အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) - သူ့ကို အဆိပ်ခတ်ခြင်း
ဒီနေ့ မင်ဟွားဆောင်မှ ရွှယ်နင် အန္တရာယ်ကင်းကင်း ပြန်ရောက်လာသည့်အကြောင်း ဖူရှန်းက သတင်းပို့လာသည်။
"ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ သခင်မလေးက မင်ဟွားဆောင်ထဲ ရောက်နေပြီဆိုတော့ အချိန်မီ မကယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ(မ)ပြန်လာတော့လည်း မျက်နှာထားက ပုံမှန်ပဲ၊ ဘာအန္တရာယ်မှ ကြုံခဲ့ရတဲ့ပုံ မပေါ်ဘူး။ သခင်မဝမ်က သူ(မ)ကို ဘာမှမလုပ်ရဲပါဘူး၊ စကားနည်းနည်းလောက် ခေါ်ပြောရုံပဲနေမှာပါ။"
စကားဆုံးသွားတော့ ရှီဇီ၏ ခက်ထန်နေသော မျက်နှာထား နည်းနည်းလျော့ကျသွားတာကို ဖူရှန်း သတိထားမိလိုက်ပြီး အသံနှိမ့်ကာ ပြုံးလျက် ဆက်ပြောသည်။
"ပေါင်ချန်ကတော့ နေ့ခင်းကတည်းက ကျွန်တော်နဲ့ စကားတွေ တော်တော်များများ ပြောဖြစ်တယ်။ အခုတော့ သူ(မ)လုံးဝမူးပြီး သတိလစ်နေပြီမို့ အခန်းထဲ ကျွန်တော် ပြန်ပို့ထားခဲ့ပါတယ်။"
လီချန်ချဲ့ မျက်လွှာပင့်ကြည့်လိုက်သည်။
"ပေါင်ချန်က ဘာတွေမေးလို့လဲ။"
"ရှီဇီ့ရဲ့ ကလေးဘဝအကြောင်းတွေ အများကြီးမေးတယ်။"
ထိုသို့ပြောရင်း ဖူရှန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
"ဒါက သခင်မလေး ခိုင်းထားတာဆိုတာ ကျွန်တော် သိပြီးသားပါ။ သူ(မ)ကို ကျွန်တော့်ဆီကနေ လာမေးဖို့ သခင်မလေးက သေချာမှာထားတာ။ သခင်မလေးက ရှီဇီရဲ့ အတိတ်အကြောင်းတွေကို သိချင်နေပုံရတယ်။ ရှီဇီကို သူ(မ)စပြီး သဘောကျနေပြီ ထင်တယ်နော်။"
ရွှယ်နင်က သူ့အတိတ်ကို စိတ်ဝင်စားနေလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် လီချန်ချဲ့ ခဏလောက် ကြက်သေ သေသွားသည်။
သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို သိသွားပြီးနောက် သူ့ကို ကြောက်ရွံ့သွားမှာကို စိုးရိမ်သဖြင့် သူ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာတွေပြောလိုက်သေးလဲ။"
"ကောင်းတဲ့အကြောင်းတွေချည်းပဲ ပြောပြလိုက်တာပေါ့။ မစိုးရိမ်ပါနဲ့ ရှီဇီ။ အားလုံးကိုသာ ကြားပြီးသွားရင် သခင်မလေးက ရှီဇီ့ကို ရူးရူးမူးမူး ချစ်သွားမှာ အသေအချာပဲ။"
ထိုမျှအထိ အထင်မကြီးရဲသောကြောင့် လီချန်ချဲ့က သူ့ကိုယ်သူ လှောင်ပြောင်သလို ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။
