အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅) တောင်းပန်ရန် သွားခြင်း
သူမ ဘယ်လောက်ပဲ တွန်းဖယ်ဖို့ ကြိုးစားပေမယ့် မရခဲ့တာကြောင့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရသည်။
သို့သော် ထိုအချိန်တွင် ခါးသက်သက် အရသာတစ်ခုက သူမပါးစပ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
အလိုအလျောက်ပင် ထွေးထုတ်ပစ်ချင်သွားသော်လည်း အေးမြပြီး နူးညံ့သော ဝါဂွမ်းစတစ်ခုက ပိတ်ဆို့ထားသလို ခံစားလိုက်ရ၏။
သူမမှာ ခါးသက်နေတဲ့ ဆေးရည်ကို မျိုချရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဒါပေမဲ့ ဝါဂွမ်းက ဘယ်လိုလုပ် အေးမြနေနိုင်မှာလဲ။
မကြာမီမှာပင် ခါးသက်သည့် အရသာကို မခံစားရတော့ဘဲ နူးညံ့ချိုမြိန်သည့် အရာတစ်ခုကို လျှာဖြင့် လျက်မိသွားသည်။
ထိုနွေးထွေးသောအရာမှာ အလွန်နူးညံ့ပြီး သင်းပျံ့သောရနံ့လေးနှင့်အတူ သူမ၏ နှုတ်ခမ်းနှင့် သွားများကြားတွင် ကခုန်နေခဲ့သည်။
အသက်ရှူရ အနည်းငယ် ခက်ခဲသွားသည်မှလွဲ၍ ကျန်တာအားလုံး အဆင်ပြေပါတယ်။
နောက်ပိုင်း ဘယ်လိုအိပ်ပျော်သွားမှန်း သူမမသိတော့ပေမယ့် နိုးလာချိန်မှာတော့ ဇက်ကြောများ အနည်းငယ် တင်းနေခဲ့တယ်။
သူမက လက်ကိုမြှောက်ကာ ဆေးပန်းကန်ကို မော့သောက်လိုက်ပြီး ခါးသက်မှုကြောင့် မျက်မှောင်ကြုတ်သွားသည်။
ပန်းကန်ကို ချလိုက်ပြီးနောက် နှုတ်ခမ်းကို သပ်ကာ သစ်သီးခြောက် တစ်ခုကို စားလိုက်၏။
မနေ့က ဖန့်လိုစားသောက်ဆိုင်မှာ ဖြစ်ခဲ့သည့် အဖြစ်အပျက်များက သူမခေါင်းထဲ ပြန်လည်ပေါ်လာသည်။
ဒီနေ့မှာ ကျန်းကော်နယ်စားမင်းအိမ်တော်ဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးပေမယ့် ဒီကိစ္စ ပြီးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
အတွေးလွန်နေပြီးနောက် သခင်မဝမ် အရင်မလှုပ်ရှားခင်မှာပင် သူမက ပေါင်ချန်ကို ပြောလိုက်သည်။
"ပေါင်ချန်... ချွင်းရီဆိုတဲ့ အစေခံမလေးကို ကိုယ်တိုင် သွားခေါ်ချေ"
ဤစကားကို ကြားသောအခါ ပေါင်ချန်က မလှုပ်ပေ။
ရွှယ်နင်က မော့ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
"ကျွန်မ မသွားချင်လို့ မဟုတ်ပါဘူး"
ပေါင်ချန်က ပြောလိုက်ရာ သူမမျက်နှာမှာ အကြောက်တရားကြောင့် ဖြူဖျော့နေဆဲပင်။
"သခင်မလေး အိပ်ပျော်နေတော့ သိချင်မှသိမှာပါ။ မနေ့ညက ကျွန်မတို့ ပြန်ရောက်ပြီးတဲ့နောက် သခင်လေးနဲ့ ဖူရှန်းတို့က ချွင်းရီကို ကျိုယင်းဆောင်ကို ခေါ်သွားပြီး... အဲဒီက အစေခံတွေ အားလုံးရှေ့မှာလေ..."
