အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) ကျွန်မတို့ လင်မယားအဖြစ် နေထိုင်သင့်ပြီလား
"ပြီးတော့ ကျွန်မက ကိုယ့်ယောကျ်ားနဲ့ လင်မယားအဖြစ် မနေရသေးတာက စုကျန်းနဲ့ ဘာဆိုင်လို့လဲ။ သူ လက်ထပ်ပြီး ကလေးရတာဖြစ်ဖြစ်၊ မင်းသမီးရှို့နင်းနဲ့ လင်မယားအဖြစ်နေပြီး ကလေးယူတာပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ပါဘူး။ ဒီနေ့ကိစ္စက အရမ်းရုတ်တရက်ဆန်လွန်းလို့ ကျွန်မ ဘာမှကြိုမပြင်ဆင်ထားမိဘဲ ထောင်ချောက်ထဲ ကျသွားရတာ။ ကိုယ့်ကိုယ်ကိုယ်ရော ကျန်းကော်နယ်စားမင်းအိမ်တော်ကိုပါ အရှက်ခွဲဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ အားချဲ့... စိတ်မပူပါနဲ့။ နောက်ဆိုရင် စုကျန်းနဲ့ ဝေးဝေးမှာပဲ သေချာပေါက် နေပါ့မယ်။ သူ ကျွန်မကို ထပ်ပြီး ပြဿနာရှာလာရင် သေချာပေါက် ပြန်ချေပပစ်မယ်"
လီချန်ချဲ့က တိတ်တဆိတ် နားထောင်နေပြီး သူမ ဒေါသတွေ ဖွင့်ထုတ်ပြီးသွားသည်အထိ စောင့်ကာ တိုးတိတ်ညင်သာစွာ ခေါ်လိုက်သည်။
"နင်နင်—"
ရွှယ်နင်က နှာခေါင်းရှုံ့လိုက်ကာ ဝမ်းနည်းပူဆွေးမှုကြောင့် မျက်ရည်များ မိုးပေါက်ပမာ ကျဆင်းလာရင်း "ဟင်" ဟု ထူးလိုက်သည်။
လီချန်ချဲ့၏ နက်မှောင်သော မျက်ဝန်းများက သူမကို နူးညံ့စွာ စိုက်ကြည့်နေသည်။
"ကိုယ်တို့ မင်္ဂလာဦးညမှာ လင်မယားအဖြစ် မနေခဲ့ကြတာနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"
ရွှယ်နင်က လီချန်ချဲ့ သူမကို ဆူပူလိုက်တာ၊ ဒါမှမဟုတ် တခြားတစ်ခုခု လုပ်လိုက်တာကမှ ပိုကောင်းဦးမည်ဟု တွေးမိသည်။ သို့သော် ဒေါသထွက်သည့် အရိပ်အယောင် လုံးဝမရှိဘဲ ယခုလို နူးညံ့သော လေသံဖြင့် မေးလာလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ရထားလုံးအပြင်ဘက်မှ မိုးသံကို နားထောင်ရင်း သူမ အတော်ကြာကြာ စဉ်းစားနေမိသည်။
"အားချဲ့... ရှင် ကျွန်မကို ကွာရှင်းစာ ပေးမလို့လား"
မင်္ဂလာဆောင်ပြီး တစ်လပင်မပြည့်မီ ကွာရှင်းခံရမည်ဆိုလျှင်၊ သူမက တုန်းကျင်းမြို့မှာ အကြီးမားဆုံး ဟာသတစ်ခု အမှန်တကယ် ဖြစ်သွားလိမ့်မယ်။
ဒါပေမဲ့ တခြားနည်းလမ်းမှ မရှိတာ... တကယ်လို့သာ အဲဒီလို ဖြစ်လာခဲ့ရင်... သူမ တုန်းကျင်းမြို့ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဖို့ပဲ ရှိတော့တယ်။
လီချန်ချဲ့၏ အကြည့်များက အနည်းငယ် အေးစက်သွားသည်။
"မပေးဘူး"
ရွှယ်နင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
"ဒါဆို အဖေနဲ့အမေ သိသွားရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ"
လီချန်ချဲ့က စဉ်းစားဟန်ပြုကာ တမင်တကာပင် ပြောလိုက်သည်။
