အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆) လူဆိုးတစ်ယောက် ဖြစ်ခြင်း
"သူ(မ)ကို ငါ့ရှေ့လာပြီး ဟန်ဆောင်ပန်ဆောင်နဲ့ လာတောင်းပန်ခိုင်းမယ့်အစား အပြင်မှာပဲ ပြဇာတ်တစ်ပုဒ်ကို အဆုံးထိ ကပြခိုင်းလိုက်တာက ပိုကောင်းပါတယ်။ သူ(မ)က လောကမှာ အနူးညံ့ဆုံး၊ ကိုယ်ကျင့်တရားအကောင်းဆုံးနဲ့ အယဉ်ကျေးဆုံး သခင်မတစ်ယောက်အနေနဲ့ ပြသချင်တဲ့ နာမည်ကောင်းရထားတဲ့သူ မဟုတ်ဘူးလား။ ဒါဆိုလည်း သူ(မ )လုပ်ချင်တာ လုပ်ပါစေပေါ့။"
"ဒါပေမဲ့ အိမ်နီးနားချင်းတွေက မြင်သွားရင် သခင်မလေးကို သဘောထားသေးသိမ်ပြီး သည်းခံစိတ်မရှိဘူးလို့ ကွယ်ရာမှာ အတင်းပြောကြမှာ မစိုးရိမ်ဘူးလား"
ရွှယ်နင်က စွပ်ပြုတ်ပူပူတစ်ခွက်ကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"လူကောင်းတစ်ယောက်ဖြစ်ရတာက လူဆိုးတစ်ယောက်ဖြစ်ရတာလောက် စိတ်ဝင်စားစရာ မကောင်းပါဘူး။ သူတို့ ပြောချင်တာ ပြောပါစေ၊ အရေးကြီးတာက ကိုယ့်ဘဝကို ကိုယ်ကောင်းကောင်း ရှင်သန်နိုင်ဖို့ပဲ။"
ထိုအခါမှသာ ပေါင်ချန် နားလည်သဘောပေါက်သွားသည်။ ခဏလောက်ကြာပြီးနောက် သူမက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။
"သခင်မလေး၊ တကယ်ပဲ ပြောင်းလဲသွားပြီ။ ကျွန်မ ပိုပိုပြီး သဘောကျလာရတဲ့သူ တစ်ယောက် ဖြစ်လာပြီပဲ"
ရွှယ်နင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
"ကဲပါ၊ နင့်သခင်မကို မြှောက်ပင့်နေစရာ မလိုပါဘူး။ ငါ့အတွက် ရေချိုးဖို့ ပြင်ပေးချေ။ ချွေးတွေ ရွှဲနေပြီ၊ အခုချက်ချင်း ရေမချိုးရင် အနံ့နံတော့မယ်။ နောက်မှ အားချဲ့ သတိထားမိသွားတာမျိုး မဖြစ်ချင်ဘူး။"
ပေါင်ချန်က အမြန်ရယ်မောလိုက်သည်။
"သခင်မလေးက လုံးဝ အနံ့မနံပါဘူး။ သခင်မလေးဆီမှာ ထူးခြားတဲ့ အနံ့လေးရှိတယ်— ချွေးတွေ အများကြီးထွက်နေရင်တောင် မွှေးနေတုန်းပဲ"
ရွှယ်နင် စိတ်သက်သာရာ ရသွားသည်။
"စကားများတဲ့ ကောင်မလေး... အချိုဆွဲနေတာတွေ ရပ်ပြီး မြန်မြန်သွားလုပ်တော့။"
ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ရွှယ်နင်သည် ခြေဗလာဖြင့် သူမ၏ စာရေးစားပွဲနောက်သို့ လျှောက်သွားလိုက်သည်။
သူမ၏ စာအုပ်စင်ပေါ်တွင် ပုံပြင်စာအုပ်တန်းများစွာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ နေရာယူထားတာကို သူမ သတိထားမိလိုက်၏။