ရွှယ်နင်က နှုတ်ခမ်းကိုစေ့ကာ ပေါင်ချန်ကို ငေးမောကြည့်နေမိသည်။
ပေါင်ချန်က တံတွေးမျိုချလိုက်ပြီး သူမ၏ မျက်နှာလေးမှာ ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
"ချွင်းရီက လူတိုင်းရှေ့မှာတင် ရိုက်သတ်ခံလိုက်ရတာပါ။ အဲဒီနောက် အလောင်းကို ဘာဆက်လုပ်လိုက်လဲ ကျွန်မ မသိဘူး... ဒါပေမဲ့ အရမ်းကြောက်စရာကောင်းတယ်... ကျွန်မ တစ်ဝက်လောက်ပဲ မြင်လိုက်ရတာ။ ဖူရှန်းက ကျွန်မမျက်လုံးတွေကို အုပ်ပြီး အခန်းထဲ ပြန်ဆွဲခေါ်သွားလို့။ သခင်မလေး သူ(မ)ကို အခုရှာချင်ရင် မြေအောက်မှာပဲ သွားရှာရတော့မယ်"
ရွှယ်နင်၏ ရင်ထဲတွင် တင်းကျပ်သွားပြီး မနေ့က ဖန့်လိုစားသောက်ဆိုင်မှာ လက်ချောင်းတွေ အဖြတ်ခံလိုက်ရတဲ့ လူကို ပြန်အမှတ်ရသွားသည်။
လီချန်ချဲ့က အလွယ်တကူ ပြဿနာသွားရှာလို့ရတဲ့သူ မဟုတ်မှန်း သူမ သိပေမယ့် ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။
သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး ရှင်းပြမရသော အကြောက်တရားလှိုင်းလုံးက ရိုက်ခတ်လာသည်။ ဒါပေမဲ့ ဒါတွေအားလုံးက သူမအတွက် လုပ်ပေးခဲ့တာဆိုတာ သိလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
"ဒါဆို... ရှီဇီက အကြောင်းပြချက်ကို ပြောသွားသေးလား"
ပေါင်ချန်က တံတွေးထပ်မျိုချလိုက်ပြီး အတင်းပြုံးပြလိုက်သည်။
"သခင်လေးက ချွင်းရီဟာ သူ့နေရာသူမသိဘူး၊ စည်းကမ်းတွေကို နားမလည်ဘူး၊ ပြီးတော့ အိမ်တော်က ကိစ္စတွေကို အပြင်လူတွေဆီ ပေါက်ကြားစေခဲ့တယ်လို့ ပြောတယ်။ သူ(မ)က ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာမို့ တခြားလူတွေ မှတ်လောက်သားလောက်ဖြစ်အောင် အပြစ်ပေးလိုက်တာပါတဲ့"
ရွှယ်နင်က အံ့ဩတကြီးဖြင့် "အာ" ဟု တိုးတိုးလေး အာမေဍိတ်သံပြုလိုက်သည်။
"တစ်နည်းအားဖြင့် ကြည့်ရင် ငါလည်း အပြစ်ရှိတာပါပဲ။ ငါသာ သူ(မ)ကို သွေးခုန်နှုန်းစမ်းခိုင်းတာမျိုး မလုပ်ခဲ့ရင် ကိစ္စတွေ ဒီလောက်ထိ ကြီးကျယ်လာမှာ မဟုတ်ဘူး"
သူမကဲ့သို့ပင် ဖြူဖျော့သွားတဲ့ သခင်မလေး၏ မျက်နှာကို ကြည့်ရင်း ပေါင်ချန်က ပြောလိုက်၏။
"စိတ်မပူပါနဲ့ သခင်မလေးရဲ့။ ဖူရှန်းပြောတာတော့ သခင်လေးက စည်းကမ်းမရှိတဲ့ အစေခံတွေကိုပဲ ဒီလိုရက်စက်တာပါတဲ့။ ကျွန်မတို့ကိုတော့ အဲဒီလို လုပ်မှာမဟုတ်ပါဘူး"
ရွှယ်နင်က နှုတ်ခမ်းကိုစေ့ကာ -
"ပေါင်ချန်... နင် ဖူရှန်းကို မေးဖူးလား... အားချဲ့က အရင်ကတည်းက ဒီလိုပဲလားလို့"
ပေါင်ချန်က ပြန်ဖြေသည်။
"ဖူရှန်းပြောတာတော့ သခင်လေးက အမြဲတမ်း ညှာတာမှုကင်းမဲ့တာပါတဲ့"
ရွှယ်နင် စကားပင်ဆို့သွားပြီး -
"သူက အေးစက်စက်နိုင်မှန်း သိပေမယ့် ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး"
ပေါင်ချန်က ဆက်ပြောသည်။
"ဒါပေမဲ့ ဖူရှန်းကလည်း သူ့သခင်မှာ သူ့စည်းကမ်းနဲ့သူရှိပြီး လူတွေကို စည်းမဲ့ကမ်းမဲ့ သတ်လေ့မရှိဘူးလို့ ပြောပါတယ်"
"အော်..."
