အခန်း ၁၀၆၇
Vol. 72 Ch. 1067
အခန်း ၁၀၆၇ - နေရာတိုင်းမှာ အဆင့်ရှစ်တွေချည်းပဲ။ အဆင့်ခုနစ်ဆိုတာ ခွေးလောက်တောင် တန်ဖိုးမရှိဘူး
အာကာသယာဉ်က ကျန်းမုန့်လောင်၏ မင်္ဂလာဆောင်ကျင်းပရာနေရာသို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူ့ကိုယ်ပိုင်အာကာသယာဉ်ကလွဲ၍ မည်သူပင်ဖြစ်စေကာမူ မိမိယာဉ်ကို ဤကြယ်စင်တန်းစနစ်၏ အပြင်ဘက်တွင် ရပ်နားထားခဲ့ရမည်ဖြစ်ပြီး သတ်မှတ်ထားသောယာဉ်ဖြင့်သာ ပွဲကျင်းပရာနေရာသို့ လိုက်ပါပို့ဆောင်ခံရမည်ဖြစ်၏။
မျိုးနွယ်စုတစ်ခု၏ အရှင်သခင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်စေ၊ အဆင့်ကိုးသက်ရှိပင် ဖြစ်နေပါစေ ဤမင်္ဂလာပွဲ၏ စည်းမျဉ်းများကို လိုက်နာရမည်သာ။ အကယ်၍ သူတို့သာ ကမ္ဘာခြားစစ်မြေပြင်ကို သိမ်းပိုက်ထားသော တပ်မ သို့မဟုတ် ကျန်းမုန့်လောင်၏ ကိုယ်ရံတော်တပ်ကို စိန်ခေါ်ရဲသည်ဟု သတ်မှတ်ထားလျှင်မူ တစ်မျိုးပင်။
"သောက်ကျိုးနည်း...ဒါက ဘာကြီးလဲကွ"
ဝမ်လင်တစ်ယောက် အာကာသယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပင် အံ့ဩမှင်တက်သွားသည်။
သူသည် ဤဂြိုဟ်နှင့်ပတ်သက်သော အချက်အလက်များကို ယခင်ကတည်းက ရှာဖွေလေ့လာထားဖူးသည်။ ဤကြယ်စင်တန်းစနစ်တွင် ဘာသက်ရှိမှ မရှိသဖြင့် စွန့်ပစ်နယ်မြေတစ်ခုဟုပင် သတ်မှတ်နိုင်သည်။ ထို့ပြင် ပတ်ဝန်းကျင်အခြေအနေကလည်း အလွန်ဆိုးဝါးပြီး အဆုံးမဲ့သဲကန္တာရများနှင့် အဆက်မပြတ်မြင့်မားနေသော အပူချိန်များသာရှိလေရာ သက်ရှိများရှင်သန်နိုင်မည့် အခြေအနေမျိုး လုံးဝမရှိပေ။
သို့သော် ယခုအချိန်တွင် သူရှူရှိုက်လိုက်သော ပထမဆုံးလေထုက အံ့မခန်း လတ်ဆတ်နေလေသည်။ ဤသည်မှာ ရေအောက်တွင် မိနစ်အတော်ကြာအောင် အသက်အောင့်ထားရသူတစ်ယောက် နောက်ဆုံးတွင် လေကို ရှူရှိုက်လိုက်ရသလို ခံစားရစေသည်။
ကမ္ဘာမြေ၏ နည်းပညာမှာ လျင်မြန်စွာတိုးတက်လာပြီး ပတ်ဝန်းကျင်ကို စီမံခန့်ခွဲရာတွင် သိသာထင်ရှားသော စွမ်းဆောင်ရည်များ ရှိလာသော်လည်း ထိုသို့လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်ပင် စီမံခန့်ခွဲမှုနှင့် ပျက်စီးဆုံးရှုံးမှုနှုန်းတို့မှာ ဟန်ချက်ညီနေဆဲပင်။ ထို့ကြောင့် ကမ္ဘာမြေ၏လေထုမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးပေ။
"ငါ အသက်စွမ်းအင်သစ်ပင်တစ်သုတ် ရထားတာလေ"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
