အခန်း (၂၈၇၇-၂၈၇၈)
Vol. 288 Ch. 2877-2878
အခန်း (၂၈၇၇) - နတ်ဆိုးများ၏ စိန်ခေါ်ပွဲ
ချူးဇီမူမှာ ရုတ်တရက် ရယ်မောလာပြီးနောက် စကားစလိုက်သည်။
"မိတ်ဆွေတို့၊ ကျွန်တော်တို့ ဒီကို မရောက်ခင်ကတည်းက လီသခင်ကြီးရဲ့ အစွမ်းအကြောင်းကို သူတို့ကို သတိပေးခဲ့တာပါ။ ဒါပေမဲ့ သူကပဲ မရမက သွားချင်နေတာ၊ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ သူတို့ အသတ်ခံရပြီး ကျွန်တော်တို့ပါ အလကား အသက်မဆုံးရှုံးရအောင် လမ်းပြပေးလိုက်ရုံပေါ့။"
"ကျွန်တော်တို့နဲ့ ဒီကိစ္စ ဘာမှ မဆိုင်ပါဘူး၊ ဒီကိစ္စပြီးရင် ကျွန်တော်တို့ကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။"
ချူးဇီမူနှင့်အတူ ပါလာသော သူတော်စင်က အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း ခေါင်းငြိမ့်ပြသည်။
ဖန့်ချန်တို့ အုပ်စုမှာမူ သိပ်ပြီး ဒေါသထွက်ပုံမရ။ ဤကိစ္စမျိုး ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ဟန်ဖြင့် တည်ငြိမ်စွာပင် ရှိနေကြသည်။
"မင်းတို့လို ငတ်နေတဲ့ ခွေးတွေကတော့ သဘောပေါက်သားပဲ။ စိတ်ချပါ၊ ဒီကိစ္စပြီးရင် မင်းတို့ကို ဘေးကင်းကင်းနဲ့ လွှတ်ပေးလိုက်ပါ့မယ်။"
"မင်းတို့သာ ငါတို့ တန်းရှန်းမြို့ကို အနှောင့်အယှက် မပေးသရွေ့၊ ငါတို့လည်း မင်းတို့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက မူလအမြစ်ချင်း တူတဲ့သူတွေပဲလေ၊ ကိုယ့်လူကိုယ် ပြန်သတ်နေစရာ လိုပါ့မလား။"
တန်းရှန်းမြို့မှ သူတော်စင်က ချူးဇီမူတို့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ အမူအရာမှာ မောက်မာပြီး လေသံမှာ အထင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း ချူးဇီမူတို့ကို ဘေးကင်းစွာ လွှတ်ပေးမည်ဟု ကတိပေးလိုက်သည်။
ချူးဇီမူမှာ စိတ်ထဲတွင် အလွန်ပင် ကျေးဇူးတင်သွားသဖြင့် လက်အုပ်ချီကာ အကြိမ်ကြိမ် အရိုအသေပြုလေသည်။
ထို့နောက် သူက ဖန့်ချန်တို့၏ နောက်ကြောင်းကိုပါ ဆက်၍ ရှင်းပြလိုက်သည်။
"မိတ်ဆွေတို့၊ ဒီလူတွေက ခုနကမှ အပို့ခံရတဲ့သူတွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့ အတွင်းကမ္ဘာ ကြယ်တာရာတွေနဲ့ နတ်ဘုရားစွမ်းအားတွေက ဘာမှ အကူးမခံရသေးဘူးဗျ..."
ထိုစကားထွက်ပေါ်လာသည်နှင့် တန်းရှန်းမြို့မှ သူတော်စင်များ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ဖန့်ချန်တို့ကို စူးစိုက်ကြည့်လိုက်ကြသည်။ မျက်ဝန်းထဲတွင်လည်း လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
"မိတ်ဆွေတို့... တန်းရှန်းမြို့က ခင်ဗျားတို့လို အညစ်အကြေးကင်းစင်တဲ့သူတွေကို အနှစ်သက်ဆုံးပဲဗျ။"
ချူးဇီမူက သူတစ်ပါး ဒုက္ခကို ကြည့်ပြီး ပျော်ရွှင်နေသလိုမျိုး ရယ်မောလိုက်သည်။
သူ့စကားထဲတွင် တစ်မျိုးတစ်ဖုံ ရည်ရွယ်ချက်ရှိမှန်း သိသွား၍လားမသိ၊ တန်းရှန်းမြို့မှ သူတော်စင်က ချူးဇီမူကို အေးစက်စက် လှမ်းကြည့်လိုက်သည်။
"ငါတို့ တန်းရှန်းမြို့က မင်းတို့လိုပဲ ကိုယ့်အပေါင်းအဖော်တွေရဲ့ အတွင်းကမ္ဘာ ကြယ်တာရာတွေကို အတင်း လုစားမယ်လို့ ထင်နေတာလား။"
"ငတ်နေတဲ့ ခွေးကတော့ ငတ်နေတဲ့ ခွေးပါပဲ။ နွေရာသီ ပိုးကောင်တွေကို ရေခဲအကြောင်း ပြောပြလို့မှ မရတာ။"
"အို..."
