အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) ရှစ်ထောင်ရှစ်ရာယွမ်
နူးညံ့ပြီး အရသာရှိသော မုန်လာဥဖြူလေးမှာ ဟင်းရည်များကို စုပ်ယူထားပြီး ညင်သာစွာ ထိလိုက်ရုံဖြင့် ပါးစပ်ထဲ၌ အရည်ပျော်သွားခဲ့လေရာ လုံးဝ အဆီမများလှပေ။
ထျန်ရှောင်ယာသည် ဟင်းရည်တစ်ဇွန်းကို ထပ်မံသောက်မိရန် မအောင့်နိုင်တော့ချေ။ ပူနွေးသော ဟင်း ရည်များသည် သူမ၏ လည်ချောင်းထဲသို့ စီးဆင်းသွားသောအခါ တစ်ကိုယ်လုံး နွေးထွေးသွားခဲ့ပြီး တစ်နေကုန် ပင်ပန်းသမျှမှာလည်း အတော်အတန် ပျောက်ကွယ်သွားခဲ့လေတော့သည်။
"အိုး... အရမ်းအရသာရှိတာပဲ..."
သူမ၏ နှုတ်ခမ်းထောင့်တွင် ဟင်းရည်အနည်းငယ် ကပ်ငြိနေဆဲဖြစ်သော်လည်း သူမ၏ မျက်ခုံးနှင့် မျက်လုံးလေးများမှာ ကွေးညွတ်နေကာ အလွန်တရာ ကျေနပ်အားရနေပုံ ရလေသည်။
ကျိုးချန်ယဲ့သည် သူမအား ကြည့်လျက် တိတ်တဆိတ် ပြုံးလိုက်မိလေ၏။ ထို့နောက် သူသည် ခါးကို ကိုင်းလိုက်ပြီး သူမ ကြိုက်နှစ်သက်သော အသားလုံးများကို တစ်လုံးချင်းစီ ကောက်ယူ၍ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်...။
"ကြိုက်ရင် အများကြီးစားနော်... မင်း အခုတလော ပိန်သွားသလိုပဲ..."
ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာသည် ကိုယ်ဝန်ကြောင့် တဖြည်းဖြည်း ဝိုင်းစက်လာသော သူမ၏ မေးစေ့ကို အလိုအလျောက်ပင် လက်ဖြင့် ထိတွေ့လိုက်မိပြီး သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်လေ၏။
သူမသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိလေသည်...။ သူမတွင် ပြင်းထန်သော စိတ်ဓာတ် ရှိနေ၍သာ တော်တော့သည်၊ သို့မဟုတ်ပါက သူမ၏ ခင်ပွန်းဖြစ်သူက သည်ကဲ့သို့ အမြဲတမ်း ကျွေးမွေး နေလျှင် သူမသည် ယခုအချိန်တွင် ဝဖိုင့်သော အမျိုးသမီးငယ်တစ်ဦး ဖြစ်နေလောက်ပြီ ဖြစ်ပေသည်။
ထျန်ရှောင်ယာသည် သူမ၏ စိတ်ထဲ၌ တွေးတောနေစဉ်မှာပင် နွေးထွေးသော လက်ကြီးတစ်စုံမှာ နောက်ဘက်မှ ဆန့်ထွက်လာပြီး သူမ၏ ခါးကို ညင်သာစွာ ဖက်တွယ်လိုက်လေ၏။
ထို့နောက်တွင် ခင်ပွန်းဖြစ်သူ၏ နက်ရှိုင်းသော အသံကို ကြားလိုက်ရလေသည်...။
"ဘာဖြစ်လို့လဲ... ဘာလို့ သက်ပြင်းချနေတာလဲ...”
ထျန်ရှောင်ယာသည် သူမ၏ စိတ်ကူးများမှာ လူမိသွားသဖြင့် ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားကာ သူ့အား စိတ်ပျက်သလို ကြည့်လိုက်လေ၏။
သူမသည် သူမ၏ နူးညံ့သော မေးစေ့ကို လက်ဖြင့် ထိုးပြလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေ သည်...။
"ကြည့်ပါဦး... ကျွန်မမှာ မေးစေ့နှစ်ထပ်တောင် ဖြစ်နေပြီလေ... အစ်ကိုက ဒီလိုပဲ အမြဲကျွေးနေရင် ကျွန်မတော့ ဘောလုံးလေးလို ဝလာတော့မှာပဲ..."
