အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) ပြဿနာရှိရင် စောစောကုသပါ
ရွှယ်နင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
"ငါက ဘာလို့ သဘောမတူရမှာလဲ"
ပေါင်ချန်၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ဘယ်သူက ပိုပြီး ရက်စက်ကြမ်းကြုတ်သလဲဆိုတာကို ခဏလောက် သူမ ဝေခွဲမရဖြစ်သွားပြီ။
တစ်ယောက်က မြို့တစ်မြို့လုံးက လူသောင်းနဲ့ချီကို သတ်ဖြတ်ခဲ့တဲ့ နယ်စားမင်း၊ နောက်တစ်ယောက်က မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ရဲတဲ့ ရက်စက်တဲ့ ရှီဇီ၊ ပြီးတော့ ကိုယ့်ခင်ပွန်းနဲ့ သားအရင်းကို အဆိပ်ခတ်ဖို့ အချိန်ပြည့် စဉ်းစားနေတဲ့ သခင်မကြီး...
ဒီ... နယ်စားမင်းအိမ်တော်ကြီးက တကယ့်ကို ဇာတ်လမ်းတွေများတဲ့ နေရာပါလား။
ဒါပေမဲ့ သူမရဲ့ သခင်မလေးကရော ဘယ်အချိန်ကစပြီး ဒီလောက် ကြောက်စရာကောင်းသွားရတာလဲ။
သခင်မဝမ် ပေးတဲ့ အဆိပ်ကို ဘယ်လိုလုပ် တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်နိုင်ရတာလဲ။
သူမရဲ့ ရင်ခွင်ထဲကို သေသေချာချာ သိမ်းဆည်းလိုက်ရုံသာမက၊ ဆေးရဲ့ အာနိသင်တွေနဲ့ တိုက်ရမယ့် အချိန်ကိုတောင် မေးမြန်းလိုက်သေးတယ်။
ဒီညဆိုတာ သေချာသွားတဲ့အခါမှာတော့ သူမက ပြတ်သားတဲ့ မျက်နှာအမူအရာနဲ့ "အမေ... စိတ်ချပါ၊ ဒီနေ့ အားချဲ့ရဲ့ အစားအသောက်ထဲကို ဒီဆေး သေချာပေါက် ထည့်လိုက်ပါ့မယ်" လို့ ပြောခဲ့သေးတယ်။
ပေါင်ချန် တွေးလေတွေးလေ ပိုပြီး ကြောက်လန့်လာလေဖြစ်ကာ ငိုချင်စိတ်ပင် ပေါက်လာသည်။
"ဒါပေမဲ့ သခင်မဝမ်က ရှီဇီကို သေစေချင်နေတာလေ"
ရွှယ်နင်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။
"ငါသာ သဘောမတူရင် သခင်မဝမ်နဲ့ ဘယ်လိုလုပ် ပိုပြီး ရင်းနှီးလာနိုင်မှာလဲ"
ပေါင်ချန် အံ့သြသွား၏။
"ဟင်... သခင်မလေးက ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ"
"ထားလိုက်ပါတော့"
ရွှယ်နင်၏ နှုတ်ခမ်းများ အထက်သို့ ကွေးတက်သွားသည်။
"ဒီလို မိသားစုကြီးတွေမှာ နေထိုင်ပြုမူရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး သင်ယူစရာတွေ အများကြီးရှိတယ်။ နင်က ငယ်ပါသေးတယ် ကောင်မလေးရယ်။ နောင်ကျရင် နင့်သခင်မနောက်ကို ပိုလိုက်ပြီး သင်ယူပေါ့"
ပေါင်ချန်က နှုတ်ခမ်းဆူလိုက်သည်။
"ဒါပေမဲ့ ဘယ်လောက်ပဲ သင်ယူသင်ယူ ရှီဇီကို အဆိပ်ခတ်တဲ့ ကိစ္စတော့ မဖြစ်သင့်ဘူးလေ"
ရွှယ်နင်၏ မျက်ခုံးများက ဤမျှအထိ ပေါ့ပါးလွတ်လပ်မနေသည်မှာ အတန်ကြာပြီ။
"ငါ့ဖူကျွင်းအတွက် ဟင်းသွားချက်ဖို့ မြန်မြန်ပြန်မှ ဖြစ်မယ်၊ မဟုတ်ရင် အချိန်မီမှာ မဟုတ်ဘူး"
ပေါင်ချန်မှာ ငိုချင်နေသော်လည်း မျက်ရည်မထွက်တော့ပေ။
"ဒါဆို... ဒီအစေခံက ရှီဇီရဲ့ အတိတ်ကို စုံစမ်းရဦးမှာလားဟင်"
