အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) အဖေ... အဖေ... ကို ရှာဖွေခြင်း
ကျောက်ခဲလေးသည် သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် ထျန်ရှောင်ယာအား ဇဝေဇဝါ ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်လေ၏။
သူသည် ကောင်းမွန်သော စားစရာများကို သူ၏ ညီလေးအား ဝေမျှပေးချင်ရုံသာ ဖြစ်သော်လည်း မိခင် နှင့် အဒေါ်ဖြစ်သူတို့က သူ့အား ခွင့်မပြုခဲ့ကြချေ။
ထိုကလေးငယ်သည် ပို၍ပို၍ ဝမ်းနည်းလာခဲ့လေသည်။ သူ၏ ပါးစပ်လေးမှာ တွန့်ချိုးသွားကာ မျက်လုံး လေးများမှာလည်း ချက်ချင်းပင် နီရဲလာခဲ့ပြီး မျက်ရည်များ ဝဲတက်လာခဲ့ကာ ငိုတော့မည့်အလား ဖြစ်နေခဲ့ပေတော့သည်။
နောက်တစ်စက္ကန့်တွင် သူမသည် ကိုယ်ကို လိမ်ဖယ်လိုက်ပြီး ထျန်ရှောင်ယာ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ၏ ခေါင်းလေးကို ပုခုံးကြားတွင် သနားစဖွယ် ဝှက်ထားလျက် ငိုသံပါပါဖြင့် ပြောလာခဲ့လေသည်...။
"အဖေ... အဖေ... ကို ရှာပေးပါ... "
၎င်းတို့ စကားပြောနေကြစဉ်အတွင်း အတွင်းခန်းမှ လိုက်ကာမှာ လှန်တက်သွားပြီး ကျိုးချန်ယဲ့သည် ဧည့်ခန်းထဲမှ ဝင်လာခဲ့လေ၏။
"ဘာဖြစ်လို့လဲ..."
သူသည် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏ ဇနီးဖြစ်သူ၏ ရင်ခွင်ထဲတွင် စိတ်မကောင်းဖြစ်ကာ နှုတ်ခမ်းစူနေသော သူ၏ သားဖြစ်သူကို မြင်လိုက်ရလေသည်။
သူသည် အမြန်ပင် ရှေ့သို့ တိုးလာကာ ကလေးငယ်ကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီး ကျောကို ညင်သာစွာ ပုတ်ပေးရင်း ချော့မြှူလိုက်လေသည်...။
"တို့ရဲ့ လူကြီးလူကောင်းလေးက ဘာလို့ ငိုနေရတာလဲ... "
ထျန်ရှောင်ယာက စကားစရန် ပြင်လိုက်စဉ်မှာပင် ခြံဝင်းတံခါးဘက်မှ ရွှင်ပျသော အမျိုးသားအသံတစ် သံ ထွက်ပေါ်လာခဲ့ပြီးနောက် လူတစ်ယောက် ဝင်လာခဲ့လေ၏။
အားလုံးက မော့ကြည့်လိုက်ကြသောအခါ ဝင်လာသူများမှာ လင်မယားနှစ်ဦးဖြစ်သော ဝမ်အိုက်တန့်နှင့် ထျန်လီလီတို့ ဖြစ်နေကြသည်ကို မြင်လိုက်ရလေသည်။
"ဟေး... ကျောက်ခဲလေးက ဘာဖြစ်လို့လဲ... ဘာလို့ ငိုနေရတာလဲ..."
ဝမ်အိုက်တန့်သည် အိမ်ထဲသို့ ဝင်လာသည်နှင့် မျက်လုံးလေးများ နီရဲနေသော ကလေးငယ်ကို မြင် လိုက်ရသဖြင့် ပြုံးလျက် စနောက်လိုက်လေသည်။
"ကလေးကို အပိုတွေ မစပါနဲ့နော်..."
ထျန်လီလီသည် ခင်ပွန်းဖြစ်သူအား ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ကျောက်ခဲလေးဘက်သို့ လှည့်ကာ သူ၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးရင်း ချော့မြှူလိုက်လေသည်...