"ဒါက တကယ် ပြဿနာပဲ"
ရွှယ်နင်မှာ ငိုချင်လျက် မျက်ရည်မထွက်ဖြစ်သွားသည်။
"ဒါဆို... ဖူကျွင်း၊ ရှင် ကျွန်မကို ကွာရှင်းစာသာ ပေးလိုက်ပါတော့"
မိန်းကလေး ဘယ်လောက်တောင် စိုးရိမ်ထိတ်လန့်နေလဲဆိုတာကို မြင်တော့ လီချန်ချဲ့၏ မျက်ဝန်းများ နက်ရှိုင်းသွားကာ သူမကို တစ်ဆင့်ချင်း လမ်းကြောင်းပေးလိုက်သည်။
"နင်နင်က တခြားနည်းလမ်းကို မစဉ်းစားဖူးဘူးလား"
ရွှယ်နင်က တကယ်ပဲ ပိုကောင်းတဲ့ ဖြေရှင်းနည်းကို စဉ်းစား၍မရပေ။
"ဒါပေမဲ့ ဒီကိစ္စဖြစ်ပြီးနောက် မနက်ဖြန်ဆိုရင် လမ်းကြိုလမ်းကြားတိုင်းမှာ အတင်းအဖျင်းတွေ ပျံ့နှံ့သွားတော့မှာကို စိုးရိမ်တယ်။ တခြား ဘယ်လိုနည်းလမ်း ရှိနိုင်ဦးမှာလဲ"
လီချန်ချဲ့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာသည်။
"တကယ်တော့ ကောင်းတဲ့ ဖြေရှင်းနည်း ရှိကောင်းရှိနိုင်ပါတယ်"
ရွှယ်နင် ဦးနှောက်စားသွားတယ်။
"ဘာလဲဟင်"
"ဥပမာ—"
လီချန်ချဲ့က သူမအနားသို့ တိုးကပ်သွားရာ သူ၏ပါးလွှာသော နှုတ်ခမ်းများက သူမ၏ နူးညံ့ဖြူစင်သော နားရွက်ဖျားလေးကို ထိလုနီးပါး ဖြစ်သွားသည်။ သူက ရွှယ်နင်၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။
"ကိုယ့်ကလေးကို ကိုယ်ဝန်ဆောင်ပြီး သူတို့ပါးစပ်တွေကို ပိတ်ပစ်လိုက်လေ"
သူ့အသံမှာ ဩရှရှဖြစ်နေပြီး သူမ၏ နားထဲသို့ နက်ရှိုင်းဆွဲဆောင်မှုရှိသော လေသံဖြင့် ကျဆင်းလာသည်။
ရွှယ်နင် အေးခဲတောင့်တင်းသွားပြီး မျက်လုံးများကို အမြန်မော့ကြည့်လိုက်၏။
သူမ၏ ကြီးမားနက်ရှိုင်းသော ဗာဒံစေ့ပုံစံ မျက်ဝန်းများက သူ၏ မြင့်မားဖြောင့်စင်းသော နှာတံဆီသို့ အကြည့်ရောက်သွားသည်။ သို့သော် သူမ သူ၏ မျက်လုံးများကို မမြင်ရခင်မှာပင် သူ့ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ထင်းရှူးနံ့ကို ခံစားလိုက်ရသည်။
သူက အနည်းငယ်လှည့်လိုက်ရာ သူ၏ကျယ်ပြန့်သော ရင်အုပ်ကြီးက သူမကို သူ့ရင်ခွင်ထဲသို့ လုံးဝဖုံးအုပ်လုမတတ် ဖြစ်သွားသည်။
သူမ ချက်ချင်းပင် တောင့်တင်းသွားကာ နားရွက်များ ပူထူလာပြီး အသက်ရှူရပင် ခက်ခဲသွား၏။
သူ ဘာပြောလိုက်တာလဲ... သူ့ကလေးကို ကိုယ်ဝန်ဆောင်ရမယ်။
ဒါဆို သူ့အဓိပ္ပာယ်က... သူ သူမနဲ့ လင်မယားအဖြစ် နေနိုင်တယ်ဆိုတဲ့ သဘောလား။
လင်မယားအဖြစ် နေထိုင်တာက လက်ရှိပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းပဲ။ ဒီအချက်ကို သူမ ဘာလို့ မစဉ်းစားမိခဲ့တာပါလိမ့်။
လီချန်ချဲ့က သူ၏ သွယ်လျသော လက်ချောင်းရှည်များကို မြှောက်လိုက်ပြီး မိန်းကလေး၏ နီရဲနေသော ပါးပြင်နှင့် နှာတံလေးဆီသို့ အကြည့်ရောက်သွားကာ သူမ၏ နားထင်ဘေးမှ ကျနေသော ဆံနွယ်လေးကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။