ကျိုးချန်ယဲ့သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ ဇနီးဖြစ်သူ၏ ပါးပြင်ကို ညင်သာစွာ ဆွဲညစ် လိုက်လေသည်။ သူ၏ လေသံမှာ အလွန်ပင် တည်ကြည်လှပေသည်...။
"ဝတာလေးက ပိုကြည့်ကောင်းပါတယ်... ပိုပြီးတော့လည်း ဖက်လို့ကောင်းတာပေါ့..."
သူသည် ခေတ္တမျှ ရပ်လိုက်ပြီးနောက် အလေးအနက်ပင် ဆက်လက်ချော့မြှူလိုက်လေသည်...။
"ပြီးတော့ ကို့ရဲ့ မိန်းမက ဘယ်လိုနေနေ လှနေတာပဲလေ... ဘယ်သူနဲ့မှ ယှဉ်လို့မရဘူး..."
သူ၏ တစ်ဘဝလုံးမှာ သူမအတွက်သာ ဖြစ်လေ၏။
သူမ ပျော်ရွှင်နေသရွေ့ အခြားအရာများမှာ အရေးမကြီးလှပေ။
————————————
နောက်တစ်နေ့တွင်...၊
ကျောင်း၏ နေ့လယ်စာ စားချိန်အတွင်း ကျိုးချန်ယဲ့သည် အစားကို အမြန်ပင် စားလိုက်ပြီး သူ၏ ဂုန်နီ အိတ်ကို ပခုံးပေါ်တွင် လွယ်ကာ ရပ်ကွက်ကော်မတီရုံးသို့ ဦးတည်သွားခဲ့လေ၏။
သူသည် ရပ်ကွက်ကော်မတီရုံးထဲသို့ ဝင်လိုက်သည်နှင့် သူ့ထံသို့ လျှောက်လာနေသော ထျန်လီလီအား မြင်လိုက်ရလေသည်။
"အစ်မလီလီ..."
ကျိုးချန်ယဲ့သည် သူမအား နှုတ်ဆက်ရန် အမြန်လျှောက်သွားလိုက်လေ၏။
ထျန်လီလီသည် မော့ကြည့်လိုက်ရာ ကျိုးချန်ယဲ့ ဖြစ်နေသည်ကို မြင်သောအခါ အမြန်ပင် ပြုံးလျက် ပြန်ထူးလိုက်လေသည်... ။
"ချန်ယဲ့ပါလား... ဘာကိစ္စများ ရှိလို့လဲ... ကျွန်မတောင် ညီမရှောင်ယာကို တွေ့ဖို့ ရှင်တို့အိမ်ကို သွားမလို့ ပြင်နေတာ...”
ကျိုးချန်ယဲ့၏ မျက်လုံးများမှာ တောက်ပသွားခဲ့ပြီး အပြုံးဖြင့် အလျင်အစလို မေးလိုက်လေသည်...။
"သတင်းများ ရပြီလား...”
ထျန်လီလီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်လေသည်....။
"လာပါ... အထဲကို ဝင်ပြီး စကားပြောကြရအောင်... ရပ်ကွက်ထဲက အိမ်ခြံမြေ မှတ်ပုံတင်တာကို တာဝန် ယူရတဲ့ အရာရှိ ဟျောင် လည်း ဒီမှာ ရှိနေတယ်...”
၎င်းတို့နှစ်ဦးသည် အရာရှိတစ်ဦး၏ အခန်းတံခါးဝသို့ ရောက်ရှိလာခဲ့ကြရာ တံခါးမှာ ကျယ်ပြန့်စွာ ပွင့်နေ ခဲ့လေ၏။ အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦးသည် မီးခိုးရောင် လီနင်ဝတ်စုံကို ဝတ်ဆင်ထားလျက် စားပွဲတွင် ထိုင်နေသည်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရလေသည်။ သူမသည် တည်ငြိမ်ပြီး လုပ်ရည် ကိုင်ရည်ရှိသော ပုံစံမျိုး ရှိလေ၏။
"ဒေါက် ဒေါက်..."
ထျန်လီလီသည် ရှေ့သို့ တိုးသွားကာ တံခါးကို ညင်သာစွာ နှစ်ချက် ခေါက်လိုက်လေသည်။ မည်သူမျှ ပြန်မထူးမီမှာပင် သူမသည် အထဲသို့ ဝင်သွားခဲ့လေ၏။
၎င်းတို့နှစ်ဦးမှာ အတော်ပင် ရင်းနှီးကြသည်မှာ သိသာလှပေသည်။
"အန်တီဟျောင်... ကျွန်မ ရောက်ပါပြီ...”
