← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) ပထမဆုံးအကြိမ်မှာ သွေးမထွက်ခဲ့ခြင်း

သူမ၏မျက်နှာက ချက်ချင်းဆိုသလို အေးစက်သွားသည်။

"ငါ့ရှေ့မှာ လာပြီး နားမလည်ဟန် မဆောင်စမ်းပါနဲ့။ သနားစရာကောင်းအောင် ဟန်ဆောင်ပြီး ဒီကိစ္စကို လွတ်မြောက်သွားမယ်လို့ မထင်နဲ့။ အမှန်အတိုင်း ဝန်ခံစမ်း— မင်း ဒီနယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်လာတာ နောက်ကွယ်က ရည်ရွယ်ချက် တစ်ခုခုရှိလို့လား"

ရွှယ်နင်က ပြန်ဖြေသည်။

"အမေ... အဲဒီလိုပြောတာက နည်းနည်း ထူးဆန်းနေပါတယ်"

သခင်မဝမ်က မေးလိုက်၏။

"ဘာက ထူးဆန်းနေလို့လဲ"

ရွှယ်နင်က နူးညံ့ညင်သာစွာ ပြောလိုက်သည်။

"ကျွန်မဆီမှာသာ နောက်ကွယ်က ရည်ရွယ်ချက် ရှိနေခဲ့ရင်... ခင်ပွန်းဖြစ်သူနဲ့ လင်မယားအဖြစ် နေနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ မဟုတ်ဘူးလား။ အခုလို အပျိုစင်ဖြစ်နေသေးတယ်ဆိုတဲ့ သတင်းကို အပြင်မှာ ပျံ့နှံ့စေပြီး ဘာလို့ အများလှောင်ပြောင်စရာ အဖြစ်ခံရမှာလဲ"

သခင်မဝမ် ဆွံ့အသွားရသည်။

"မင်း—မင်း—မင်း—"

ရွှယ်နင်၏ အကြောင်းပြချက်က တကယ်တော့ အတော်လေး ယုတ္တိရှိနေတာကို သူမ လက်ခံလိုက်ရတယ်။

"ဒါဆို မင်းက အပျိုစင်စစ်ဆေးတဲ့ အခင်းစအကြောင်းကိုတောင် ဘယ်လိုလုပ် မသိရတာလဲ"

ရွှယ်နင်က ရိုးသားဖြောင့်မတ်သော မျက်နှာဖြင့်-

"အမေ... ကျွန်မ တကယ် မသိခဲ့တာပါ"

သခင်မဝမ်၏ နှုတ်ခမ်းများ တွန့်သွားသည်။

"မိန်းမတစ်ယောက်က သူ(မ)ရဲ့အပျိုစင်ဘဝကို စွန့်လွှတ်ရချိန်မှာ သွေးထွက်တယ်ဆိုတာကိုရော မင်း မသိဘူးလား"

ဤသို့ပြောပြီးနောက် သူမက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ရွှယ်နင်၏ အပြစ်ကင်းစင်ပြီး တောက်ပနေတဲ့ မျက်ဝန်းနက်လေးများကို ရင်ဆိုင်လိုက်ရချိန်တွင်တော့ ဒီမိန်းကလေးအပေါ် သူမ အမှန်တကယ်ပဲ သနားစိတ် ဝင်သွားမိတယ်။

ဒါက ယုတ္တိမရှိတဲ့စကားဆိုတာ သေချာပါတယ်။ သူမက အပျိုစင်ဖြစ်နေသေးတာမလို့ အပျိုစင်ဘဝပျက်ချိန်မှာ သွေးထွက်တတ်တယ်ဆိုတာကို သဘာဝကျကျပဲ သူမ သိမှာမဟုတ်ဘူးလေ။

