← Chapters

အခန်း ၁၀၆၉

Vol. 72 Ch. 1069

အခန်း ၁၀၆၉

Vol. 72 Ch. 1069

အခန်း ၁၀၆၉ - နဂါးနှင့် ဖီးနစ်တို့၏ မင်္ဂလာရှိသော ပေါင်းဖက်ခြင်း

ထိုလူများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပေးအပ်လိုက်သော လက်ဆောင်များ၏ စစ်မှန်မှုကို သက်သေပြရန် တိုက်ရိုက်ထုတ်လွှင့်မှုတွင် အရန်နေရာခွဲများစွာကို ပြသခဲ့သည်။ တစ်ခုမှာ မင်္ဂလာပွဲဝင်ပေါက်မှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ဧည့်သည်များထံမှ ရရှိထားသော လက်ဆောင်များ တောင်လိုပုံနေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားခြင်းပင်။

"စူပါစတားနံပါတ်... ဒါ တကယ် စူပါစတားနံပါတ်ပဲ။ ဘုရားရေ... ခုနက ကြေညာသွားတာတွေအကုန်လုံး အမှန်တွေပဲဟ"

"ဒီပစ္စည်းရဲ့ မူလဈေးနှုန်းက အဆင့်ငါး မျိုးနွယ်စုနှစ်ခုရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ ညီမျှနေတာဆိုတော့ သူတို့ မင်္ဂလာလက်ဖွဲ့အဖြစ် ကြယ်အလုံးတစ်ရာပေးတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ"

"အဲဒါက ဘာကြီးလဲ။ စစ်သင်္ဘောလား။ အနည်းဆုံး သောင်းဂဏန်းတော့ ရှိလောက်မယ်နော်"

"ဒါက အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့် စစ်သင်္ဘောဖြစ်တဲ့ တီသမ်စစ်သင်္ဘောထင်တယ်။ တစ်စင်းတည်းရဲ့ တည်ဆောက်မှု ကုန်ကျစရိတ်ကတင် ကြယ်အလုံးငါးရာကနေ စတာလေ"

"ဒီလောက်တောင် စျေးကြီးတာလား။ စစ်သင်္ဘောသောင်းဂဏန်းဆိုတော့ စကြဝဠာဒင်္ဂါးသန်းဂဏန်းလောက် တန်ကြေးရှိမနေဘူးလား"

"ဒီဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ အာကာသယာဉ်တွေကို ကြည့်လိုက်စမ်းပါ။ ဘယ်တစ်စင်းကများ အဆင့်ငါးမျိုးနွယ်စုရာဂဏန်းလောက် မတန်တာများ ရှိလို့လဲ။ ဒါကို စောစောက တစ်ယောက်ယောက်က ဒီဧည့်သည်တွေရဲ့ အဆင့်အတန်းကို သံသယဝင်နေသေးတယ်"

"ဘုရားရေ.. အမှန်ပဲလား"

"ညီအစ်ကိုတို့... ငါ အခုလေးတင် စကြဝဠာမျိုးနွယ်စု ကုန်သွယ်ရေးပလက်ဖောင်းကို ဝင်ကြည့်လိုက်တာ လွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတဲ့ မျိုးနွယ်စုတွေ တစ်ပုံကြီးပဲ။ လက်ခံမယ့်လူက တော်ဝင်ပညာရှင်ကျန်းတဲ့။ ပြီးတော့ အကုန်လုံးရဲ့စျေးနှုန်းက သုညတဲ့ဟေ့"

"တော်ဝင်ပညာရှင်ကျန်းက ဘယ်လိုသတ္တဝါမျိုးလဲကွာ။ သူ ငါတို့ကို ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ကျန်နေသေးတာလဲ"

အစပိုင်းတွင် ပရိသတ်များက ဤရာစုနှစ်၏ အထူးခြားဆုံးနှင့် အခမ်းနားဆုံး မင်္ဂလာပွဲကိုသာ မြင်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် မင်္ဂလာပွဲမစသေးခင်မှာပင် ဧည့်သည်များအားလုံးက အံ့မခန်း အထင်ကြီးစရာ ကောင်းနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ မင်္ဂလာပွဲ စတင်ပါက မည်မျှအထိ ခမ်းနားကြီးကျယ်လိုက်မည်နည်း။

"ငါတော့ ဆွံ့အသွားပြီ။ လုံးဝဆွံ့အသွားပြီ"