ရွှယ်နင်၏ စိတ်အခြေအနေက ပို၍ပင် တောက်ပလာသည်။
"သေချာပေါက် စုံစမ်းရမှာပေါ့။ အခုသွားတော့"
★★★★★★★★
စင်္ကြံလမ်းတစ်လျှောက်တွင် မိုးရွာသံများ တဖွဲဖွဲ ကျဆင်းလျက်ရှိသည်။
လီချန်ချဲ့နှင့် လီလင်းဖုန်း သားအဖနှစ်ယောက်သည် ဘေးဘက်တံခါးမှတစ်ဆင့် အိမ်တော်အတွင်းသို့ ဝင်ရောက်လာကြသည်။
ကျန်းကော်နယ်စားမင်းအိမ်တော်၏ အဝင်တံခါးမကြီးရှေ့တွင်တော့ မင်းသမီးရှို့နင်းနှင့်အတူ စုချင်းအပြင် အစေခံများနှင့် သက်တော်စောင့်အချို့တို့မှာ ထိုနေရာတွင် ဒူးထောက်နေဆဲပင်။
လီလင်းဖုန်းက ထိုဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး လီချန်ချဲ့၏ အေးစက်ချောမောသော မျက်နှာဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။
"မင်းလက်ချက်လား"
"ဟုတ်တယ်"
"မင်းသားရီကို စော်ကားမိမှာ မကြောက်ဘူးလား"
"အဖေက ကြောက်လို့လား"
"ကြောက်ရမယ်..."
လီလင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းအဖေရဲ့ အဘိဓာန်မှာ 'ကြောက်တယ်' ဆိုတဲ့ စကားလုံး မရှိဘူး။ မင်းသားရီက ဘာမို့လို့လဲ။ အရင်တုန်းက ငါ့ကျောနောက်ကနေ ရန်သူ့ခေါင်းတွေကို လိုက်ကောက်ပြီးမှ အခုလို အောင်မြင်မှုတွေကို ရလာခဲ့တာ"
လီချန်ချဲ့၏ လေသံက အေးတိအေးစက်ပင်။
"တောင်းပန်ပြီး အမှားပြင်ဆင်ရုံတင်ပါ။ ဘယ်သူ့အသက်မှ ပါသွားမှာ မဟုတ်ဘူး"
လီလင်းဖုန်း ဘာမှ ထပ်မပြောတော့ပေ။
ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သူတို့သားအဖ၏ နည်းလမ်းက အမြဲတမ်း ဒီလိုမျိုးပင် ဖြစ်သည်။ သူတို့အပေါ် မတရားလုပ်လာလျှင် ဘယ်တော့မှ သည်းခံမည် မဟုတ်ပေ။
သူတို့ရဲ့ ချွေးမကိုတောင်မှ အနိုင်ကျင့်လို့ မရဘူး။
သက်တော်စောင့်အချို့က နောက်မှလိုက်ပါလာပြီး ခန့်ညားထည်ဝါသော သခင်နှစ်ဦး အိမ်တော်အတွင်းသို့ ဆက်လက် လျှောက်လှမ်းသွားတာကို အစောင့်အရှောက်အဖြစ် လိုက်ပါသွားကြသည်။
လခြမ်းပုံစံ ဝင်ပေါက်တံခါးကို ဖြတ်ကျော်ပြီးနောက် သူတို့နှစ်ယောက် အိမ်တော်အတွင်းပိုင်း နေရာသို့ ရောက်ရှိလာကြသည်။
လီလင်းဖုန်းက လက်နှစ်ဖက်ကို နောက်ကျောတွင် ချိတ်ထားရင်း သူ့နောက်မှ လိုက်လာသော သားဖြစ်သူကို အေးစက်ထက်မြက်သည့် မျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်၏။
လီချန်ချဲ့သည် ငယ်ငယ်ကတည်းက လီလင်းဖုန်း၏ အနားတွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး အရာရာကိုလည်း ဖခင်ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ ထို့ကြောင့် နာမည်ကျော် နယ်စားမင်းတစ်ဦးဖြစ်တဲ့ ဤဖခင်အပေါ် သူ့စိတ်ထဲမှာ ကြောက်ရွံ့မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
“အဖေ့မှာ ပြောစရာ ရှိသေးလို့လား?”
“မင်းရဲ့ ဇနီးနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေတာလဲ?”
