အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) ကျိုးချန်ယီ၏ သံပင်ပန်းပွင့်ခြင်း
"ကောင်းပါပြီ...” ဟု ဆိုကာ ဒုတိယအန်တီသည် အမေကျိုး၏ လက်မောင်းကို ပျော်ရွှင်စွာ ချိတ်လိုက်ပြီး စကားတပြောပြော၊ ရယ်ရယ်မောမောဖြင့် မင်္ဂလာခန်းဆောင်ရှိရာသို့ ခပ်သွက်သွက် လျှောက်သွားခဲ့ကြ လေတော့သည်။
————————————
"ဖြောင်း... ဖြောင်း... ဒိုင်း..."
အခန်းကို သေသေသပ်သပ် ပြင်ဆင်ပြီးသွားရုံရှိသေးသော်လည်း ခြံဝင်းတံခါး အပြင်ဘက်မှ နားမခံနိုင် လောက်အောင် ကျယ်လောင်သော ဗျောက်အိုးသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ဒုတိယအန်တီ၏ မျက်လုံးများမှာ တောက်ပသွားပြီး ချက်ချင်းပင် ထရပ်လိုက်ကာ ပြောလိုက်လေ၏။
"ဗျောက်အိုးသံတွေပဲ... ရှောင်ယီ သတို့သမီးကို ခေါ်ပြီး ပြန်လာပြီ ထင်တယ်..."
အမေကျိုးကလည်း အလျင်အစလို ထရပ်လိုက်ပြီး သူမ၏ ယောင်းမဖြစ်သူ၏ လက်မောင်းကို ဆုပ်ကိုင် လျက် အပြင်ဘက်သို့ လှမ်းထွက်ရင်း ပြောလိုက်လေသည်။
"အို... ယောင်းမရယ်၊ ဒီမှာပဲ ရပ်မနေပါနဲ့ဦး... သတို့သား၊ သတို့သမီးသစ်တွေကို ကြိုဆိုဖို့ အမြန်သွားကြ ရအောင်...”
ထိုအခါ ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာ၏ အနားသို့ တိုးကပ်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်လေ သည်။
"တို့တွေ သွားကြည့်ကြမလား..."
"အင်း..."
ထျန်ရှောင်ယာ၏ မျက်လုံးများမှာ တောက်ပသွားပြီး အလျင်အစလို ခေါင်းညိတ်လိုက်လေ၏။
သံပင်ကဲ့သို့ ခေါင်းမာလှသော သူမ၏ ဝမ်းကွဲညီအား မည်ကဲ့သို့သော အမျိုးသမီးက ပန်းပွင့်စေခဲ့သနည်း ဟု သူမ စိတ်ထဲမှ တွေးတောနေမိလေသည်။
ကျိုးချန်ယဲ့သည် သူ၏ ဇနီးဖြစ်သူ၏ အမူအရာကို ကြည့်ကာ မသိမသာ ပြုံးလိုက်မိလေ၏။
သူသည် သူမ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ ပါးလျသော နီမြန်းမှုလေးမှာ သူမ၏ နားသယ်စပ်အထိ တဖြည်းဖြည်း တက်လာသည်ကို သတိပြုမိလိုက်လေသည်။ ထို့နောက် သူသည် လက်ကို လွှတ်လိုက်ပြီး ကျောက်ခဲလေးအား ပွေ့ချီကာ သားအမိနှစ်ဦးအား ခြံဝင်းအတွင်းသို့ ခေါ် ဆောင်လာခဲ့လေ၏။
၎င်းတို့ ခြံဝင်းအတွင်းသို့ ရောက်ရှိလာသောအခါ ဂိတ်တံခါးဝတွင် လူအုပ်ကြီးမှာ စုရုံးနေခဲ့ကြလေပြီ။