ချူးဇီမူမှာ အံ့အားသင့်သွားသည်။
သူနှင့်အတူ ပါလာသော သူတော်စင်များမှာလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
ရူးသွပ်နေသော နတ်ဆိုးကောင်ကြီးများ သိမ်းပိုက်ထားသည့် မြို့တော်များသည် ခုနကမှ အပို့ခံရသည့် သူတော်စင်များကို အလွန်နှစ်သက်ကြသည်ဟု သတင်းထွက်နေသည် မဟုတ်ပါလား။
အပို့ခံရသည့် သူတော်စင်များမှာ သန့်စင်နေသဖြင့် စားရလျှင် အလွန်အားရှိသည်ဟု သူတို့ ထင်ထားခဲ့ကြသည်။
အခုကျတော့လည်း မဟုတ်ပြန်ဘူးလား။
တန်းရှန်းမြို့မှ သူတော်စင်ကမူ ယခုအခါတွင် ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ဖန့်ချန်တို့ကို ကြိုဆိုလိုက်သည်။
"ခင်ဗျားတို့ ဒီကို ရောက်ခါစမှာ တန်းရှန်းမြို့ကို ရောက်လာတာက ခင်ဗျားတို့အတွက်ရော၊ ငါတို့အတွက်ပါ ကံကောင်းခြင်းပဲ။"
"လီသခင်ကြီးကို စိန်ခေါ်မယ်ဆိုတဲ့ စကားကိုတော့ ထပ်မပြောပါနဲ့တော့။"
"ခင်ဗျားတို့ရဲ့ အတွင်းကမ္ဘာစွမ်းအားနဲ့ ဒီနေရာရဲ့ အရှိန်အဝါတွေကို ကာကွယ်ထားကြပါ။ ဒီနေရာရဲ့ အကူးမခံရအောင် သတိထားပါ။ ခင်ဗျားတို့ ရောက်လာတာက ငါတို့ တန်းရှန်းမြို့အတွက်တော့ အလွန်ကြီးကျယ်တဲ့ ဝမ်းသာစရာ ကိစ္စပဲ"
ဖန့်ချန်မှာ ရုတ်တရက် ရောက်လာသည့် ထိုကြိုဆိုမှုမျိုးကို ကြုံရသဖြင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ငါတို့ကို ရေချိုးသန့်စင်ပေးပြီး အိုးထဲထည့်ပေါင်းစားဖို့ စီစဉ်နေတာလား။"
အကြီးအကဲငါးပါးတို့မှာလည်း မနေနိုင်ဘဲ ပြုံးလိုက်ကြသည်။
တကယ်လို့သာ သူတို့က အဲဒီလို လုပ်ကြမယ်ဆိုရင်တော့ ဖန့်သူတော်စင်ဘိုးဘေးက သူတို့ကို သတ်ဖြတ်ပစ်တော့မှာ အသေအချာပါပဲ။
"မိတ်ဆွေတို့ အထင်မလွဲပါနဲ့။ အဲဒါကတော့ ငတ်နေတဲ့ ခွေးတွေမှ လုပ်တတ်တာပါ။ သူတို့လုပ်သလို လုပ်တာက ကျင့်ဝတ်နဲ့ မညီသလို၊ သူတို့ကိုယ်သူတို့လည်း မကယ်တင်နိုင်ပါဘူး။"
"ဒါပေမဲ့ ငါတို့ တန်းရှန်းမြို့က မတူဘူး။ ငါတို့က အကူးခံရရင်တောင်၊ နတ်ဘုရားနယ်မြေနဲ့ လုံးဝ ပေါင်းစပ်သွားတဲ့အချိန်အထိ ငါတို့ရဲ့ အသိစိတ်က ပျောက်ဆုံးသွားမှာ မဟုတ်ဘူး။"
"ငါတို့က သူတို့လို တိရစ္ဆာန်တွေ ဖြစ်မလာဘူး။ အဲဒီလိုမှသာ ဒီတန်းရှန်းမြို့ကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး၊ နောက်မှ ရောက်လာမယ့်သူတွေကိုလည်း ဒီနယ်မြေကနေ လွတ်မြောက်သွားအောင် ကူညီပေးနိုင်မှာပါ။"
သူက လေးလေးနက်နက်ဖြင့် ပြောသည်။ ခဏရပ်ပြီးနောက်
"ငါ့နာမည်က ဂျီပင်း ပါ။"
ဖန့်ချန်တို့မှာ ဂျီပင်း၏ စကားကို အပြည့်အဝတော့ မယုံကြည်ကြသေးပေ။ တစ်ဖက်လူက ရိုးသားစွာ ပြောပြနေသော်လည်း၊ ဤနေရာမှာ နယ်မြေက တစ်မျိုးမို့ ထွက်ပေါက်မရှိလျှင် လူတိုင်း ရူးသွပ်သွားနိုင်သည် မဟုတ်ပါလား။
ချူးဇီမူတို့လိုမျိုးပေါ့။
ဂျီပင်းက ဖန့်ချန်တို့၏ သံသယရှိနေသော အကြည့်ကို မြင်သဖြင့် အနည်းငယ် ပြုံးကာ ပြောသည်။