ရွှယ်နင်က အနေခက်သလို ယဉ်ကျေးလှပသော အပြုံးလေးတစ်ခုကို ပြုံးပြလိုက်သည်။
"အဲဒီလိုလား"
"ဒါ့အပြင် သခင်မလေးက သူ့ဇနီးပဲဟာ။ သူ ဘယ်သူ့ကိုပဲ သတ်သတ်၊ သခင်မလေးကိုတော့ သတ်မှာမဟုတ်ပါဘူး ဟုတ်တယ်မလား"
ပေါင်ချန်ကတော့ ထိုအချက်ကို အတော်လေး ယုံကြည်ချက်ရှိနေပုံရသည်။
ရွှယ်နင်က သက်ပြင်းချလိုက်၏။
"ပေါင်ချန်... နင် အားရင် ဖူရှန်းဆီကနေ အားချဲ့ရဲ့ အတိတ်အကြောင်းကို တိုးတိုးတိတ်တိတ် စုံစမ်းကြည့်ဦး။ ငါတို့တွေ ဒီအိမ်တော်ကို ရောက်လာမှတော့ အားချဲ့အကြောင်း ပိုသိထားတာ ပိုကောင်းတာပေါ့"
မဟုတ်ရင် တစ်နေ့နေ့မှာ မတော်တဆ သူ့ကို စိတ်ဆိုးအောင်လုပ်မိရင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမ တကယ်ပဲ ရူးသွပ်သွားခဲ့ပုံရပြီး အားချဲ့က သူမအပေါ် အကန့်အသတ်မရှိ အလိုလိုက်လိမ့်မယ်လို့ တကယ်ကြီး ယုံကြည်နေခဲ့မိတယ်။
"သခင်မလေး စိတ်မပူပါနဲ့။ ဖူရှန်းက ဒီနေ့ အိမ်မှာ နားနေတာ။ ခဏနေရင် ကျွန်မ သွားရှာပြီး မေးကြည့်လိုက်ပါ့မယ်"
ရွှယ်နင်က သေသေချာချာ မှာကြားလိုက်သည်။
"သတိထားပြီး စကားနှိုက်နော်။ ဖူရှန်း ရိပ်မိမသွားစေနဲ့ဦး"
"သခင်မလေး စိတ်မပူပါနဲ့။ ကျွန်မက လည်ပါတယ်။ သွားရင် ဝိုင်တစ်အိုးပါ ယူသွားမှာပေါ့"
ပေါင်ချန်ကတော့ ပွင့်လင်းသည်။ ဖူရှန်းက သူမနှင့် အဆင်ပြေပြေရှိသဖြင့် ဝိုင်အနည်းငယ် သောက်ပြီးသွားလျှင် ဘာမှဖုံးကွယ်ထားမည်မဟုတ်ကြောင်း သူမ ယုံကြည်နေ၏။
ရွှယ်နင် အနည်းငယ် စိတ်အေးသွားခဲ့သည်။ သူမကိုယ်တိုင်လည်း မူလက ချွင်းရီကို အပြစ်ပေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
အားချဲ့က သူမအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပြီးပြီဖြစ်၍ ဤကိစ္စကို လက်စသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အခုမှစပြီးတော့ ကျိုယင်းဆောင်သို့ ဝင်ထွက်သွားလာသူတိုင်းကို သူမ သတိကြီးကြီးထားရလိမ့်မယ်။ ဒီထက်ပိုပြီး နိုးနိုးကြားကြားမရှိဘဲ ရိုးအ သွားလို့ မဖြစ်တော့ဘူး။
စုကျန်းအနေဖြင့် သူမ၏ အဆောင်ဝင်းအတွင်းသို့ ဩဇာသက်ရောက်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။