ထိုအခြင်းအရာကို မြင်သောအခါ ကျိုးချန်ယဲ့သည် လူအုပ်ထဲသို့ တိုးမဝင်တော့ဘဲ မြင်ကွင်းကောင်း သော တိတ်ဆိတ်သည့် နေရာတစ်ခုကို ရှာဖွေကာ သတို့သားနှင့် သတို့သမီးသစ်တို့ ဝင်လာမည်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။
များမကြာမီမှာပင် သတို့သားနှင့် သတို့သမီးသစ်တို့အား လူအုပ်ကြီးက ခြံဝင်းထဲသို့ ဝိုင်းအုံ၍ ပို့ဆောင် လာခဲ့ကြလေသည်။
ထျန်ရှောင်ယာ မြင်လိုက်ရသောအခါ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့လေ၏။
ရှေ့တွင် မြင်တွေ့နေရသော သတို့သမီးနှင့် ယောင်းမဖြစ်သူတို့မှာ စိတ်နေစိတ်ထား လုံးဝ ကွဲပြားကြ လေသည်။
ချွေးမကြီးဖြစ်သူ ဖုန်းမင်ယွီမှာ သိမ်မွေ့နူးညံ့သော်လည်း ရှေ့မှ အမျိုးသမီးငယ်မှာမူ တက်ကြွ ဖျတ်လတ်ကာ ရွှင်ပျသော ပုံစံရှိလေ၏။
သူမတွင် ဝိုင်းစက်သော မျက်နှာလေး ရှိပြီး ပါးပြင်နှစ်ဖက်၌ ပါးချိုင့်လေးတစ်စုံ ရှိနေခဲ့လေသည်။ သူမ၏ အပြုံးမှာ ချိုသာလှသဖြင့် မြင်ရသူအား စိတ်ချမ်းသာစေပေသည်။ ဤအမျိုးသမီးသည် ပုံမှန်အားဖြင့် ခေါင်းမာလှသော သူမ၏ ဝမ်းကွဲညီအား နောက်ဆုံးတွင် အချစ်ကို သိရှိစေခဲ့ခြင်းမှာ အံ့သြစရာ မရှိ တော့ချေ။
————————————
ထိုအချိန်တွင် ခြံဝင်းအလယ်၌ ကျိုးချန်ယီနှင့်အတူ သတို့သမီး ကြိုဆိုရာတွင် လိုက်ပါလာကြသော လူငယ်များမှာလည်း အလုပ်ရှုပ်နေကြခဲ့လေသည်။ ၎င်းတို့သည် သကြားလုံးတောင်းများကိုယ်စီ ကိုင်ဆောင်ထားကြပြီး လူအုပ်ကြီးထဲသို့ မြေပဲသကြားလုံးများကို လက်တစ်ဆုပ်စာစီ ပက်ကြဲနေကြ လေ၏။
တစ်စုံတစ်ဦးက သကြားလုံးများကို ပက်ကြဲလိုက်တိုင်း ဝိုင်းအုံနေကြသော ကေးငယ်များမှာလည်း အော်ဟစ်အားပေးကြသဖြင့် ခြံဝင်းတစ်ခုလုံးမှာ ပျော်ရွှင်စရာကောင်းပြီး စည်ကားသိုက်မြိုက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။
"အို... ဒီမောင်နှံလေးက တကယ့်ကို လိုက်ဖက်ညီလှတာပဲ...”
ထောင့်တစ်နေရာတွင် သူမ၏ လက်ထဲရှိ သကြားလုံးများကို ပျော်ရွှင်စွာ ရေတွက်နေသော အန်တီဆွန်း က ချီးကျူးစကား ဆိုလိုက်လေသည်။
ထို့နောက် သူမသည် စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး သူမ၏ မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း ပြုံးလျက် ထပ်လောင်း ပြောလိုက်လေသည်...။
"ရှောင်ယီရဲ့ မိန်းမကတော့ မဆိုးဘူးပဲ... တင်ပါးကလည်း အတော်ကြီးတာပဲ... သားဦးလေးတော့ သေချာပေါက် မွေးပေးလိမ့်မယ်..."