အလယ်တန်းများတွင်မူ သာ့ယုံခေတ် ပညာရှင်များ အနှစ်သက်ဆုံးဖြစ်သော ဂန္ထဝင်စာပေများ၊ သမိုင်းမှတ်တမ်းများနှင့် ဒဿနိကဗေဒဆိုင်ရာ စာအုပ်များ ရှိနေသည်။
နာမည်ကျော် ဆရာကြီးများ၏ ကဗျာပေါင်းချုပ်များလည်း ရှိနေပြီး သူမ၏ ပုံပြင်စာအုပ်များဘေးတွင် ကပ်လျက် ထားရှိထားသည်။
ထိုအမျိုးသားက သူမအပေါ် ဒီလောက်ကောင်းမွန်စွာ ဆက်ဆံပေမယ့် မနေ့က မိုးရွာတဲ့ညမှာ သူတို့ ဘာတွေပြောခဲ့ကြသလဲဆိုတာကို သူမ လုံးဝ မသိခဲ့ပေ။
ရွှယ်နင်က ဖြူဖျော့နေသော နှုတ်ခမ်းများဖြင့် စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ကြုံရာစာမျက်နှာတစ်ခုကို လှန်ကြည့်လိုက်၏။ ထိုစာအုပ်ထဲတွင် ထိုခေတ်က ပညာရှင်များနှင့် မိန်းမပျိုလေးများကြားမှ ရေပန်းစားသော အချစ်ဇာတ်လမ်းများဖြင့် ပြည့်နှက်နေသည်။
ဒီနေ့ နေထိုင်မကောင်းဖြစ်နေသဖြင့် စာမျက်နှာအနည်းငယ် ဖတ်ပြီးသည်နှင့် သူမ စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
သူမ နေ့လယ်စာစားရန် ထိုင်လိုက်မည်အပြုတွင် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
ပိုးထည်အင်္ကျီကို ဝတ်ဆင်ထားပြီး တည်ကြည်သော အသွင်အပြင်ရှိသည့် အထိန်းတော်ကြီးတစ်ဦးက မားမားမတ်မတ် ကိုယ်နေဟန်ထားဖြင့် ဝင်လာသည်။
ထိုအမျိုးသမီးကြီး၏ မျက်နှာအမူအရာမှာ အေးစက်ပြီး အနည်းငယ် တင်းမာနေ၏။
ရွှယ်နင်ကို မြင်တဲ့အခါ သူမက ဝတ်ကျေတမ်းကျေသာ အရိုအသေပေးလိုက်သည်။
"မနေ့က ဖန့်လိုစားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သခင်မက သခင်မလေးကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
လာရမယ့်အရာကတော့ နောက်ဆုံး ရောက်လာခဲ့ပြီ။
ပေါင်ချန်က စိုးရိမ်တကြီးဖြစ်သွားပြီး ချက်ချင်းပင် ပူပန်လာသည်။
"သခင်မလေး... သခင်မဝမ်က ဆက်ဆံရအရမ်းခက်တယ်လို့ ကြားဖူးတယ်။ ကျွန်မ သွားပြီး ဖူရှန်းကို သွားခေါ်လိုက်ရမလား"
အထိန်းတော်ကြီးလီသည် နယ်စားမင်း၏ လူဖြစ်သောကြောင့် ပေါင်ချန် ဘာပဲပြောပြော သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။
ရွှယ်နင်က အကူအညီတောင်းရန် ဖူရှန်းကို ခေါ်ချင်သည်ဖြစ်စေ၊ မခေါ်ချင်သည်ဖြစ်စေ သူမ ဝင်စွက်ဖက်မည် မဟုတ်ချေ။