"အဲဒါက သက်ရှိတွေ ရှင်သန်ဖြစ်တည်ဖို့အတွက်သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ခပ်မြန်မြန်ဖန်တီးပေးနိုင်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အပင်တစ်မျိုးပဲ။ ပြီးတော့ နည်းပညာအထောက်အပံ့နည်းနည်းပါရင် လုံးဝမခက်ခဲပါဘူး"
ဝမ်လင်လည်း သူ့စမတ်စနစ်ကိုဖွင့်ကာ ထိုအသက်စွမ်းအင်သစ်ပင်များနှင့် ပတ်သက်သည့် အချက်အလက်များကို စတင်ရှာဖွေလိုက်သည်။
"တစ်ပင်ရဲ့စျေးနှုန်းက စကြဝဠာဒင်္ဂါးတစ်သိန်းဆိုတော့ မဆိုးပါဘူး"
ဝမ်လင်က ဆက်ဖတ်ရင်း ပြောလိုက်သည်။ သို့သော် မိတ်ဆက်စာပိုဒ်အပြီး နောက်ကွယ်၌ တစ်ခုခုရှိနေသေးကြောင်း သူခံစားလိုက်ရသည်။
အသက်စွမ်းအင်သစ်ပင်သည် ဂြိုဟ်တစ်လုံး၏ ပတ်ဝန်းကျင်ကို အမှန်တကယ် ကောင်းမွန်လာစေနိုင်ပြီး သစ်ပင်တစ်ပင်တည်းဖြင့်ပင် လူနေထိုင်နိုင်သော ဂြိုဟ်တစ်ခုကို ဖန်တီးပေးနိုင်သည်။ ထိုအရာမှာ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းရှိပြီး လေထုကို သန့်စင်ပေးခြင်း၊ ပတ်ဝန်းကျင်ကို ပြုပြင်ပေးခြင်းနှင့် အပူချိန်ကို ထိန်းညှိပေးနိုင်သော စွမ်းရည်များလည်း ပါရှိသည်။
သို့သော် အကျိုးသက်ရောက်မှုစက်ဝန်းမှာ အလွန်ကြာရှည်လှသည်။ အကယ်၍ ထိုအရာကို ကမ္ဘာမြေအရွယ်အစားရှိသော ဂြိုဟ်တစ်လုံးပေါ်တွင် စိုက်ပျိုးမည်ဆိုပါက သက်ရှိများရှင်သန်နိုင်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ရန် နှစ်ပေါင်းငါးသိန်းခန့် အချိန်ယူရမည်ဖြစ်၏။
ဤဂြိုဟ်က ကမ္ဘာမြေထက် ဘယ်လောက်ပိုကြီးနေလေသလဲ။ အကယ်၍ သစ်ပင်တစ်ပင်တည်းကိုသာ စိုက်ပျိုးမည်ဆိုပါက အနည်းဆုံး အချိန်အဆတစ်ရာမှ တစ်ထောင်အထိ ပိုကြာလိမ့်မည် မဟုတ်ပါလော။
ထို့ပြင် ကျန်းမုန့်လောင် မင်္ဂလာပွဲပြင်ဆင်နေသည့် အချိန်ကစ၍ ယခုအထိဆိုလျှင် လအနည်းငယ်သာ ကြာသေးသည်မဟုတ်လား။ နှစ်ပေါင်းသန်းချီ၍ အချိန်ယူရမည့် ကိစ္စများကို လအနည်းငယ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းမှာ သစ်ပင်အပင်အနည်းငယ် သို့မဟုတ် ရာဂဏန်းလောက်နှင့် လုံးဝမဖြစ်နိုင်ပေ။
"တစ်သုတ်မှာ ဘယ်နှပင်ပါလဲ"
ဝမ်လင်လည်း မနေနိုင်တော့သဖြင့် မေးလိုက်မိသည်။
"အပင်လေးသောင်းလောက်ပဲ။ အတိအကျကိုတော့ ငါမေ့သွားပြီ"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"လေးဆယ်ထရီလီယံ ..."