"ငါ ရေတွက်တာသာ မမှားဘူးဆိုရင် အဆင့်ငါးမျိုးနွယ်စုအရှင်သခင် ထောင်ဂဏန်းလောက် ရောက်နေပြီမလား"

"ဒီထက်တောင် မကသေးဘူး။ စကြဝဠာ မျိုးနွယ်စုအဆင့်သတ်မှတ်ချက် ထိပ်ဆုံးအခုတစ်ရာထဲက မျိုးနွယ်စုအခုခုနစ်ဆယ် ရှစ်ဆယ်လောက် ရောက်နေပြီ"

"ဟိုလူထွားကြီးက စကြဝဠာသိုင်းပညာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလို့ ငါ အခုလေးတင် ကြားလိုက်တယ်"

"စကြဝဠာသိုင်းပညာအဖွဲ့အစည်းလား။ အဲဒါက စကြဝဠာရဲ့ အဓိကအဖွဲ့အစည်းကြီးသုံးခုထဲက တစ်ခုမဟုတ်ဘူးလား"

"ဟားဟား... အစ်ကို ခုနက အိမ်သာသွားနေတာလား။ ကျန်တဲ့ အဓိကအဖွဲ့အစည်းကြီးနှစ်ခုဖြစ်တဲ့ စကြဝဠာ မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ စကြဝဠာ ဘဏ်ရဲ့ အကြီးအကဲတို့လည်း အကုန်ရောက်နေကြတယ်လေ"

"ဘုရားရေ"

...

နာရီအနည်းငယ် ကြာပြီးနောက် ခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေလေပြီ။ အလယ်ဗဟိုတွင် ကျန်းမုန့်လောင်၏ သူငယ်ချင်းများနှင့် မိသားစုများ ပြည့်နှက်နေပြီး ထိုအဆင့်ရှစ်နှင့် အဆင့်ကိုး သက်ရှိများပင် အတွင်းအကျဆုံးနေရာသို့ တိုးဝင်ခွင့်မရကြပေ။

ထိုသာမန်အဆင့်ငါးမျိုးနွယ်စု အရှင်သခင်များမှာမူ ခန်းမ၏ အပြင်ဘက်ထောင့်စွန်းများတွင်သာ စုပြုံနေကြသည်။ သူတို့၏ မျိုးနွယ်စုများတွင် သူတို့သည် အမြင့်မြတ်ဆုံးသော ဖြစ်တည်မှုများ ဖြစ်သော်ငြား ဤမင်္ဂလာပွဲတွင်မူ သူတို့က အငယ်ဆုံးနှင့် အရေးမပါဆုံးသော ဧည့်သည်များသာ ဖြစ်နေကြသည်။

"မင်္ဂလာအချိန်အခါ ရောက်ပြီမို့ သတို့သမီးကို ကြိုဆိုလိုက်ကြရအောင်"

ဟိန်းပြီး အားပြင်းသောအသံကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ စကားစမြည်ပြောဆိုရင်း အလုပ်များနေကြသူများလည်း ကိုယ့်နေရာကိုယ် ချက်ချင်းပြန်ထိုင်လိုက်ကြသည်။ မင်္ဂလာပွဲ စတင်ပေတော့မည်။

"သတို့သမီးက ဘယ်မှာလဲ"

သတို့သမီးက မည်သို့သော ပုံစံမျိုးဖြင့် မင်္ဂလာပွဲသို့ ထွက်ပေါ်လာမည်ကို မသိကြသဖြင့် လူတိုင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။

"ငါတို့ကမ္ဘာမြေမှာတော့ ချမ်းသာတဲ့လူတွေ မင်္ဂလာဆောင်ရင် မင်္ဂလာယာဉ်တန်းက ထိပ်တန်းဇိမ်ခံကားရှည်ကြီးတွေနဲ့လေ။ တော်ဝင်ပညာရှင်ကျန်းရဲ့ ဟန်အရဆိုရင် သတို့သမီးကို ကြိုဆိုဖို့ ထိပ်တန်းအဆင့် ကိုယ်ပိုင်အာကာသယာဉ်တန်းအရှည်ကြီးတွေ လာကြမှာ သေချာတယ်"

"ကိုယ့်လူ... အဲဒါတော့ အတွေးတိမ်လွန်းပါတယ်"