ထျန်လီလီက ပြုံးလျက် လှမ်းခေါ်လိုက်လေ၏။
ထိုအသံကို ကြားသောအခါ ဟျောင်ချွေဟွာသည် မော့ကြည့်လိုက်ပြီး သူမကို မြင်သောအခါ ချက်ချင်း ပင် ပြုံးလိုက်လေသည်....။
"မင်းပါလား ညည်းက သည်အချိန်ကြီး ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."
သူမ၏ အကြည့်မှာ ထျန်လီလီ၏ နောက်ကွယ်မှ ကျိုးချန်ယဲ့ပေါ်သို့ ကျရောက်သွားခဲ့လေ၏။ သူမသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
"ဒါက ဘယ်သူလဲ...”
"အန်တီဟျောင်... ဒါက ကျိုးချန်ယဲ့ ပါ...”
ထျန်လီလီက ပြုံးလျက် မိတ်ဆက်ပေးလိုက်လေသည်။
"ကျိုးချန်ယဲ့..."
ဟျောင်ချွေဟွာသည် ထိုနာမည်ကို အထပ်ထပ် ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် သူမ၏ မျက်လုံး များမှာ တောက်ပသွားခဲ့ကာ နဖူးကို လက်ဖြင့် ရိုက်လိုက်လေသည်...။
"ဪ... ငါ မှတ်မိပြီ... ညည်းက ဆွန်းလီပင်း အမြဲပြောပြနေတဲ့ တူလေးပဲ... ရှင်းဟွာ တက္ကသိုလ် တက်နေတဲ့သူ မဟုတ်လား...”
ကျိုးချန်ယဲ့သည် ထိုစကားကို ကြားသောအခါ ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး သူ၏ မျက်နှာတွင် နှိမ့်ချသော အပြုံးတစ်ခုကို ဖော်ပြလိုက်လျက် ယဉ်ကျေးစွာ ပြောလိုက်လေသည်...။
"အန်တီဟျောင်... ကျွန်တော်က ကျိုးချန်ယဲ့ ပါ... အန်တီရဲ့ နေ့လယ် နားချိန်ကို အနှောင့်အယှက် ပေးမိ တဲ့အတွက် တောင်းပန်ပါတယ်...”
"ဪ... ဘာမှ မဟုတ်ပါဘူးလေ... လူကြီးတွေက အသက်ကြီးလာရင် အိပ်ချိန်ကလည်း သိပ်မလို တော့ပါဘူး..."
ဟျောင်ချွေဟွာက လက်ယမ်းလျက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
သူမသည် ခေတ္တမျှ ရပ်လိုက်ပြီးနောက် ၎င်းတို့နှစ်ဦးအား ကြည့်ကာ မေးလိုက်လေသည်။
"ညည်းတို့ ဒီအချိန်ကြီး ရောက်လာတာ ဆွေးနွေးစရာ တစ်ခုခု ရှိလို့ မဟုတ်လား...”
ထိုအခါ ထျန်လီလီက အမြန်ပင် ပြုံးလျက် ပြောလိုက်လေ၏။
"အန်တီဟျောင်... တို့ရပ်ကွက်ထဲမှာ ရောင်းဖို့ စာရင်းပေးထားတဲ့ အိမ်အချို့ ရှိတယ် မဟုတ်လား...”
သူမ စကားမဆုံးမီမှာပင် ဟျောင်ချွေဟွာသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့လေပြီဖြစ်၏။
သို့ရာတွင် သူမသည် အနှောင့်အယှက် ဖြစ်ပုံ မရချေ။ မည်သို့ပင်ဆိုစေကာမူ အိမ်ကို စောစော ရောင်း ထွက်သွားခြင်းမှာ ရပ်ကွက်ကော်မတီရုံးအတွက် ကောင်းမွန်သော အချက်ပင် ဖြစ်လေသည်။
ထိုသို့ တွေးတောမိရင်း ဟျောင်ချွေဟွာသည် စားပွဲအံဆွဲထဲမှ မှတ်တမ်းစာအုပ်ဟောင်း တစ်အုပ်ကို ထုတ်ယူကာ စာမျက်နှာအချို့ကို လှန်ကြည့်လိုက်ပြီး ၎င်းတို့အား ပြောလိုက်လေသည်...။
"လက်ရှိမှာ တို့ရပ်ကွက်ထဲမှာ ရောင်းဖို့ မှတ်ပုံတင်ထားတဲ့ အိမ်ဝင်း လေးခု ရှိတယ်...”