သခင်မဝမ်၏ ဘေးတွင် အစေခံရသူများအားလုံးက နှုတ်လုံကြသူများဖြစ်၏။
ဤတစ်ကြိမ်တွင် ဖူရှန်း၏ အကူအညီကိုသာ ရယူလိုက်ပါက နောင်တွင် သခင်မဝမ်နှင့် နီးစပ်ရန် အခွင့်အရေး လုံးဝ ဆုံးရှုံးသွားလိမ့်မယ်ဆိုတာကို ရွှယ်နင် လျင်မြန်စွာ ရိပ်မိလိုက်သည်။
"သခင်မလေး၊ ကျွန်မ အခုချက်ချင်း သွားလိုက်မယ်—"
"ပေါင်ချန်... ပြန်လာခဲ့"
ရွှယ်နင်က သူမ၏ တူများကို ချလိုက်သည်။
"ငါ အခုပဲ သွားလိုက်မယ်။"
အထိန်းတော်ကြီးလီသည် လီလင်းဖုန်းကိုယ်တိုင် သခင်မဝမ်ကို အလုပ်အကျွေးပြုရန် အထူးတာဝန်ပေးအပ်ထားသူ ဖြစ်သည်။
ထို့ကြောင့် သူမက အိမ်တော်ရှိ အခြားအစေခံများထက် အဆင့်အတန်း များစွာပိုမြင့်လေသည်။ သူမ၏ သန်စွမ်းဖျတ်လတ်သော အသွင်အပြင်ကို ကြည့်ရလျှင် သိုင်းပညာလည်း တတ်ကျွမ်းပုံရ၏။
ရွှယ်နင်က သူမနောက်မှ ကပ်လျက်လိုက်ပါသွားရာ မကြာမီ မင်ဟွားဆောင်သို့ ရောက်ရှိသွားသည်။
သခင်မဝမ်သည် ခရမ်းရောင်စန္ဒကူးသစ်သား လိုဟန်ကုတင်ပေါ်တွင် ထိုင်နေပြီး အညိုရောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူမ၏ ဝတ်စားဆင်ယင်မှုက ခေတ်ဟောင်းပုံစံပေါက်နေသော်လည်း ထိုအရာကပင် သူမ၏ နှင်းပွင့်ပမာ ဖြူဖွေးသောအသားအရေနှင့် အေးစက်ကြော့ရှင်းသော အသွင်အပြင်ကို ပိုမိုပေါ်လွင်စေသည်။ သူမမျက်ခုံးနှစ်ခုကြားရှိ ရင်သပ်ရှုမောဖွယ် အလှတရားမှာ လီချန်ချဲ့နှင့် တစ်ထေရာတည်းပင် တူညီ၏။
ရွှယ်နင် အတွင်းဆောင်ထဲသို့ ဝင်သွားချိန်တွင် လီချန်လင်လည်း ထိုနေရာ၌ ရှိနေတာကို သတိထားမိလိုက်သည်။
"ခယ်မလေး ကျန်းမာရဲ့လား"
လီချန်လင်သည် နာတာရှည်ရောဂါသည် ဖြစ်သော်လည်း နူးညံ့သိမ်မွေ့ကာ ဖော်ရွေပျူငှာသူဖြစ်သည်။
လီချန်ချဲ့လောက် ရုပ်ရည်မချောမောသော်လည်း သူက အလွန်အမင်း ပိန်ပါးနေသည်မှလွဲ၍ ကြော့ရှင်းသေသပ်ဆဲပင်။
ရွှယ်နင်က သူ့ကို အတော်လေး သဘောကျမိတယ်။ သူမက အနည်းငယ် အရိုအသေပေးလိုက်ပြီး နူးညံ့စွာ ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ဂါရဝပြုပါတယ် အမေ။ ဂါရဝပြုပါတယ် အစ်ကိုကြီး"
ရွှယ်နင် ဤအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာတာ အတန်ကြာပြီဖြစ်သော်လည်း လီချန်ချဲ့က သူမကို ကျိုယင်းဆောင်တွင်သာ အောင်းနေစေပြီး ဘယ်သူ့ကိုမှ လာရောက်တွေ့ဆုံခွင့် မပေးခဲ့ပေ။