"မငိုနဲ့တော့နော်... မငိုနဲ့တော့... ငိုရင် ရုပ်ဆိုးသွားလိမ့်မယ်နော်... အန်တီက အရသာရှိတာလေး ယူလာ ပေးတယ်လေ... "
ထိုသို့ ပြောဆိုနေစဉ်မှာပင် သူမသည် အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး မျက်လှည့်ပြလိုက်သကဲ့သို့ပင် နှမ်းသကြားလုံးတစ်လုံးကို ထုတ်ယူကာ ကျောက်ခဲလေးအား ပေးလျက် ပြုံးပြလိုက်လေသည်။
ကျောက်ခဲလေးသည် ရှိုက်ကြီးတငင် ငိုနေလျက် နှမ်းသကြားလုံးကို မျက်တောင်မခတ် ကြည့်နေခဲ့လေ သည်။ သူ၏ နှာခေါင်းထိပ်တွင် မျက်ရည်များ ကပ်ငြိနေဆဲဖြစ်သော်လည်း ဆက်လက်ငိုရန်မှာမူ ရှက်ကိုး ရှက်ကန်း ဖြစ်နေခဲ့လေ၏။
လက်ကလေးနှစ်ဖက်သည် ကျိုးချန်ယဲ့၏ အင်္ကျီကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ရင်ခွင်ထဲသို့ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တိုးဝင်နေခဲ့လေသည်။
ကျိုးချန်ယဲ့သည် သူ၏သားဖြစ်သူ၏ ချစ်စရာကောင်းသော မျက်နှာလေးကို ငုံ့ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ဘဲ ညင်သာစွာ ချော့မြှူလိုက်လေသည်...။
"ယူလိုက်လေ... အမြန်ယူလိုက်... အန်တီလီလီကို ကျေးဇူးတင်ပါတယ်လို့ ပြောဦးလေ... "
ထိုအခါမှ ကျောက်ခဲလေးသည် လက်ကလေးကို ဆန့်ထုတ်ကာ နှမ်းသကြားလုံးကို ယူလိုက်ပြီး ချိုသာ သော ကလေးသံလေးဖြင့် ပြောလိုက်လေသည်...။
"ကျေးဇူးပါ... အန်တီ... "
"ဟားဟား... အရမ်းလိမ်မာတာပဲနော်..."
ထျန်လီလီက ပြုံးလျက် ချီးကျူးလိုက်လေ၏။
သူမသည် အပူပေးအုတ်ကုတင်ပေါ်ရှိ ကောင်းချွေ့ချွေ့အား ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်လေ သည်။
"ချွေ့ချွေ့ ဂုဏ်ယူပါတယ်နော်..."
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
"ကလေးကို နာမည်ပေးပြီးပြီလား..."
ကောင်းချွေ့ချွေ့က ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"အစောင့်တွေကပဲ သည်နာမည်ကို ပေးထားတာပါ... သူ့ရဲ့ နာမည်ရင်းက လီကျစ်ဖုန်းတဲ့… အမည်ပြောင် ကတော့ ထျဲ့နျူ တဲ့...”
"ကျစ်ဖုန်း..."
ဝမ်အိုက်တန့်က ထိုစကားကို ကြားသောအခါ အားရပါးရ ခေါင်းညိတ်လိုက်ပြီး
"မြင့်မားတဲ့ ရည်မှန်းချက်နဲ့ အကန့်အသတ်မရှိတဲ့ အလားအလာတွေပဲ... ဒါက နာမည်ကောင်းတစ်ခု ပဲနော်..."
"ဘာတွေ ကောင်းနေတာလဲ..."
လီဝေကျွင်းသည် အားလုံးအား ထမင်းစားရန် ဖိတ်ခေါ်ဖို့ တံခါးဝသို့ ရောက်ရှိလာစဉ် ထိုစကားကို ကြားသွားသဖြင့် ပြုံးကာ မေးလိုက်လေ၏။
ကျိုးချန်ယဲ့က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"မင်းရဲ့သားကို ပေးထားတဲ့ နာမည်က အလားအလာ အရမ်းကောင်းတာပဲ...”
