အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) - အားချဲ့၊ အဲ့ဒီတုန်းက ကျွန်မ ရှင့်ကို တော်တော်သဘောကျခဲ့မှာ သေချာတယ်
ရွှယ်နင့်မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားသည်။ မိခင်တစ်ယောက်က ကိုယ့်သွေးသားအရင်းအပေါ် ဒီလောက်အထိ မုန်းတီးနိုင်လိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးရဲခဲ့ဘူး။
သခင်မဝမ်က အားချဲ့ကို မချစ်ရုံသက်သက်သာဟု သူမ အမြဲထင်ခဲ့သော်လည်း ဒီလောက်အထိ အမှန်တကယ် မုန်းတီးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါ။
မိန်းကလေး၏ မျက်ဝန်းထဲတွင် စာနာမှုနှင့် သနားဂရုဏာစိတ်များ ပြည့်လျှံလာတာကို ကြည့်ရင်း လီချန်ချဲ့က ဆက်ပြောသည်။
"ကိုယ် အသက်ဆယ်နှစ်အရွယ်တုန်းက သူ(မ)နဲ့အတူ မြို့တော်ကို လာပြီး စစ်သေနာပတိချုပ်ရွှယ်အိမ်တော်မှာ တည်းခိုခဲ့ဖူးတယ်။ အဲ့ဒီမှာတင် သူ(မ)က ကိုယ့်ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့ပြန်တာ။"
ထိုစကားကို ကြားတဲ့အခါ ရွှယ်နင် မျက်လုံးများ ပင့်ကြည့်လိုက်မိသည်။
"အားချဲ့၊ ရှင် စစ်သေနာပတိချုပ်အိမ်တော်ကို ရောက်ဖူးတာလား။"
သူက ပို၍ခံစားချက်ကင်းမဲ့ပြီး ဂရုမစိုက်သလို ပြောလေလေ၊ ရွှယ်နင် သူ့ကိုကြည့်သည့် အကြည့်များထဲတွင် စာနာမှုနှင့် ကြင်နာမှုများ ပို၍ ပြည့်နှက်လာလေလေ ဖြစ်သည်။
စာနာမှုက အချစ်မဟုတ်မှန်း သိသော်လည်း လီချန်ချဲ့ စွန့်စားကြည့်ချင်မိဆဲပင်။
"အင်း။"
သူက ရွှယ်နင်ဘက်သို့ အကြည့်လွှဲလိုက်ပြီး နှုတ်ခမ်းပါးတို့က ခပ်ဖျော့ဖျော့ ပြုံးယောင်သန်းသွားသည်။
"ကိုယ် ရောက်ဖူးတယ်။"
သူမ ကလေးဘဝတုန်းက ဖိုင့်ဖိုင့်လုံးလုံး မိန်းကလေးငယ်လေးအဖြစ်ပင် သူ မြင်ဖူးခဲ့တယ်။ ကမ္ဘာပေါ်ရှိ ဘယ်မိန်းကလေးမှ သူမရဲ့ ချစ်စရာကောင်းမှုနှင့် မနှိုင်းယှဉ်နိုင်ဘူး။
သူမရဲ့ ငိုသံကျယ်လောင်မှုကိုလည်း ဘယ်သူမှ မမီနိုင်ဘူး။
သူမက ရွှယ်ဇနီးမောင်နှံ၏ ခေါင်းတလားရှေ့တွင် မျက်လုံးလေးများ နီရဲလျက် ကြွေရုပ်လေးတစ်ရုပ်လို ထိုင်ကာ အော်ဟစ်ငိုကြွေးနေခဲ့သည်။
ကလေးတစ်ယောက်က ကိုယ့်ရဲ့ခံစားချက်များကို ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်လိမ့်မည်ဟု သူ မသိခဲ့ဘူး။
သူမ ငိုသည့်အချိန်တိုင်း သူမ၏ဘေးနားရှိ လူတိုင်းက ဝိုင်းဝန်းပွေ့ဖက်ပြီး ချော့မြှူကြသည်။
ထိုမြင်ကွင်းကို ပြန်တွေးမိရုံမျှဖြင့် လီချန်ချဲ့၏ အအေးစက်ဆုံးနှင့် အမာကျောဆုံး နှလုံးသား အစိတ်အပိုင်းများပင် နူးညံ့ပျော့ပျောင်းသွား၏။
အခန်းထဲမှာ သူတို့ဇနီးမောင်နှံ နှစ်ယောက်တည်းသာ ရှိသဖြင့် အလွန်အမင်း တိတ်ဆိတ်နေသည်။
လီချန်ချဲ့က တိုးညှင်းပြီး သာယာသော အသံဖြင့် ပြောနေသည်။