"နင်နင် ဘယ်လိုထင်လဲ"
ရထားလုံးက အရမ်းကျဉ်းကျပ်နေသည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ အလွန်နီးကပ်နေပြီး ယောက်ျားတစ်ယောက်၏ ထူးခြားသော အငွေ့အသက်များက သူမအပေါ် လွှမ်းခြုံထား၏။ ရွှယ်နင် အနည်းငယ် တုန်ယင်သွားပြီး ရင်တွေ တဒိတ်ဒိတ်ခုန်လာကာ ပါးပြင်များ လျင်မြန်စွာ နီရဲလာပြီး လက်နှင့်ခြေကို ဘယ်နားထားရမှန်းပင် မသိတော့ပေ။
"တကယ်တော့—"
လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
သို့သော် သူမ စကားမဆုံးခင်မှာပင် ရထားလုံးက မိုးထဲတွင် ရုတ်တရက် ရပ်တန့်သွားတာကို ခံစားလိုက်ရသည်။
ကြည်လင်သော မိန်းမပျိုလေးတစ်ယောက်၏ အသံက ရထားလုံးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"အစ်ကို အားချဲ့! အာ... နောက်ဆုံးတော့ မှီသွားပြီ"
မင်းသမီးယန်ရန်၏ အသံကို ကြားလိုက်ရချိန်တွင် ရွှယ်နင်မှာ အိပ်မက်မှ လန့်နိုးသွားသလို ချက်ချင်းသတိဝင်လာပြီး ကျန်ရှိနေသေးသော စိတ်ကူးယဉ်မှုအားလုံး ထိုအခိုက်အတန့်တွင် လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားလေသည်။
သူမက အမျိုးသား၏ ရင်ဘတ်ကို ညင်သာစွာ တွန်းဖယ်လိုက်ပြီး ရထားလုံး လိုက်ကာကို မတင်ကာ အပြင်သို့ ကြည့်လိုက်သည်။
ထိုအခါမှသာ မင်းသမီး၏ ရထားလုံးက သူတို့ဘေးသို့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရပ်တန့်နေတာကို သတိထားမိလိုက်သည်။
မင်းသမီးယန်ရန်က ခေါင်းပြူထွက်လာပြီး ရွှယ်နင်ကို မြင်သည်နှင့် နူးညံ့ချိုသာသော အပြုံးတစ်ခုကို ပြသလိုက်သည်။
"အစ်မ ရွှယ်နင်! အစ်မလည်း ဒီမှာရှိနေတာလား။ အစ်ကို အားချဲ့ရော ရထားလုံးထဲမှာ ရှိလားဟင်။ သူ့ကို ပြောစရာ အရေးကြီးကိစ္စလေး ရှိလို့ပါ။ သူ့ကို ခေါ်ပေးလို့ရမလား"
ရွှယ်နင် လည်ချောင်းထဲတွင် ဆို့နင့်သွားသည်။ လီချန်ချဲ့က အားလုံးကြားပြီးလောက်ပြီဖြစ်၍ သူမ ပြန်ပြောပြနေစရာ မလိုဘူးဟု မှတ်ယူလိုက်သည်။
ထင်သည့်အတိုင်းပင်၊ သူမက အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်တဲ့အခါ သူက မတ်တတ်ရပ်ကာ ကိုယ်ကိုကိုင်းပြီး ရထားလုံးထဲမှ ထွက်သွားနှင့်ပြီ။
သူမ ခဏလောက် မှင်သက်သွားပြီး စိုးရိမ်တကြီး ခုန်ပေါက်နေတဲ့ သူမ၏ နှလုံးသားလေးမှာလည်း ရုတ်တရက် နေရာတကျ ပြန်ဖြစ်သွားသည်။
ကျန်ရစ်နေသော ထင်းရှူးရနံ့လေး တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမ မျက်နှာပေါ်မှ ပူနွေးနေမှုကလည်း ချက်ချင်း အေးစက်သွားသည်။