"ဟားဟား... မဆိုးဘူး မဟုတ်လား..."
လီဝေကျွင်းက ဂုဏ်ယူသော လေသံဖြင့် သူ၏ ခေါင်းနောက်ဘက်ကို ကုတ်ရင်း ပြောလိုက်လေသည်။
ထို့နောက် သူက လူအုပ်ကြီးကို လှမ်းခေါ်လိုက်လေသည်...။
"ကျွန်တော့်အမေနဲ့ တခြားအန်တီတွေက ထမင်းပြင်ပြီးပြီ... အားလုံးပဲ ထိုင်ခုံမှာ နေရာယူပြီး ထမင်း စားဖို့ ပြင်ဆင်ကြရအောင်နော်..."
————————————
၎င်းတို့အုပ်စုသည် ပျော်ရွှင်စွာ ထမင်းစားခဲ့ကြပြီး ခေတ္တမျှ စကားပြောကာ ရယ်မောနေခဲ့ကြလေသည်။ မိုးချုပ်လာပြီ ဖြစ်သဖြင့် အားလုံးက နှုတ်ဆက်ရန် ထရပ်လိုက်ကြလေသည်။
ခရီးအနည်းငယ် လမ်းလျှောက်လာပြီးနောက် လမ်းဆုံတစ်ခုသို့ ရောက်သောအခါ လျူကျန့်ကော်က ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"အိုက်တန့်၊ ချန်ယဲ့... မင်းတို့ အရင်စကားပြောနှင့်ကြဦးနော်... တို့က စာတိုက်ကို သွားဖို့ စီစဉ်ထားလို့..."
"ကျွန်တော့်ရဲ့ နေရပ်ကနေ ပစ္စည်းအချို့ ပို့ထားတာ ဒီလောက်ဆို ရောက်လောက်ပြီလို့ ထင်တယ်... အားတုန်းလေး သွားစစ်ကြည့်လိုက်ဦးမယ်..."
"ကောင်းပြီ... သွားစရာရှိတာ သွားပါ..."
ဝမ်အိုက်တန့်က လက်ယမ်းပြလိုက်လေသည်။
လျူကျန့်ကော်သည် အားလုံးအား ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ဇနီးနှင့် သမီးဖြစ်သူအား စာတိုက်ဘက်သို့ ခေါ်သွားခဲ့လေသည်။
လျူကျန့်ကော် မိသားစု ထွက်သွားပြီးနောက် ကျိုးချန်ယဲ့နှင့် အခြားသူများသည်လည်း ဖြည်းညင်းစွာ ဆက်လက်လျှောက်လှမ်းလာခဲ့ကြလေသည်။
"မလီလီ... ဟောင်ယန်ရဲ့ အအေးမိတာရော သက်သာသွားပြီလား..."
ထျန်ရှောင်ယာက တိုးတိုးလေး မေးလိုက်လေ၏။
"သက်သာပါတယ်... သက်သာပါတယ်..."
ထျန်လီလီက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"ဒီနေ့ သူ့ကို ခေါ်လာချင်ပေမဲ့ အပြင်မှာ နည်းနည်းအေးနေတော့ ရောဂါပြန်ကြွလာမှာ စိုးလို့ အပြင် မထွက်ခိုင်းရဲတာနဲ့ ထားခဲ့ရတာ...”
ထိုသို့ ပြောဆိုနေစဉ်မှာပင် သူမသည် ထျန်ရှောင်ယာအား ကျေးဇူးတင်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
"ရှောင်ယာပေးတဲ့ ဆေးအတွက် တကယ်ကို ကျေးဇူးတင်ရမှာပဲ... အရင်က ကလေးကို ဆေးရုံခေါ်သွား ပြီး ဆေးသောက်၊ ဆေးထိုးလုပ်တာတောင် မသက်သာခဲ့ဘူး...”
