အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) မျက်နှာမည်း ယမမင်း
အဖေကျိုးနှင့် အမေကျိုးတို့ ရှန်ဟိုင်းသို့ ပြန်သွားကြပြီးနောက် ကျိုးချန်ယဲ့နှင့် သူ၏ဇနီးတို့သည် ပျော်ရွှင် သာယာသော ဘဝလေးကို ရိုးရှင်းစွာ ဖြတ်သန်းနေခဲ့ကြလေ၏။
ကျိုးချန်ယဲ့သည် ကျောင်းဆင်းတိုင်း ထျန်ရှောင်ယာအတွက် မုန့်အချို့ အမြဲဝယ်လာတတ်လေသည်။ ယုန်ဖြူနို့သကြားလုံး၊ အမဲသားခြောက်၊ ဝက်သားခြောက်နှင့် နို့လက်ဖက်ရည်နွေးနွေးလေးများ...၊
ရံဖန်ရံခါတွင် သူသည် သူ၏ဒုတိယအစ်ကို၏ မုန့်ဆိုင်ရှေ့မှ ဖြတ်သွားသည့်အခါတိုင်း အိမ်သို့ တစ်ခု သို့ မဟုတ် နှစ်ခုလောက် အမြဲဝယ်သွားတတ်လေသည်။ ထိုသို့ပြုလုပ်ခြင်းမှာ သူ အိမ်မှာမရှိသည့်အချိန် တွင် ထျန်ရှောင်ယာ ဗိုက်မဆာစေရန် ဖြစ်လေ၏။
ယနေ့တွင်လည်း သူသည် ဒုတိယအစ်ကို၏ ဆိုင်မှ ပဲစိမ်းကိတ်များကို ဝယ်ယူကာ အိမ်သို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့လေသည်။
လမ်းကြားထိပ်သို့ ရောက်သည်နှင့် လမ်းဘေးတွင် ရပ်ထားသော စစ်သုံး ဂျစ်ကားတစ်စီးကို သူ မြင်လိုက်ရလေသည်။
ကား၏ရှေ့မှ အနီရောင်စာလုံးများပါသော ထူးခြားသည့် အဖြူရောင် လိုင်စင်ပြားကို ကြည့်ကာ သူက မျက်ခုံးပင့်လိုက်မိပြီး သူ၏ဝမ်းကွဲအစ်ကိုကြီး ရောက်နေပြီဖြစ်ကြောင်း သိလိုက်လေ၏။
သူသည် အချိန်ဆွဲမနေတော့ဘဲ လက်ထဲမှ ပဲစိမ်းကိတ်ကို ကိုင်ကာ အိမ်သို့ အလျင်စလို ပြန်လာခဲ့လေ တော့သည်။
ခြံဝင်းတံခါးသို့ ချဉ်းကပ်လိုက်သောအခါ မရီးဖြစ်သူ ဖုန်းမင်ယွီနှင့် သူ၏ဇနီးဖြစ်သူတို့၏ အသံများကို ကြားလိုက်ရလေသည်။ ထိုအသံများထဲတွင် ကျောက်ခဲလေး၏ ကလေးသံနှင့် စိမ်းသက်သော်လည်း ချိုသာသော အမျိုးသမီးအသံတစ်သံလည်း ရောယှက်နေခဲ့လေ၏။
မည်သူရောက်နေသည်ကို သူ ခန့်မှန်းမိသဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာလျက် ခြံဝင်းထဲသို့ ဝင်လိုက်လေသည်။
"ကျိုးချန်ယဲ့ ပြန်လာပြီ..."
ကျိုးချန်ဟွမ်နှင့် ကျိုးချန်ယီ ညီအစ်ကိုနှစ်ဦးသည် ခြံဝင်းထဲတွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ ထိုင်နေ ကြစဉ် ကျိုးချန်ယဲ့ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ကျိုးချန်ယီသည် ချက်ချင်းပင် သက်ပြင်းချလိုက် ကာ သူ့အား ကြိုဆိုရန် ထရပ်လိုက်လေသည်။
သူ၏အစ်ကိုဖြစ်သူ၏ အေးစက်သော စိတ်နေစိတ်ထားကို မရီးဖြစ်သူက မည်သို့သည်းခံနေရသနည်း၊ နွေရာသီမှာ အေးမြနေအောင်လို့များလားဟု သူ စိတ်ထဲမှ တွေးတောနေမိလေ၏။
"အစ်ကိုကြီး၊ ဒုတိယအစ်ကို..." ဟု ကျိုးချန်ယဲ့က ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
ကျိုးချန်ဟွမ်က သူ့အား ခေါင်းညိတ်ပြလိုက်ခြင်းမှာ နှုတ်ဆက်ခြင်းပင် ဖြစ်လေ၏။
ကျိုးချန်ယဲ့သည် သူ၏ဝမ်းကွဲအစ်ကိုကြီး၏ စကားနည်းသော ပင်ကိုယ်ဗီဇကို ကျင့်သားရနေပြီ ဖြစ်လေ သည်။ အကယ်၍ အခြားသူသာဆိုပါက သူသည် မာန်တက်နေပြီး လူတကာကို အထင်သေးနေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
"အစ်ကိုကြီးရဲ့ စစ်တပ်မှာ လိုက်ပါနေထိုင်ခွင့် လျှောက်လွှာက အတည်ပြုချက် ရသွားပြီလေ... ဒါကြောင့် မရီးက နောက်ရက်အနည်းငယ်အတွင်းမှာ အစ်ကိုကြီးနဲ့အတူ လိုက်သွားတော့မှာတဲ့..."