သူမ နှုတ်ခမ်းကို အနည်းငယ် ဟထားလျက် ရထားလုံးထဲတွင် အတော်ကြာအောင် တစ်ယောက်တည်း ထိုင်နေပြီးမှ နောက်ဆုံးတွင် လေးလံသော သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
သူမက နာကျင်နေတဲ့ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး စပ်ဖျင်းဖျင်းဖြစ်ကာ ရောင်ရမ်းနေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
သီသီလေး— ကံကောင်းလို့ သီသီလေး လွတ်သွားတာ— သူမ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ဆုံးရှုံးလုနီးပါးပဲ။
ကံကောင်းထောက်မစွာ မင်းသမီးယန်ရန်က အချိန်ကိုက် ရောက်လာခဲ့တယ်။
သူမ ရထားလုံးထဲတွင် တစ်ယောက်တည်း အချိန်အတော်ကြာ ထိုင်နေမိသည်။ အိပ်ချင်စိတ်များ ဝင်လာသည်အထိ ကြာမြင့်ခဲ့သော်လည်း ထိုအမျိုးသားကတော့ ပြန်မလာခဲ့ပေ။
သူမက ဘယ်တော့မှ အရင်စပြီး မေးမြန်းမည့်သူမျိုး မဟုတ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးများ အရောင်မှေးမှိန်ကာ ငေးတိငေးကြောင်ဖြင့် အဲဒီမှာပဲ ထိုင်နေခဲ့သည်။
ဟိုဘက်မှာ ဘာတွေပြောနေကြလဲဆိုတာ သူမ မသိပေ။ သူတို့က ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် နှစ်ယောက်တည်း အတူရှိနေကြတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း သဘောကျနေကြတဲ့အတွက် ပြောစရာစကားတွေ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလေ။
သူမက ရဲတောက်နေသော နှုတ်ခမ်းများကို စေ့လိုက်ကာ ခါးသီးစွာ ပြုံးလိုက်ပြီး အအေးဒဏ်များ လှိုင်းလုံးလို ရိုက်ခတ်လာဝာာကို ခံစားလိုက်ရသည်။
မိုးရေစိုနေသော အဝတ်အစားများက ခန္ဓာကိုယ်တွင် ကပ်နေပြီး နွေဦးအစပိုင်း၏ စိမ့်အေးနေသော အအေးဒဏ်က သူမကို တုန်ယင်သွားစေရန် လုံလောက်သည်။
လက်ပိုက်ထားလျက် သူမ ရထားလုံးနံရံကို မှီကာ အိပ်ပျော်သွားခဲ့သည်။
သူမ ပြန်နိုးလာချိန်တွင် နောက်နေ့မနက် ရောက်နေပြီ။
မျက်လုံးဖွင့်လိုက်သည်နှင့် နေမကောင်းဖြစ်နေကြောင်း ခံစားလိုက်ရ၏။
သူမ လည်ချောင်းက ခြောက်သွေ့ယားယံနေပြီး နှာခေါင်းပိတ်ကာ အသက်ရှူရခက်နေ၍ စကားပြောလိုက်ချိန်တွင် အသံက နှာသံအတော်လေး ပါနေလေသည်။
သူမဘေးက နေရာလွတ်လေးက ဟာလာဟင်းလင်း ဖြစ်နေပြီး ထိုအမျိုးသားကတော့ အစောကြီးကတည်းက မရှိတော့ပေ။
သူမ ရင်ထဲတွင် မဖော်ပြတတ်အောင် ဟာတာတာဖြစ်သွားပြီး မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း မမှတ်မိတော့ချေ။
သူမ ရထားလုံးထဲမှာ ခင်ပွန်းဖြစ်သူ ပြန်လာမှာကို စောင့်နေခဲ့တာကိုတော့ သဲသဲကွဲကွဲ မှတ်မိနေသေးတယ်။