ဒီနေ့ ရုံးတော်ညီလာခံအတွင်း လူအများက သူတို့ ဖခင်သားအပေါ် ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
လီလင်းဖုန်းက အရူးမဟုတ်ပေ။ မေးမြန်းစုံစမ်းပြီးနောက် မနေ့ညက ဖန့်လိုတွင် ဖြစ်ပွားခဲ့သည့် ကိစ္စကို သိရှိသွားခဲ့သည်။
လီချန်ချဲ့က တိတ်ဆိတ်နေဆဲ ဖြစ်တာကို မြင်သောအခါ လီလင်းဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ခြေထောက်ကို မြှောက်ကာ ကန်မည်ဟန် ပြုလိုက်၏။
သို့သော် လီချန်ချဲ့ကလည်း မရှောင်ပေ။
လီလင်းဖုန်း၏ ခြေထောက်မှာ လမ်းတစ်ဝက်တွင်ပင် ရပ်တန့်သွားခဲ့ပြီး အမှန်တကယ် မကန်ဖြစ်ခဲ့ပေ။
ဒီသားက သူနဲ့ဝမ်ရှန်းတို့ရဲ့ တစ်ဦးတည်းသော သားလေ။သူက ဘယ်လိုလုပ် တကယ် ရိုက်ရက်မှာလဲ။
သူ မျက်မှောင်ကြုတ်လိုက်၏။
“ကောင်မလေးတစ်ယောက်ကို လူတွေရဲ့ မကောင်းတဲ့ အကြည့်တွေ အောက်မှာ ထားလိုက်ရတယ်။ မင်း စိတ်ထဲမှာ အပြစ်မရှိဘူးလား?”
ဖခင်က ဒီလို သဘောထားမျိုး ထားမည်ကို သိထားပြီးသားဖြစ်သဖြင့် လီချန်ချဲ့၏ အမူအရာမှာ မပြောင်းလဲပေ။
“ကျွန်တော် ရည်ရွယ်တာ အဲဒီလို မဟုတ်ပါဘူး။”
“ဒါဆို ဘာကို ရည်ရွယ်တာလဲ?”
လီလင်းဖုန်းက အလွန် နားမလည်နိုင် ဖြစ်နေသည်။
“သူ(မ)က တကယ်ပဲ... မင်းနဲ့ လင်မယားအရာ မမြှောက်သေးဘူးလား?”
လီချန်ချဲ့က အေးအေးဆေးဆေး ခေါင်းညိတ်လိုက်၏။
“ဟုတ်ပါတယ်။”
“နောက်ဆုံးတော့ မိန်းမယူထားပြီးမှ မင်းက ဘာမှ မလုပ်ဘူးတဲ့လား?”
လီလင်းဖုန်းက ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် မည်းမှောင်သွားသည်။
“မင်းမှာ တစ်ခုခု ပြဿနာရှိနေတာတော့ မဟုတ်ဘူးမလား?”
ဤကိစ္စမှာ ကိုယ်ရေးကိုယ်တာဖြစ်ပြီး သား၏ ဂုဏ်သိက္ခာနှင့်လည်း ဆိုင်နေသောကြောင့် အသံကို အလိုလို နှိမ့်ချလိုက်သည်။
“မင်းက ငယ်သေးတယ်။ တကယ် ပြဿနာရှိရင် အစောကြီး ကုသလိုက်။ ငါ တော်ဝင်သမားတော်တစ်ယောက်ကို လျှို့ဝှက်ခေါ်ပေးမယ်။ ဆေးသောက်လိုက်တာနဲ့ ချက်ချင်း ကောင်းသွားမှာ သေချာတယ်။”
လီချန်ချဲ့က မျက်ခုံးတစ်ဖက် မြှောက်လိုက်သော်လည်း မျက်နှာအမူအရာမှာ မပြောင်းလဲပေ။
“အဖေက ဘယ်လိုထင်လို့လဲ?”