ဆေးသောက်ပြီး ချွေးထွက်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပေါ့ပါးသွားခဲ့သော်လည်း အစားတော့ သိပ်မဝင်သေးပေ။
ထိုအချိန်မှာပင် အိမ်ရှေ့ဝင်းဘက်မှ သတင်းတစ်ခု ရောက်လာပြန်သည်။ ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ရှီဇီ၏ဇနီးသည် အိမ်တော်၏ စတုတ္ထမြောက် သခင်မလေးကို ခေါ်ဆောင်ကာ ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်သည်ဟူ၏။
"ထူးဆန်းလိုက်တာ"
ပေါင်ချန်က စိတ်လှုပ်ရှားသွားပြီး နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။
"မနေ့က မင်းသမီးရှို့နင်းက အရမ်း မောက်မာ စော်ကားနေခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘာလို့ ကိုယ်တိုင် လာတာလဲမသိဘူး"
ဘာပဲဖြစ်ဖြစ် သူမလိုလူမျိုးက ဘယ်တော့မှ အလွယ်တကူ ခေါင်းငုံ့တတ်သူ မဟုတ်ပေ။
အရင်ဘဝတုန်းက တွေ့ဆုံမှုတိုင်းတွင် ရွှယ်နင်က သူမ၏လက်ထဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတယ်။
နောက်ဆုံးတွင်လည်း သူမနှင့် သူမဝမ်းထဲမှ ကလေးကြောင့်ပဲ ရွှယ်နင် တုန်းကျင်းမြို့ကနေ မောင်းထုတ်ခံခဲ့ရတာ။
ရွှယ်နင်က သူမ၏ လှပသော မျက်ခုံးတန်းလေးကို ပင့်လိုက်သည်။
"သေချာလို့လား"
အိမ်တော်ထိန်းက ပြုံး၍ ပြန်ဖြေသည်။
"ရွှမ်းယီနယ်စားမင်းအိမ်တော်က မင်းသမီးရှို့နင်းနဲ့ စတုတ္ထသခင်မလေးတို့ အမှန်အကန်ပါပဲ။ သခင်မလေး သူတို့ကို တွေ့ချင်ပါသလား"
ရွှယ်နင်က လိုဟန်ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်။ နွေဦးအစ၏ အအေးဒဏ်က ကျန်ရှိနေသေးသဖြင့် သူမက ဒေါင်းမြီးကွက်ရွှေချည်ထိုး သားမွေးဝတ်ရုံကြီးကို ခြုံထားပြီး စွပ်ပြုတ်ပူပူတစ်ခွက်ကို ကိုင်ထားရင်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် မျက်နှာမမော့ဘဲ ပြောလိုက်၏။
"မနေ့ညက မိုးမိပြီး နေမကောင်းဖြစ်နေတယ်။ သူတို့က တကယ်ပဲ နောင်တရလို့ လာတောင်းပန်တာဆိုမှတော့ မင်းသမီးနဲ့ စတုတ္ထညီမတို့ကို အပြင်မှာ ခဏစောင့်ခိုင်းလိုက်ပါ"
"သခင်မလေး... သူတို့ကို ဧည့်ခန်းထဲကို မဖိတ်ဘူးလား"
