← Chapters

အခန်း ၁၀၇၀

Vol. 72 Ch. 1070

အခန်း ၁၀၇၀

Vol. 72 Ch. 1070

အခန်း ၁၀၇၀ - ငါက မင်းအဖေပဲ

"အားလုံးပဲ မလန့်ကြပါနဲ့။ သူတို့တွေက ကျွန်တော့်သူငယ်ချင်းတွေပါ"

ကျန်းမုန့်လောင်က ခန်းမထဲရှိ လူများကို ချက်ချင်း ချွေးသိပ်လိုက်ပြီး မင်္ဂလာပွဲကျင်းပရာနေရာတွင် တာဝန်ချထားသော အစောင့်များကို ကြမ်းကြုတ်သော ထိုသားရဲကြီးများ၏ အရှိန်အဝါများကို ခုခံရန် သူတို့၏ အရှိန်အဝါများကို အသုံးပြုရန် အမိန့်ပေးလိုက်သည်။

ဤနေရာတွင် သာမန်လူများစွာ ရှိနေကြောင်း သိထားရန် အရေးကြီးသည်။ ကြမ်းတမ်းသော သားရဲကြီးများက လူသားများလို သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထိန်းချုပ်ထားမည်မဟုတ်ပေ။ အဆင့်ကိုးသက်ရှိတစ်ယောက်၏ အရှိန်အဝါပင် သူတို့ကို လဲကျသွားစေနိုင်သည်။

တကယ်တမ်းတွင်လည်း နဂါးမျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုရှိ ကြမ်းကြုတ်သော ထိုသားရဲကြီးများမှာ မည်သည့်အဖျက်အဆီးမှ မလုပ်ခဲ့ကြပေ။ ထိုအစား သူတို့က ထိုအနီရောင်ဝေါယာဉ်ကြီးကို ဆွဲယူကာ ကောင်းကင်ယံတွင် နှစ်ပတ်တိတိ လှည့်လည်ပျံသန်းခဲ့ကြသည်။

ဖီးနစ်မျိုးနွယ်စုရှိ ကြမ်းကြုတ်သော သားရဲကိုးကောင်သည် အဆုံးမဲ့မီးတောက်များကို ရုတ်တရက်ပန်းထုတ်လိုက်လေရာ ကောင်းကင်တစ်ခုလုံး ပန်းရောင်သန်းသွားလေသည်။

"အရမ်းလှတာပဲ"

ပရိသတ်ကြီးမှာ လှပသော ထိုမြင်ကွင်းကို ချီးမကျူးဘဲ မနေနိုင်ကြတော့ပေ။ ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်မှု နည်းပညာကြောင့် ကြည့်ရှုနေသူများမှာ ခန်းမထဲသို့ ကိုယ်တိုင်ရောက်နေလို ခံစားနေကြရသည်။

"ငါသာ ဒီလိုမင်္ဂလာပွဲမျိုး လုပ်နိုင်မယ်ဆိုရင် သေပျော်ပါပြီ"

"ယောကျ်ား... ကျွန်မတို့လည်း ဒီလိုမင်္ဂလာပွဲမျိုး လုပ်ရအောင် နော်"

"ငါ့ကို အခုချက်ချင်းသာ သတ်လိုက်ပါတော့"

"ခွေးကောင်။ ကျွန်မလိုချင်တာက ရှင့်ဆီက လုပ်ပေးချင်စိတ်လေးတစ်ခုပါ။ အဲဒါလေးတောင် မပေးဘူးဆိုတော့ ကျွန်မတို့ လမ်းခွဲကြတာပေါ့"

"???"

...

ဝေါယာဉ်ကြီးသည် မင်္ဂလာပွဲကျင်းပရာနေရာ၏ အလယ်ဗဟိုသို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ယုံကြည်နိုင်စရာမရှိအောင်ပင် သားရဲမျိုးနွယ်စုရှိ ကြမ်းကြုတ်သော ထိုသားရဲ၁၈ကောင်မှာ အလင်းတန်းများကြားတွင် လူစင်စစ်အသွင်သို့ ပြောင်းလဲသွားသည်။ ဤမြင်ကွင်းက ထိုအဆင့်မြင့် သက်ရှိများအပေါ်ထားသော အသိအမြင်ကို သံသယကင်းစွာပင် စိန်ခေါ်လိုက်ခြင်းဖြစ်၏။

အသွင်ပြောင်းခြင်းဆိုသည်မှာ စိတ်ကူးယဉ်ဝတ္ထုများတွင်သာရှိသော အရာတစ်ခုဟု သိထားကြသည်။ ဤစကြဝဠာထဲတွင် မီတာသောင်းချီ၍ ရှည်လျားသော သတ္တဝါတစ်ကောင်ကို လူသားအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည့် အရာဟူ၍ မရှိပေ။