သူမအတွက် မနက်ပိုင်းနှင့် ညပိုင်း အရိုအသေပေးခြင်းများကို ကင်းလွတ်ခွင့်ပြုရန် မိခင်ဖြစ်သူကိုပင် အတင်းအကျပ် ဖိအားပေးခဲ့သဖြင့် သားအမိနှစ်ယောက်ကြားတွင် အသံတိတ် စစ်ခင်းနေခဲ့ကြသည်။
လီချန်လင်ကိုယ်တိုင်လည်း ဤခယ်မဖြစ်သူနှင့် ရင်းနှီးအောင် အရင်စတင်ချဉ်းကပ်ရန် ခက်ခဲနေခဲ့သည်။
ယနေ့တွင် လီချန်ချဲ့ မရှိသဖြင့် ၎င်းမှာ အခွင့်ကောင်းတစ်ရပ် ဖြစ်လာခဲ့သည်။
"တုန်းကျင်းမြို့ရဲ့ နွေဦးမိုးဖွဲလေးတွေက တိတ်နိုင်ပုံမရဘူး။ ခယ်မရဲ့ ကိုယ်ခံအားက နုနယ်တယ်ဆိုတော့ အနွေးထည် ပိုဝတ်ဖို့ မမေ့နဲ့ဦး။ အိမ်တော်မှာ ဒီရက်ပိုင်း နေထိုင်ရတာ သက်တောင့်သက်သာ ရှိရဲ့လား"
ရွှယ်နင်က ရိုကျိုးလွန်းခြင်း၊ မောက်မာလွန်းခြင်းမရှိသော ဟန်ဖြင့် ပြန်ဖြေလိုက်၏။
"အစ်ကိုကြီးလည်း ကျန်းမာရေးကို ဂရုစိုက်ပါဦး။ အိမ်တော်က အစစအရာရာ အဆင်ပြေပါတယ်။ အားချဲ့ ကိုယ်တိုင် အစားအသောက်တွေကို စီစဉ်ပေးထားပြီး မီးဖိုဆောင်လေးက စားဖိုမှူးတွေကလည်း ဟင်းချက် တော်တော်ကျွမ်းကျင်ကြပါတယ်"
"ကိုယ့်ကို အခုလို ဂရုတစိုက်ရှိပေးလို့ ကျေးဇူးပါ။ ကိုယ့်ကျန်းမာရေးက ဒီလိုဖြစ်နေတာ ကြာလှပါပြီ... ဖြစ်ချင်သလိုသာ ဖြစ်ပါစေတော့"
"အစ်ကိုကြီးက အိမ်တော်ထဲမှာပဲ တစ်နှစ်ပတ်လုံး အောင်းနေတာလေ။ စိတ်အခြေအနေမကောင်းရင် ကျန်းမာရေးလည်း တိုးတက်လာမှာ မဟုတ်ဘူး။ ဒီလို သာယာတဲ့ နွေဦးရာသီလေးကို အခွင့်ကောင်းယူပြီး အပြင်ကို ပိုထွက်သင့်—"
လီချန်ချဲ့၏ နာမည်ကို ကြားလိုက်ရသဖြင့် သခင်မဝမ်မှာ စိတ်မရှည်ဖြစ်လာကာ မျက်မှောင်ကြုတ်၍ ရွှယ်နင်၏ စကားကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
"အားလင်ရဲ့ ကိစ္စတွေက မင်း ဝင်ပါစရာမလိုဘူး။ မင်းကိစ္စကိုပဲ မင်းပူတာ ပိုကောင်းမယ်"
ထင်သည့်အတိုင်းပင် ဖန့်လိုစားသောက်ဆိုင်မှ ကိစ္စက သခင်မဝမ်၏ နားဆီသို့ ရောက်နှင့်နေပြီ။
လီချန်လင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး ရွှယ်နင်ကို စိတ်အေးအေးထားရန် အကြည့်ဖြင့် အချက်ပြလိုက်သည်။
ရွှယ်နင် နားလည်သွားကာ သူမ၏ မျက်ဝန်းများထဲတွင် ရယ်ချင်သည့် အရိပ်အယောင်တစ်ခု ခပ်ရေးရေး ဖြတ်ပြေးသွားသည်။