ကျိုးချန်ယီက ပြုံးလျက် ကျိုးချန်ယဲ့အား ပြောပြလိုက်လေသည်...။
"အဲ့ဒါကြောင့် မသွားခင်မှာ မင်းဆီကနေ ကောင်းကောင်းတစ်နပ်လောက် လာစားတာပေါ့..."
ကျိုးချန်ယဲ့က ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်...။
"ဟားဟား... ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူငယ်ချင်းတစ် ယောက်ဆီမှာ ပင်လယ်စာအချို့ မှာထားတာ ရှိတယ်လေ... အခု ပြန်လာတဲ့လမ်းမှာ သူနဲ့ တွေ့လို့ သွားယူ ဖို့ ပြောနေတာနဲ့ ဒီညတော့ ပင်လယ်စာ စားကြတာပေါ့..."
"ပင်လယ်စာလား..."
ကျိုးချန်ယီ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ပြီး မယုံနိုင်သလို အော်ဟစ်လိုက်မိလေ သည်။
ပီကင်းသည် မြို့တော်ဖြစ်သော်လည်း မြောက်ဘက်တွင် တည်ရှိကာ ပင်လယ်နှင့် အလှမ်းဝေးလှပေ သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးမှာလည်း မလွယ်ကူသဖြင့် ပင်လယ်စာ ကောင်းကောင်းတစ်နပ် စားရန်မှာ မလွယ်ကူလှချေ။
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး ကျိုးချန်ယီ၏ အံ့အားသင့်ပြီး စားချင်စဖွယ် ဖြစ်နေသော အမူအရာ ကို လျစ်လျူရှုကာ ပြုံးလျက် ၎င်းတို့နှစ်ဦးအား မေးလိုက်လေသည်...။
"ခင်ဗျားတို့ နှစ်ယောက်က... သည်မှာပဲ ရပ်ပြီး စကားပြောနေကြမှာလား...”
"အာ..."
ကျိုးချန်ယီက သူ၏နှာခေါင်းကို ပွတ်လိုက်ပြီး ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်လေ သည်...။
"အထဲဝင်ရင် သူတို့ စကားပြောနေတာကို အနှောင့်အယှက် ဖြစ်မှာ စိုးလို့လေ... မိန်းမတွေ စုမိပြီဆိုရင် တို့တွေက စကားဝင်ပြောလို့ မရတော့ဘူးလေ... အထဲဝင်ရင်လည်း အလုပ်ရှုပ်စေရုံပဲ ရှိမှာပေါ့..."
ကျိုးချန်ယီ၏ အမူအရာကို ကြည့်ကာ ကျိုးချန်ယဲ့က မသိမသာ ပြုံးလိုက်မိလေသည်...။
*သူကလည်း သူ့မိန်းမရဲ့ လက်အောက်မှာပဲလား... တကယ့်ကို ကျိုးမိသားစုရဲ့ သွေးပါပဲလား...*
————————————
အားလုံးသည် ဧည့်ခန်းထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်လာခဲ့ကြလေသည်။ ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့ ကို မြင်လိုက်သည်နှင့် အလျင်စလို ထရပ်လိုက်လေသည်။
"အာယဲ့... ပြန်လာပြီလား...”
ကျိုးချန်ယဲ့က အမြန်လျှောက်သွားကာ သူမအား ညင်သာစွာ ထူမပေးလိုက်ပြီး အထပ်ထပ် ပြော လိုက်လေ၏။
"ထိုင်ပါ... ထိုင်ပါ... ဗိုက်ကို သတိထားဦးလေ...”