ရွှယ်နင်က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ မျက်တောင်လေးခတ်ရင်း မေးလိုက်၏။
"ဒါဆို အားချဲ့... ရှင် ကျွန်မကို မြင်ဖူးတာပေါ့။"
လီချန်ချဲ့၏ အကြည့်များက အချိန်မြစ်ပြင်ကို ဖြတ်သန်းသွားသယောင် ရှိသည်။
"အင်း။"
ရွှယ်နင်က ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ဒါပေမဲ့ ကျွန်မ ဘာလို့ ရှင့်ကို မမှတ်မိရတာလဲ။"
လီချန်ချဲ့က မျက်လွှာချလိုက်ရင်း ဇီးပွင့်မုန့်တစ်လုံးကို သူမ၏ ပန်းကန်ထဲသို့ အသာလေး ထည့်ပေးလိုက်သည်။
"မင်း တစ်ခါက အဖျားပြင်းပြင်း ဖျားဖူးတယ်လေ။ အဖျားကြီးပြီး မေ့သွားတာ နေမှာပါ။"
ရွှယ်နင် သူမရဲ့ အတိတ်ကို သေချာပြန်စဉ်းစားကြည့်တယ်။ ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့ရသော်လည်း ကလေးဘဝတုန်းက မှတ်ဉာဏ်များက အကန့်အသတ်သာ ရှိ၏။ ထိုအချိန်က သူမက ဝမ်းနည်းပူဆွေးမှုများကြောင့် အချိန်အတော်ကြာ ဖျားနာခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း သူမရဲ့မှတ်ဉာဏ်များက ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ကြီးပြင်းလာခဲ့ရသည့် အကြောင်းများသာ ရှိတော့တယ်။
သူမ မမှတ်မိတော့ပေမယ့် တစ်ခုတော့ သေချာနေသည်။
"အားချဲ့၊ အဲ့ဒီတုန်းက ကျွန်မ ရှင့်ကို တော်တော်သဘောကျခဲ့မှာ သေချာတယ်။"
သူ့ကို သဘောကျခဲ့တယ်?
လီချန်ချဲ့၏ နှလုံးသား လှုပ်ခတ်သွားပြီး သူ၏ နက်မှောင်ရှည်လျားသော မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။
စက္ကန့်ပိုင်းမျှအထိ သူ ရွှယ်နင်၏မျက်နှာထားကိုပင် မကြည့်ရဲခဲ့ချေ။
"နင်နင်—"
သူ မျက်လုံးများကို ပင့်ကာ သူမ၏ မျက်ဝန်းထဲသို့ စူးစိုက်ကြည့်လိုက်စဉ် သူ့လည်ချောင်းတစ်ခုလုံး တင်းကျပ်လာသည်။
သူ၏ ပြင်းပြသော အကြည့်များအောက်တွင် ရွှယ်နင် စိတ်လှုပ်ရှားသွားပြီး သူမ၏ လက်ကလေးများက အဝတ်အနားစကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားမိကာ ချော့မော့သည့် အပြုံးလေးဖြင့် ပျာပျာသလဲ ပြောလိုက်သည်။
"ကျွန်မက အမြဲတမ်း ချောတဲ့ အစ်ကိုကြီးတွေကို အကြိုက်ဆုံးလေ။ ရှင်က အခုတောင် ဒီလောက်ကြည့်ကောင်းတာ... ငယ်ငယ်တုန်းကလည်း ထူးထူးခြားခြား ချောမောပြီး ထက်မြက်ခဲ့မှာ သေချာတယ်။"
လီချန်ချဲ့၏ တင်းကျပ်နေသော နှလုံးသားကြိုးမျှင်လေးက ရုတ်တရက် လျော့ကျသွားပြီး သူ၏ မျက်ဝန်းများက မှေးမှိန်အထီးကျန်သွားတော့သည်။
သူ ထင်ခဲ့မိတာက... သူမပြောတဲ့ သဘောကျခြင်းက အဲ့ဒီလိုမျိုး သဘောကျခြင်းလို့ပေါ့။ ဒါပေမဲ့ ဒါက အစ်ကိုကြီးတစ်ယောက်အပေါ် ထားတဲ့ ညီမလေးတစ်ယောက်ရဲ့ ခံစားချက်သက်သက်သာ ဖြစ်နေဆဲပင်။
သူက သူ့ကိုယ်သူ လှောင်ပြောင်သလို ပြုံးလိုက်သည်။
"ရုပ်ချောတာက သိပ်ပြီး အသုံးမဝင်ပါဘူး။"
ရွှယ်နင်က တခစ်ခစ်ရယ်လိုက်သည်။