"ဒါဆို အခု နားလည်ပြီလား။ မင်္ဂလာဦးညမှာ မင်းတို့ရဲ့ မင်္ဂလာကုတင်ပေါ် တင်ထားတဲ့ အဖြူရောင် လေးထောင့်အခင်းစဆိုတာ နယ်စားမင်းအိမ်တော်ရဲ့ သခင်မက အပျိုစင် ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် သုံးတဲ့ အခင်းစပဲ။"

ရွှယ်နင် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ခဏလောက် အတွေးလွန်သွားသည်။

သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ အပင်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။

အရင်ဘဝက စုကျန်းနှင့် ပထမဆုံးအကြိမ် အတူနေခဲ့ရသည့် အချိန်ကို သူမ ရုတ်တရက် သတိရသွားသည်။

ထိုစဉ်က သူတို့နှစ်ယောက် လူမိသွားချိန်တွင် အခြေအနေများမှာ ဗြောင်းဆန်နေခဲ့ပြီး သူမ၏ အောက်တွင် မည်သည့်သွေးကိုမျှ သူမ မမြင်တွေ့ခဲ့ရပေ။

ထိုနောက် သခင်မကျန်းက သူမကို ချီယွင်ဆောင်သို့ ပြန်ခေါ်သွားချိန်တွင် အောက်ပိုင်းမှ မသဲမကွဲ နာကျင်မှုကိုသာ ခံစားရပြီး သွေးထွက်ခြင်း သို့မဟုတ် စုတ်ပြဲသွားခြင်း အရိပ်အယောင်များကို လုံးဝ မတွေ့ခဲ့ရပေ။

စုကျန်းက သူမကို အေးစက်စွာ ဆက်ဆံခဲ့ပြီး ထိုနောက်ပိုင်း အတူအိပ်ခဲ့ရသည့် အကြိမ်အနည်းငယ်တွင်လည်း သွေးထွက်လေ့ မရှိသလောက်ပင်။

ဒါဆို... သူမ ခန္ဓာကိုယ်က ဘာဖြစ်နေလို့လဲ။ ဘာလို့ သွေးမထွက်ခဲ့ရတာလဲ။

သူမက "အပျိုစင်" မဟုတ်လို့များ စုကျန်းက သူမကို နောက်ပိုင်းမှာ စိမ်းကားပြီး အေးစက်စက် ဆက်ဆံခဲ့တာလား။

ဒါပေမဲ့ သူမက တခြားဘယ်ယောကျ်ားနဲ့မှ မနေခဲ့ဖူးဘူးလေ။ အဲဒီအချိန်က သူမရဲ့ ပထမဆုံးအကြိမ်ဆိုတာ သူမ သေချာပေါက် သိနေတယ်။

ရွှယ်နင် နှုတ်ဆိတ်သွားတာကို မြင်တော့ သခင်မဝမ်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင်တော့ နားလည်သွားသည်။

ကြည့်ရတာ ဒီကောင်မလေးက ရိုးအလွန်းနေတယ်။ သူမက လီချန်ချဲ့ရဲ့ လှည့်စားမှုကို တကယ်ပဲ ခံခဲ့ရတာ ဖြစ်နိုင်တယ်။ သူ့အမေကို အရွဲ့တိုက်ဖို့အတွက် သူမကို လှည့်စားပြီး လက်ထပ်ခဲ့တာဖြစ်လို့ သူမကို ထိတွေ့ဖို့ လုံးဝ မရည်ရွယ်ခဲ့တာ ဖြစ်ရမယ်။

မနေ့က ဖန့်လိုစားသောက်ဆိုင်က ကိစ္စက အခုတော့ နေရာတိုင်းကို ပျံ့နှံ့နေပြီ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီကောင်မလေးပဲ အများလှောင်ပြောင်စရာ ဖြစ်သွားရပြီး ကျန်းကော်နယ်စားမင်းအိမ်တော်ကတော့ သိပ်ပြီး ထိခိုက်နစ်နာမှု မရှိခဲ့ဘူး။