လီလင်းဖုန်းက သားဖြစ်သူကို တိတ်တဆိတ် အကဲခတ်လိုက်၏။
ပုခုံးကျယ်ကျယ်၊ ခါးသေးသေး၊ ခြေတံရှည်ရှည်၊ နှာတံဖြောင့်ဖြောင့်၊ နှုတ်ခမ်းပါးပါး၊ လက်ချောင်းရှည်ရှည်—သူနှင့် ငါးဆယ်ရာခိုင်နှုန်းကျော် ဆင်တူနေသည်။
ခဏအကြာမှာတော့ သူ့သံသယကို သူကိုယ်တိုင် ပယ်ဖျက်လိုက်တယ်။
“ငါတို့ လီမိသားစုက ယောက်ျားတွေ ဘယ်တော့မှ အားနည်းတဲ့သူ မဟုတ်ဘူး။ စစ်မြေပြင်မှာလည်း မဟုတ်ဘူး၊ အိပ်ရာပေါ်မှာဆို သေချာပေါက် ပိုလို့တောင် မဟုတ်သေးတယ်"
ဒါ့အပြင် သူကိုယ်တိုင်လည်း ငယ်ရွယ်စဉ်က အင်အားပြည့်ဝသူ ဖြစ်တယ်။ သူ့သားက ဘယ်လိုလုပ် မဖြစ်နိုင်လောက်အောင် အားနည်းနေရမှာလဲ။
“ဒါဆို ကောင်မလေးက မင်းကို အနားမကပ်ခိုင်းတာလား?”
“သူ(မ)က အသက်ငယ်သေးတယ်။ နောက်နှစ်နှစ်အတွင်း ကလေးယူဖို့ ကျွန်တော် မစီစဉ်ထားဘူး။”
လီချန်းချဲ့၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
အနည်းဆုံးတော့ မိန်းကလေးများ၏ အခြေအနေကို ထည့်သွင်းစဉ်းစားရာတွင် သူက လီလင်းဖုန်းထက် ပိုမို ရင့်ကျက်ပြီး ဂရုစိုက်တတ်သူ ဖြစ်လေသည်။
လီလင်းဖုန်းက အနည်းငယ် အဆင်မပြေသလို ချောင်းဟန့်လိုက်ပြီး ပြောသည်။
“ကလေးယူမယူဆိုတာနဲ့ လင်မယားမဖြစ်သေးဘူးဆိုတာက မတူဘူးလေ။ ကလေးမလိုချင်သေးရင် နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီးမှ လင်မယားဘဝ မစဘူးဆိုရင် သူ(မ)က နောင်ကျရင် တုန်းကျင်းမှာ ဘယ်လို နေထိုင်မလဲ?လူမှုရေးပွဲတွေကို ဘယ်လို သွားရဲမလဲ? နောက်ကွယ်မှာ လူတွေက လက်ညှိုးထိုးပြီး အသုံးမကျတဲ့ ကောင်မလေးလို့ ပြောကြမှာ မဟုတ်ဘူးလား? တုန်းကျင်းမှာ အတင်းအဖျင်း ပြောတတ်တဲ့လူ ဘယ်လောက် များတယ်ဆိုတာ မင်း မသိဘူးလား?”
လီချန်ချဲ့က ထိုအကြောင်းအရာကို နားလည်တယ်။
ဒါပေမဲ့ မိန်းကလေးက သူ့ကို မချစ်သေးဘူးဆိုတာ ဖခင်ကို တိုက်ရိုက် ပြောပြရန် မဖြစ်နိုင်ပေ။
သူမရဲ့ စိတ်ထဲမှာ သူက အစ်ကိုတစ်ယောက်ပဲ ဖြစ်ပြီး ခင်ပွန်းတစ်ယောက် မဟုတ်သေးဘူး။
အဲ့လိုဖြစ်နေတဲ့အချိန်မှာ သူမက ဘယ်လိုလုပ် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လင်မယားဘဝကို လက်ခံနိုင်မှာလဲ။
မနေ့ညက ရထားလုံးထဲမှာ သူ့ကို ဆန့်ကျင်ကာ တွန်းဖယ်ခဲ့သည့် မိန်းကလေး၏ ပုံရိပ်ကို သတိရသွားသောအခါ—လီချန်ချဲ့၏ မျက်ဝန်းများ ချက်ချင်း မှောင်မိုက်သွားသည်။
တစ်ဖက်တွင်တော့ လီလင်းဖုန်းက မည်သို့ပင် ဖြစ်စေ လီမိသားစု၌ မျိုးဆက် ဆက်ခံသူ ရှိရမည်ဟု ယုံကြည်နေသည်။
သူက ပြုံးဖြီးဖြီးဖြင့် သား၏ နားနားသို့ တိုးကပ်လာသည်။
“ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေ၊ အချစ်ရဲ့ ပျော်ရွှင်သာယာမှုတွေကို မင်း မကြုံဖူးသေးလို့ မသိသေးတာပါ။ ငယ်တုန်းမှာ ပျော်ပျော်နေလိုက်။ တစ်ခါ မြည်းစမ်းဖူးရင် စွဲလမ်းသွားမှာ သေချာတယ်။ကလေးယူဖို့ကတော့ သူ(မ)အသက်နည်းနည်း ကြီးလာမှ စောင့်လို့ ရတယ်။ ဒါပေမဲ့ ငါတို့ မျိုးဆက်က လူနည်းတယ်။ မင်းသာ မကြိုးစားရင် မင်းအဖိုးက မင်းကို သေချာပေါက် ဖိအားပေးလိမ့်မယ်။”
ဖခင်၏ ရိုးရှင်းကြမ်းတမ်းသော စကားများကို ကြားသော်လည်း လီချန်ချဲ့က တည်ငြိမ်နေဆဲ ဖြစ်သည်။
“အဖေက ကျွန်တော့် အိမ်ထောင်ရေးကို တကယ် ဂရုစိုက်တယ်ဆိုရင် ကျွန်တော့်အတွက် နည်းလမ်းတစ်ခု စဉ်းစားပေးသင့်တယ်။”
လီလင်းဖုန်း မျက်မှောင်ကြုတ်သွားသည်။
“ဘာကို ဆိုလိုတာလဲ?”