ကျိုးချန်ယဲ့သည် သူ၏ဇနီးအား ကြည့်လိုက်ရာ သူမမှာ ကိုယ်ဝန် ခြောက်လ ခုနစ်လသာ ရှိသေးသော် လည်း ကလေးမွေးတော့မည့်အလား ဝမ်းဗိုက်မှာ ကြီးထွားနေခဲ့လေသည်။
သူမ လှုပ်ရှားလိုက်တိုင်း သူ၏နှလုံးသားမှာ စိုးရိမ်စိတ်ဖြင့် ခုန်လှုပ်သွားတတ်လေ၏။
ယခုအခါတွင် သူမအား အပ်ချုပ်ဆိုင်၌ အလုပ်လုပ်ရန် ခွင့်မပြုတော့ဘဲ အိမ်နီးချင်း မရီးဝမ်အား ဆိုင်ကိစ္စများကို ကြည့်ရှုပေးရန် အပ်နှံထားခဲ့လေသည်။
နေ့ခင်းဘက်တွင် သူ ကျောင်းသွားချိန်၌ ဟျောင်ရှင်းရှင်း၊ ထျန်လီလီနှင့် ဒုတိယမရီးတို့မှာ ခဏတစ်ဖြုတ် လာလည်တတ်ကြလေသည်။
ထိုကာလအတွင်း ၎င်းတို့သည် အခြေအနေကို နားလည်သွားကြပြီး တစ်ဦးလျှင် တစ်နာရီ နှစ်နာရီခန့် အလှည့်ကျ လာရောက်နေထိုင်ပေးကြခြင်း ဖြစ်လေသည်။ ၎င်းမှာ ထျန်ရှောင်ယာတစ်ဦးတည်း အိမ်မှာ ရှိနေစဉ် အခက်အခဲ မဖြစ်စေရန်အတွက်ပင် ဖြစ်ပေသည်။
ယခုအချိန်တွင် သူသည် အခြားအရာများကို မလိုလားတော့ဘဲ သူ၏ဇနီးဖြစ်သူ ဘေးကင်းစွာ ကလေး မွေးဖွားနိုင်ရန်သာ မျှော်လင့်နေခဲ့လေသည်။ ၎င်းက အရာအားလုံးထက် ပို၍ အရေးကြီးလေ၏။
မရီးကြီး ဖုန်းမင်ယွီသည် ထျန်ရှောင်ယာ ရုတ်တရက် ထရပ်လိုက်သဖြင့် လန့်သွားခဲ့လေသည်။ ယခုအခါ ထျန်ရှောင်ယာ ပြန်ထိုင်လိုက်သည်ကို မြင်သောအခါမှ သူမက ညင်သာစွာ ဆူလိုက်လေသည်...။
"ညည်းက အခုတော့ အမေတစ်ယောက် ဖြစ်နေပြီ... ဒါတောင် သတိမထားနိုင်သေးဘူးလား... နောင် ကျရင် ပိုပြီး သတိထားရမယ်နော်..."
"ဪ... ဘာမှ မဟုတ်ပါဘူး... ဗိုက်က ကြီးနေလို့သာ ကြည့်ရတာ ကြောက်စရာ ကောင်းနေတာပါ...” ဟု ထျန်ရှောင်ယာက အားနာစွာ ရှင်းပြလိုက်လေသည်။
"ယောင်းမ... စိတ်မပူပါနဲ့... ကျွန်မ အားတဲ့အချိန်တိုင်း လာပြီး အဖော်လုပ်ပေးပါ့မယ်... ကျွန်မ သူ့ကို စောင့်ကြည့်ပေးမှာပေါ့... ဟားဟားဟား..."
ဘေးဘက်မှ ချိုသာသော အသံတစ်သံက ဝင်ပြောလိုက်လေသည်။
ကျိုးချန်ယဲ့က ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ဒုတိယမရီး ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။
သူသည် ချက်ချင်းပင် ပြုံးလိုက်ပြီး စစ်မှန်သော စေတနာဖြင့် ပြောလိုက်လေသည်။
"တကယ်ကို ကျေးဇူးတင်ပါတယ် ဒုတိယမရီး..."
"ဟားဟား... ရှောင်ယာနဲ့ ကျွန်မက စရိုက်ချင်း တူတယ်လေ... သူ့ကို အဖော်လုပ်ပေးပြီး စကားပြောရ တာ ကျွန်မလည်း ပျော်ပါတယ်...”
ဒုတိယမရီး လျူယွဲ့ထုံက ပြုံးလျက် ပြောလိုက်လေသည်။
ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး မိုးချုပ်လာပြီ ဖြစ်သဖြင့် အားလုံးအား ပြောလိုက်လေသည်...။
"ကျွန်တော် သူငယ်ချင်းဆီကနေ ပင်လယ်စာတွေ အရင်သွားယူလိုက်ဦးမယ်... ပြန်လာရင် ချက်ကြ တာပေါ့..."
