← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) အမှားလုပ်ခဲ့မိသော ကလေးငယ်

လုစစ်လင်က ပြောသည်။

"စောင့်ရဦးမယ် ဟုတ်လား။ ဒီထက်ထပ်စောင့်နေရင် မင်းယောင်းမက သူများယောင်းမ ဖြစ်သွားတော့မယ်"

ရွှယ်နင်က တိုးတိုးလေး ရယ်မောလိုက်သည်။

"လောလွန်းရင် ပူနေတဲ့တို့ဟူးကို စားလို့မရဘူးလေ။ အစ်ကို ဘယ်လောက်ပဲ လောနေပါစေ၊ ပညာရှင်ကြီးဝေ့ဆိုတဲ့ အတားအဆီးကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

ဖြောင့်မတ်တည်ကြည်သော ဝေ့မိသားစုအကြောင်း တွေးမိလိုက်သည်နှင့် လုစစ်လင် စကားပင် ဆို့သွားကာ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း နင့်စကားကိုပဲ နားထောင်တော့မယ်"

ရွှယ်နင် ခဏလောက် စဉ်းစားလိုက်၏။

"စုမိသားစုက ဝေ့မိသားစုဆီ စေ့စပ်လက်ဆောင်တွေပို့ဖို့ လောနေရင်တောင် အစ်ကိုကတော့ လောလို့မရဘူးနော်"

စုယွီတို့လူစု ရထားလုံးပေါ်တက်သွားတာကို မြင်တော့ လုစစ်လင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ နင်ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"

လုစစ်လင်နှင့် စကားပြောပြီးနောက် ရွှယ်နင်သည် လီချန်ချဲ့အနားသို့ ပြန်သွားခဲ့သည်။

ဖူရှန်းနှင့် ပေါင်ချန်တို့က ထီးအချို့ကို ကိုင်ဆောင်ကာ ပြန်ရောက်လာကြသည်။

လီချန်ချဲ့က လုစစ်လင်ကို ထီးတစ်လက် ကမ်းပေးလိုက်၏။ သူ့ကို ရထားလုံးကြုံတင်ခေါ်သွားမည့် အရိပ်အယောင် လုံးဝမပြပေ။

မေးကြည့်တော့လည်း လမ်းမကြုံဘူးဟုသာ ခပ်တိုတို ဖြေလေသည်။

"မင်းလို ညီအစ်ကိုမျိုးနဲ့ ဘယ်လိုလုပ် သူငယ်ချင်းတွေ ရှိနေတာလဲမသိဘူး"

လုစစ်လင်က ညည်းညူရင်း မိုးထဲသို့ လျှောက်သွားကာ ခဏအတွင်းပင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

လီချန်ချဲ့က ထီးအကြီးကြီးကို ဖွင့်ဆောင်းလိုက်ပြီး ရွှယ်နင်၏ သတိထားနေတဲ့ မျက်နှာလေးကို အကဲခတ်ကြည့်လိုက်သည်။

သူက လက်လှမ်းကာ သူမ၏ ခါးလေးကို ဖက်လိုက်တဲ့အခါ မိန်းကလေးက တောင့်တင်းသွားခဲ့သည်။

သို့သော် သူမ ဘာမှမပြောဘဲ သူနှင့်အတူ ရထားလုံးပေါ်သို့ တက်လာခဲ့၏။

...

လမ်းမကြီး၏ အခြားတစ်ဖက်တွင်။

ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ရထားလုံးက စတင်ထွက်ခွာလာသည်။

စုကျန်းက ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ရထားလုံးလိုက်ကာစကို မတင်လိုက်ရာ သူ၏နက်ရှိုင်းသော မျက်ဝန်းများက ဖန့်လိုစားသောက်ဆိုင်အဝင်ဝဆီသို့ အလိုအလျောက် ရောက်သွားခဲ့သည်။

ပိုးသားလို နူးညံ့သော နွေဦးမိုးရေစက်များအောက်တွင် အမျိုးသား၏ ကျယ်ပြန့်သော ရင်ခွင်ထဲ၌ မိန်းကလေး၏ သွယ်လျသော ကိုယ်လုံးလေး မြုပ်နေခဲ့ပြီး မကြာမီမှာပင် ထိုနှစ်ယောက် ရထားလုံးဆီသို့ ရောက်သွားကြသည်။