ကျန်းကော်နယ်စားမင်းအိမ်တော် တိုးတက်ကြီးပွားနေတာကို မကြည့်နိုင်တဲ့ သူမက ယခု ရွှယ်နင်အပေါ် စာနာစိတ် အချို့ ဝင်လာခဲ့သည်။

ဒီကောင်မလေးကို သူမဘက်ပါအောင် ဆွဲဆောင်နိုင်ရင် မဆိုးဘူးလို့ သူမ တွေးလိုက်မိ၏။

ဒီလိုလုပ်လိုက်ရင် နောင်တစ်ချိန် လီချန်ချဲ့နဲ့ သူ့အဖေကို ရင်ဆိုင်တဲ့အခါ သူမအတွက် အားကိုးရမယ့် မဟာမိတ်တစ်ယောက် ရသွားမှာပဲ။

ဤသို့တွေးမိပြီး သခင်မဝမ်က လေသံကို နူးညံ့စွာ ပြောင်းလိုက်သည်။

"ဒီရက်ပိုင်း... မင်း ကိုယ်လက် သန့်ရှင်းရဲ့လား"

ရွှယ်နင်က အတွေးများထဲမှ ရုတ်တရက် သတိဝင်လာပြီး သူမ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားသည်။

"သန့်ရှင်းပါတယ်"

သခင်မကြီးဝမ်က နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်၏။

"ဒါဆို လီချန်ချဲ့က မင်းကို အခုထိ မထိရသေးဘူးပေါ့"

ရွှယ်နင်က သခင်မဝမ်နှင့် အဆင်ပြေအောင် နေရမည့်နည်းလမ်းကို ရှာတွေ့သွားပုံရသည်။ အားချဲ့နှင့် သူမ၏ဆက်ဆံရေး တင်းမာနေသရွေ့ သခင်မဝမ် ကျေနပ်နေမည်ဖြစ်သည်။ ထို့ကြောင့် သူမက သနားစဖွယ် မျက်နှာလေးလုပ်ကာ အလိုက်သင့်ပင် မျောလိုက်လေသည်။

"ဟုတ်ပါတယ် အမေ။ သူ ကျွန်မကို မထိပါဘူး။ အားချဲ့က ကျွန်မကို သဘောမကျလို့ ကျွန်မကို မထိတာပါ"

သခင်မဝမ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး-

"ဒါဆို မင်းက ဘာလို့ သူ့ကို လက်ထပ်ဖို့ သဘောတူခဲ့တာလဲ"

ရွှယ်နင်၏ မျက်ဝန်းများက နီရဲနေသည်။

"ကျွန်မကို ရွှမ်းယီနယ်စားမင်းအိမ်တော်ကနေ ခေါ်ထုတ်သွားပေးမယ်လို့ သူ ကတိပေးခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်မအစ်ကိုနဲ့ ရင်းနှီးတဲ့သူဆိုတော့ ကျွန်မကို နည်းနည်း ပိုပြီး ငဲ့ညှာပေးရုံပါ။ ဒါပေမဲ့ အိပ်ရာထဲမှာ သူ ကျွန်မကို ထိတွေ့ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ညဘက် တစ်ကုတင်တည်း အတူအိပ်ပေမဲ့ အမြဲတမ်း ခွဲအိပ်ကြတာပါ... နေ့ဘက်မှာတော့ ချစ်ခင်တဲ့ ဇနီးမောင်နှံတွေအဖြစ် ဟန်ဆောင်ကြရုံပါပဲ။ ကွယ်ရာမှာတော့ သူက ကျွန်မကို စကားတစ်ခွန်းတောင် မပြောပါဘူး"

သခင်မဝမ်က သူမရဲ့သားအကြောင်းကို ကောင်းကောင်းကြီး သိထားတယ်။

ဟယ်ကျန့်မှ ထင်ရှားသော မိသားစုကြီးများ၏ အထက်တန်းလွှာသမီးများထဲမှ တစ်ယောက်ကိုမျှ သူ မျက်စိကျခဲ့ဖူးခြင်း မရှိပေ။