အသက်စွမ်းအင်သစ်ပင် လေးဆယ်ထရီလီယံအတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဟု ဝမ်လင် ချက်ချင်းပင် စိတ်ထဲက တွက်ချက်ကြည့်လိုက်သည်။ သူ့ကုမ္ပဏီ၏ လက်ရှိဝင်ငွေရှာနိုင်စွမ်းဖြင့်ဆိုလျှင် ထိုငွေပမာဏရရန် နှစ်ပေါင်းဘီလီယံချီ၍ အချိန်ယူရလိမ့်မည် မဟုတ်ပါလော။
"ထားလိုက်ပါတော့။ ငါမေးတာကို မေ့လိုက်"
သူတို့တစ်သိုက် အာကာသယာဉ်ပေါ်က ဆင်းလာကြသည်။ မြေပြင်ကား ခရမ်းရောင်သလင်းကျောက်နှင့် ဆင်တူသောအရာတစ်ခုဖြင့် ပြုလုပ်ထားပုံရသည်။ အဝေးမှကြည့်လျှင် မြေပြင်၏ အလင်းယိုင်မှုအောက်၌ ကောင်းကင်ယံသည် အရောင်အသွေးစုံလင်သော ဥတ္တရအလင်းတန်းများအလား တောက်ပစွာ ရောင်ပြန်ဟပ်နေလေသည်။
ဝမ်လင် မြေပြင်ကို ငုံ့ကြည့်လိုက်သောအခါ မှန်တစ်ချပ်ကဲ့သို့ သူ့ပုံရိပ်က ရောင်ပြန်ဟပ်နေလေသည်။
"ဒါက ဘာကြီးလဲ။ သလင်းကျောက်လား"
ချင်ဖုန်းက မေးလိုက်သည်။
မြေပြင်ပေါ်ရှိ သလင်းကျောက်များမှာ တန်ဖိုးကြီးသည်ဟု မဆိုနိုင်ပေ။ ကျယ်ပြောလှသော ဤစကြဝဠာကြီးထဲတွင် စိန်များပင် အလွန်ဈေးပေါလှသည်။
လတ်တလော သုတေသနပြုချက်များအရ ယူရေးနပ်စ်နှင့် နက်ပကျွန်းဂြိုဟ်တို့၏ မျက်နှာပြင်များမှာ ထူထဲသော သဘာဝစိန်လွှာများဖြင့် ဖုံးလွှမ်းနေသည်။ ထို့ကြောင့် ဂြိုဟ်တစ်ခုလုံးကို စိန်တစ်လွှာ ဖုံးအုပ်ထားရန်မှာ လွယ်ကူသောကိစ္စရပ်ပင်။
"လူကြီးမင်းတို့... ဒါက သလင်းကျောက်လည်း မဟုတ်သလို စိန်လည်း မဟုတ်ပါဘူး။ သခင်လေးရဲ့ မွန်မြတ်တဲ့ အဆင့်အတန်းနဲ့ ဒီလိုပစ္စည်းမျိုးတွေက ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
ထိုအချိန်တွင် သူတို့ကိုကြိုဆိုရန် ရောက်လာသော ကျန်းတာ့ပေါင်က အနားသို့ ချဉ်းကပ်လာသည်။
ကျန်းတာ့ပေါင်ကလည်း အလွန်သပ်ရပ်သော ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်ထားလေရာ ကြမ်းတမ်းသော သူ့ရုပ်သွင်ကို အနည်းငယ် ချစ်စရာကောင်းသွားစေသည်။
"ဒါဆို ဘာများလဲ"
"ဒါကို အင်ပါယာသလင်းကျောက်လို့ ခေါ်ပါတယ်"
ကျန်းတာ့ပေါင်က ရှင်းပြလိုက်သည်။
"အဆင့်ငါးမျိုးနွယ်စုတွေမှာ အများအားဖြင့် ဧကရာဇ်အာဏာကို ကိုယ်စားပြုတဲ့ တော်ဝင်မျိုးနွယ်တွေက အင်ပါယာသလင်းကျောက်တွေ စီခြယ်ထားတဲ့ သရဖူတွေနဲ့ ရာဇလှံတံလိုမျိုး အရာတွေကို ကိုင်ဆောင်လေ့ရှိပါတယ်"
"အဲဒါက ဈေးမပေါလောက်ဘူးမလား"
အဆင့်ငါးမျိုးနွယ်စုတစ်ခုတွင် တော်ဝင်အာဏာကို ကိုယ်စားပြုသောအရာသည် သာမန်ပစ္စည်းတစ်ခု မဖြစ်နိုင်ဟုတွေးရင်း သူတို့နှစ်ယောက် လည်ဆန့်၍ ကြည့်လိုက်ကြသည်။
"ဒီအင်ပါယာသလင်းကျောက်တွေ ဖြစ်တည်လာဖို့ အခြေအနေတွေက အရမ်းခက်ခဲကြမ်းတမ်းပါတယ်။ ပုံမှန်ဆိုရင် လက်သီးဆုပ်အရွယ်ရှိတဲ့ အရိုင်းကျောက်တစ်တုံးကို စကြဝဠာဒင်္ဂါး၈၀၀ဘီလီယံလောက် တန်ကြေးရှိပါတယ်"