ရွှယ်နင်၏ စကတ်မှာ စိုရွှဲနေပြီး ခလုတ်တိုက်ကာ အမျိုးသား၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားသည်။

သူမက ရှက်ရွံ့သွားဟန်ဖြင့် မျက်နှာလေး ရဲတက်သွားပြီး လီချန်ချဲ့ဘက်လှည့်ကာ ပြုံးပြလိုက်သည်။

ထိုကဲ့သို့ သက်တောင့်သက်သာရှိပြီး ရှက်သွေးဖြာနေတဲ့ အပြုံးမျိုးကို ရွှယ်နင်၏ မျက်နှာပေါ်မှာ သူ မမြင်ရတာ အတော်ကြာခဲ့ပြီ။

သူ့မိခင်ရဲ့ မွေးနေ့ပွဲနေ့မှစပြီးတော့ သူ့ကိုပဲ အမြဲပြုံးပြတတ်ခဲ့တဲ့ မိန်းကလေးက တဖြည်းဖြည်း အေးစက်စိမ်းကားလာတယ်လို့ ထင်ရ၏။ အခုတော့ အခြားယောက်ျားတစ်ယောက်ရှေ့မှာ သူမက အဲ့လိုမျိုး ပြုံးနေခဲ့တယ်။

သူမရဲ့အပြုံးက ယောက်ျားတစ်ယောက်ရဲ့ ပိုင်စိုးလိုစိတ်ကို အလွယ်တကူ လှုံ့ဆော်နိုင်စွမ်းရှိမှန်း သူမ သိရဲ့လား။

"အစ်ကို ဘာတွေ ကြည့်နေတာလဲ"

မှုန်ဝါးနေသော မိုးပေါက်များနှင့် မြူခိုးများကြားတွင် လီချန်ချဲ့၏ မျက်နှာအမူအရာကို သူ သေချာမမြင်ရပေ။ မကြာမီ လီချန်ချဲ့က ရွှယ်နင်ကို ရထားလုံးပေါ်သို့ တွဲတင်ပေးလိုက်၏။

စုကျန်း ရင်ထဲတွင် သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။ နောက်သို့လှည့်လိုက်ရာ စုယွီ၏မျက်နှာနှင့် ဆုံသွားသည်။

"ဘာမှမကြည့်ပါဘူး"

စုချင်းမှာ စုကျန်းရှေ့တွင် အမြဲကြောက်ရွံ့တတ်သူဖြစ်ရာ ယခုလည်း ရထားလုံးထဲတွင် ကျုံ့ကျုံ့လေးထိုင်နေပြီး မလှုပ်ရဲပေ။

ရှဲ့နင်းထန် တစ်ယောက်သာ မကျေမနပ်ဖြစ်နေပုံပေါ်ပြီး အတင်းပြုံးကာ မေးလိုက်သည်။

"ရှီဇီ... ရွှယ်နင်က အခုထိ အပျိုစင်မှန်း ရှင် ဘယ်လိုလုပ် သိနေတာလဲ"

ဒီကိစ္စကို သူမ ဆက်မတွေးဘဲ မနေနိုင်ခဲ့ဘူး။

ဒီရက်ပိုင်းတွေမှာ သူမနဲ့ စုကျန်း အတူရှိချိန်နည်းပါးခဲ့ပြီး နီးနီးကပ်ကပ် မနေရဝာာလည်း အတော်ကြာပြီ။ ဒါပေမဲ့ သူက ရွှယ်နင်ကိုပဲ အာရုံစိုက်နေသဖြင့် သူမအတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။

ရှဲ့နင်းထန် ဤသို့မေးလိုက်သောအခါ စုကျန်း၏ ခေါင်းကိုက်ဝေဒနာမှာ ပြန်လည်စတင်လာပြန်သည်။

သူ ရွှယ်နင်အကြောင်းကို ဆက်မတွေးနိုင်တော့ပေ။ တွေးမိလိုက်တိုင်း ခေါင်းက အလွန်အမင်း ကိုက်ခဲလာတတ်၏။