"မလိုပါဘူး။ အိမ်တော်တံခါးမကြီးရဲ့ အပြင်ဘက်မှာပဲ စောင့်ခိုင်းလိုက်"
အိမ်တော်ထိန်းက သူ့သခင်မလေးကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။
"ဟုတ်ကဲ့ပါ"
သူက ပြန်ထူးကာ အခန်းထဲမှ အမြန်ခြေလှမ်းများဖြင့် ထွက်သွားတော့သည်။
အင်း... ရွှမ်းယီနယ်စားမင်းအိမ်တော်က ဝေခွဲမရဖြစ်တတ်တဲ့ အိမ်တော်ထိန်းတွေထက်စာရင် အများကြီး ပိုကောင်းတာပေါ့။
ရွှယ်နင်က ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ကြာကြာနေလေလေ၊ ဤနေရာ၏ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းမှုကို ပို၍သဘောကျလာလေလေဖြစ်သည်။
ပေါင်ချန်ကတော့ မနေ့ကိစ္စအတွက် ဒေါသမပြေနိုင်သေးဘဲ ညည်းညူလိုက်သည်။
"သခင်မလေးက ဘာလို့ သူတို့ကို အထဲခေါ်ပြီး ခံခဲ့ရတာတွေ ပြန်မဆပ်ရတာလဲ"
ရွှယ်နင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း -
"အဲဒီလိုလုပ်ရင် ပျင်းစရာကောင်းမှာပေါ့"
ပေါင်ချန် ဝေခွဲမရဖြစ်သွားသည်။
"ဒါဆို သခင်မလေးရဲ့ အဓိပ္ပာယ်က—"
"မင်းသမီးရှို့နင်းကို ဘယ်သူက လာတောင်းပန်ခိုင်းလဲဆိုတာ ငါမသိပေမဲ့... ရှို့နင်းရဲ့ အကျင့်ကိုတော့ ငါကောင်းကောင်းသိတယ်"
ရွှယ်နင်၏ မျက်ဝန်းများက ကြည်လင်တောက်ပနေသည်။
ရှဲ့နင်းထန်က အရှုံးပေးတတ်သူမဟုတ်ဘဲ ရက်စက်ပြီး ကောက်ကျစ်သူပင်။
ဒီနေ့မှာတော့ မင်းသားရီက သူမ၏(ရွှယ်နင်)ယောက္ခမဖြစ်သူ နယ်စားမင်းနှင့် ဆက်ဆံရေး ပျက်ပြားမည်ကို စိုးရိမ်သဖြင့် ရှဲ့နင်းထန်ကို လာခိုင်းခြင်း ဖြစ်နိုင်သလို၊ မဟုတ်ပါက သူမကိုယ်တိုင်က အားနွဲ့သနားစဖွယ် ဟန်ဆောင်ကာ ရွှယ်နင်အပေါ် အပြစ်ပုံချရန် တမင်သက်သက် ရောက်လာခြင်းလည်း ဖြစ်နိုင်တယ်။
မဟုတ်လျှင် စုကျန်းက သူမအပေါ် သနားစိတ်ပြန်ဝင်လာပြီး ရွှယ်နင်ကို ဒုက္ခပေးလာနိုင်၏။
မနေ့က ရထားလုံးထဲမှာ စုကျန်းနှင့် သူ့ဇနီးကို သူမ၏ အဆောင်ဝင်းအတွင်း ခြေမချစေရဟု ကျိန်ဆိုခဲ့ပြီးသား။
ရှဲ့နင်းထန်က ဟန်ဆောင်ချင်နေမှတော့ သူမအလိုအတိုင်း လွှတ်ထားပေးလိုက်ရုံပေါ့။ တုန်းကျင်းမြို့က အထက်တန်းလွှာအသိုင်းအဝိုင်းရှေ့မှာပဲ သူမကို ကောင်းကောင်းကြီး ပြဇာတ်ကပြခွင့် ပေးလိုက်မယ်။