပ်စွာ တွန့်ချိုးလိုက်သည်။
"မင်း တစ်ရက်လောက် အချိန်ရှာပြီး လုမိသားစုဆီ အလည်လာခဲ့ဦး။"
လုစစ်လင်ရဲ့ အဓိပ္ပါယ်ကို ရွှယ်နင် ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။ ဒါပေမဲ့ သူမနှင့် အားချဲ့က ဘယ်သောအခါမှ လင်မယားအရာ မြောက်နိုင်မည် မဟုတ်ပေ။
သူမ ထိုကိစ္စကို ဆက်မပြောတော့ပေ။ ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။
"အစ်ကိုလု... အစ်ကို ယန်ယန်ကို လက်ထပ်ချင်လို့လား။"
ယခင်က မပြီးပြတ်သေးသော အကြောင်းအရာကို ပြန်လည်ဆွဲထုတ်လိုက်ခြင်းကြောင့် လုစစ်လင်၏ အာရုံမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"ငါလည်း ခုနက နင့်ကို မေးမလို့ပဲ — ဒီကိစ္စနဲ့ပတ်သက်ပြီး နင် ဘယ်လိုထင်လဲ။"
ရွှယ်နင်က လေးနက်စွာ ပြောလိုက်သည်။
"ယန်ယန်က စုယွီကို လက်ထပ်ရရင် ပျော်ရွှင်ရမှာ မဟုတ်ဘူး။ အစ်ကိုလုသာ ယန်ယန်ကို တကယ် သဘောကျတယ်ဆိုရင် အစ်ကိုပဲ သူ(မ)ကို ယူလိုက်ပါ။"
လုစစ်လင်က မေးလိုက်သည်။
"ငါ သူ(မ)ကို လက်ထပ်တာကို မင်း သဘောတူတယ်ပေါ့။"
ရွှယ်နင်က ပြုံးယောင်သန်းလျက်-
"ညီမက ဘာလို့ သဘောမတူရမှာလဲ။"
လုစစ်လင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် -
"ဒါပေမဲ့ ငါက စစ်သားတစ်ယောက်လေ—"
"စစ်သားဖြစ်တော့ ဘာဖြစ်လဲ။ စစ်သားတွေက မိန်းမယူပြီး ကလေးမယူရတော့ဘူးလား။ ဒါဆို ကမ္ဘာပေါ်က စစ်သူကြီးတွေအားလုံး အမွေဆက်ခံမယ့်သူ မရှိဘဲ ဖြစ်ကုန်တော့မှာပေါ့။"
ဝေ့ကျန့်ယန်၏ ခံစားချက်များကိုသာ သူမ သေချာမသိခဲ့လျှင် ရွှယ်နင်က လုစစ်လင်ကို ဒီလိုမျိုး ယုံကြည်မှုရှိရှိ တိုက်တွန်းရဲမည် မဟုတ်ပေ။
ထို့အပြင် အရင်ဘဝက လုစစ်လင်သည် စုရှီးနှင့် သူမ၏ တိတ်တိတ်ပုန်းချစ်သူတို့ရဲ့ အကြံအစည်ကြောင့် အဆိပ်သင့်ကာ အပြင်းအထန် ဖျားနာခဲ့ခြင်းဖြစ်ပြီး စစ်မြေပြင်တွင် သေဆုံးခဲ့ခြင်း မဟုတ်ပေ။
ဦးလေးဖြစ်သူနှင့် အစ်ကိုလု၏ စွမ်းရည်များကြောင့် သူတို့က အနှေးနှင့်အမြန် ကျန့်ပေတပ်မတော်တွင် နေရာတစ်နေရာ ရလာမှာ သေချာတယ်။
ယန်ယန်က အစ်ကိုလုကို လက်ထပ်လိုက်တာက စုယွီကို လက်ထပ်ရခြင်းထက် အဆတစ်သောင်းမက ပိုကောင်းလိမ့်မယ်။
"အစ်ကိုလုသာ ယန်ယန်ကို လက်ထပ်လိုက်ရင် စစ်မြေပြင်က အန္တရာယ်တွေကို ပိုပြီးတောင် သတိထားသင့်သေးတယ်။ ရင်ထဲမှာ ဂရုစိုက်ရမယ့်သူ ရှိလာပြီဆိုရင် တိုက်ပွဲတိုင်းမှာ အနိုင်ရမှာ အသေအချာပဲ။ ပြီးတော့ ယန်ယန်က ကံကောင်းခြင်းတွေ ပါလာတဲ့ မိန်းကလေးဆိုတာ သိသာတယ်။ သူ(မ)သာ လုမိသားစုကို ရောက်လာရင် အစ်ကို့ရဲ့ ရာထူးတိုးတက်မှုလမ်းကြောင်းက ပိုပြီး ချောမွေ့သွားမှာ သေချာတယ်။"