အခန်းထဲမှ လှုပ်ရှားနေသော လူရိပ်လေးကို လှမ်းကြည့်ရင်း သူ့ရင်ထဲတွင် ပြောပြ၍မရနိုင်သော ပျော်ရွှင်မှုတစ်ခုကို ခံစားနေရသည်။
"သွားတော့။"
ဖူရှန်း ထွက်သွားခါနီးတွင် မနေ့က သခင်မလေး ဆိုင်များကို သွားစစ်ဆေးခဲ့တာကို သတိရသွား၏။ ဆိုင်ရှင်အချို့က ကောက်ကျစ်စဉ်းလဲပြီး ချိုသာတဲ့ စကားများဖြင့် သခင်မလေးကို သိမ်းသွင်းရန် ကြိုးစားခဲ့ကြသဖြင့် နောက်ကွယ်တွင် ထောင်ချောက်များ ရှိနေမှာကို သူစိုးရိမ်မိသည်။
"ရှီဇီ၊ အဲ့ဒီ မရိုးသားတဲ့ ဆိုင်ရှင်တွေကို ဘယ်တော့လောက် ရှင်းလင်းရမလဲ။"
လီချန်ချဲ့က ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့်သာ ပြန်ပြောသည်။
"စောစောရှင်းလေ ကောင်းလေပဲ။ နင်နင့်ရဲ့ အလုပ်တွေ အနှောင့်အယှက် မဖြစ်စေနဲ့။"
ဖူရှန်းက ပြန်ဖြေလိုက်၏။
"နားလည်ပါပြီ။ ကျွန်တော် သွားပါတော့မယ်"
ဖူရှန်း ထွက်သွားပြီးနောက် လီချန်ချဲ့ ခဏရပ်နေပြီးမှ လိုက်ကာကိုမကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။
သူ မော့ကြည့်လိုက်သည်နှင့် ရွှယ်နင်က ဟင်းရည်ပန်းကန်လုံးထဲသို့ အဖြူရောင်အမှုန့်ထုပ် တစ်ထုပ်ကို ခိုးကြောင်ခိုးဝှက် ထည့်နေတာကို မြင်လိုက်ရသည်။
"..."
"ဖူကျွင်း၊ ရှင် ပြန်ရောက်ပြီလား။"
ရွှယ်နင်က နီရဲနေတဲ့ မျက်နှာလေးကို မော့ကာ ထိုအမျိုးသားအား ဝမ်းသာအားရ ကြည့်လိုက်သည်။
သူမက ဆီစိမ်စက္ကူကို လက်ဖဝါးထဲ ဂရုတစိုက် လုံးချေလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေ၏။
မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်က မိန်းကလေး၏ တောက်ပနေသော မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေပြီး ကြယ်ရောင်များ ပြည့်နှက်နေသကဲ့သို့ ရှိသည်။
ဒါပေမဲ့လည်း သူ နှစ်ပေါင်းများစွာ ရင်ထဲမှာ မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့ရသူက အခုအချိန်မှာ သူ့စားစရာထဲ အဆိပ်ခတ်နေပြီ။
လီချန်ချဲ့ နှုတ်ခမ်းထောင့်ရှိ အပြုံးများ တဖြည်းဖြည်း တောင့်တင်းသွားသည်။ ငယ်စဉ်ကတည်းက သူက လုံခြုံမှုကို သိပ်မခံစားရသူ တစ်ယောက်ဖြစ်သည်။ ဝမ်ရှန်းကလွဲပြီး သူ့ကို အနေရခက်အောင် လုပ်ခဲ့သူတိုင်း သေကုန်ကြပြီ။ အချို့ကို သူ့ဖခင်က သတ်ခဲ့ပြီး၊ အချို့ကို သူကိုယ်တိုင် သတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ ဘယ်လိုမျက်နှာထားမျိုး ထားရမယ်၊ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို လုံးဝ မသိတော့ပေ။