"ရုပ်ချောတာက ဘာလို့ အသုံးမဝင်ရမှာလဲ။ လူတွေ သဘောကျအောင် လုပ်နိုင်တယ်လေ။"
နက်မှောင်သော စိမ်းဖန့်ရောင် ဖဲကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားတည်ငြိမ်သော လီချန်ချဲ့က ဝမ်းနည်းအားငယ်နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ ကိုယ်သဘောကျတဲ့လူက ကိုယ့်ကို သိပ်မချစ်ဘူးလေ။"
သူ သဘောကျရတဲ့သူ ရှိတယ်ဆိုတာကို သူမ အရင်က ကြားဖူးရုံပဲ ရှိခဲ့ပေမယ့် လီချန်ချဲ့ ကိုယ်တိုင်ပြောလာတာကို ဒီနေ့မှ ပထမဆုံး ကြားရခြင်း ဖြစ်သည်။
ရွှယ်နင် ကြက်သေ သေသွားပြီး နှလုံးသားထဲတွင် ပြောမပြတတ်အောင် ခါးသီးနာကျင်မှုကို ခံစားလိုက်ရ၏။
သူမ ဘာပြောရမှန်းမသိသဖြင့် အတင်းအကျပ် ပြုံးလိုက်ရင်း သူ ယူဆောင်လာခဲ့သော စန္ဒကူးနံ့သာပန်းပု သေတ္တာလေးကို သတိပြုမိသွားသည်။
"ဟော... အားချဲ့၊ ဒါက ဘာလဲဟင်။"
မိန်းကလေးငယ်က အကြောင်းအရာကို ဤမျှအထိ လျင်မြန်စွာ လွှဲပြောင်းလိုက်သဖြင့် လီချန်ချဲ့ အံ့ဩသွားပြီး မတတ်သာသလို ပြုံးလိုက်မိသည်။
"သွားကြည့်လိုက်လေ။"
ရွှယ်နင် လျှောက်သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်ရာ မတ်တတ်ပေါက်ကျယ် အဖြူရောင် ကြွေဇလုံလေးထဲတွင် လဲလျောင်းနေသော လိပ်ကလေးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
"ဟယ်... လိပ်ကလေးပါလား၊ ဘာလို့ လိပ်ကလေး ရှိနေတာလဲ။"
လီချန်ချဲ့၏ နှုတ်ခမ်းပါးတို့က အနည်းငယ် ပွင့်ဟလာသည်။
"မင်း ခြံဝင်းထဲမှာ ငါးကန်တစ်ခု လုပ်ထားတယ် မဟုတ်လား။ ဒီကောင်လေးကို မင်းမွေးဖို့ ယူလာပေးတာ။"
ရွှယ်နင်က တိရစ္ဆာန်လေးများကို အလွန်ချစ်တတ်သူ ဖြစ်၏။ အရင်တုန်းက သူမ အများကြီး မွေးချင်ခဲ့သော်လည်း သူတစ်ပါးအိမ်တွင် ကပ်နေရသဖြင့် အဆင်မပြေခဲ့ချေ။ သူမ ဆယ့်ငါးရက်ခန့် မွေးထားခဲ့သည့် ကြောင်ပေါက်လေးကို စုရှီးနှင့် စုချင်း ညီအစ်မနှစ်ယောက်က သတ်ပစ်ခဲ့ကြသည်။ သခင်မကျန်းက သူမဘက်မှ မတ်တတ်ရပ်ပေးပြီး တခြားကြောင်ကျားလေးတစ်ကောင် ဝယ်ကျွေးရန် ရည်ရွယ်ခဲ့သော်လည်း ရွှယ်နင်က နယ်စားမင်းအိမ်တော်ရှိ သူမ၏ အခြေအနေကို နားလည်သဖြင့် မည်သည့်သက်ရှိကိုမျှ နောင်တွင် စိတ်အလိုကျ မမွေးရဲတော့ပေ။
ယခု ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပြောင်းရွှေ့လာပြီးနောက်တွင်မူ စိတ်ကူးပေါက်ရုံသက်သက်ဖြင့် ခြံဝင်းထဲတွင် စတုရန်းပုံ ကျောက်ဆစ်ငါးကန်တစ်ခုကိုသာ ထားရှိခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ပို၍အလုပ်ရှုပ်နေတဲ့ အားချဲ့က ဒီလိုမျိုး သေးငယ်တဲ့ အသေးစိတ်အချက်အလက်များကိုပင် သတိပြုမိလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ဘူး။
သူမက လိပ်ကလေးရှိနေသည့် ကြွေဇလုံကို ချက်ချင်း ပွေ့ဖက်လိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် လီချန်ချဲ့ကို ကြည့်ကာ မေးလိုက်သည်။