"ထူးဆန်းတယ်။ ဘာလို့ ဒီကမ္ဘာမြေသားတွေက နည်းနည်းလေးမှ မအံ့သြရတာလဲ"

"ဒါက သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်လေ။ ကြမ်းကြုတ်တဲ့ သားရဲတွေက လူအဖြစ်ပြောင်းသွားတယ်တဲ့"

အဆင့်မြင့်မျိုးနွယ်စုများမှ ဧည့်သည်များက တက်တက်ကြွကြွ ဆွေးနွေးနေကြပြီး ကမ္ဘာမြေမှ ဧည့်သည်များ၏ တည်ငြိမ်မှုကြောင့် အံ့အားသင့်နေကြသည်။ သူတို့ ဆွံ့အမှင်တက်သွားသင့်သည် မဟုတ်လော။

"ဗဟုသုတနည်းလိုက်တာ။ သူတို့ကိုယ်သူတို့ အဆင့်မြင့်မျိုးနွယ်စုလို့တောင် ခေါ်နေသေးတယ်။ ဒီလိုကိစ္စလေးကိုများ အံ့သြနေရတယ်လို့"

"ပြောစရာစကားတောင် မရှိတော့ဘူး။ သရဲတစ္ဆေ မိစ္ဆာတွေတောင် ကျင့်ကြံပြီး လူအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာ ငါ မူလတန်းပထမနှစ်ကတည်းက အနောက်သို့ခရီးသွားခြင်းမှတ်တမ်းကနေ သိနေပြီ"

"ဒါက ထူးဆန်းလို့လား။ ငါတို့ဂြိုဟ်မှာတော့ ဒါက လက်ဖက်ရည်သောက်ချိန် အေးအေးဆေးဆေး ပြောကြတဲ့ စကားလောက်ပါပဲ"

...

သို့သော် တကယ်တမ်းတွင် သာမန်သားရဲတစ်ကောင်အတွက် အသွင်ပြောင်းခြင်းဟူသည် မရှိပေ။ ဤကန့်သတ်ချက်မှာ သူတို့၏ အဆင့်နိမ့် စကြဝဠာများတွင်သာ ရှိ၏။ အဆင့်မြင့်စကြဝဠာများတွင်မူ သက်ရှိအဆင့်တစ်ခုက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် သားရဲများကို အသွင်ပြောင်းနိုင်စေသည့် အထူးကျင့်စဉ်များ ရှိလေသည်။

ဤကျင့်စဉ်များက ရှားပါးလှသည်တော့မဟုတ်ပေ။ ထိုအရာများကို တိုက်နယ်တွင် သာမန်ကုန်ပစ္စည်းများအဖြစ်ပင် သတ်မှတ်နိုင်သည်။ ထို့ကြောင့်ပင် ကျန်းမုန့်လောင်က သူတို့ကို ဖိတ်ကြားခဲ့ခြင်းပင်။ သူပေးချေခဲ့သော ပွဲထွက်ခများထဲမှ တစ်ခုလည်း ဖြစ်၏။

"ဂုဏ်ယူပါတယ် မစ္စတာကျန်း... ကျွန်တော်တို့ နဂါးမျိုးနွယ်စုကိုယ်စား ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

"မစ္စတာကျန်း... ကျွန်တော်တို့ တော်ဝင်မျိုးနွယ်စု ကိုယ်စား ထာဝရပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

"ဟားဟားဟား"

ကျန်းမုန့်လောင်က သူတို့ကို ထိုင်ခုံတွင် နေရာယူရန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။

"ဒီနေ့ ခင်ဗျားတို့ သာမန်လူသားတွေရဲ့ အစားအစာကို မြည်းစမ်းကြည့်ရမယ်။ ဒီနေ့ စားဖိုမှူးတွေက ကျွန်တော့်တပည့်တွေလေ"

...