နန်းတွင်းသမားတော် စမ်းသပ်ကြည့်သော်လည်း ခန္ဓာကိုယ်တွင် ကြီးကြီးမားမား ပြဿနာမရှိဟု ဆိုသည်။ ဆေးပတ်လည်အောင် သောက်ခဲ့သော်လည်း မသက်သာခဲ့ပေ။

သူက စိတ်အိုက်စွာဖြင့် နားထင်ကို ဖိနှိပ်လိုက်ပြီး အေးစက်သော ဖီးနစ်မျက်ဝန်းများဖြင့် ရှဲ့နင်းထန်နှင့် စုချင်းကို လှမ်းကြည့်ကာ-

"ဒီနေ့ မင်းတို့နှစ်ယောက် ရွှယ်နင်နဲ့ လူမြင်ကွင်းမှာ ဘာလို့ ပြဿနာတက်ခဲ့တာလဲဆိုတာ ငါ မမေးရသေးဘူးနော်"

ရှဲ့နင်းထန်က မကျေမနပ်ဖြင့် ပြောသည်။

"စုမိသားစုဆီ ဘာလို့ ပြန်မလာတာလဲလို့ သွားမေးရုံလေးပါ။ သူ(မ)က ကျွန်မတို့ကို အထင်သေးပြီး ကျွန်မနဲ့ စတုတ္ထညီမကိုပါ ရိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ရွှယ်နင်က ပြဿနာရှာတတ်သည့် မိန်းကလေးမျိုး မဟုတ်ပေ။

စုကျန်းက မျက်လုံးမှိတ်ကာ ရထားလုံးကို မှီချလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။

"နောက်ဆိုရင် သူ(မ)နဲ့ အဆင်ပြေအောင် နေဖို့ နည်းလမ်းရှာရမယ်"

ရှဲ့နင်းထန်က လက်မခံချင်ပေ။

"ဘာလို့လဲ။ သူ(မ)က ရှီဇီလီနဲ့ လက်ထပ်လိုက်လို့လား"

စုကျန်းက အေးစက်စွာဖြင့် ပြန်ဖြေသည်။

"ဟုတ်တယ်၊ လီချန်ချဲ့ကြောင့်ပဲ"

သို့သော် ဒါကြောင့်သက်သက်တော့ မဟုတ်ပေ။ ရွှယ်နင် သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားတဲ့ ခံစားချက်ကို ခဏမျှ သူ သည်းမခံနိုင်ဖြစ်ရတယ်။

အရေးကြီးတဲ့အရာတစ်ခုက သဲများကဲ့သို့ လက်ကြားထဲမှ ယိုစိမ့်ကျသွားပြီး အံ့သြစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသလိုပင်။

ထို့ကြောင့် ရွှယ်နင်ကို ရွှမ်းယီနယ်စားမင်းအိမ်တော်အနီးတွင် ဆက်ရှိနေစေချင်သည်။

ရှဲ့နင်းထန် နှုတ်ဆိတ်သွား၏။ တုန်းကျင်းမြို့တွင် လီချန်ချဲ့၏ မြင့်မားတဲ့ အဆင့်အတန်းကို သူမ ကောင်းကောင်းသိတယ်။

ဒါ့အပြင် သူက နန်းတွင်းစာမေးပွဲတွင် ထန်ဟွာအဆင့် ရရှိခဲ့ပြီး ဧကရာဇ်မင်း၏ မျက်နှာသာပေးမှုကို အထူးရရှိထားသူပင်။

ဟန်လင်အကယ်ဒမီသို့ ဦးစွာဝင်ရောက်ပြီးနောက် ဝန်ကြီးဌာနခြောက်ခုသို့ တိုးဝင်ကာ နောက်ဆုံးတွင် အတွင်းဝန်ရုံးအဖွဲ့သို့ ပါဝင်လာမည့် သူ့အနာဂတ် အလားအလာမှာ အတိုင်းအဆမရှိပေ။