"ဒါပေမဲ့ ရှောင်ယာပေးတဲ့ ဆေးသောက်ပြီးတော့ အဲ့ဒီညမှာပဲ ချောင်းသိပ်မဆိုးတော့ဘဲ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်သွားတယ်...”
"ကလေးက ချောင်းအရမ်းဆိုးလွန်းလို့ ညဘက်လည်း အိပ်မရဘဲ ငိုနေတာကို မြင်ရတာ ကျွန်မ တကယ် ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်..."
"အသုံးဝင်ရင် ပြီးတာပါပဲ..."
ထျန်ရှောင်ယာက ပြုံးလျက် လက်ယမ်းပြလိုက်လေသည်...။
"ပြီးခဲ့တဲ့အခေါက်က ကျောက်ခဲလေး အအေးမိပြီး ချောင်းဆိုးတုန်းက အာယဲ့ ဝယ်လာတဲ့ ဆေးက အတော်လေး ထိရောက်လို့လေ... ရှောင်ဟောင်ယန်လည်း ချောင်းဆိုးနေတာနဲ့ စမ်းသောက်ကြည့်ဖို့ ပေးလိုက်တာပါ..."
ထျန်ရှောင်ယာနှင့် ထျန်လီလီတို့သည် လက်ချင်းတွဲလျက် ရှေ့မှ လျှောက်လှမ်းသွားကြပြီး ကလေးများ ၏ ရယ်စရာကောင်းသော အကြောင်းအရာများကို တိုးတိုးတိတ်တိတ် စကားပြောနေခဲ့ကြလေသည်။
ကျိုးချန်ယဲ့နှင့် ဝမ်အိုက်တန့်တို့သည်လည်း ၎င်းတို့၏ စကားဝိုင်းအား အနှောင့်အယှက် မပေးဘဲ နောက် မှနေ၍ ဖြည်းညင်းစွာ လိုက်ပါလာခဲ့ကြလေသည်။
လမ်းလျှောက်နေစဉ်အတွင်း ကျိုးချန်ယဲ့သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ရှေ့တွင်ရှိနေသော ထျန်လီလီအား ကြည့်ကာ မေးလိုက်လေသည်...။
"ဒါနဲ့ မလီလီ... တို့လမ်းထဲမှာ အိမ်ရောင်းဖို့ စာရင်းပေးထားတာတွေ ရှိလား..."
ထျန်လီလီသည် ထိုစကားကြောင့် အံ့အားသင့်သွားပြီး ခေါင်းကို ခါယမ်းကာ မေးလိုက်လေသည်။
"အိမ်ကိစ္စတွေကိုတော့ ကျွန်မ သိပ်သတိမထားမိဘူးလေ... အဲ့ဒါကို တခြားအရာရှိတစ်ယောက်က ကိုင်တွယ်တာမို့လို့... ချန်ယဲ့က အိမ်ဝယ်ဖို့ စီစဉ်နေတာလား...” ဟု
"ဟုတ်တယ်... ဝယ်ဖို့ စိတ်ကူးရှိတယ်...”
ကျိုးချန်ယဲ့က ခေါင်းညိတ်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်...။
"မလီလီ သိတဲ့အတိုင်းပဲ... ကျွန်တော်တို့က အခု နောက်ဖေးကနေ ခွဲထုတ်ထားတဲ့ နေရာလေးမှာ နေနေရတာဆိုတော့ အစကတည်းက နေရာက သိပ်မကျယ်ဘူးလေ...”
"အခု မိသားစုဝင်တွေလည်း များလာပြီ... ပြီးတော့ နှစ်ဖက်က လူကြီးတွေလည်း ခဏတဖြုတ် လာတည်းတတ်ကြတော့ နည်းနည်း ကျဉ်းကျပ်နေသလို ခံစားရတယ်...”