သူ့ကို မြူဆွယ်ရန် ရဲတင်းသူတိုင်းလည်း သေမင်းနှင့်သာ သွားတွေ့ခဲ့ရတယ်။

ဒီရွှယ်နင်နှင့် ပတ်သက်လျှင်တော့ သူမမှာ လှပတဲ့ မျက်နှာလေး ရှိတာကတော့ အမှန်ပင်။

ဒါပေမဲ့ ရွှယ်နင်ရဲ့ စိတ်နေသဘောထားက လုံးဝ ပျော့ညံ့လွန်းတယ်။ သူမရဲ့ အေးစက်ပြီး ခံစားချက်ကင်းမဲ့တဲ့သားက ရွှယ်နင်ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။

သူမက ထိန်းချုပ်ရ လွယ်ကူပုံရပြီး လုစစ်လင်၏ ညီမဖြစ်နေခြင်းကြောင့်သာ သူမကို လက်ထပ်ခဲ့တာဖြစ်ပြီး၊ သူမ(သခင်မဝမ်)ကို ဒေါသထွက်စေရန် တမင်သက်သက် ခေါ်လာတာပဲ ဖြစ်ရမယ်။

"သူ မင်းကို တကယ်ပဲ တစ်ခါမှ မထိခဲ့ဘူးလား"

"မထိခဲ့ပါဘူး"

ရွှယ်နင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အခု လူပုံအလယ်မှာ ကျွန်မ အရှက်ခွဲခံလိုက်ရပြီဆိုတော့... အမေပဲ စဉ်းစားကြည့်ပါ၊ ကျွန်မလို မိန်းကလေးတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လို ရှင်သန်ရတော့မလဲ"

ရွှယ်နင်နှင့် လီချန်ချဲ့တို့က တကယ်ပဲ ဟန်ဆောင်ဇနီးမောင်နှံတွေဖြစ်ကြောင်း သိလိုက်ရသဖြင့် သခင်မဝမ် ကျေနပ်သွားကာ ရွှယ်နင်ကို သူမအနားသို့ ခေါ်လိုက်သည်။

အမှန်အတိုင်းပြောရရင် သူမက သမီးမိန်းကလေးတစ်ယောက် အမြဲတမ်း လိုချင်ခဲ့တာ။

ကံမကောင်းစွာဖြင့် သူမ၏ ခင်ပွန်းဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ပြီး... သူသေဆုံးရခြင်းမှာ လီလင်းဖုန်းကြောင့်ပင်။

လီချန်ချဲ့ကို မွေးဖွားခဲ့ရတာကပဲ သူမဘဝရဲ့ အကြီးမားဆုံး အရှက်ရစရာတစ်ခု ဖြစ်နေခဲ့ပြီမလို့ လီလင်းဖုန်းအတွက် ဒုတိယမြောက် ကလေးတစ်ယောက်ကို သူမ ဘယ်တော့မှ ထပ်မွေးပေးမှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူမ နောက်တစ်ကြိမ် ကိုယ်ဝန်မရနိုင်တော့စေရန် သူမရဲ့ ကိုယ်ပိုင်ကျန်းမာရေးကို ဖျက်ဆီးပစ်ခဲ့တယ်။

လူတွေက ချွေးမဆိုတာ သမီးတစ်ဝက်လို့ ပြောလေ့ရှိကြသည်။ ရွှယ်နင်သာ လိမ္မာနာခံမှုရှိမည်ဆိုလျှင် သူမကို သမီးအရင်းတစ်ယောက်လို ဆက်ဆံဖို့ သခင်မဝမ် ဝန်လေးမည် မဟုတ်ပေ။

"ကလေးလိမ္မာလေး... ဝမ်းနည်းမနေပါနဲ့"