"ရိုးရိုးသားသား ပြောရရင် ငါတို့မှာ မကောင်းကြံထားတာ ရှိရင် ခင်ဗျားတို့ ဒီကို ရောက်ကတည်းက အသက်ရှင်နေမှာ မဟုတ်ဘူး။ အဲဒါတွေ ပြောနေစရာ မလိုပါဘူး။"
"ငါနဲ့ လိုက်ခဲ့ပါ။ လီသခင်ကြီးက ဒီနေ့ 'ဝမ်ရှင်းမြို့' က တစ်ယောက်ကို ဧည့်ခံနေရတယ်။ ဒီပွဲပြီးရင် သူကိုယ်တိုင် ခင်ဗျားတို့ကို တွေ့ပါလိမ့်မယ်။"
"ဘာ။ ဝမ်ရှင်းမြို့က နတ်ဆိုးကောင်လည်း ရောက်နေတာလား။"
ဝမ်ရှင်းမြို့ ဟူသော စကားကို ကြားလိုက်သည်နှင့် ချူးဇီမူတို့မှာ အခြားအရာများကို မတွေးနိုင်တော့ဘဲ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။
"ငါတို့ အဲဒီကို သွားကြည့်ရအောင်၊ ဒီတန်းရှန်းမြို့က ငါတို့ထင်ထားသလိုမျိုး မဟုတ်ဘဲလည်း ဖြစ်နိုင်တယ်။"
ဖန့်ချန်က စိတ်အာရုံဖြင့် လှမ်းပြောသည်။
မကြာမီပင် ဂျီပင်း၏ လမ်းပြမှုဖြင့် ခမ်းနားလှသော ခန်းမကြီးတစ်ခုသို့ ရောက်သွားသည်။
ခန်းမထဲတွင် သူတော်စင်များဖြင့် ပြည့်နှက်နေပြီး ဂျီပင်းတို့ အုပ်စုဝင်လာသည်ကို သိပ်ပြီး အာရုံမထားမိကြပေ။
ယခုမူကား သူတော်စင်အားလုံး၏ အာရုံမှာ ခန်းမအလယ်ဗဟို၌သာ ရှိနေသည်။
ထိုနေရာတွင် စားပွဲတစ်ခု ရှိပြီး လူနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
တစ်ဦးမှာ မျက်ခုံးထူထူနှင့် ရုပ်ရည်ချောမောလှပသူ ဖြစ်သည်။
နောက်တစ်ဦးမှာမူ ခန္ဓာကိုယ် တောင့်တင်းပြီး ထိုင်နေသည့်ပုံစံမှာ တောင်ကုန်းတစ်ခုကဲ့သို့ပင်၊ ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် အမည်းရောင် မြူငွေ့များ လွှမ်းခြုံထားသည်။
"လီတန်းရှန်း၊ ငါ ဒီကို လာတာ မင်းနဲ့ စကားပြောဖို့ မဟုတ်ဘူး။ ဒီနေ့ တန်းရှန်းမြို့က သူတော်စင်တွေလည်း အကုန်ရှိနေတာဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။"
ခန္ဓာကိုယ် တောင့်တင်းသူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းတို့ တန်းရှန်းမြို့မှာ ဒီနယ်မြေရဲ့ အရှိန်အဝါ အကူးမခံရသေးတဲ့ သူတော်စင် (၃၂) ယောက် ကျန်သေးတယ်။ ၁၆ ယောက်ကို ငါ့ 'ဝမ်ရှင်းမြို့' ကို ပေးလိုက်၊ ငါချက်ချင်း ပြန်သွားမယ်။"
"အဲဒီလိုမှ မဟုတ်ရင်တော့ ဒီနေ့ စစ်ဖြစ်ကြရုံပေါ့။"
"ပြီးပြီ။ ဝမ်ရှင်းမြို့က တန်းရှန်းမြို့ကို စစ်ကြေညာတော့မှာလား။"
ချူးဇီမူမှာ မျက်နှာပျက်သွားသည်။ ဒါကလည်း တိုက်ဆိုင်လွန်းမနေဘူးလား။
တကယ်လို့များ ဒီနေ့ စစ်ဖြစ်သွားရင် သူတို့ပါ ဒုက္ခရောက်ကုန်တော့မှာ မဟုတ်ဘူးလား။
ထိုအကြောင်းကို တွေးမိကာ ချူးဇီမူက ဂျီပင်းတို့ကို လှည့်ကြည့်လိုက်သည်။ ထိုသူတို့မှာ အလွန်တည်ငြိမ်နေပြီး ဘာမှ စိုးရိမ်နေပုံမပေါ်ပေ။
သူက ဖန့်ချန်တို့ကိုလည်း ကြည့်လိုက်သည်။ သူတို့လည်း တည်ငြိမ်နေကြသည်။
"တန်းရှန်းမြို့က သူတော်စင်တွေက လီတန်းရှန်းဆိုတဲ့ နတ်ဆိုးကို ယုံကြည်မှု ရှိလွန်းလို့ တည်ငြိမ်နေတာ။ မင်းတို့ကတော့ ဘာကို အားကိုးပြီး တည်ငြိမ်နေတာလဲ"
ချူးဇီမူမှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
"ချူးဖေး၊ မင်း ဝမ်ရှင်းမြို့ကို ကောင်းကောင်း မထိန်းနိုင်ဘူး။ အကူးမခံရသေးတဲ့ သူတော်စင်တွေကို ကောင်းကောင်း မကာကွယ်နိုင်လို့ သူတို့တွေ အကူးခံလိုက်ရပြီး ငါတို့လို ဖြစ်ကုန်တာ။"
လီတန်းရှန်းက ဖြည်းဖြည်းချင်း စကားစလိုက်သည်။
"အရင်ကဆိုရင် အပို့ခံရတဲ့ သူတော်စင်သစ်တွေကို မြို့ (၁၀) မြို့က တရားမျှတစွာ ခွဲဝေကြတယ်။"
"ကိုယ့်မြို့က သူတော်စင်တွေကို ကိုယ်ကာကွယ်နိုင်မှသာ၊ သူတို့ရဲ့ စွမ်းအားတွေကို သုံးပြီး ငါတို့ရဲ့ အသိစိတ်ကို ထိန်းထားနိုင်မှာ။"
"ဒါပေမဲ့ မင်းကတော့ အဲဒါကို အလွန်ညံ့ဖျင်းစွာ လုပ်နေတာပဲ။"
"ငါ့ တန်းရှန်းမြို့က သူတော်စင် ၃၂ ယောက်ကို မင်းကို ပေးမှာ မဟုတ်ဘူး။"
"သူတို့က ငါတို့ ဒီနေရာကနေ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။"
'မျိုးစေ့ သူတော်စင်' လား။
ဖန့်ချန်တို့မှာ အံ့အားသင့်သွားသည်။
ထိုစကားဝိုင်းအရ သူတို့ကဲ့သို့ အပို့ခံရသည့် သူတော်စင်သစ်များသည် ဒီနေရာမှာ အသက်ရှင်နိုင်ဖို့အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သိလိုက်ရသည်။
"ငါတို့ရဲ့ စွမ်းအားက သူတို့ရဲ့ အသိစိတ်ကို ထိန်းထားပေးနိုင်တယ်ဆိုတော့၊ ငါတို့ကို စားဖို့ပဲ ကြံစည်နေတာ မဟုတ်ဘူးလား။"
စီကုကျိမှာ စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။
အကြီးအကဲငါးပါးတို့မှာလည်း ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ဖန့်ချန် ရှိနေတာဆိုတော့ သူတို့ သိပ်မစိုးရိမ်တော့ပါ။ တကယ်လို့ သေရမယ်ဆိုရင်တောင် ကြောက်စရာ မလိုပါ။
"လီတန်းရှန်း၊ ဒါဆိုရင်တော့ ပြောစရာ မရှိတော့ဘူးပေါ့။"
ချူးဖေးက ရယ်မောလိုက်သည်။
"အပြင်က သူတော်စင်တွေက ငါတို့ နတ်ဆိုး (၁၀) ကောင်ကို ဘယ်လောက်တောင် အစွမ်းထက်တယ် ပြောကြလဲ။ ဒါပေမဲ့ ငါတို့အချင်းချင်း တိုက်ခိုက်တာကိုတော့ သိပ်မမြင်ဖူးကြဘူး။ ဒီလိုလုပ်မလား၊ ငါ တခြား (၈) ကောင်ကိုပါ ခေါ်လိုက်မယ်။ မင်းနဲ့ ငါနဲ့ တိုက်ခိုက်တာကို သူတို့လည်း ကြည့်ပါစေ။"
"ဒီတစ်ခါတော့ မင်းနဲ့ ငါနဲ့ထဲက တစ်ယောက် သေရမယ်။"
"မင်း အချိန်ပေးပါ။"
လီတန်းရှန်းက ခေါင်းညိတ်လိုက်သည်။
"ငါ အမြဲတမ်း စောင့်နေပါတယ်။"
"ကောင်းပြီ။"
ချူးဖေးက တစ်ဖက်လူက လက်ခံလိုက်သည်ကို မြင်တော့ ဒေါသကို မြိုသိပ်ကာ ထရပ်ပြီး ထွက်သွားတော့သည်။
သူထွက်သွားသည်နှင့် သူတော်စင်အုပ်စုတစ်စုကလည်း လိုက်ပါသွားကြသည်။
သို့သော် သူတို့မှာ ဖန့်ချန်တို့ အုပ်စုနားသို့ ရောက်သောအခါ ရုတ်တရက် ခြေလှမ်းရပ်တန့်သွားကြသည်။
အခန်း (၂၈၇၈) - မင်းက ယဲ့ထျန်းဂူ မဟုတ်လား