"အန်တီ... အခုခေတ်က ကျား၊ မ တန်းတူညီမျှရေးကို ဖော်ဆောင်နေတာပါ…အမျိုးသမီးတွေကလည်း လောကကြီးရဲ့ တစ်ဝက်ကို တာဝန်ယူနေကြတာဆိုတော့ သားမွေးမွေး၊ သမီးမွေးမွေး အရေးမကြီးပါ ဘူး...”
သူမ စကားမဆုံးမီမှာပင် ဘေးဘက်မှ တည်ကြည်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
အန်တီဆွန်း၏ မျက်နှာမှာ ပျက်သွားပြီး ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း လှည့်ကြည့်လိုက်သော အခါ စက်ရုံ၏ အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာ တွင် ဖော်လံဖားသော အပြုံးတစ်ခုကို ချက်ချင်းပင် ဖန်တီးလိုက်ပြီး သတိထားကာ ပြောလိုက်လေ သည်...။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ညွှန်ကြားရေးမှူး ပြောတာ မှန်ပါတယ်... ညွှန်ကြားရေးမှူးကတော့ တကယ် ကို အမြင်ကျယ်တာပဲ... ကျွန်မ ဒါကို မှတ်ထားပါ့မယ်..."
"ဟေး... ဒီသတို့သမီးက ဘာလို့ ဒီလောက်တောင် မြင်ဖူးနေသလို ဖြစ်နေရတာလဲ...”
အနားရှိ တစ်စုံတစ်ဦးက ရုတ်တရက် ပြောလိုက်လေရာ ၎င်းမှာ အန်တီဆွန်းအား အကျပ်ရိုက်မှုမှ ကယ်တင်လိုက်သော အချိန်ကိုက် မိုးရေစက်ကလေးသဖွယ် ဖြစ်သွားခဲ့လေ၏။
အန်တီဆွန်းမှာမူ ပို၍ ဝင်မပြောရဲတော့ဘဲ ဘေးမှသာ တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။ သူမ၏ နားရွက်များမှာသာ တစ်ခါတစ်ရံ လှုပ်ခတ်သွားတတ်ပြီး သူမ၏ စိတ်ဝင်စားမှုကို တိတ်တဆိတ် ဖော်ပြ နေခဲ့လေသည်။
"ဟမ်... ညည်း မသိဘူးလား...”
"ဘာကိုလဲ...”
"ငါ ကြားတာတော့ သူက တို့စက်ရုံရဲ့ ထောက်ပံ့ပို့ဆောင်ရေး ညွှန်ကြားရေးမှူး လောင်လျူရဲ့ သမီးပဲတဲ့...”
"ဪ... မှတ်မိပြီ... သူက စက်ရုံမှာ လောင်လျူအတွက် ထမင်းလာပို့ပေးနေကျ မိန်းကလေး မဟုတ် လား... ဒါကြောင့် ဒီလောက်တောင် မြင်ဖူးနေသလို ဖြစ်နေတာကိုး... ငါ ထင်တာတော့ သူ့နာမည်က... လျူယွဲ့ထုံ ထင်တယ်...”
…………
လူအုပ်ကြီး၏ နောက်ဆုံးတွင် ရပ်နေသော ကျိုးချန်ယဲ့သည် ထိုစကားများကို ကြားသောအခါ ရယ်ရ ခက်သော အမူအရာဖြင့် ပြုံးလိုက်မိပြီး စိတ်ထဲတွင် တွေးတောနေမိလေသည်။
*တရုတ်လူမျိုးတွေ သတင်းဖြန့်ရတာ ဒီလောက် ဝါသနာပါတာကတော့ ပင်ကိုယ်ဗီဇကို ဖြစ်ရမယ်...*
————————————
ကျိုးချန်ယီ၏ မင်္ဂလာပွဲသို့ တက်ရောက်ပြီးနောက် အဖေကျိုးနှင့် အမေကျိုးတို့မှာ ပီကင်းတွင် ကြာရှည် စွာ မနေထိုင်ကြဘဲ နောက်တစ်နေ့မှာပင် ရှန်ဟိုင်းသို့ ပြန်သွားခဲ့ကြလေသည်။
မပြန်မီ ညတွင် အမေကျိုးသည် ထျန်ရှောင်ယာ၏ လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ မှာကြားခဲ့လေ သည်...။
"ရှောင်ယာ... ညည်းမှာ ကိုယ်ဝန်ရှိနေတာဆိုတော့ ပိုပြီး အနားယူဖို့ လိုတယ်လေ... အထူးသဖြင့် အမြွှာ ကိုယ်ဝန်ဆိုတော့ ပိုပြီးတောင် သတိထားရမယ်...”