သူမက ရွှယ်နင်၏ ကျောလေးကို ပုတ်ပေးလိုက်သည်။

"မင်း ဒီလိုအခြေအနေမျိုး ရောက်သွားရတာ လီချန်ချဲ့ရဲ့ အပြစ်တွေချည်းပဲ။ အခုချိန်ကစပြီး မင်းသာ ငါ့စကားကို နားထောင်မယ်ဆိုရင် မင်းရဲ့ လုံခြုံရေးကို ငါတာဝန်ယူပြီး ဒီကိစ္စကိုပါ ဖြေရှင်းပေးမယ်"

ရွှယ်နင်က မျက်လွှာချလိုက်ပြီး အသံထဲတွင် ငိုသံပါသွားစေရန် တမင်သက်သက် ဖန်တီးလိုက်သည်။

"အမေ... အဲဒါ တကယ်လားဟင်"

"ငါက မင်းကို ဘာကိစ္စ လိမ်ရမှာလဲ"

သခင်မဝမ်က ပြောသည်။

"ဒီနေ့ကစပြီး မင်း ငါနဲ့ ပိုပြီး ရင်းရင်းနှီးနှီး နေကြည့်ရင်ရော ဘယ်လိုလဲ"

ရွှယ်နင်က ကျေးဇူးတင်လွန်းသဖြင့် ချက်ချင်းပင် မျက်ရည်များ ပေါက်ခနဲ ကျလာကာ၊ နီရဲပြီး မျက်ရည်ဝဲနေသော မျက်ဝန်းများကို ပင့်မော့လျက် သခင်မဝမ်အား ရိုးသားပွင့်လင်းစွာ စိုက်ကြည့်လိုက်သည်။

"အဲဒီလိုဆိုရင် သိပ်ကောင်းမှာပဲ။ ကျွန်မက ငယ်ငယ်လေးကတည်းက အမေ့ကို ဆုံးရှုံးခဲ့ရလို့ အမေတစ်ယောက် ရှိလာဖို့ အမြဲဆုတောင်းခဲ့ရတာ။ အမေ... ကျွန်မ အမေ့ကို 'မာမား' လို့ ခေါ်လို့ရမလားဟင်"

သခင်မဝမ်သည် ရွှယ်နင် ဒီလောက်အထိ ရိုးသားပွင့်လင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ တောင်းဆိုနေသည့် ထိုမျက်ဝန်းလေးများက သူမ၏ နှလုံးသားကို နူးညံ့သွားစေ၏။

ကျန်းကော်နယ်စားမင်းအိမ်တော်မှာ သူမအနားသို့ ချဉ်းကပ်ရဲသူ အလွန်နည်းပါးသည်။

ဤကျယ်ဝန်းသော မင်ဟွားဆောင်ကြီးထဲတွင် လီလင်းဖုန်း၏ သူလျှိုများဖြင့် ပြည့်နှက်နေသည်။

မိန်းကလေးတစ်ယောက်က သူမ၏ ဒူးပေါ်သို့ မှီတွယ်ကာ ကလေးတစ်ယောက်လို ချစ်ခင်မြတ်နိုးသည့် အကြည့်ဖြင့် မော့ကြည့်ပြီး "မာမား" ဟု ခေါ်တာ ဒါက ပထမဆုံးအကြိမ်ပင်။

သူမ၏ မျက်နှာအမူအရာက အနေခက်သွားသည်။

"မင်းသဘောကျရင် ခေါ်လို့ရပါတယ်။ ဒါပေမဲ့ အခုချိန်ကစပြီး ငါက တစ်ဆို တစ်ပဲ၊ မင်းက နှစ်လို့ ပြန်မပြောရဘူး။"

ရွှယ်နင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး-

"မာမားက ကျွန်မကို နှင်မထုတ်သရွေ့တော့ မာမား ဘာပြောပြော ကျွန်မ နားထောင်မှာပေါ့"

သခင်မဝမ်က သူမကို စမ်းသပ်လိုက်သည်။

"ငါက မင်းကို လီချန်ချဲ့ရဲ့ အစားအသောက်ထဲ တစ်ခုခု ထည့်ခိုင်းရင်ရော"