တစ်စုံတစ်ယောက်က ချက်ချင်းပင် သူ့စိတ်ကူးကို ချဲ့ထွင်လိုက်သည်။

"ငါတို့ရဲ့ တော်ဝင်ပညာရှင်ကို လက်ဆောင်ပေးထားတဲ့ စစ်သင်္ဘောယာဉ်တန်းတွေကို မမြင်ဘူးလား။ ငါထင်တာတော့ ငါတို့ရဲ့ တော်ဝင်ပညာရှင် ကျန်းက သတို့သမီးကိုကြိုဆိုဖို့ ယာဉ်တန်းတစ်ခုကို စီစဉ်ထားလောက်တယ်။ အဲဒီမြင်ကွင်းက တကယ် ရင်သပ်ရှုမောဖွယ်ကောင်းမှာပဲနော်"

"ညီအစ်ကိုက အမြော်အမြင်ရှိသားပဲ။ ငါ့အတွေးက တိမ်လွန်းသွားတယ်"

ခန်းမ၏ ဧည့်သည်နေရာတွင် ကမ္ဘာမြေမှ လာသော ကျန်းမုန့်လောင်၏ သူငယ်ချင်းများမှာ ယနေ့ လုရီယောင် ထွက်ပေါ်လာမည့် ပုံစံနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြလေရာ တစ်ယောက်ထက်တစ်ယောက် စိတ်ကူးယဉ်မှုများက ပိုမိုဆန်းကြယ်နေကြသည်။

"နင်တို့ အတွေအကုန်လုံးရဲ့ အတွေးတွေက သေးသိမ်လွန်းတယ်"

ဟုန်းရီက အပြေးအလွှား ဝင်လာပြီး နေရာတစ်နေရာကို အမြန်ရှာထိုင်လိုက်သည်။ သူ(မ)က ကိစ္စတော်တော်များများကို ကိုယ်တိုင် မစီစဉ်ရသော်လည်း အရာအားလုံးက ဟုန်းရီကတစ်ဆင့် သွားရသည်။ ဤထွက်ပေါ်လာမည့် ပုံစံတစ်ခုတည်းအတွက်ကိုပင် ကျန်းမုန့်လောင်က အားထုတ်မှုများစွာ ပြုလုပ်ထားသည်။

"ဂါး"

တိမ်တိုက်များဆီက ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤအသံကား ကောင်းကင်တစ်ခုလုံးကို ဆွဲဖြဲပစ်လိုက်သည့်အလား ထင်မှတ်ရသည်။

"အဲဒါ ဘာကြီးလဲ"

လူတိုင်းက ကောင်းကင်ယံသို့ တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြသည်။

အင်ပါယာသလင်းကျောက်၏ အလင်းယိုင်မှုကြောင့် အရောင်အသွေးတောက်ပနေသည့် ကောင်းကင်ယံတွင် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ ဤသည်မှာ တစ်စုံတစ်ခုက ဂြိုဟ်၏လေထုထဲသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ထိုးဖောက်ဝင်ရောက်လာသည့်အလားပင်။

"စကြဝဠာသားရဲတစ်ကောင်ကောင်များလား"

တစ်စုံတစ်ယောက်က စိုးရိမ်ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ မစ္စတာကျန်းရဲ့ တပ်မကြီးက အနီးအနားမှာ ရှိနေတာလေ။ ဘယ်စကြဝဠာသားရဲမှ ဒီကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့ စွမ်းရည်မရှိပါဘူး"

"ဟားဟားဟား.. စိတ်မပူပါနဲ့။ တကယ်လို့ စကြဝဠာသားရဲအစစ်ဖြစ်နေရင်တောင် ဒီခန်းမထဲမှာ အဆင့်ကိုးသက်ရှိတွေ ထောင်နဲ့ချီပြီး ရှိနေတာပဲ။ သူက အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ် အသုံးတော်ခံချင်နေလို့လား"

"အမှန်ပဲ"

လူတိုင်းလည်း အကြောင်းအရာတစ်ခုတည်းကိုသာ တွေးမိကြသည်။

ဒါက ဘယ်သူ့မင်္ဂလာပွဲလဲ။ ကျန်းမုန့်လောင်ရဲ့ မင်္ဂလာပွဲလေ။

ဤမင်္ဂလာပွဲအခင်းအကျင်းကို စကြဝဠာထဲတွင် အလုံခြုံဆုံးနေရာဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်း မမည်ပေ။

"ထွက်လာပြီ"

"နဂါးလား။ အဲဒါ နဂါးကြီးလား"

"ငါ့မျက်လုံးတွေများ ကန်းသွားပြီလား။ နဂါးကြီးပေါ့။ နဂါးအစစ်ကြီးလား။ ဒါက ပုံရိပ်ယောင်နည်းပညာ မဟုတ်ဘူးလား"