"နောင်ကျရင် အိမ်မှုကိစ္စ ဘယ်အရာကိုမဆို ကျိုးချန်ယဲ့ ကျောင်းက ပြန်လာမှ လုပ်ခိုင်းပါ...”
"ညည်းဘာသာ လုပ်ဖို့ မကြိုးစားပါနဲ့... သိရဲ့လား... အိမ်မှာပဲ နေပြီး ကိုယ့်ကိုယ်ကိုယ်ရော ကလေးတွေ ကိုရော ဂရုစိုက်ပါ...”
"ဟုတ်ကဲ့…"
ဆေးရုံတွင် နောက်ဆုံးအကြိမ် စစ်ဆေးပြီးကတည်းက ထျန်ရှောင်ယာတွင် အမြွှာကိုယ်ဝန်ရှိနေကြောင်း မိသားစုဝင် အားလုံး သိရှိထားခဲ့ကြလေသည်။
မိသားစုဝင်များမှာ အံ့အားသင့်သွားကြသော်လည်း ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့မှာလည်း အမြွှာများ ဖြစ်ကြသဖြင့် လွယ်လွယ်ကူကူပင် လက်ခံနိုင်ခဲ့ကြလေသည်။
၎င်းတို့သည် ထျန်ရှောင်ယာအား တကယ့် အဖိုးတန် ရတနာတစ်ခုကဲ့သို့ပင် ဂရုတစိုက် ဆက်ဆံကြလေ ရာ ပါးစပ်ထဲတွင် ငုံထားလျှင် အရည်ပျော်သွားမည်၊ လက်ထဲတွင် ကိုင်ထားလျှင် ကွဲသွားမည်ကိုပင် စိုးရိမ်နေကြသည့်အလား ဖြစ်နေခဲ့ပေသည်။
"အမေ... စိတ်မပူပါနဲ့... ကျွန်မ အခုတော့ ဘာမှ မဖြစ်ပါဘူး... နေ့တိုင်းလည်း အစားကောင်းကောင်း စားနိုင်ပြီး ကောင်းကောင်း အိပ်ပျော်ပါတယ်...”
ထျန်ရှောင်ယာက အမေကျိုးအား ပြုံးလျက် စိတ်အေးအောင် ပြောလိုက်လေသည်။
"အေးအေး... ဒါဆိုရင်တော့ ကောင်းတာပေါ့...”
အမေကျိုးက သူမ၏ လက်ကို ပုတ်ပေးရင်း စိုးရိမ်တကြီး ထပ်လောင်း ပြောဆိုလိုက်လေသည်။
"ဒါပေမဲ့ ညည်း ပုံမှန်လေးတော့ လှုပ်လှုပ်ရှားရှား လုပ်ပေးရမယ်လေ... အဲ့ဒါမှ ကလေးမွေးတဲ့အခါ ပိုပြီး လွယ်ကူမှာ...”
"ညည်း ကလေးမွေးခါနီးရင် တို့ စက်ရုံကနေ ခွင့်ယူပြီး မီးနေသည်ဘဝမှာ ကူညီပေးဖို့ လာခဲ့မယ်...”
ထို့နောက် သူမသည် ဘေးတွင် ရပ်နေသော ကျိုးချန်ယဲ့ဘက်သို့ လှည့်ကာ တည်ကြည်စွာ ပြောလိုက် လေ၏။
"ကျိုးချန်ယဲ့... မင်း ရှောင်ယာနဲ့ ကလေးကို သေချာပေါက် ဂရုစိုက်ရမယ်နော်..."