"ရှင်းဟွာ တက္ကသိုလ် အနီးမှာ အခန်းလေးခန်းပါတဲ့ အိမ်ဝင်းအသေးလေး တစ်ခု ရှိတယ်လေ... အိမ်က အခြေအနေ ကောင်းပြီးတော့ နည်းနည်း ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း နေလို့ရတာပေါ့...”
"ပြီးတော့ ရပ်ကွက်ကော်မတီရုံး ဘေးမှာလည်း တခြား တည်နေရာ နှစ်ခု ရှိသေးတယ်လေ... မူလက အိမ်ဝင်းနှစ်ခုပါတဲ့ အိမ်ကြီးတစ်လုံးကို နောက်ပိုင်းမှာ သီးခြား အိမ်ဝင်းအသေးလေး နှစ်ခုအဖြစ် ခွဲထုတ် လိုက်တာ... နှစ်ခုလုံးက ပုံစံတကျ ရှိပါတယ်...”
သူမသည် ခေတ္တမျှ ရပ်လိုက်ပြီးနောက် အနားသို့ တိုးကပ်လာကာ တိုးတိုးလေး ပြောလိုက်လေသည်...။
"တခြား နေရာတစ်ခုလည်း ရှိသေးတယ်... အဲ့ဒါက သုံးထပ်ကွမ်း စီဟဲယွမ် တစ်ခုပဲ...”
အိမ်ရှင်မှာ နှစ်ပေါင်းများစွာ ရာထူးချခံထားရသူ ဖြစ်သော်လည်း နောက်ပိုင်းတွင် ပြစ်ဒဏ်မှ ကင်းလွတ် ခွင့် ရရှိခဲ့ပြီး အစိုးရက အိမ်ကို ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
"သူက ကျေးလက်မှာ နေထိုင်ခဲ့ရတာကြောင့် ကျန်းမာရေး မကောင်းတော့ဘူးလေ... ပြီးတော့ သူ့မှာ သားသမီးလည်း မရှိတာကြောင့် အိမ်ကို ရောင်းဖို့ စဉ်းစားနေတာပေါ့... ဒါပေမဲ့ စျေးနှုန်းကတော့... မသက်သာလှဘူး...”
အကယ်၍ အခြားသူသာ ဆိုပါက ဟျောင်ချွေဟွာသည် သည်အကြောင်းကို ထည့်ပြောလိမ့်မည် မဟုတ် ပေ။ သူမသည် သည်သုံးထပ်ကွမ်း အိမ်ဝင်းကြီး၏ အရေးပါမှုကို ကောင်းစွာ သိထားလေသည်။
သို့သော် သူမသည် ဆွန်းလီပင်းက သူမ၏ တူဖြစ်သူအကြောင်းကို အမြဲတမ်း ချီးကျူးပြောဆိုနေသည် ကို ကြားဖူးသဖြင့် သူသည် အလားအလာရှိပြီး တည်ငြိမ်သူဖြစ်ကြောင်း သိလေသည်။
ထို့အပြင် သူမသည် ယခင်က ထိုအိမ်ရှင်ထံမှ ကျေးဇူးတစ်စုံတစ်ရာကို လက်ခံရရှိဖူးခဲ့သဖြင့် ထိုအိမ်ဝင်း မှာ ကောင်းမွန်သော သူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားရန် မျှော်လင့်မိသောကြောင့်သာ သူ့အား ပြောပြလိုက်ခြင်း ဖြစ်လေသည်။
ကျိုးချန်ယဲ့၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့သော်လည်း သူ၏ မျက်နှာတွင်မူ မည်သည့်အရာမျှ ဖော်ပြ ခြင်း မရှိခဲ့ချေ။ သူသည် တည်ငြိမ်စွာပင် မေးမြန်းလိုက်လေသည်။
"အန်တီဟျောင်... အဲ့ဒီအိမ်ဝင်းရဲ့ စျေးနှုန်းက ဘယ်လောက်လောက် ရှိမလဲ...”