သခင်မဝမ်သည် လီချန်ချဲ့နှင့် ဆင်တူသည်ကို မြင်လိုက်ရကတည်းက ရွှယ်နင်၏ ရင်ထဲမှ ကြောက်ရွံ့စိတ်များမှာ အတော်အတန် လျော့ပါးသွားခဲ့ပြီ။
ထို့အပြင် သူမ ဝင်လာသည့် အချိန်မှစပြီး ဘယ်လိုရန်လိုသည့် အရိပ်အယောင်မျှလည်း မခံစားရချေ။
ဝမ်ရှို့ဆောင်ရှိ သခင်မကြီးရှဲ့ထံသို့ သွားရောက်တွေ့ဆုံရသည့် အကြိမ်တိုင်းနှင့် နှိုင်းယှဉ်လျှင် သခင်မဝမ်က ပို၍ သဘောကျဖွယ်ကောင်းတဲ့ အထင်အမြင်မျိုးကို ပေးစွမ်း၏။
သူမက အမွှေးထောင်ရုံမျှသာ တတ်သည့် အထက်တန်းလွှာကြောင်တစ်ကောင်နှင့် တူလှသည်— စိတ်တိုတတ်ပုံ ပေါ်သော်လည်း အမှန်စင်စစ် ဝမ်မိသားစုမှ ဆင်းသက်လာသူ မဟုတ်လား။ ဘယ်လောက်အထိ ဆိုးသွမ်းနိုင်မှာလဲ။
ဒါ့အပြင် အခု သူမက အားချဲ့ရဲ့ ဇနီး၊ ကျန်းကော်နယ်စားမင်းအိမ်တော်ရဲ့ ရှီဇီကတော် ဖြစ်နေပြီ။
သခင်မဝမ်က သူမကို အမှန်တကယ် အပြစ်ပေးရန် ကြံရွယ်လျှင်လည်း အားချဲ့ကိုပဲ ဒိုင်းအဖြစ် အသုံးပြုလိုက်ရုံပင်။
"အမေ... မနေ့က ဖန့်လိုစားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ပြောတာလားဟင်"
သခင်မဝမ်၏ မျက်နှာ ညိုမှောင်သွားသည်။
"မင်းရဲ့ လက်ကို ပြစမ်း"
ရွှယ်နင်က ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၍ လိမ္မာသိတတ်စွာဖြင့် လက်မောင်းကို ဆန့်ထုတ်ကာ အပျိုစင်အမှတ်အသားကို ပွင့်ပွင့်လင်းလင်း ပြသလိုက်သည်။
လီချန်လင်ကမူ လူကြီးလူကောင်း ပီသစွာဖြင့် အကြည့်ကို လွှဲလိုက်လေသည်။
သခင်မဝမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
"ဒါဆိုရင် မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့မှာ ကျိုယင်းဆောင်ကနေ ပို့လိုက်တဲ့ မင်္ဂလာဦးည အခင်းစက ဘာအဓိပ္ပာယ်လဲ"
ရွှယ်နင်က ဝေခွဲမရဖြစ်နေသည့် မျက်နှာဖြင့်-
"ဘယ်အိပ်ရာခင်းစလဲဟင်"
ရွှယ်နင်က ဒီလိုမျိုး ပွင့်လင်းစွာ မသိနားမလည် ဟန်ဆောင်လိမ့်မည်ဟု သခင်မဝမ် မမျှော်လင့်ထားသဖြင့် ရင်ထဲတွင် စကားပင် ဆို့သွားသည်။
"မင်းက မင်္ဂလာဦးည အခင်းစဆိုတာ ဘာလဲတောင် မသိဘူးပေါ့ ဟုတ်လား"
ရွှယ်နင်က ခေတ္တမျှ တုံ့ဆိုင်းသွား၏။
"ကျွန်မ မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့တာပါ။ စုမိသားစုကနေ အိမ်ထောင်ပြုလာတုန်းကလည်း သခင်မကျန်းက ရိုးရှင်းတဲ့ အိပ်ယာထဲက ကိစ္စအချို့ပဲ သင်ပေးခဲ့တာမို့—"
"အမေ..."