ရွှယ်နင်က သူ့ဇနီး ဖြစ်လာခဲ့တယ်။ မျက်နှာသာမရလျှင် တော်သေးသော်လည်း မျက်နှာသာရနေခဲ့လျှင် မြို့တော်မှ အထက်တန်းလွှာအမျိုးသမီးများက ရွှယ်နင်ရဲ့ မျက်နှာသာရရန် အစွမ်းကုန် ကြိုးစားကြလိမ့်မယ်။ ရွှမ်းယီနယ်စားမင်းအိမ်တော်က အလွန်ချမ်းသာသော်လည်း ထိုချမ်းသာကြွယ်ဝမှုကို ရေရှည်တည်တံ့ရန် သေချာစွာ စီမံခန့်ခွဲဖို့ လိုအပ်၏။ မဟုတ်ပါက လီမိသားစုကို ဆန့်ကျင်ခြင်းက ကြီးမားတဲ့ အိမ်တော်ကြီးတစ်ခုကို မျက်စိတစ်မှိတ်အတွင်း ပြိုလဲသွားစေနိုင်သည်။

ရှဲ့နင်းထန်အနေဖြင့် ရွှယ်နင်နှင့် မိတ်ဆွေမဖွဲ့ချင်သော်လည်း သူမတွင် ရွေးချယ်စရာ မရှိပေ။

"ယောကျ်ား... စိတ်မဆိုးပါနဲ့။ ထန်ထန် ရှင် ဆိုလိုတာကို နားလည်ပါတယ်။ နောက်ဆိုရင် ကျန်းကော်နယ်စားမင်းအိမ်တော်ကို ပိုပြီး သွားလည်ပါ့မယ်။ အခု သူ(မ) ကျွန်မတို့ကို လက်မခံသေးရင်တောင် အမေနဲ့တော့ တွေ့ရမှာပဲ မဟုတ်လား။ ဒါ့အပြင် မကြာခင် ကြင်ယာတော်ရှူရဲ့ မွေးနေ့လည်း နီးလာပြီလေ။ ရွှယ်နင်လည်း နန်းတွင်းပွဲကို တက်ရောက်လာမှာ အသေအချာပဲ။ အဲဒီအခါကျရင် သူ(မ)နဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးတွေ အများကြီးရှိမှာပါ"

စုကျန်းက ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။

"အင်း"

...

အခြားတစ်ဖက်ရှိ ကျန်းကော်နယ်စားမင်းအိမ်တော်၏ ရထားလုံးအတွင်း၌။

မိုးပေါက်များက ရထားလုံးခေါင်မိုးပေါ်သို့ အဆက်မပြတ် ဆက်တိုက် ကျဆင်းနေသည်။

ရွှယ်နင်သည် လက်ချောင်းများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားရင်း လီချန်ချဲ့၏ ရထားလုံးထဲတွင် သက်တောင့်သက်သာမရှိစွာ ထိုင်နေ၏။

သူမက ကိုယ်ပိုင်ရထားလုံးဖြင့် ရောက်လာခဲ့သော်လည်း အခုတော့ ပေါင်ချန်နှင့် ဖူရှန်းတို့ကို ထိုရထားလုံးထဲတွင် စီးခိုင်းလိုက်သည်။

လီချန်ချဲ့၏ ဇနီးတစ်ယောက်အနေဖြင့် ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားခြင်းက သဘာဝကျပေသည်။

ရထားလုံးမှာ သိပ်ကျယ်ဝန်းလှသည်မဟုတ်ဘဲ သစ်မည်းဖြင့်ပြုလုပ်ထားသော စားပွဲပုလေးတစ်လုံးကို ထည့်သွင်းပြင်ဆင်ထားသည်။

စားပွဲပေါ်မှ အမွှေးတိုင်ငွေ့များ အပေါ်သို့လွင့်ပျံနေပြီး မီးသွေးဖိုလေးတစ်ခုက အတွင်းဘက်ကို နွေးထွေးစေသည်။

သူမ ခန္ဓာကိုယ်က အေးစက်နေပြီး အမျိုးသားဘေးတွင် တောင့်တင်းစွာ ထိုင်နေကာ ရင်ထဲတွင်လည်း ချည်ထွေးကြီးလို ရှုပ်ထွေးနေ၏။

အမျိုးသားက တိတ်ဆိတ်နေသဖြင့် သူမလည်း စကားမပြောရဲပေ။

သူတို့၏ တိတ်ဆိတ်မှုကြားတွင် ရထားလုံးအတွင်းရှိ လေထုမှာ လေးလံလာသည်။

ငယ်ငယ်ကတည်းက သူတစ်ပါး၏ မျက်နှာရိပ်မျက်နှာကဲကို ဖတ်တတ်နေသော ရွှယ်နင်က သူ့ရဲ့ တိတ်ဆိတ်မှုကို ဒေါသထွက်နေတယ်လို့ မှတ်ယူလိုက်သည်။