ချူးဖေး ခြေလှမ်းရပ်တန့်လိုက်သည်နှင့်အတူ ခမ်းနားလှသော ခန်းမကြီးထဲရှိ သူတော်စင်များသည်လည်း ဖန့်ချန်တို့ အုပ်စုထဲမှ အသားအရောင်စိုပြေပြီး ထူးခြားနေသော မျက်နှာသစ်များကို သတိပြုမိသွားကြသည်။
"အံ့ဩစရာပဲ၊ သူတို့က ဘယ်သူတွေလဲ။"
"တန်းရှန်းမြို့ထဲမှာ တစ်ခါမှ မမြင်ဖူးသလိုပဲ။"
"သူတို့ ခန္ဓာကိုယ်ထဲက အရှိန်အဝါက အရမ်းသန့်စင်နေတာပဲနော် "
ခန်းမထဲရှိ သူတော်စင်များသည် ဖန့်ချန်တို့ကို ချက်ချင်းပင် တစ်ကိုယ်လုံး အကဲခတ်ကြည့်ရှုလိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် အံ့ဩမှုနှင့် စပ်စုမှုတို့ ရောထွေးနေသည်။
"သန့်စင်တဲ့ အရသာပဲ။"
ချူးဖေးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ မျက်နှာတွင် မူးယစ်တက်ကြွသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းကာ ဖန့်ချန်တို့ကို တစ်ချက်ချင်း အကဲခတ်ရင်း -
"မင်းတို့... အခုမှ ရောက်လာတာ မဟုတ်လား"
အခုမှ ရောက်လာတာ ဟုတ်လား
ခန်းမထဲတွင် ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာသည်။ သူတော်စင်အများအပြားသည် ဂျီပင်းကို ဖန့်ချန်တို့၏ နောက်ကြောင်းအကြောင်း တန်းစီမေးမြန်းကြသည်။
လီတန်းရှန်းလည်း ထရပ်လိုက်ပြီး ဖန့်ချန်တို့ကို စပ်စုလိုသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ သို့သော် သူသည် ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာကာ ထိုနေရာတွင်ပင် တောင့်ခဲသွားပြီး စကားပင် မဆိုနိုင်တော့ပေ။
"ငါတို့ ရောက်လာတာ မကြာသေးပါဘူး။"
ဖန့်ချန်က ပြုံး၍ ဖြေသည်။
ချူးဖေး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဖန့်ချန်တို့ကို လောဘတကြီးနှင့် ကြည့်ရှုရင်း အရေအတွက်ကို ရေတွက်လိုက်သည်။
"တစ်၊ နှစ်၊ သုံး..."
"ကိုးယောက်"
ချူးဖေးက တဟားဟားတိုက်၍ ရယ်မောလိုက်သည်။
"ကိုးယောက်တောင် ထပ်ရောက်လာတာကို ငါတို့ကို အကြောင်းမကြားဘူးပေါ့၊ ဒါက မင်းတို့ တန်းရှန်းမြို့ရဲ့ လုပ်ရပ်လား။"
"ဒီနှစ်တွေအတွင်းမှာ မင်းတို့က နယ်မြေသစ်က ရောက်လာတဲ့ သူတော်စင်တွေကို အများကြီး ဖွက်ထားတာပဲ။"
သူသည် လီတန်းရှန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
"ဒီတစ်ခါ စိန်ခေါ်ပွဲမှာ မင်း သေရတော့မှာ အသေအချာပဲ။ ဒီအသုတ်က လူသစ်တွေကို ငါ့အတွက် ကောင်းကောင်း စောင့်ရှောက်ထားပေးပါ။ အဲဒီအချိန်ကျရင် သူတို့အားလုံး ငါ့ရဲ့ 'ဝမ်ရှင်းမြို့' ကို ရောက်လာကြလိမ့်မယ်။"
စကားဆုံးသည်နှင့် သူသည် ဖန့်ချန်တို့ကို တစ်ချက် ရယ်မောပြပြီးနောက် ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့သည်။
ချူးဖေး ထွက်သွားသည်ကို မြင်မှ ချူးဇီမူတို့ သူတော်စင်အုပ်စုမှာ သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ အခုအချိန်မှာ စစ်မဖြစ်ခဲ့ကြသဖြင့် သူတို့ ဘေးကင်းစွာဖြင့် ထွက်ခွာနိုင်တော့မည် ဖြစ်သည်။
"လီသခင်ကြီး..."