စကားဝိုင်းက လင်မယားကြားက ကိစ္စရပ်များဆီသို့ ရောက်ရှိလာသဖြင့် လီချန်လင်က ခပ်ဖွဖွ ချောင်းဆိုးလိုက်ပြီး သူ့ရဲ့ ချောမောသော မျက်နှာက အနည်းငယ် နီမြန်းသွားသည်။
"ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး"
သခင်မဝမ်က လက်ဝှေ့ယမ်းပြလိုက်ရင်း သူ့ကို ညင်သာစွာ သတိပေးလိုက်သည်။
"သား... ဆေးသောက်ဖို့ မမေ့နဲ့ဦးနော်"
လီချန်လင်က ရိုသေစွာဖြင့် လက်သီးဆုပ်လိုက်သည်။
"ခယ်မလေးက ငယ်သေးတာမလို့ အမေပဲ သေသေချာချာ သွန်သင်ပေးပါ၊ သဟဇာတဖြစ်မှုကို မထိခိုက်ပါစေနဲ့"
သခင်မဝမ်က ခံစားချက်ကင်းမဲ့စွာဖြင့် မျက်လုံးတစ်ချက် ဝေ့လိုက်သည်။
"သူ(မ)က လီချန်ချဲ့ရဲ့ လူပဲဟာ၊ ငါက သူ(မ)ကို ဘာလုပ်နိုင်မှာမို့လဲ။ ကဲပါ... သွားတော့။ ရီကွမ်းကို မင်းရဲ့ အဆောင်ကို လိုက်ပို့ခိုင်းလိုက်မယ်။ ဒီရက်ပိုင်း အပြင်မှာ မိုးရွာနေလို့ ညနေပိုင်း ဂါရဝလာပြုနေစရာ မလိုဘူး။ အိပ်ရေးဝဝအိပ်ပြီး အိပ်ခါနီး ဆေးသောက်ဖို့လည်း မမေ့နဲ့ဦး"
လီချန်လင်က သက်ပြင်းချသလို မတတ်သာသဖြင့် ပြုံးလိုက်သည်။
"ဟုတ်ကဲ့ပါ အမေ"
လီချန်လင် ထွက်သွားပြီးနောက် ရွှယ်နင်က မသိနားမလည်ဘဲ ဝမ်းနည်းပူဆွေးနေသည့် မျက်နှာအမူအရာဖြင့် ထိုနေရာတွင်ပင် လိမ္မာသိတတ်စွာ ဆက်လက် မတ်တတ်ရပ်နေခဲ့သည်။
သခင်မဝမ်က ဒီလောက် ရိုကျိုးပြီး နာခံတတ်တဲ့ မိန်းကလေးမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ စကားတစ်လုံးမှ မပြောဘဲ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူမက အလွန်လိမ္မာပြီး သနားစရာကောင်း၏။
သို့သော် မကြာမီမှာပင် သူမ သတိပြန်ဝင်လာခဲ့သည်။ နေပါဦး— သူမက ရွှယ်နင်ကို သဘောကျလို့ ခေါ်ထားတာ မဟုတ်ဘဲ အပြစ်မေးဖို့ ခေါ်ထားတာလေ။ ဒါ့အပြင် ဒီနယ်စားမင်းအိမ်တော်ရဲ့ သခင်မတစ်ယောက်အနေဖြင့် ချွေးမဖြစ်သူရဲ့ရှေ့မှာ ယောက္ခမတစ်ယောက်၏ အရှိန်အဝါကို ပြသဖို့ လိုအပ်တယ်။
လီချန်ချဲ့က သူမကို အဖိုးတန် ပုလဲတစ်လုံးကဲ့သို့ ကာကွယ် စောင့်ရှောက်ထားပေမယ့် သူမကတော့ ရွှယ်နင်ကို ဒီနယ်စားမင်းအိမ်တော်မှာ သက်တောင့်သက်သာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်သွားခွင့်မပြုဘူးလို့ စိတ်ဆုံးဖြတ်ထားတယ်။