ဟျောင်ချွေဟွာသည် ကျိုးချန်ယဲ့၏ စကားကို ကြားသောအခါ အံ့အားသင့်သွားခဲ့လေ၏။
သူမ စကားပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရမိသွားခဲ့လေသည်၊ မည်သို့ပင်ဆိုစေကာမူ ထို အိမ်ဝင်းမှာ စျေးကြီးလွန်းလှသဖြင့် သူသည် တကယ် ဝယ်ချင်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိချေ။
ကံကောင်းသည်မှာ သူမသည် အချိန်ဆွဲတတ်သူ မဟုတ်သဖြင့် ချက်ချင်းပင် ပြောလိုက်လေသည်...။
"ဒီသုံးထပ်ကွမ်း အိမ်ဝင်းကြီးအတွက် အိမ်ရှင်က ရှစ်ထောင်ရှစ်ရာယွမ် တောင်းထားတယ်...”
"မင်း တကယ် ဝယ်ချင်တယ်ဆိုရင်တော့ တို့ သူ့ကို စကားပြောပေးပြီး စျေးနှုန်း နည်းနည်းလောက် လျှော့ပေးဖို့ လုပ်ပေးနိုင်ပါတယ်...”
ထိုစျေးနှုန်းကို ကြားလိုက်ရသောအခါ အနားတွင် ရပ်နေသော ထျန်လီလီမှာ ချက်ချင်းပင် အံ့အားသင့် ကာ ပါးစပ်ပင် မစိနိုင်တော့ချေ။
*ရှစ်ထောင်ရှစ်ရာယွမ်...*
*ဒါက (တစ်သောင်းတန် အိမ်ထောင်စု) ဖြစ်ဖို့ လက်တစ်ကမ်း အလိုပဲလေ...*
ထိုခေတ်ကာလများတွင် ယွမ်တစ်သောင်း ပိုင်ဆိုင်သော အိမ်ထောင်စုဆိုသည်မှာ ရှားပါးလှပြီး သတင်း စာထဲတွင်ပင် သေချာပေါက် ပါလာနိုင်သော အရာဖြစ်ကြောင်း သင် နားလည်ထားရမည် ဖြစ်လေသည်။
ဤမျှလောက် များပြားလှသော ငွေကြေးဆိုသည်မှာ သာမန်လူများအတွက် မိုးပေါ်က ကြယ်ကို လှမ်း ဆွတ်ရသကဲ့သို့ပင် အလှမ်းဝေးလှသော ပမာဏပင် ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် မျက်ခုံးကို အနည်းငယ် မြှင့်လိုက်လေ၏။
*ရှစ်ထောင်ရှစ်ရာယွမ်...*
သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့မိလေသည်၊ ကောင်းမွန်သော တည်နေရာရှိသည့် ဤသုံးထပ် ကွမ်း အိမ်ဝင်းကြီးမှာ သူ မျှော်လင့်ထားသည်ထက် များစွာ စျေးသက်သာနေသောကြောင့် ဖြစ်လေ သည်။
ယနေ့ခေတ် စျေးကွက်ပေါက်စျေးအရ ထိုကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသော သုံးထပ်ကွမ်း စီဟဲယွမ် တစ်ခုမှာ အနည်းဆုံး တစ်သောင်းငါးထောင်ယွမ်ခန့် တန်ဖိုးရှိပေလိမ့်မည်။
အကယ်၍ အိမ်၏ ပုံစံမှာ စနစ်တကျ ရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမည်ဆိုပါက ယွမ်နှစ်သောင်း ဖြင့် ရောင်းမည်ဆိုလျှင်ပင် လုဝယ်မည့်သူများ အများအပြား ရှိနေပေလိမ့်မည်။
ထိုငွေကြေးမှာ သူ့အတွက် ဘာမှ မဟုတ်သော်လည်း ကျိုးချန်ယဲ့သည် တည်ငြိမ်စွာဖြင့်ပင် စကားလမ်း ကြောင်းကို ပြောင်းလိုက်ပြီး သူ အစကတည်းက စိတ်ဝင်စားနေသော အိမ်ဝင်းအကြောင်းကို မေးလိုက် လေသည်...။
"အန်တီဟျောင်... လမ်းဘေးမှာရှိတဲ့ သီးခြား အိမ်ဝင်းလေး နှစ်ခုရဲ့ စျေးနှုန်းကရော ဘယ်လောက်လဲ...”