လီချန်ချဲ့က လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး ကြွေသားလို နူးညံ့လှပသော ရွှယ်နင်၏ မျက်နှာလေးကို လှည့်ကြည့်လိုက်၏။

အမှားလုပ်ထားသည့် ကလေးတစ်ယောက်လို ငုံးလေးတစ်ကောင်အတိုင်း ကျုံ့ကျုံ့လေးဖြစ်နေတဲ့ သူမကို ကြည့်ရင်း သူ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံခဲ့ရသူများက သူမလိုပဲ ဖြစ်သွားတတ်ကြတယ်။

သူတို့အမှား မဟုတ်ရင်တောင် အပြစ်ကို ကိုယ့်ခေါင်းပေါ် တင်တတ်ကြတယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်တော့ ဘယ်တော့မှ ဖွင့်မပြောတတ်ကြဘူး။

သူကသာ အရင်စမပြောလျှင် သူမက တစ်သက်လုံး အရင်စပြောလာမည် မဟုတ်ပေ။

"နင်နင်... ဘာလို့ ဘာမှမပြောတာလဲ"

ရွှယ်နင်က ကွာရှင်းဖြစ်သွားလျှင် သူမနှင့် ပေါင်ချန် ဘယ်မြို့ကို သွားရမလဲဆိုတာ တွေးတောလွင့်မျောနေခဲ့သည်။

သူ့စကားကို ကြားတော့မှ သတိပြန်ဝင်လာပြီး အမျိုးသား၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံစံ မျက်ဝန်းများကို ပြာပြာသလဲ စိုက်ကြည့်လိုက်သည်။

"ကျွန်မ... စောစောက ဘာပြောရမှန်းမသိဘူး... အခုလည်း ဘာပြောရမှန်း မသိသေးဘူး"

ဒါက အမှန်ပင်။ သူမမှာ စိုးရိမ်စရာတွေ အများကြီးရှိပြီး စကားမှားပြောမိရင် ကျန်းကော်နယ်စားမင်းအိမ်တော်ကို အရှက်ရစေမှာ ကြောက်နေမိတယ်။

လီချန်ချဲ့က တိုးတိုးလေး ရယ်မောလိုက်သည်။

"အဲဒီအချိန်က စုကျန်းကို ပြန်ချေပဖို့ မစဉ်းစားမိဘူးလား"

အမျိုးသား၏ ရယ်သံက ရွှယ်နင်၏ ရင်ထဲမှ တင်းမာမှုအချို့ကို ပြေလျော့သွားစေသည်။

သူမ နှုတ်ခမ်းကိုစူကာ ပြောလိုက်သည်။

"သူ့ကို ကျိန်ဆဲချင်ရုံလေးပါ။ ဘာပဲဖြစ်ဖြစ် သူက နာမည်ခံအစ်ကိုလေ၊ ဒါပေမဲ့ အပြင်လူတွေရှေ့မှာ ဒီလိုကိစ္စမျိုးကို ထုတ်ပြောပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှုခဲ့တယ်။ ဒီနေ့ ဖန့်လိုစားသောက်ဆိုင်က လူတွေအများကြီး ကြားသွားခဲ့တယ်... ပြီးတော့ ကျွန်မ လက်မောင်းက အပျိုစင်အမှတ်အသားကိုလည်း မြင်သွားကြတယ်"

ရွှယ်နင်က စကားပြောလေလေ၊ ပိုပြီး နာကြည်းဒေါသထွက်ကာ ဝမ်းနည်းလာလေလေ ဖြစ်၏။

သူမ ဘာအမှားမှ မလုပ်ခဲ့ပါဘူး— အပျိုစင်ဖြစ်နေတော့ရော ဘာဖြစ်လဲ။

ပြီးတော့ မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်နဲ့ ဒီလိုကိစ္စမျိုး လုပ်ရမယ်လို့ ဘယ်သူက ပြဋ္ဌာန်းထားလို့လဲ။

All Chapters