သူ တံခါးဝတွင် ခဏမျှ ရပ်နေမိပြီး ရွှယ်နင်ကို သတ်ချင်သည့် ဆန္ဒ အနည်းငယ်မျှပင် မဖြစ်ပေါ်လာတာကို သိလိုက်ရသည်။
"ဖူကျွင်း၊ ဘာလို့ ညစာလာမစားသေးတာလဲ။ ဒီည ဟင်းတွေအကုန်လုံး ကျွန်မကိုယ်တိုင် ချက်ထားတာ။ လာမြည်းကြည့်ပါဦး။"
လီချန်ချဲ့က သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်ပြီး လက်ထဲကသေတ္တာကို အနီးရှိ စားပွဲပုလေးပေါ် တင်လိုက်ကာ ထမင်းစားပွဲဆီသို့ ဖြည်းညှင်းစွာလျှောက်သွားပြီး ထိုင်လိုက်သည်။ သူ့အကြည့်များက ကြက်သားဟင်းရည် ပန်းကန်လုံးဆီ၌သာ စူးစိုက်နေသည်။
ထားလိုက်ပါတော့။ သူမပျော်နေသရွေ့ ဘာဖြစ်ဖြစ် ကောင်းပါတယ်။
ရွှယ်နင်က တောက်ပစွာပြုံးရင်း သူ့အတွက် ဟင်းရည်တစ်ပန်းကန် ခပ်ပေးလိုက်သည်။
"အစာအိမ်လေး နွေးသွားအောင် ထမင်းမစားခင် ဟင်းရည်လေး အရင်သောက်လိုက်ပါ။"
လီချန်ချဲ့က ဟင်းရည်ပန်းကန်ကို ယူလိုက်ရင်း မိန်းကလေး၏ တောက်ပနေသော မျက်လုံးများနှင့် ဆုံသွားသည်။
ရွှယ်နင်က သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
"ဖူကျွင်း၊ ဘာလို့ မသောက်တာလဲ။"
လီချန်ချဲ့၏ မျက်နှာထားက တည်ငြိမ်နေဆဲပင်။
"နင်နင်က ကိုယ့်ကို သောက်စေချင်လို့လား။"
ရွှယ်နင်က အလေးအနက် ခေါင်းညိတ်ပြ၏
"အင်း။"
သူမက အာဟာရဖြစ်စေမယ့် ပါဝင်ပစ္စည်းများစွာကို သုံးပြီး ဒီဟင်းရည်ကို နှစ်နာရီ၊ သုံးနာရီခန့် အချိန်ယူ ကျိုချက်ထားခဲ့ရတာ။ ဒါကြောင့် အထူးအရသာရှိတယ်။
လီချန်ချဲ့က "အင်း" ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်ပြီး မေးစေ့ကိုမော့ကာ ကြက်သားဟင်းရည် ပန်းကန်လုံးကို ပြောင်စင်အောင် သောက်ချလိုက်သည်။
သူသောက်ပြီးသွားတာကို မြင်တော့ ရွှယ်နင်၏ နှုတ်ခမ်းထက်မှ အပြုံးများ ပို၍တောက်ပလာသည်။သူမကိုယ်တိုင်အတွက်လည်း အလျင်အမြန်ပင် တစ်ပန်းကန် ခပ်လိုက်၏။
လီချန်ချဲ့၏ မျက်နှာတစ်ခုလုံး မှောင်မိုက်သွားပြီး သူမရဲ့ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ကာ သူ့အကြည့်များ စူးရှသွားသည်။
"ရွှယ်နင်၊ မင်းက ဘာလို့သောက်တာလဲ။"
သူ၏ဆုပ်ကိုင်မှုကြောင့် လက်ကောက်ဝတ် နာကျင်သွားသဖြင့် သူမက အပြစ်ကင်းစင်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။
"ကျွန်မ နှစ်နာရီ၊ သုံးနာရီလောက် ကျိုထားရတာလေ။ နည်းနည်းလောက်တောင် သောက်လို့မရဘူးလား။"