"ပင်လယ်စာလား... ဒီနေ့ ပင်လယ်စာ စားကြမှာလား...”
ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့လေသည်။
ကိုယ်ဝန်ရှိကတည်းက သူမသည် ပင်လယ်စာ မစားရသည်မှာ ကြာပြီ ဖြစ်လေသည်။ အာယဲ့က ပင်လယ် စာသည် အအေးဓာတ် ရှိသဖြင့် သူမ စားလျှင် နေထိုင်မကောင်း ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမ အား အမြဲတမ်း တားမြစ်ထားလေ့ ရှိလေသည်။
သူမ၏ စားချင်စဖွယ် အမူအရာကို ကြည့်ကာ ကျိုးချန်ယဲ့၏ နှလုံးသားမှာ နူးညံ့သွားခဲ့လေသည်။ သူ သည် လက်ကို ဆန့်ကာ သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း ချော့မြှူလိုက်လေသည်..။
"ကို့ သူငယ်ချင်းကို တကူးတက မှာထားတာ ရှိတယ်လေ... မင်း ကလေးမွေးပြီးရင်တော့ စိတ်ကြိုက် စားလို့ ရမှာပါ...”
ထျန်ရှောင်ယာက ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်...။
"ကျိုးချန်ယဲ့... ငါ ကားနဲ့ လိုက်ပို့ပေးမယ်လေ... အဲ့ဒါမှ ပိုမြန်မှာပေါ့..."
ကျိုးချန်ဟွမ်က ဝင်ပြောလိုက်လေသည်။
"အစ်ကိုကြီး... ရပါတယ်... ကျွန်တော် ဘာသာ သွားလိုက်ပါ့မယ်...”
ကျိုးချန်ယဲ့က အလျင်စလို ငြင်းပယ်လိုက်ပြီး ပြုံးလျက် စနောက်လိုက်လေသည်...။
"အစ်ကိုကြီးရဲ့ ဂျစ်ကားက လူမြင်သူမြင် အရမ်းထင်သာမြင်သာ ရှိလွန်းတယ်လေ... သွားရလာရတာ အဆင်မပြေပါဘူး...”
သူသည် ခြံဝင်းထဲသို့ မဝင်မီကတည်းက ချိုးချိုးအား စနစ်နေရာလွတ်ထဲမှ ပင်လယ်စာများ ရွေးခိုင်း ထားပြီး ဖြစ်လေသည်။
ယခုအခါ ထိုအရာများကို ထုတ်ယူရန် အခွင့်အရေး ရှာရန်သာ လိုအပ်သဖြင့် သူ၏ ဝမ်းကွဲအစ်ကိုကြီး အား လုံးဝ လိုက်ခွင့် မပြုနိုင်ချေ။
ကျိုးချန်ဟွမ်သည် သူ၏ ဝမ်းကွဲညီ၏ စကားကြောင့် နှုတ်ခမ်းများ မသိမသာ လှုပ်ခတ်သွားခဲ့လေ၏။
သူသည် စိတ်ထဲမှ တွေးနေမိလေသည်...။
*အင်း... ငါ့ကားမှာ စစ်တပ်လိုင်စင်ပြား ပါနေတာဆိုတော့... ကန့်သတ်ချက်တွေ များနေတာ အမှန် ပါပဲလေ...*
သူသည် သူ၏ တပ်ရင်းသို့ ပြန်ရောက်သည်နှင့် တာဝန်များကို ပိုမို ကြိုးစားလုပ်ဆောင်ပြီး ကောင်းမွန် သော ရလဒ်များ ရရှိအောင် လုပ်ဆောင်ရပေလိမ့်မည်။ ထိုသို့မှသာ စစ်တပ်က သူ့အား ပိုမို သာမန်ကျ သော ကားတစ်စီးကို စောစောစီးစီး ပေးအပ်နိုင်မည် ဖြစ်လေသည်။
ဤမျှ ရိုးရှင်းသော အတွေးတစ်ခုမှ စတင်ခဲ့လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
နောက်ပိုင်းရက်များတွင် ကျိုးချန်ဟွမ်၏ လက်အောက်ခံ စစ်သားများမှာ အလွန်တရာ ဒုက္ခရောက်ခဲ့ကြ လေတော့သည်။ သူသည် စစ်သားများကို နေ့စဉ် ပြင်းထန်စွာ လေ့ကျင့်ပေးခဲ့သဖြင့် စစ်သားများမှာ ညမိုးချုပ်ရန်သာ မျှော်လင့်နေခဲ့ကြရလေသည်။
ဤအချက်ကပင် သူ၏ "မျက်နှာမည်း ယမမင်း" ဟူသော နာမည်ကို ပိုမိုခိုင်မာစေခဲ့လေတော့သည်။