"ရုပ်ပုံကိုတော့ တုပလို့ရနိုင်ပေမဲ့ အဲဒီ အငွေ့အသက်ကိုရော တုပလို့ရနိုင်ပါ့မလား"

"ဒါက အဆင့်ကိုးသက်ရှိအဆင့်ရှိတဲ့ စကြဝဠာ သားရဲကြီးပဲ။ နဂါးအစစ်ကြီးဟ"

ကမ္ဘာမြေ၏ လူသားများသည် စကြဝဠာမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ အသိပညာများကို အရူးအမူး လေ့လာဆည်းပူးခြင်းပင်။ ဇီဝဗေဒပညာရှင် အများအပြားသည် စကြဝဠာအတွင်းရှိ အမျိုးမျိုးသော မှော်သတ္တဝါများကို ဦးစွာ စတင်လေ့လာခဲ့ကြသည်။

စကြဝဠာသားရဲများထဲတွင် စကြဝဠာသားရဲအစာကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်နေသော ထိပ်တန်းသားရဲတစ်မျိုး ရှိနေလေသည်။ ထိုအရာမှာ နဂါးမျိုးနွယ်စုပင် ဖြစ်သည်။ အရွယ်ရောက်ပြီး နဂါးမျိုးနွယ်ဝင်တစ်ကောင်သည် အဆင့်ခြောက် သက်ရှိဖြစ်ပြီး ခန္ဓာကိုယ်အရှည်ကား မီတာသောင်းဂဏန်းအထိ ရှိသည်။ အဆင့်ကိုးသက်ရှိ နဂါးတစ်ကောင်ဆိုလျှင်မူ အတိုင်းအဆမရှိ ကြီးမားပေလိမ့်မည်။

"မဟုတ်ဘူး။ တစ်ကောင်တည်း မဟုတ်ဘူး။ နောက်ထပ် ရှစ်ကောင်ရှိသေးတယ်"

အဆင့်ကိုးသက်ရှိတစ်ယောက်က ပြောလိုက်သည်။

"ဂါး"

နောက်ထပ်ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

စုစုပေါင်း နဂါးကိုးကောင်က ကောင်းကင်ယံတွင် ပျံသန်းလာကြပြီး သူတို့၏ အနောက်ဘက်တွင်လည်း ရွှေရောင်သံကြိုးများကို ဆွဲယူလာကြသည်။

"သောက်ကျိုးနည်း... နဂါးကိုးကောင်က ခေါင်းတလားကြီးကို ဆွဲလာတာလား"

"ဖြန်း"

သူ့ဘေးရှိ လူတစ်ယောက်က သူ့ပါးကို ရိုက်ချလိုက်၏။

"မင်း ဘယ်လိုတွေ လျှောက်ပြောနေတာလဲ။ ဒီနေ့က တော်ဝင်ပညာရှင်ကျန်းရဲ့ မင်္ဂလာပွဲလေ။ ဘယ်လိုလုပ်ပြီး ခေါင်းတလားဆွဲတာ ဖြစ်နိုင်မှာလဲ။ နဂါးကိုးကောင်က ရထားလုံးကို ဆွဲလာတာပဲ ဖြစ်ရမယ်"

ထိုဧရာမနဂါးကိုးကောင်၏ အနောက်ဘက်တွင် အနီရောင်တောက်တောက် သတို့သမီးဝေါယာဉ်ကြီးတစ်စင်း ပါလာသည်။ ဒီဇိုင်းမှာ အလွန်ခမ်းနားလှပြီး ရွေ့လျားနိုင်သော ဧရာမနန်းတော်ကြီးတစ်ခုနှင့်ပင် တူနေကာ ရှေးခေတ်ဟွာရှားနိုင်ငံ မင်္ဂလာပွဲများ၏ ဓလေ့ထုံးတမ်းအငွေ့အသက်နှင့် ကြီးမားလှသော မြင်ကွင်းအကျိုးသက်ရောက်မှုကို အပြည့်အဝ ပေါ်လွင်စေသည်။

"အနောက်မှာ ကြက်ဆင်ကိုးကောင်လည်း ပါသေးတယ်ဟ"

"ဘာကြက်ဆင်လဲ။ အဲဒါတွေက မီးငှက်တွေကွ။ အာ သေစမ်း။ အဲဒါတွေက ဖီးနစ်ငှက်တွေကွ။ မင်းမှာ ဇီဝဗေဒပညာ ဗဟုသုတရော ရှိရဲ့လား။ သူတို့က နဂါးမျိုးနွယ်စုနဲ့ တန်းတူရှိတဲ့ စကြဝဠာသားရဲမျိုးနွယ်စုလေ"