လီချန်ချဲ့က သူ့အား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပစ်လိုက်သည်။
“အဖေ နားလည်မှာပါ။”
သူက ပြောပြီးသည်နှင့် နောက်ကျောပေးကာ ထွက်ခွာသွားလေသည်။
လီလင်းဖုန်းက မေးစေ့ကို ပွတ်သပ်ရင်း အတိတ်က ဝမ်ရှန်း၏ နှလုံးသားကို ဘယ်လိုသိမ်းပိုက်ခဲ့လဲဆိုတာကို ပြန်စဉ်းစားလိုက်ပြီး ခဏအကြာတွင် သူ၏ မှောင်မိုက်နေသော မျက်ဝန်းများ ရုတ်တရက် တောက်ပသွားတော့သည်။
...
လီချန်ချဲ့က အပေါ်ဝတ်ရုံကို စုစည်းရင်း ကျိုယင်းဆောင်သို့ ပြန်လာခဲ့သည်။
ခြံဝင်းထဲ ဝင်လာသည်နှင့် နေ့စဉ်ဘဝ၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။အကြောင်းမရှိဘဲ သူ့နှလုံးသားမှာ ပျော့ပြောင်းသွား၏။
လက်ထဲမှ သေတ္တာကို ကိုင်ထားရင်း အဓိကအဆောင်အပြင်ဘက် လျှောက်လမ်းသို့ အမြန် လျှောက်သွားသည်။
နွေဦးရာသီ၏ အအေးဓာတ်က စူးရှနေဆဲပင်။
အခန်းဝင်ပေါက်ရှိ နူးညံ့သော ကန့်လန့်ကာကို မဖယ်ရှားရသေးဘဲ အတွင်းမှ ဖယောင်းတိုင်မီးရောင် မှိန်မှိန်လေးသာ အပြင်သို့ လင်းထွက်နေသည်။
ချွင်းရီ အပြစ်ပေးခံရပြီးနောက် စုကျန်း၏ လက်တံများ ကျိုယင်းဆောင်သို့ ထပ်မံ ဝင်ရောက်မလာစေရန် အစေခံအရေအတွက်ကို လျှော့ချထားခဲ့သည်။
ယခုအခါ ပေါင်ချန်ပင် တံခါးအပြင်တွင် မရှိတော့ပေ။
ခြံဝင်းတစ်ခုလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏။
သို့သော် စင်္ကြံလျှောက်လမ်းအောက်ရှိ မီးအိမ်ရောင်နှင့် အခန်းအတွင်း အလုပ်ရှုပ်နေသော လူတစ်ဦး၏ အရိပ်ကပင် စိတ်နှလုံးကို ငြိမ်သက်စေသည့် ခံစားချက် ပေးစွမ်းနေဆဲ ဖြစ်သည်။
ဘေးဘက်လျှောက်လမ်းမှ အရင်ဆုံး ထွက်လာသူမှာ ဖူရှန်း ဖြစ်သည်။
“ရှီဇီ၊ ဒီနေ့ သခင်မဝမ်က သခင်မလေးကို မင်ဟွားခန်းမဆောင်ဆီ ခေါ်သွားခဲ့ပါတယ်။”
လီချန်ချဲ့၏ မျက်ခုံးများ ချက်ချင်း ကြုတ်သွားပြီး တစ်ကိုယ်လုံးမှ အရှိန်အဝါမှာလည်း အေးစက်ပြင်းထန်လာသည်။
“အသေးစိတ် ပြောစမ်း။”