လီချန်ချဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ မင်း အဲ့ဒီထဲကို ဆေးခတ်ထားတယ်လေ။"
ထိုအမျိုးသား အထင်လွဲနေတာကို မြင်တဲ့အခါ ရွှယ်နင် ရုတ်တရက် ရယ်မောလိုက်မိသည်။
လီချန်ချဲ့က ပို၍မျက်မှောင်ကြုတ်လိုက်၏။
"ဘာရယ်တာလဲ။"
ထိုအခါ ရွှယ်နင်သည် နေ့လယ်က မင်ဟွားဆောင်တွင် သခင်မဝမ်နှင့် ပြောခဲ့သော စကားများကို ပြန်ပြောပြလိုက်သည်။
လီချန်ချဲ့ မျက်ခုံးပင့်လိုက်သည်။
"ဒါဆို မင်းက တမင်သက်သက် သူ(မ)ကို သဘောတူခဲ့တာပေါ့။"
သခင်မဝမ်ရဲ့ လက်ထဲမှာ တကယ် အဆိပ်မရှိနိုင်ကြောင်း ရွှယ်နင် ကြိုသိထားပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ် သခင်မဝမ်က လီလင်းဖုန်းအပေါ် လူသတ်ချင်စိတ် ရှိခဲ့ဖူးကြောင်း အားချဲ့ တစ်ခါက ပြောပြခဲ့ဖူးတယ်။ ထိုကိစ္စဖြစ်ပြီးကတည်းက နယ်စားမင်းအိမ်တော်၏ စည်းမျဉ်းများမှာ ပိုမိုတင်းကြပ်သွားခဲ့တယ်။
သမားတော်နှင့်တောင် အဆက်အသွယ်မလုပ်နိုင်တာ—အဆိပ်ကို ဘယ်ကနေ ရနိုင်မှာတဲ့လဲ။
"ဟုတ်တယ်။ အမေ ပေးလိုက်တဲ့ ဆေးက အဆိပ်လုံးဝ မဟုတ်ဘူး။ ဒါပေမဲ့ သေချာသွားအောင်လို့ ကျွန်မ အပြင်ထွက်ပြီး သမားတော်ကို ပြကြည့်လိုက်သေးတယ်။ အဲ့ဒီ အမှုန့်ထုပ်က သာမန်အားဆေးပါပဲ..."
စကားပြောရင်း သူမ၏ နုနယ်သော မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။
"ခွန်အားပြည့်ဖြိုးပြီး ယန်ဓာတ်ကို အားကောင်းစေတဲ့ ဆေးတဲ့။ သမားတော်ကို ကျွန်မ မေးပြီးသွားပြီ။ အစက အမျိုးသားတွေအတွက် သီးသန့်ထုတ်ထားတာ ဖြစ်ပေမဲ့ အမျိုးသမီးတွေလည်း သောက်လို့ရပါတယ်တဲ့... ခန္ဓာကိုယ်ကိုလည်း အားရှိစေတယ်လေ။"
လီချန်ချဲ့၏ အကြည့်များက ပြင်းပြင်းထန်ထန် တောက်ပသွားပြီးမှ မိန်းကလေး၏ လက်ကို လွှတ်ပေးလိုက်ကာ သူ၏ ပုံမှန် ခန့်ညားပြီး တည်ငြိမ်သော အမူအရာသို့ ပြန်ရောက်သွားသည်။
သူက ထမင်းကို သပ်သပ်ရပ်ရပ်ဖြင့် ဇွန်းအနည်းငယ် စားလိုက်ပြီး သူ့မျက်လုံးများက မိန်းကလေး၏ နီမြန်းပြီး ချစ်စရာကောင်းသော မျက်နှာလေးပေါ်သို့ ဝေ့ဝဲသွားကာ ရင်ထဲတွင် လှိုင်းထန်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
"အားချဲ့၊ အမေနဲ့ ရှင့်ရဲ့ ဆက်ဆံရေးကို ပြန်ကောင်းမွန်လာအောင်လုပ်ဖို့ နည်းလမ်းတစ်ခု ကျွန်မ စဉ်းစားထားပြီးပြီ။ ဒါပေမဲ့ လောလောဆယ်တော့ ရှင် နည်းနည်းလောက် ဒုက္ခခံရနိုင်တယ်။"
"အို?"