"မင်္ဂလာအချိန်အခါ ကျရောက်ပါပြီ"

ကောင်းကင်ယံတွင် သပ်ရပ်ညီညာသော စစ်သင်္ဘောယာဉ်တန်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး သူတို့၏ အမြောက်များကို ကောင်းကင်ထက်သို့ ချိန်ရွယ်လိုက်ကြသည်။

"ဒိုင်း ဒိုင်း ဒိုင်း"

ယာဉ်တန်း၏ အမြောက်များက ကမ္ဘာပေါ်တွင် တစ်ခါမှမမြင်ဖူးသေးသည့် အတောက်ပဆုံးသော မီးရှူးမီးပန်းများကို ဖန်တီးပေးလိုက်သည်။

မင်္ဂလာပွဲကြီး တရားဝင် စတင်တော့မည်ဖြစ်၏။

ဝေါယာဉ်ကြီးက ပန်းငုံဖူးပုံစံဖြစ်ပြီး မီးရှူးမီးပန်းများ ပေါ်လာသည်နှင့် ပန်းပွင့်ချပ်လေးချပ်အဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။ အလယ်ဗဟိုတွင်မူ ဖီးနစ်သရဖူနှင့် အနီရောင်မင်္ဂလာဝတ်စုံကို ဆင်မြန်းထားသော လုရီယောင်က ထိုင်နေပြီး ဖော်ပြ၍မရနိုင်လောက်အောင်ပင် ရင်သပ်ရှုမောဖွယ် လှပနေလေသည်။

"အဲဒီဖီးနစ်သရဖူက... တကယ်ကြီး ဖီးနစ်မျိုးနွယ်စုရဲ့ အမွေးအတောင်တွေကို သုံးထားတာပဲ"

"ပြီးတော့ အဲဒီဝတ်စုံမှာ နဂါးအကြေးခွံတွေတောင် ပါသေးတယ်"

စကြဝဠာအင်ပါယာ၏ အုပ်ချုပ်သူများမှာ နောက်တစ်ကြိမ် အလွန်အမင်း တုန်လှုပ်အံ့သြသွားကြပြန်သည်။

ဖီးနစ်မျိုးနွယ်စု၏ အမွေးအတောင်များနှင့် နဂါးမျိုးနွယ်စု၏ အကြေးခွံများမှာ အလွန်အရေးပါလှသည်။ ထိုအရာများမှာ လူသားများ၏ လက်သည်း၊ ဆံပင်များနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။ သားရဲကြီးများ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းပင် ပါဝင်နေသည်။

ဖီးနစ်ငှက်၏ အမွေးတစ်ပင်တည်းကပင် စွမ်းအင်များ ပေါက်ကွဲထွက်လာပါက ကြယ်စင်တန်းကောင်းကင်တစ်ခုလုံးကို မီးတောက်များဖြင့် လွှမ်းခြုံသွားစေနိုင်သည်။

နဂါးအကြေးခွံ၏ မျက်နှာပြင်တွင်မူ နက်နဲပြီး မှိန်ပျသော အမှတ်အသားများ ပါဝင်သည်။ နဂါးမျိုးနွယ်စု၏ ဘိုးဘေးများက နှစ်ပေါင်းဘီလီယံချီ၍ မျိုးရိုးဗီဇထဲသို့ ထွင်းထုထားခြင်းဖြစ်ရာ အဆင့်ရှစ်သိုင်းလက်နက်များပင် ထိုအရာကို ခုတ်ထစ်သည့်အခါ ဘာအမှတ်အသားမှ ချန်ထားနိုင်ခြင်းမရှိပေ။

ဤသို့အဖိုးတန်လှသော ပစ္စည်းများက ယခုအခါ လုရီယောင်၏ ဝတ်စုံပေါ်တွင် ရောက်နေလေပြီ။ ဤအမွေးအတောင်များနှင့် အကြေးခွံများ၏ အရွယ်အစားကို အခြေခံကြည့်ပါက သားရဲငယ်လေးများထံမှ လာခြင်းဖြစ်လောက်သည်။

သူတို့ကို ပွဲထွက်လာစေရန်သာမက ဤမျှနိမ့်ကျသော လုပ်ရပ်များကို လုပ်ဆောင်စေရန်နှင့် ကြီးမားလှသော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်လာစေရန် ကျန်းမုန့်လောင်အနေနှင့် မည်သည့်အရာကိုအသုံးပြု၍ သိမ်းသွင်းခဲ့လေသလဲ။

ရှေးဟောင်းရိုးရာမင်္ဂလာတေးဂီတကတစ်ဆင့် ကျန်းမုန့်လောင်ကိုယ်တိုင် မှီငြမ်းပြင်ဆင်ထားသော ခမ်းနားထည်ဝါသည့် တေးဂီတတစ်ပုဒ် ပေါ်ထွက်လာသည်။ ထိုဂီတသံကား မင်္ဂလာပွဲတစ်ခု၏ ခမ်းနားလေးနက်မှုနှင့်အတူ ချိုမြိန်သော အငွေ့အသက်လေးတစ်ခုကိုပါ သယ်ဆောင်လာသည်။