"ဟိုက်"
သူတို့နှစ်ယောက်သား အလန့်တကြား ပင့်သက်ရှိုက်မိကြသည်။
"ဒီမြေပြင်က အထူ၃မီတာလောက်တော့ ရှိမယ်မလား"
"ဒီဂြိုဟ်ရဲ့ မျက်နှာပြင်ဖုံးလွှမ်းမှု ပျမ်းမျှအထူက ၁၂.၅ မီတာရှိပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းထုထည်ကတော့... တော်တော်လေး ခန့်မှန်းရခက်ပါတယ်"
ထရီလီယံချီသော ထိုအသက်စွမ်းအင်သစ်ပင်များကိုပင် ခမ်းနားလှပြီဟု သူတို့တွေးထင်ထားခဲ့သော်လည်း အင်ပါယာသလင်းကျောက်များ အပြည့်ခင်းထားသော မြေပြင်နှင့် နှိုင်းယှဉ်လိုက်လျှင်မူ သူတို့အတွေးက အလွန်နုနယ်သေးကြောင်း သိလိုက်ရသည်။
ဒါက ဘယ်လောက်တောင် ကုန်ကျမလဲ။ စကြဝဠာထဲမှာ ဒီလောက်ကြီးမားတဲ့ သယံဇာတသိုက်ကြီး ရှိနိုင်ပါ့မလားဟုပင် သူတို့ သံသယဝင်သွားကြသည်။
"ဒီပစ္စည်းတွေက ပိုက်ဆံမကုန်ပါဘူး"
ကျန်းတာ့ပေါင်က ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ စကြဝဠာထဲမှာ အင်ပါယာသလင်းကျောက်က အရမ်းတန်ဖိုးကြီးပေမဲ့ စကြဝဠာအမှတ်၁၀၂ရဲ့ အလယ်ဗဟိုမှာတော့ အင်ပါယာသလင်းကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမသဘာဝဂြိုဟ်ကြီးတစ်လုံး ရှိပါတယ်။ အဲဒါကို အဲဒီဂြိုလ်က အဆင့်ကိုးသက်ရှိတစ်ဦးက သိမ်းပိုက်ပြီး နန်းတော်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားခဲ့တာပါ"
"မင်းတို့ သူတို့ဂြိုဟ်ကို သွားလုလာတာတော့ မဟုတ်ပါဘူးနော်"
ကျန်းမုန့်လောင် လုပ်နိုင်စွမ်းရှိသည့် ကိစ္စမျိုးကို ဝမ်လင်တို့ ကြိုတွေးမိပြီးသားပင်။
"လုတယ်တဲ့လား။ ငါက အဲဒီလိုလူစားမျိုးလား"
ကျန်းမုန့်လောင်က ဝင်ပြောလေသည်။
"သူတို့က ငါတို့ရဲ့ စကြဝဠာအမှတ်၇ကို ကျူးကျော်လာလို့ ငါ့ကို သယံဇာတတွေအများကြီး အကြွေးတင်သွားတာလေ။ အဲဒီပစ္စည်းတွေအတွက် ငါ သူတို့ကို ၉၅ရာခိုင်နှုန်းတောင် လျှော့စျေးပေးလိုက်သေးတယ်။ ပြီးတော့ လှပေမဲ့ အသုံးမဝင်တဲ့ ဂြိုဟ်တစ်ခုကိုပဲ ငါယူလိုက်တာပါ။ သူကတောင် အများကြီး အမြတ်ထွက်သွားသေးတယ် သိလား"
ကျန်းတာ့ပေါင်၏ ဦးဆောင်မှုဖြင့် သူတို့ အင်ပါယာသလင်းကျောက်များဖြင့် တည်ဆောက်ထားသော ဧရာမနန်းတော်ကြီးဖြစ်သည့် မင်္ဂလာပွဲကျင်းပရာနေရာသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုနေရာမှာ မိန်းကလေးအများအပြား၏ နှလုံးသားထဲရှိ အိပ်မက်နန်းတော်များထက်ပင် ပိုမိုခမ်းနားပြီး ခမ်းနားထည်ဝါနေလေသည်။
"ကဲ.. ကိုယ့်နေရာကိုယ်ရှာကြတော့။ ငါ ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်"
ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းပြကာ သူ့ဆရာဖြစ်သူ ဟန်ကျင်းယွီနှင့် သူ့ယခင်စီနီယာ၊ ဂျူနီယာများရှိရာသို့ ထွက်သွားလေသည်။