လီချန်ချဲ့က ဝမ်ရှန်းအပေါ် စိတ်ပျက်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူမ၏ မေတ္တာအတွက်လည်း ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။ သူ မျှော်လင့်တာက ရွှယ်နင် သူ့အနားမှာ တစ်သက်လုံး ထာဝရ ရှိနေပေးရန်သာ။
ရွှယ်နင်က သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ဒါပေမဲ့ ရှင် ကျွန်မကို ကူညီပေးရမယ်နော်။"
"မင်း ဘာပဲလုပ်ချင်လုပ်ချင်၊ ကိုယ်ကတော့ မင်းကို အမြဲတမ်း ကူညီပေးမှာပါ။"
လီချန်ချဲ့က တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါပေမဲ့ နောက်တစ်ခါ ကိုယ်အိပ်ပျော်နေတုန်း ဓားနဲ့ထိုးဖို့ သူ(မ)က ခိုင်းလာရင် မင်း ဘယ်လိုလုပ်မလဲ နင်နင်။"
နှစ်များစွာ တစ်လျှောက်လုံး သူ့ဘေးနားရှိ လူအားလုံးက သူ့လူတွေချည်းပဲ ဖြစ်ခဲ့သည်။ ဝမ်ရှန်းက သူ့ကို အန္တရာယ်ပေးချင်လျှင်တောင် အခွင့်အရေး မရနိုင်ခဲ့ပေ။
ယခုမူ ရွှယ်နင်က သူ့ဘေးနားရှိ တစ်ခုတည်းသော အားနည်းချက် ဖြစ်နေပြီ။
နင်နင့်ကို သိမ်းသွင်းဖို့ ဝမ်ရှန်း စဉ်းစားနိုင်ခဲ့တာက သူမ၏ သတ်ချင်သည့် ဆန္ဒ တစ်ခါမှ မလျော့ပါးသွားသေးဘူး ဆိုဝာာကို သက်သေပြနေခြင်းပင်။
ထိုအကြောင်းကို တွေးမိပြီး လီချန်ချဲ့က သူ့ကိုယ်သူ လှောင်ပြောင်သလို ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ သူ၏ မျက်ဝန်းထဲမှ နွေးထွေးမှုများလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ရွှယ်နင် အံ့ဩမှင်သက်သွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ(မ)က ရှင့်ရဲ့ မွေးမိခင်အရင်းလေ။ ရှင့်ကို ဘယ်လိုလုပ် အဲ့ဒီလို ဆက်ဆံရက်မှာလဲ။ ဒီနေ့ ကျွန်မကို ပေးလိုက်တဲ့ အဆိပ်အတုက ကျွန်မကို စမ်းသပ်ရုံသက်သက်ပဲ နေမှာပါ..."
"ကိုယ် အသက်တစ်နှစ်အရွယ်တုန်းက သူ(မ)ကိုယ်တိုင် ကိုယ့်ကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားခဲ့တယ်။ အဖေသာ စောစောစီးစီး မတွေ့သွားရင် ကိုယ် အခုလောက်ဆို သေနေလောက်ပြီ။ သုံးနှစ်အရွယ်မှာ သူ(မ)ကိုယ်တိုင် ကိုယ့်ကို ရေခဲလို အေးစက်နေတဲ့ ရေကန်ထဲ တွန်းချခဲ့တယ်။ အဲ့ဒီနောက် ကိုယ် သုံးရက်ဆက်တိုက် အဖျားကြီးခဲ့တယ်။ သူ(မ)က ကိုယ့်ကို မပြုစုပေးခဲ့တဲ့အပြင် ကိုယ့်ရဲ့ဆေးထဲကိုတောင် အဆိပ်ခတ်ခဲ့သေးတယ်။ ပြီးတော့ ငါးနှစ်ပြည့် မွေးနေ့ရောက်တော့ ကိုယ့်အတွက် သက်ရှည်ခေါက်ဆွဲ တစ်ပန်းကန်ကို ကိုယ်တိုင်ချက်ပေးဖို့ သူ (မ)နောက်ဆုံးတော့ သဘောတူခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီခေါက်ဆွဲပန်းကန်က မတော်တဆ ကိုယ့်လက်နဲ့တိုက်မိပြီး မြေကြီးပေါ် မှောက်ကျသွားတယ်။ အဲ့ဒါကို ခွေးတစ်ကောင်က အကုန်စားသွားတော့ ကိုယ် တော်တော်လေး ငိုခဲ့ရသေးတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ညမှာတင် အဲ့ဒီခွေးက တစ်ကိုယ်လုံး ပြာနှမ်းသွားပြီး အသက်ရှူ လုံးဝရပ်သွားခဲ့တယ်။"
လီချန်ချဲ့က ဖြည်းဖြည်းချင်း ဝါးစားရင်း ပြောနေသည်။ သူ့စကားများက ပေါ့ပေါ့ပါးပါး ပြောနေသယောင် ရှိသော်လည်း သူ၏အကြည့်များကမူ ရွှယ်နင်၏ မျက်နှာထက်၌သာ စူးစိုက်နေလေသည်။