ဂျီပင်းက ယခုအခါတွင် ဖန့်ချန်တို့၏ အခြေအနေကို လှမ်း၍ ပြောပြလိုက်သည်။ သို့သော် လီတန်းရှန်းမှာမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ ထိုနေရာကို ငေးငိုင်စွာ ကြည့်နေဆဲပင်။ လီတန်းရှန်း ဤမျှအထိ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ချူးဖေးကြောင့် ဖြစ်မည်ဟု ထင်မှတ်ကာ နေရာတွင်ရှိနေသော သူတော်စင်များ၏ အမူအရာများမှာ ထူးဆန်းလာသည်။
"ဂိုဏ်းချုပ်.. မင်းတို့က ဘာလို့ ဒီနေရာကို ရောက်လာကြတာလဲ..."
"ပြီးတော့ လက်ထောက််််််ဂိုဏ်းချုပ် ပါပါလာတာလား..."
လီတန်းရှန်း၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် နီရဲလာသည်။
"ငါတို့ရဲ့ ရှူရှန်းဓားဂိုဏ်း က လုံးဝ ရှုံးနိမ့်သွားပြီလား..."
ဂိုဏ်းချုပ် ၊ လက်ထောက် ဂိုဏ်းချုပ်
အကြီးအကဲငါးပါးတို့မှာ အချင်းချင်း ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။ ဒါ ဘာဖြစ်တာလဲ။ ဂျီပင်းတို့လည်း ကြောင်သွားသည်။ ချူးဇီမူမှာမူ ယခုအချိန်တွင် ဘာတွေဖြစ်နေမှန်း မသိသော်လည်း၊ နတ်ဆိုးကောင်ကြီး လီတန်းရှန်းတစ်ယောက် ငိုနေသည်ဟု ထင်လိုက်မိသည်။
"ပြောရရင် ရှည်တယ်၊ ဒါပေမဲ့ မင်းထင်သလိုတော့ မဟုတ်ဘူး။"
ရှဲ့အာမန်က တည်ငြိမ်စွာ ဆိုသည်။
"မင်း ဒီနှစ်တွေအတွင်းမှာ ဒီနေရာမှာ ပိတ်လှောင်ခံထားရမယ်လို့ မထင်ထားမိဘူး။ ဒီနယ်မြေမှာ ငါတို့ ရှူရှန်းဓားဂိုဏ်းက သူတော်စင်တွေ အများကြီး ပိတ်မိနေတာပဲ။"
ထိုစကားထွက်ပေါ်လာသည်နှင့် ထိုနေရာရှိ သူတော်စင်များသည်လည်း အသိပြန်ဝင်လာကြသည်။
"ဟူး..."
ဂျီပင်းတို့မှာ အံ့အားသင့်စွာဖြင့် ရှဲ့အာမန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
မျက်စိရှေ့က ဒီလူက တစ်ချိန်က ဒေသတစ်ခုလုံးကို ထိန်းချုပ်ခဲ့တဲ့ ရှူရှန်းဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လား။
အာမန် သူတော်စင်ဧကရာဇ်
လီတန်းရှန်း၏ စိတ်အခြေအနေမှာ အပိုင်းပိုင်း ပြတ်တောက်တော့မည့် ဆဲဆဲတွင် ရှဲ့အာမန်၏ စကားကြောင့် ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး အသက်ရှူနှုန်းမှာလည်း အနည်းငယ် မြန်ဆန်လာသည်။
"ဂိုဏ်းချုပ်၊ ငါတို့ ရှုံးသွားတာ မဟုတ်ဘူးလား။"
"ဒါပေါ့၊ ငါတို့က ဘယ်တုန်းက ရှုံးခဲ့လို့လဲ။"
ရှဲ့အာမန်က ပြုံး၍ ပြောသည်။
"ဒီတစ်ခါ ဒီနယ်မြေကို လာတာကလည်း အကြောင်းတရားကြောင့်ပါ။ 'သူတော်စင်ဧကရာဇ် နန်းတော်' က ထောင်ထိန်းတွေက ငါတို့ကို ဖမ်းခေါ်လာတာ မဟုတ်ဘူး၊ ငါတို့ကိုယ်တိုင် ဝင်လာတာ။"
ကိုယ်တိုင် ဝင်လာတာ ဟုတ်လား
ရုတ်တရက်ပင် ထိုနေရာရှိ သူတော်စင်အားလုံး၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာသည်။
ကိုယ်တိုင် ဝင်လာတယ်ဆိုတာ ထွက်သွားနိုင်တဲ့ နည်းလမ်း ရှိနေလို့ပေါ့ ဒါဆိုရင် သူတို့လည်း ကယ်တင်ခံရတော့မှာပေါ့။
လီတန်းရှန်းလည်း ထိုအချက်ကို တွေးမိပုံရကာ နှလုံးသားမှာ ဒိတ်ဒိတ်ခုန်လာသည်။
အကြီးအကဲငါးပါးတို့မှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ဆီသို့ အကြည့်ရောက်သွားကြသည်။ နောက်ဆုံးတွင် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ အရင်က တွေးတောခဲ့ဖူးသော အချက်တစ်ခုမှာ ယခုအခါတွင် ပို၍ ထင်ရှားလာသည်။