"နဂါးတွေလည်း ရောက်နေပြီ။ ဖီးနစ်တွေလည်း ရှိတယ်။ ကျွတ် ကျွတ်... ဒါက တကယ့်ကို နဂါးနဲ့ဖီးနစ်တို့ရဲ့ မင်္ဂလာပဲ။ ဒီအဓိပ္ပာယ်က ပြီးပြည့်စုံလွန်းတယ်"

"သူ အဲဒါကို ဘယ်လိုများ စီစဉ်လိုက်တာလဲ"

ထိုအဆင့်ကိုးသက်ရှိများခမျာ ပါးစပ်မပိတ်နိုင်လောက်အောင် ဖြစ်နေကြသည်။

နဂါးကိုးကောင်၊ ဖီးနစ်ကိုးကောင်။

ဤသည်မှာ စကြဝဠာသားရဲမျိုးနွယ်စုနှစ်ခုက ဆင်းသက်လာသည့် အဆင့်ကိုးသက်ရှိအားလုံးနီးပါး ဖြစ်လောက်သည်။

ဤအဆင့်ကိုးသက်ရှိများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မဆိုထားနှင့်။ လော့ကျစ်ပင် သူတို့ထဲရှိ တစ်ကောင်ကောင်ကို တစ်ဦးချင်း ယှဉ်ပြိုင်အနိုင်ယူရန် ယုံကြည်မှုမရှိပေ။

အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို အနိုင်ယူနိုင်သည်ဟု ထားဦးတော့။ ဤမျိုးနွယ်စုနှစ်ခု၏ မာနအရဆိုလျှင် လူသားများအတွက် ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့က မည်သို့နှယ် လိုလိုလားလား လုပ်ပေးနိုင်မည်နည်း။ သေခြင်းတရားကိုသာ ရွေးချယ်သွားကြလိမ့်မည်။

ဤသည်မှာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ခုသာ။

တကယ်တော့ ကျန်းမုန့်လောင်၏ နည်းလမ်းမှာ အလွန်ရိုးရှင်းသည်။ မကြာသေးခင်က ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ရတနာမဏ္ဍပ်ဟုခေါ်သော နေရာတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုနေရာ၌ အဆင့်မြင့်စကြဝဠာမှ သက်ရှိအချို့၏ အမြုတေသွေးများအပါအဝင် အမျိုးမျိုးသော အဖိုးတန်ပစ္စည်းများကို တိုက်ရိုက် လဲလှယ်နိုင်သည်။

ဤအမြုတေသွေးက ဆေးဖော်စပ်ခြင်းနှင့် လက်နက်ပစ္စည်းများ ဖန်တီးခြင်းအတွက် အသုံးပြုချိန်ကလွဲ၍ လူသားများအပေါ်တွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။

သို့သော် ဤအဆင့်မြင့်သတ္တဝါများအတွက်မူ အကယ်၍ သူတို့တွင် သွေးကြောများကို သန့်စင်ပေးနိုင်သော ကျင့်စဉ်တစ်ခုသာ ရှိမည်ဆိုပါက သူတို့၏ သွေးကြောကို ပိုမိုအဆင့်မြင့်လာစေရန် ပြုလုပ်နိုင်ပြီး သူတို့၏ သက်ရှိအဆင့်ကို ပိုမိုလျင်မြန်စွာ အသွင်ပြောင်းလဲနိုင်သည်။

ကျန်းမုန့်လောင်လည်း အဆင့်မြင့်နဂါးမျိုးနွယ်စု အမြုတေသွေးကိုးစက်နှင့် အဆင့်မြင့်ဖီးနစ်မျိုးနွယ်စုအမြုတေသွေးကိုးစက်အပြင် ကျင့်စဉ်နှစ်ခုကိုပါ အသုံးပြုကာ သူတို့နှင့် အရောင်းအဝယ်လုပ်ခဲ့ခြင်းပင်။

နဂါးမျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုတို့က ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ရုံသာမက သူတို့ကို အားပေးရန်အတွက် နောက်ထပ် သားပေါက်လေးများကိုပါ ခေါ်လာပေးဖို့ လိုသေးသလားဟုပင် မေးမြန်းခဲ့ကြသည်။

ရွေးချယ်စရာမရှိပါချေ။ ကျန်းမုန့်လောင်က အလွန်ရက်ရောနေသည်မဟုတ်ပါလော။

******************

All Chapters