ရွှယ်နင်က မျက်တောင်တစ်ချက်ပင် မခတ်ပေ။

"ရတာပေါ့။ ဘယ်လိုဆေးမျိုးလဲ။ ဘယ်မှာ ဝယ်ရမလဲ။ ဘယ်အချိန်မှာ လုပ်ရမလဲ"

သခင်မဝမ်၏ လှပသော မျက်ဝန်းများက အမုန်းတရားများဖြင့် အေးစက်သွားသည်။

"သူ့ကို သေစေနိုင်တဲ့ ဆေးမျိုးပေါ့"

ရွှယ်နင်က တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ မေးလိုက်သည်။

"လူမိသွားရင်ရော ဘယ်လိုလုပ်မလဲ"

သခင်မဝမ်က အာမခံလိုက်သည်။

"မာမား မင်းကို ကာကွယ်ပေးမှာပေါ့"

ရွှယ်နင်က ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးများကဲ့သို့ ဖြစ်သွားသည်။

"ဒါဆိုလည်း သဘောတူတယ်လေ။ မာမားပြောတာ အကုန်နားထောင်ပြီး အဲဒီဆေးကို ဘယ်သူမှ မရိပ်မိအောင် ထည့်ပေးပါ့မယ်"

ဤတစ်ကြိမ်တွင်တော့ မျက်နှာပျက်သွားရသူမှာ သခင်မဝမ် အလှည့်ပင်။

...

မင်ဟွားဆောင်မှ ထွက်လာချိန်တွင် ရွှယ်နင်၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေသည်။

သခင်မဝမ်က သူမ၏ နောက်ခံအင်အားအဖြစ် ရှိနေသဖြင့်၊ ကျန်းကော်နယ်စားမင်းအိမ်တော်အတွင်းတွင် သူမ၏ ကျောရိုးက ပို၍ မတ်မတ်ရပ်နိုင်ပြီး ပိုမို ခိုင်မာလာမည်သာ။

နောင်တွင် သူမ၏ အပျိုစင်ဖြစ်တည်မှုအပေါ် တစ်စုံတစ်ယောက်က လှောင်ပြောင်လာပါက သခင်မဝမ်ကိုသာ အသုံးချလိုက်ရုံပင်။

သူမရဲ့ ယောက္ခမကိုယ်တိုင်ကပင် သဘောထားမသေးသိမ်ပါလျှင်၊ အပြင်လူတွေက ဘာအခွင့်အရေးရှိလို့ လာဝေဖန်ရမှာလဲ။

ဒါ့အပြင် သူမက ရာသီလာနေလို့ပဲ အဆင်မပြေဖြစ်ခဲ့ရတာ မဟုတ်လား။

အချိန်အတန်ကြာသွားပြီးနောက်၊ သူမတို့ ဇနီးမောင်နှံ အတူတူနေပြီးပြီဆိုတာကို ထင်ယောင်ထင်မှားဖြစ်စေရန် ပွဲလမ်းသဘင်တစ်ခုကို အကြောင်းပြချက်ရှာကာ ဖန်တီးလိုက်မယ်။ အဲ့လိုဆိုလျှင် ဘယ်သူကမှ သူမနှင့် ခင်ပွန်းဖြစ်သူ၏ ဆက်ဆံရေးကို ထပ်မံ မေးခွန်းထုတ်ရဲတော့မည် မဟုတ်ပေ။

ပေါင်ချန်က သူမ၏ သခင်မလေးနောက်မှ ကမန်းကတန်း လိုက်လာရင်း သူမ၏ မျက်နှာဝိုင်းဝိုင်းလေးမှာ မျက်မှောင်ကြုတ်ထားသဖြင့် ရှုံ့မဲ့နေလေသည်။

"သခင်မလေး... သခင်မဝမ်ရဲ့ တောင်းဆိုချက်ကို တကယ်ပဲ အဲဒီလို လွယ်လွယ်လေး သဘောတူလိုက်တာလား”

All Chapters