"အားချဲ့၊ ဒါဆို ကျွန်မ ကြောင်လေးတစ်ကောင် မွေးလို့ရမလားဟင်။"
အမျိုးသမီးတစ်ယောက်၏ နှလုံးသားကို ရယူလိုလျှင် သူမအား နွေးထွေးတဲ့ အိမ်တစ်အိမ်လို ခံစားချက်မျိုး ရအောင် လုပ်ပေးရမည်ဟု ဒီနေ့မနက်က သူ့လက်အောက်ငယ်သား ပေးခဲ့တဲ့ အကြံဉာဏ်ကို လီချန်ချဲ့ သတိရလိုက်သည်။
ထိုလက်အောက်ငယ်သားက မိန်းကလေးငယ်ကို အနားတွင် ရှိနေစေရန် အိမ်မွေးတိရစ္ဆာန်လေးတစ်ခုဖြင့် ဆွဲဆောင်ရန် အကြံပြုခဲ့ခြင်း ဖြစ်၏။ ဤလှည့်ကွက်က အမှန်တကယ် အလုပ်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ့မျက်ဝန်းထဲတွင် သဘောကျနှစ်ခြိုက်မှု အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"ရတာပေါ့။ မင်း ဘာအရောင် ကြိုက်လဲ။"
"အဝါဝါလေးဆိုရင်ရော?"
"နောက်မှ ကိုယ် မင်းအတွက် တစ်ကောင် ဖမ်းပေးမယ်။"
ရွှယ်နင်၏နှလုံးသားလေး နူးညံ့သွားသည်။ ထို့နောက် လက်ထဲက လိပ်ကလေးကို ကြည့်ရင်း စိတ်လှုပ်ရှားကာ ကျေးဇူးတင်ရှိမှုများဖြင့် မေးလိုက်သည်။
"ဒီကောင်လေးကို ဘာနာမည်ပေးရင် ကောင်းမလဲ။"
လီချန်ချဲ့က ပြန်ဖြေသည်။
"မင်းက ဒီအိမ်ရဲ့ သခင်မပဲ။ ဒါက ကိုယ်တို့နှစ်ယောက်ရဲ့ ကလေးဆိုတော့ မင်းပဲ နာမည်ပေးတာ သဘာဝကျပါတယ်"
ပုံမှန်စကားတစ်ခွန်းသာ ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ရွှယ်နင်၏ မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားသည်။
ထိုအမျိုးသား၏ နက်ရှိုင်းသော အကြည့်များနှင့် မဆုံရဲသဖြင့် သူမ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
"ဒါဆို သူ့ကို လီအန်းအန်း လို့ ခေါ်ကြစို့"
လီချန်ချဲ့ အနည်းငယ် အံ့ဩသွားတယ်။ ထိုမိန်းကလေးငယ်က သူ့မျိုးရိုးအမည်ကို သုံးပြီး လိပ်ကလေးကို နာမည်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိဘူး။
ရွှယ်နင်က သူမ၏ နုနယ်ဖြူစင်သော လက်ကလေးကို ဆန့်ထုတ်ကာ လိပ်ကလေး၏ ခေါင်းကို ညင်သာစွာ တို့ထိလိုက်ရင်း မျက်လုံးလေးများ လခြမ်းကွေးပုံ ဖြစ်သွားကာ ပြောလိုက်သည်။
"အန်းအန်းလေးရေ... မင်း ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာရမယ်နော်။"
တစ်ခါတုန်းက... သူခိုးမွေးခဲ့ဖူးတဲ့ ကြောင်ပေါက်လေးကလည်း ဒီလောက်လေးပဲ ရှိခဲ့တာ။
ဒါပေမဲ့ တစ်စုံတစ်ယောက်က ထိုကြောင်လေးရဲ့ လည်ပင်းကိုလိမ်ပြီး သတ်ပစ်ခဲ့တယ်။
နူးညံ့လွန်းတဲ့ ခန္ဓာကိုယ်အသေးလေးတစ်ခုလုံး သွေးတွေနဲ့ စွန်းထင်းနေခဲ့တာ။
ကလေးဘဝတုန်းက သူဟာ ကြောင်လေးရဲ့အလောင်းရှေ့မှာ ဒူးထောက်ရင်း... တခြားသူတွေလည်း မိခင်တွေဖြစ်ကြပါလျက်နဲ့ သူ့ရဲ့မိခင်အရင်းက ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် မုန်းတီးနေရတာလဲဆိုတာကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူး။