ဒါပေမဲ့ နောက်တစ်ခဏမှာတော့ ကျိုယင်းဆောင်၏ ခုတင်ပေါ်မှာ လှဲလျောင်းနေသည့် သူမကိုယ်သူမ ပြန်တွေ့လိုက်ရသည်။
"ပေါင်ချန်—"
သူမက ခေါင်းကိုက်ဝေဒနာကြောင့် နားထင်ကို ဖိနှိပ်ရင်း ထထိုင်လိုက်သည်။
ပေါင်ချန်က တက်ကြွရွှင်လန်းသည့် အပြုံးဖြင့် တံခါးကို တွန်းဖွင့်ဝင်လာသည်။ ရွှယ်နင် နိုးနေတာကို မြင်တော့ သူမက ခုတင်ဘေးသို့ အမြန်ပြေးလာပြီး မှီအုံးတစ်လုံးကို ယူကာ အမှီပြုနိုင်အောင် ကူညီပေးလိုက်သည်။
"သခင်မလေး... ကောင်းကောင်းအိပ်ပျော်ရဲ့လားဟင်"
ရွှယ်နင်က ခေါင်းညိတ်ပြလိုက်၏။
"ရှီဇီရော ဘယ်မှာလဲ"
ပေါင်ချန်က ခုတင်လိုက်ကာများကို ချိတ်ရန် ရွှေချိတ်ကလေးများကို ဖယ်လိုက်ရင်း-
"ရှီဇီက ဒီမနက်အစောကြီး နယ်စားမင်းနဲ့အတူ အပြင်ထွက်သွားပါတယ်။ သခင်မလေးကို မနှိုးဖို့လည်း အစေခံတွေကို မှာသွားပါသေးတယ်။ မနေ့က မိုးမိပြီး အအေးပတ်သွားလို့ ဒီနေ့တော့ အဆောင်ထဲမှာပဲ ကောင်းကောင်းအနားယူလိုက်ပါတဲ့"
ယခုအခါ လီချန်ချဲ့က ရာထူးရထားပြီး ထန်ဟွာအဆင့်ကိုလည်း ဆွတ်ခူးထားသူဖြစ်ရာ မြို့တော်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းနှင့် လူမှုရေးအရ ဆက်ဆံရမည့် ကိစ္စရပ်များကြောင့် အမြဲလိုလို အလုပ်များနေမည်သာ။
ယောက်ျားတစ်ယောက်အနေဖြင့် သူမအနားမှာ အချိန်ပြည့် ရှိမနေပေးနိုင်တာက သဘာဝဖြစ်၏။
ရွှယ်နင်က ဒါကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ရင်ထဲတွင်တော့ အနည်းငယ် ဟာတာတာ ဖြစ်နေတုန်းပင်။
ပေါင်ချန်က စကားများ တရစပ်ပြောပြီးနောက် ကြိုတင်ပြင်ဆင်ထားသည့် အအေးမိပျောက်ဆေးကို ယူဆောင်လာစေသည်။
"ဒါတွေအားလုံးကို သခင်လေး ကိုယ်တိုင် စီစဉ်သွားတာပါ။ ဒီမနက်အစောကြီးကတည်းက ကျိုထားတာ။သခင်မလေး နိုးလာတာနဲ့ ချက်ချင်း တိုက်လိုက်ပါတဲ့"
ရွှယ်နင်က ဆေးပန်းကန်လုံးကို ထုံထုံထိုင်းထိုင်းဖြင့် လှမ်းယူလိုက်ရာ သူမခန္ဓာကိုယ်ထံမှ ဆေးမြစ်နံ့များကို ခပ်သဲ့သဲ့ ရရှိနေပြီဖြစ်သည်။
ပေါင်ချန်က သူမ၏ ဝေခွဲမရဖြစ်နေတဲ့ မျက်နှာအမူအရာကို သတိထားမိပြီး ထပ်မံပြုံးပြလိုက်သည်။
"မနေ့ညက သခင်မလေးကို သခင်လေးက ပွေ့ချီပြီး ပြန်ခေါ်လာတဲ့အချိန် ကိုယ်တွေ အရမ်းပူပြီး ဖျားနေခဲ့တာ။ သခင်လေးက ချက်ချင်းပဲ ဆေးကျိုခိုင်းပြီး သခင်မလေးကို ပထမတစ်ခွက် တိုက်လိုက်သေးတယ်။ ဒီပန်းကန်ကတော့ ဒီနေ့မနက်အတွက်ပါ"
ရွှယ်နင် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ မနေ့ညက အဖြစ်အပျက်ကို သူမ လုံးဝ မမှတ်မိတော့ဘဲ ထူထဲသည့် တံတိုင်းကြီးတစ်ခုက သူမအပေါ် ဖိကပ်ထားသလိုမျိုး ခပ်ဝါးဝါး ခံစားချက်ကိုသာ အမှတ်ရတော့သည်။