"ငါတို့ အရင်က ခန့်မှန်းခဲ့တာ မှန်သွားပြီ၊ သူတို့ကလည်း ရှေးဟောင်းပစ္စည်းတွေပဲ ဖြစ်လိမ့်မယ်"
"အရည်အချင်းက ငါတို့ထက်တောင် ပိုပြီး ရင့်ကျက်နေနိုင်တယ် "
ရှန်တုရှင်း၏ အမူအရာမှာ အလွန်လေးနက်သွားသည်။ သူတို့သည် 'သူတော်စင်ဧကရာဇ် နန်းတော်' စသည့် စကားလုံးများကို ကြားလိုက်ရသည်။ အဓိပ္ပာယ် အတိအကျကို မသိသော်လည်း၊ တစ်ဖက်လူတို့ ပြောနေသော အကြောင်းအရာမှာ အလွန်မြင့်မားသော အဆင့်ရှိသည့် တိုက်ပွဲတစ်ခုအကြောင်း ဖြစ်လိမ့်မည်ဟု သိလိုက်ရသည်။
ချူးဇီမူတို့မှာမူ ယခုအချိန်တွင် အလွန်ပင် ကြောက်ရွံ့နေကြသည်။
လူသစ်တွေထဲမှာ လီတန်းရှန်းရဲ့ ဂိုဏ်းချုပ်တောင် ပါလာတာလား သူ့ရဲ့ အကြီးအကဲဖြစ်နေတာလား။
ချူးဇီမူသည် မြို့ထဲဝင်လာပြီးကတည်းက သူ၏ လုပ်ရပ်များကို ပြန်တွေးမိကာ တစ်ကိုယ်လုံး အေးစက်ပြီး ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်လာသည်။ စိတ်ဓာတ်ကျစရာ အခြေအနေများက လှိုင်းလုံးကြီးများကဲ့သို့ ဝင်ရောက်လာပြီး သူ၏ ခွန်အားများကို ကုန်ဆုံးစေသည်။
ထိုအချိန်တွင်ပင် အံ့ဩတုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။
"ယဲ့ထျန်းဂူ မင်းက ယဲ့ထျန်းဂူ မဟုတ်လား "
သူတော်စင်တစ်ဦးက ဖန့်ချန်ကို လက်ညှိုးထိုးပြရင်း မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဘာ သူက ယဲ့ထျန်းဂူ ဟုတ်လား"
"ဟုတ်ပုံရတယ် "
"သေစမ်း၊ တကယ်ပဲ သူပဲ၊ ငါ သူ့ပုံစံကို မှတ်မိတယ် "
မကြာမီပင် အခြားသူတော်စင်အချို့ကလည်း ဝိုင်းအုံလာပြီး ဖန့်ချန်ကို လက်ညှိုးထိုး၍ အတည်ပြုကြသည်။
အကြီးအကဲငါးပါးတို့မှာ အံ့အားသင့်ကာ ဖန့်ချန်ကိုသာ ငေးကြည့်နေမိသည်။
ဒီဖန့်သူတော်စင်ဘိုးဘေးက ဘယ်တုန်းက ယဲ့ထျန်းဂူရဲ့ နာမည်ကို ဒီနယ်မြေအထိ ရောက်အောင် လုပ်လိုက်တာလဲ။
သူတို့ မသိသေးတဲ့ အကြောင်းအရာတွေက ဘာတွေများ နောက်ထပ် ရှိသေးလဲ။
"မင်းတို့... အော်၊ မင်းတို့က ဖုန်းယွန်းဝူတောက်တို့နဲ့ တစ်ခေတ်တည်းသားတွေ မဟုတ်လား၊ ဘာလို့ ဒီနယ်မြေရဲ့ နံပါတ် (၁) အကျဉ်းစခန်းမှာ ရောက်နေရတာလဲ၊ အဆင့်ကလည်း ကမ္ဘာတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာလား "
ဖန့်ချန်က ထိုလူအချို့ကို တစ်ချက်ကြည့်လိုက်သည်။ ကန့်သက်ချက်ကျော်လွန်ခြင်းတောင် မှာ တစ်ခါ တွေ့ခဲ့ဖူးသည်ကို သတိရသွားသည်။
လီတန်းရှန်းကလည်း ယဲ့ထျန်းဂူ ဆိုသော နာမည်ကို ကြားဖူးပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီးနောက် အလျင်အမြန်ပင် ရှင်းပြသည်။
"သူတို့က ငယ်ငယ်ကတည်းက ဒီနယ်မြေကို အပို့ခံလိုက်ရတာပါ၊ ဒီနယ်မြေမှာ နေလာတာ နှစ်ပေါင်း အတော်ကြာပြီ။"
"...ဒါဆိုရင်တော့ နှစ်ပေါင်း အတော်ကြာပြီပဲ။"
ဖန့်ချန်က ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ဒီလောက်ကြာအောင် ပိတ်လှောင်ခံထားရပြီး အကူးမခံရသေးဘူးဆိုတာ၊ သူတို့မှာလည်း နည်းလမ်းအချို့ ရှိနေလို့ပဲ ဖြစ်လိမ့်မည်။
"သူတို့ 'ကရုဏာတောင်' မျိုးဆက်မှာ လျှို့ဝှက်ချက်တွေ အရမ်း များလွန်းတယ်..."
အကြီးအကဲငါးပါးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များဖြင့် ရှုပ်ထွေးနေသည်။ သူတို့ကိုယ်သူတို့ ရှေးတုန်းက 'သူတော်စင်ဧကရာဇ် စီမံကိန်း' အတွက် ဂုဏ်ယူနေခဲ့သော်လည်း၊ တစ်ဖက်လူ၏ အတွေ့အကြုံမှာ သူတို့ထက်ပင် ပို၍ ရှုပ်ထွေးနေပုံရသည်။
"ယဲ့ထျန်းဂူ၊ မင်း အရင်က လင်ယောင်ဂိုဏ်း ကလို့ ပြောခဲ့တာ၊ နောက်တော့မှ မင်း လိမ်နေတာ သိရတာ၊ မင်းက သံသရာမသေမျိုးဂိုဏ်းက မဟုတ်လား။"
"ရှူရှန်းဓားဂိုဏ်းထက်တောင် ပိုအစွမ်းထက်တယ်၊ မင်း ဒီနေ့ ဒီကို လာတာ ငါတို့ကို ခေါ်သွားဖို့လား "
သူတော်စင်တစ်ဦးက ဖန့်ချန်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
"ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံး ကို နားမလည်သေးသရွေ့တော့ ထွက်သွားနိုင်မှာ မဟုတ်သေးဘူး။"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
"..."
"အော်... သူလည်း အဲဒါကို မနားလည်သေးဘူးပေါ့။"
"ဒါဆိုရင် ငါတို့မှာ ထွက်သွားဖို့ အခွင့်အရေး မရှိတော့ဘူးပေါ့။"
"ဘာလို့များ သူတော်စင်ဧကရာဇ် နန်းတော်က ငါတို့ကို အပို့ခံခိုင်းတာလဲ၊ ချေပခွင့်လေးတောင် မပေးဘူး..."
"အဆင့်မြင့် အကြီးအကဲတွေရဲ့ ကိစ္စကို ဘယ်သူ နားလည်ပါ့မလဲ။"
ဖန့်ချန်၏ အထောက်အထားကို သိသွားသော သူတော်စင်များမှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြသည်။
ဖန့်ချန်မှာမူ မအံ့ဩပေ။ အမှန်တရားကို သိသည့် သူတော်စင်များမှာ သေချာပေါက် နည်းပါးလိမ့်မည်။ ဤသူတော်စင်များမှာလည်း အများအားဖြင့် အပြစ်မရှိဘဲ အမှုပတ်ခံရ၍ အပို့ခံလိုက်ရခြင်း ဖြစ်သည်။ သူတို့၏ ဂိုဏ်းက ဘာလို့ သူတော်စင်ဧကရာဇ် နန်းတော်နဲ့ တိုက်ခိုက်ခဲ့သလဲ၊ ဘာလို့ သူတော်စင်ဧကရာဇ် နန်းတော်က သူတို့ကို အပို့ခံခိုင်းခဲ့သလဲ ဆိုတာကိုလည်း သူတို့ နားမလည်ကြပေ။
"တန်းရှန်း၊ ယဲ့ထျန်းဂူက ဒီမှာ ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံး ကို လေ့လာချင်နေတာ၊ မင်းရဲ့ နေရာကို ဖယ်ပေးလိုက်ပါ။"
ရှဲ့အာမန်က ပြုံး၍ ပြောသည်။
ထိုနေရာရှိ သူတော်စင်များမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားကြသည်။ လီတန်းရှန်းကမူ ဘာမှ မမေးဘဲ ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ် ပြောတဲ့အတိုင်း ပါပဲ။"
အကြီးအကဲငါးပါးတို့မှာ ကိစ္စရပ်များ ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ တိုက်ခိုက်ရမည့် အဆင့်ပင် မလိုဘဲ တန်းရှန်းမြို့ကို တိုက်ရိုက် သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။
"ဒါပေမဲ့...နတ်ဘုရားမျက်လုံးက နားလည်ဖို့ အလွန်ခက်ခဲတယ်..."
လီတန်းရှန်းက သက်ပြင်းချကာ ပြောသည်။
"ကျွန်တော် ဒီကို ရောက်နေတာ ကြာပြီ၊ ဘယ်သူမှ အောင်မြင်အောင် နားလည်နိုင်တာ မကြားဖူးဘူး၊ ဒီထဲမှာ ငါတို့ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေနိုင်တယ်။"
"မဖြစ်ပါဘူး၊ စမ်းကြည့်ရတာ အကောင်းဆုံးပါပဲ။"
ရှဲ့အာမန်က ဆိုသည်။