"ဒါကြောင့်... ပိုပြီး ကျယ်ဝန်းတဲ့ အိမ်တစ်လုံးဆီကို ပြောင်းရွှေ့ချင်တယ်လေ... အဲ့ဒါမှ ပိုပြီး သက်သောင့် သက်သာ နေနိုင်မှာမို့လို့ပါ...”
ထျန်လီလီသည် ချက်ချင်းပင် နားလည်သွားခဲ့ပြီး ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်...။
"ဟုတ်သားပဲ... မိသားစုဝင်တွေ များလာတော့ ပိုကြီးတဲ့ အိမ်တစ်လုံးတော့ လိုအပ်တာပေါ့...”
"မနက်ဖြန်ကျရင် ရပ်ကွက်ကော်မတီကို သွားပြီး စုံစမ်းပေးပါ့မယ်... သတင်းရတာနဲ့ ချက်ချင်း ပြန်ပြော ပေးမယ်နော်..."
"ကျေးဇူးတင်ပါတယ် မလီလီ..."
ထျန်ရှောင်ယာက ပြုံးလျက် ပြောလိုက်လေ၏။
သူမသည် သူမ၏ ခင်ပွန်းတွင် သည်ကဲ့သို့ စိတ်ကူးရှိနေသည်ကို ယခင်က မသိခဲ့သော်လည်း ယခုအခါ တွင် မိသားစုမှာ ချမ်းသာကြွယ်ဝလာပြီဖြစ်ရာ ပိုမိုကျယ်ဝန်းသော အိမ်တစ်လုံးသို့ ပြောင်းရွှေ့ရန်မှာ ကောင်းမွန်သော အချက်ပင် ဖြစ်လေသည်။
————————————
ကျိုးမိသားစု ခြံဝင်းအတွင်း...၊
ကျိုးချန်ယဲ့သည် သူ၏ ရင်ခွင်ထဲ၌ အိပ်ငိုက်နေသော ကလေးငယ်ကို ငုံ့ကြည့်ကာ မသိလိုက်ဘဲ ပြုံး လိုက်မိပြီး သူ၏ နှာခေါင်းလေးအား ညင်သာစွာ ထိလိုက်လေ၏။
ထိုကလေးငယ်သည် မျက်မှောင်ကြုတ်လျက် စိတ်မရှည်သော အမူအရာ ပြလိုက်သည်ကို မြင်သော အခါ သူသည် မရယ်ဘဲ မနေနိုင်တော့ချေ။
ထျန်ရှောင်ယာသည် သူမ၏ ခင်ပွန်း၏ ကလေးဆန်သော အပြုအမူကို ကြည့်ကာ သက်ပြင်းချလျက် ဒေါသတကြီး ကြည့်လိုက်လေသည်။
သူမသည် ရှေ့သို့ တိုးလာကာ သူမ၏ သားဖြစ်သူကို ပွေ့ယူလိုက်ပြီး ကုတင်ပေါ်သို့ ဂရုတစိုက် ချထား လိုက်လေသည်။ ထို့နောက် ကုတင်ခေါင်းရင်းမှ စောင်ပါးလေးကို ယူကာ ဖုံးပေးလိုက်ပြီး စောင်၏ ထောင့်များကို သေသေချာချာ ပြင်ပေးလိုက်ပြီးမှ ပြန်မတ်လိုက်လေ၏။
ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူ၏ အကြည့်ကြောင့် စိတ်မဆိုးဘဲ ပို၍ပင် အားရပါးရ ရယ်မောလိုက်လေ သည်...။
"မိန်းမ... တစ်နေကုန် ပင်ပန်းနေရောပေါ့... ကုတင်ပေါ်မှာ ခဏလောက် သွားနားလိုက်ဦး...”
ခေတ္တမျှ ရပ်လိုက်ပြီးနောက် သူက ထပ်မေးလိုက်လေသည်...။
"ဒီည ဘာစားချင်လဲလေ... ခဏနေရင် အပြင်သွားပြီး ဟင်းချက်စရာတွေ ဝယ်လာခဲ့မယ်... ပြန်လာရင် ချက်ပေးမယ်နော်..."