"ကောင်းပြီ။ ငါတို့ဘာသာ အဆင်ပြေအောင် နေလိုက်မယ်။ မင်းလည်း ဒီနေ့ အလုပ်များနေမှာပဲ"
သူတို့နှစ်ယောက်လည်း သူ့အနားတွင် ကပ်မနေတော့ဘဲ ပွဲခင်းထဲ၌ စတင်မိတ်ဖွဲ့ကြလေသည်။
"မင်္ဂလာပါ။ ကျွန်တော်က ဝမ်လင်ပါ။ ကမ္ဘာမြေကလာတာပါ။ ဒါက ကျွန်တော့်ရဲ့ ဆက်သွယ်ရန်လိပ်စာနဲ့ အီလက်ထရောနစ် လိပ်စာကတ်ပြားလေးပါ"
"ကျွန်တော်က ချင်ဖုန်းပါ။ သူ့လိုပါပဲ"
ထိုနှစ်ယောက် ဝင်ရောက်လာချိန်တွင် သူတို့သည် ကျန်းမုန့်လောင်နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်ရာ ကြိုရောက်နေသော ဧည့်သည်များက သဘာဝကျကျပင် သူတို့ကို သတိထားမိကြသည်။ ကျန်းမုန့်လောင်နှင့် ရယ်မောနောက်ပြောင်နိုင်ရန်မှာ မည်သို့သော အဆင့်အတန်းမျိုး ရှိရမည်နည်း။
သူတို့နှစ်ယောက်ကို မည်သို့ စကားစမြည်ပြောရမလဲဟု တွေးနေကြဆဲဖြစ်ရာ ဤကဲ့သို့ တက်တက်ကြွကြွဖြင့် ကိုယ်တိုင်လာရောက် နှုတ်ဆက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
"မင်္ဂလာပါ။ ကျွန်တော်က မိုဖေးခယ်မျိုးနွယ်စုရဲ့ အရှင်သခင် ဒီယက်ဇ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"
"သခင်... မိုဖေးခယ်မျိုးနွယ်စုက အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုဖြစ်ပြီး အရှင်သခင်ဒီယက်ဇ်က အဆင့်ရှစ်အဆင့်မြင့် သက်ရှိတစ်ယောက်ပါ"
"သောက်ကျိုးနည်း"
သူတို့နှစ်ယောက်ခမျာ တစ်ဖက်လူက အဆင့်ရှစ်သက်ရှိ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် အနည်းငယ် ထိတ်လန့်သွားကြသည်။
သူတို့၏ စီးပွားရေးလုပ်ငန်းများက ကြီးမားကျယ်ပြန့်သော်လည်း ဤအဆင့်ရှိသော လူများနှင့် တစ်ခါမှ ဆက်ဆံခဲ့ဖူးခြင်း မရှိပေ။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ သူ့စစ်ဆေးရေးစက်က ဤနေရာရှိ လူတိုင်းသည် အနည်းဆုံး အဆင့်ခုနစ်သက်ရှိများဖြစ်ပြီး ပျမ်းမျှအားဖြင့် အဆင့်ငါးမျိုးနွယ်စု အရှင်သခင်များဖြစ်ကြောင်း ပြသနေသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။ နေရာတိုင်းမှာ အဆင့်ရှစ်တွေချည်းပဲလား။ အဆင့်ခုနစ်ဆိုတာ ခွေးလောက်တောင် အဆင့်မရှိဘူးလား။ အဆင့်ငါးသက်ရှိတစ်ယောက်အနေနဲ့ သူက ဘယ်လိုလူတောတိုးရမှာလဲ။
"နေပါဦး။ သူက ငါ့ထက်တောင် ပိုပြီးစိုးရိမ်နေပုံရတယ်နော်"
"ဟုတ်သားပဲ"
ဝမ်လင် သူ့ပေါင်သူ ပုတ်လိုက်သည်။ ကျန်းမုန့်လောင်၏ လက်ရှိအဆင့်အတန်းက ဘာလဲ။ အဆင့်ရှစ်သက်ရှိများကို မေ့ထားလိုက်ပါလေ။ အဆင့်ကိုး သက်ရှိများပင် သူ့ရှေ့တွင် ဦးညွတ်ရသည်။
ငါက သူ့သူငယ်ချင်း.... အဲဒါတောင် အရမ်းခင်တဲ့သူငယ်ချင်းဆိုတော့ တခြားသူတွေက ငါ့မျက်နှာကို ထောက်ထားရမှာပေါ့။
"အဟမ်း... ဒါက ရှောင်တိလား။ ငါ့ဆီမှာ ပရောဂျက်တစ်ခုရှိတယ်..."
**********************