"အမေ စိတ်မပူပါနဲ့...”
ကျိုးချန်ယဲ့က အလျင်အစလို ပြန်ထူးလိုက်လေသည်။
သူသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ခေတ္တမျှ ရပ်လိုက်ပြီးမှ မေးလိုက်လေသည်...။
"ဒါနဲ့ အမေ... ရှောင်ယွီနဲ့ ရှောင်ရှော့တို့က နောက်နှစ်လကျော်ရင် အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ ဖြေကြရတော့မှာ မဟုတ်လား...”
"ဟုတ်တယ်လေ... အခုက စာလေ့လာဖို့ အရေးကြီးဆုံးအချိန် ဖြစ်နေလို့ ဒီတစ်ခေါက် သူတို့ကို ခေါ်မ လာခဲ့တာပေါ့...”
ကျောက်ခဲလေးအား ကြည့်ရှုပေးနေသော အဖေကျိုးက ဝင်ပြောလိုက်လေသည်။
"အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဆိုတာ ကိစ္စကြီးပဲ...”
ကျိုးချန်ယဲ့က လက်ယမ်းလျက် ပြုံးကာ ပြန်ပြောလိုက်လေသည်...။
"အဖေ... ပြန်ရောက်ရင် ရှောင်ယွီနဲ့ ရှောင်ရှော့ကို ပြောပေးပါဦး... သူတို့သာ ထိပ်တန်း အထက်တန်း ကျောင်းကို ဝင်ခွင့်ရမယ်ဆိုရင် ရှောင်ယာနဲ့ ကျွန်တော်က သူတို့အတွက် ဆုအဖြစ် လက်ပတ်နာရီ တစ်လုံးစီ ဝယ်ပေးမယ်လို့...”
အဖေကျိုးသည် သူ၏ သားကြီး၏ စေတနာကို ကြားသောအခါ အံ့အားသင့်သွားပြီး အလျင်အစလို ငြင်းပယ်လိုက်လေသည်...။
"မင်းရဲ့ စေတနာကိုတော့ ငါတို့ သိပါတယ်... ဒါပေမဲ့... ဒါက စျေးကြီးလွန်းပါတယ်... မင်းမှာလည်း မကြာခင် ကလေးနှစ်ယောက် ထပ်တိုးတော့မှာဆိုတော့ ပိုပြီး ချွေတာဖို့ လိုတယ်လေ... ငါ့မြေးလေး တွေကိုတော့ အငတ်မထားပါနဲ့ဦး...”
"အဖေ စိတ်မပူပါနဲ့... ကျွန်တော်တို့ဆီမှာ ငွေရှိပါတယ်... မပြတ်လပ်ပါဘူး... ပြီးတော့ ရှောင်ယွီနဲ့ ရှောင်ရှော့တို့သာ ထိပ်တန်းကျောင်းကို ဝင်ခွင့်ရမယ်ဆိုရင် ဒါက တို့မိသားစုအတွက် ပျော်ရွှင်စရာ ကိစ္စပဲ မဟုတ်လား...”
သူ၏ သားဖြစ်သူမှာ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို မြင်သောအခါ အဖေကျိုးသည် ပို၍ ပြောဆိုခြင်း မရှိတော့ဘဲ ခေါင်းညိတ်လိုက်လေတော့သည်။
"အေးပါ...”
သူသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိလေသည်...။
*ထားလိုက်ပါတော့လေ... အဆိုးဆုံးဖြစ်လာရင်လည်း ငါ ဝှက်ထားတဲ့ ငွေတွေကို အကုန်ထုတ်ပြီး သူတို့
ပြန်ရောက်တဲ့အခါ ကူညီပေးလိုက်တာပေါ့လေ... ငါမြေးလေးတွေကိုတော့ အငတ်မခံနိုင်ပါဘူး...*