ကံကောင်းစွာနဲ့ပဲ အခုတော့ သူကြီးပြင်းလာခဲ့ပြီ။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်ပိုင်အာဏာစက်ကို တည်ဆောက်နိုင်ခဲ့ပြီ။
အခုဆိုရင် သူမြတ်နိုးတန်ဖိုးထားတဲ့အရာမှန်သမျှကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ စွမ်းအား သူ့မှာ ရှိနေပြီ။
လီချန်ချဲ့ရဲ့အကြည့်တွေ ခဏမျှ ဝေးကွာသွားပြီး စားပွဲပေါ်က ညစာတွေကလည်း တော်တော်လေး အေးစက်နေပြီဖြစ်သည်။
မိန်းကလေးငယ်က လိပ်ကလေးနဲ့ ပျော်ရွှင်စွာ ဆော့ကစားနေတာကို ကြည့်ရင်း သူ မသိစိတ်က နှုတ်ခမ်းထောင့်တွေကို ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
"နင်နင်၊ ကိုယ် အရင်သွားရေချိုးလိုက်ဦးမယ်။"
ရွှယ်နင်က သူမရဲ့ တောက်ပတဲ့မျက်နှာလေးကို မော့ကြည့်ရင်း-
"ကောင်းပါပြီ အားချဲ့၊ ရှင် အရင်သွားနှင့်လေ။"
အစေခံတွေကို ညစာစားပွဲ သိမ်းဆည်းဖို့ မှာကြားပြီးနောက် လီချန်ချဲ့က ထရပ်ကာ ရေချိုးခန်းဆီသို့ ဦးတည်သွားတော့သည်။
ထိုအမျိုးသား ထွက်သွားပြီးနောက် ရွှယ်နင်က အန်းအန်းလေးကို ရေကန်ငယ်လေးထဲ ထည့်ပေးလိုက်ပြီး သူ့ဘာသာသူ လျှောက်သွားနေစေလိုက်သည်။
ဒီကောင်လေးက သူ့ခေါင်းလေးကို ပြူထွက်လိုက်၊ ပြန်ဝင်လိုက်လုပ်နေတာက ကြည့်လို့ အရမ်းချစ်စရာကောင်းတယ်။
သူမက ပေါင်ချန်ကိုပါ ခေါ်ပြီး ပြချင်သေးပေမယ့် နှမြောစရာကောင်းစွာဖြင့် ထိုမိန်းကလေးက မူးပြီး အခန်းထဲမှာ သတိလစ်အိပ်ပျော်နေပြီ။
ရွှယ်နင် သွားကြည့်လိုက်တော့ ကောင်မလေးက တကယ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အတွက် သူမ မနှိုးတော့ပေ။
အထိန်းတော်ကျန်းနှင့်အတူ ခန်းမကြီးထဲ ပြန်ရောက်လာချိန်တွင် အထိန်းတော်ကျန်းက တိုးတိုးလေး ပြောလာသည်။
"သခင်မလေး... အပြင်မှာ မိုးရွာနေတယ်၊ ရွှမ်းယီနယ်စားမင်းအိမ်တော်က လာတဲ့သူကတော့ တံခါးမကြီးအပြင်ဘက်မှာ ဒူးထောက်နေတုန်းပဲ။"
ရွှယ်နင်က အန်းအန်းလေးရဲ့ခေါင်းကို ပွတ်သပ်ရင်း-
"အားချဲ့ ပြန်ရောက်နေပြီ။ ဒါကို ဘယ်လိုကိုင်တွယ်ချင်လဲဆိုတာ ခဏနေရင် သူ့ကို ကျွန်မ မေးကြည့်လိုက်မယ်။"
အထိန်းတော်ကျန်းက ပြုံးလျက်၊ ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ"
လီချန်ချဲ့ ရေချိုးပြီးနောက် ရွှယ်နင်က မင်းသမီးရှို့နင်းနှင့် စုချင်းတို့ နယ်စားမင်းအိမ်တော်တံခါးဝတွင် ဒူးထောက်နေဆဲဖြစ်ကြောင်း ပြောပြလိုက်သည်။
လီချန်ချဲ့က ဝတ်ရုံပွပွကို ဝတ်ဆင်ထားလျက် သလွန်ပေါ်တွင် ထိုင်နေသည်။ သူ၏ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာပြင်က ပြတ်သားပြီး ဆွဲဆောင်မှုအပြည့် ရှိနေ၏။
"သူတို့နှစ်ယောက်လုံးကို အထဲ ခေါ်လာခဲ့လိုက်။”