ဤစကားကို ကြားလိုက်ရတဲ့အခါ လုစစ်လင်၏ စိတ်ထဲမှ မြူခိုးများ ချက်ချင်းပင် ကင်းစင်သွားပြီး စိတ်လှုပ်ရှားမှုများပင် တဟုန်ထိုး တက်လာခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
"နင်နင်ပြောတာ မှန်တယ်။ ဒါဆိုရင်တော့ ဒီပျံလွှားလေးကို ဒီစစ်သူကြီးက ဖမ်းမှရတော့မယ်။ ဒီလောက် ကောင်းတဲ့ မိန်းကလေးကို စုယွီလို လူယုတ်မာနဲ့ သူ့မိသားစုဆီမှာ အလဟဿ မဖြစ်စေရဘူး။"
တစ်စုံတစ်ခုကို သတိရသွားသော ရွှယ်နင်က ပြုံးကာ အကြံပေးလိုက်သည်။
"နောက်လ ဆယ့်ငါးရက်နေ့ကျရင် အိမ်တော်ကို လာခဲ့ပါ။ ယန်ယန် စေ့စပ်ပွဲဖျက်နိုင်အောင် ကူညီပေးမယ့် နည်းလမ်း ညီမဆီမှာ ရှိတယ်။ ပြီးတော့ ဝေ့မိသားစုက ဂုဏ်သရေရှိတဲ့ မိသားစုတစ်ခုပဲ... အစ်ကို့ရဲ့ လူမိုက်ဆန်ဆန် အကြံအစည်တွေကို မသုံးမိအောင် သတိထားဦး။"
ထိုစကားကို ကြားတဲ့အခါ လုစစ်လင်က အပြစ်ရှိသလို ခံစားရကာ နှာခေါင်းကို ပွတ်သပ်လိုက်၏။
အစက သူက ကိစ္စရပ်များကို ကိုယ်တိုင်ဝင်ပါပြီး ထိုလက်ထပ်ပွဲကို အတင်းအဓမ္မ လုယူရန် စီစဉ်ထားခဲ့တာ။
ရွှယ်နင်၏ စကားကြောင့် အပြစ်တင်ခံလိုက်ရသလိုဖြစ်သွားတဲ့ သူက ဖားယားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"မင်းအစ်ကိုက ဘယ်တုန်းက လူမိုက်ဖြစ်သွားလို့လဲ။"
"အစ်ကိုလုရဲ့ အကျင့်စရိုက်ကို ညီမ မသိဘူးလို့ မထင်နဲ့နော်။"
ရွှယ်နင်က သက်ပြင်းချလိုက်သည်။ ဒီဘဝမှာ လုစစ်လင်နဲ့ ဝေ့ကျန့်ယန်တို့ ချစ်ချစ်ခင်ခင် ဇနီးမောင်နှံတွေ ဖြစ်လာစေဖို့အတွက် သူမ တကယ်ပဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေခဲ့ရပြီ။ အသက်ဆယ့်ခြောက်နှစ်အရွယ်သို့ ပြန်ရောက်လာပြီးနောက် သူမက အရင်ဘဝက အရာများစွာကို မေ့လျော့နေခဲ့ပြီး အသေးအမွှား အချက်အလက်အချို့ကိုပင် အတော်လေး အားယူကာ ပြန်လည်မှတ်မိခဲ့ရတယ်။ နောက်ဆုံးတော့ ဒီနှစ်ထဲမှာလုပ်မယ့် စုယွီရဲ့ အကြံအစည်တွေထဲက ဟာကွက်တစ်ခုကို သူမ ရှာတွေ့သွားခဲ့ပြီ။ အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်စေရန် သူမက လုစစ်လင်အား ကြိုတင်ပြောပြရန် မရည်ရွယ်ထားပေ။
"အစ်ကိုလုက ယန်ယန်အပေါ် တကယ် ရိုးသားတဲ့ ခံစားချက်တွေ ရှိတယ်ဆိုရင် နည်းနည်းလောက် ထပ်စောင့်ပေးပါ။”