ကျန်းမုန့်လောင်က လုရီယောင်၏လက်ကိုဆွဲကာ အလယ်ဗဟိုရှိ မီတာတစ်ရာမြင့်သော စင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားသည်။

"ပထမတစ်ကြိမ် ကောင်းကင်နဲ့ မြေကြီးကို ဦးညွတ်ပါ"

ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ အပြန်အလှန် အကြည့်ချင်းဆုံလိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် ချိုမြိန်မှုများနှင့် နက်ရှိုင်းသော မေတ္တာတရားများ အပြည့်ရှိနေလေသည်။

"ခဏနေဦး"

ထိုအချိန်တွင် ရှေးကျပြီး ကြမ်းတမ်းသော အသံကြီးတစ်သံက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဝှစ်"

ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤသည်မှာ ကျန်းမုန့်လောင်၏ မင်္ဂလာပွဲပင်။ ဤမျှအရေးကြီးသောအချိန်တွင် တစ်စုံတစ်ယောက်က မည်သို့နှောင့်ယှက်ရဲရလေသလဲ။ အခမ်းအနားကို ဝင်နှောင့်ယှက်ရဲသည့် သတ္တိမျိုး ဘယ်သူ့မှာ ရှိနေလေသလဲ။ ကိုယ့်သေတွင်းကိုယ် တူးနေတာလား။

ရုတ်ရုတ်သဲသဲဖြစ်သွားသော်လည်း အသံပိုင်ရှင်က ဘယ်နေရာတွင်ရှိကြောင်း မည်သူမှ မဆုံးဖြတ်နိုင်ကြပေ။ ထိုအသံက ဘယ်နေရာက ထွက်ပေါ်လာသည်ကိုပင် သူတို့ မသိကြချေ။

ထို့နောက် ခေါင်မိုးတည့်တည့် အပေါ်ဘက်တွင် ဧရာမဝဲဂယက်ကြီးတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။

ဤဧရာမဝဲဂယက်ကြီးထဲမှ မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခုက ဤကမ္ဘာထဲသို့ စိမ့်ဝင်လာသည်။

"အာကာသဖြတ်လမ်းလား"

"မဟုတ်ဘူး။ မဟုတ်ဘူး။ အဲဒါ အာကာသဖြတ်လမ်းမဟုတ်ဘူး။ တခြားကမ္ဘာတစ်ခုဆီကို သွားတဲ့ လမ်းကြောင်းထင်တယ်"

ထိုကမ္ဘာသည် ဤနေရာထက် စွမ်းအင်အဆတစ်ထောင်မက ပိုမိုသိပ်သည်းသော နေရာတစ်ခုဖြစ်၏။ ဝဲဂယက်ထဲတွင် မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်လည်း ထိတွေ့၍မရနိုင်အောင် လွှမ်းခြုံထားသည့် စွမ်းအားတစ်ခု ပါဝင်နေသည်။ ထိုအရာမှာ အဆင့်မြင့်ကမ္ဘာတစ်ခု ဖြစ်ကြောင်း ကျန်းမုန့်လောင် တစ်ယောက်သာလျှင် သိလေသည်။

"ဘယ်သူလဲ။ ထွက်ခဲ့စမ်း"

"ငါက မင်းအဖေကွ"

ထိုအသံမှာ ရှေးကျသောအသံနေအသံထား ချက်ချင်း ပျောက်ကွယ်သွားပြီး အလွန်ရင်းနှီးနေသော အသံအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်းလို ကောင်ဆိုးလေးက မင်္ဂလာဆောင်တာတောင် ငါတို့ကို မပြောဘူးပေါ့လေ"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်၏ မျက်လုံးများ တဆတ်ဆတ် တုန်သွားသည်။ သူက အရေးကြီးသော လူတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းကျတော့ သူ့အဖေ ကျန်းရှောင်ယွင် ဖြစ်နေချေသည်။

"ကျွန်တော် အဖေ့ကို ဖုန်းဆက်သေးတယ်လေ။ အဖေက ကောင်းကင်အရှင်သခင်တစ်ပါးက ခြေထောက်ဆေးတဲ့နေရာကို ဖိတ်ထားလို့ ညဘက်ကျရင် အဖေ့အကျင့်အတိုင်း သွားပျော်ပါးမလို့ဆိုပြီး ပြောခဲ့တာလေ"

"အဲဒါက မင်းကို အံ့သြသွားအောင် လုပ်တာလေ"

ကျန်းရှောင်ယွင်က ပြောလိုက်သည်။

"မင်းရဲ့မင်္ဂလာပွဲကို ဂုဏ်ပြုဖို့ မသွားဘူးဆိုရင် မင်းအမေက ငါ့ကို အရှင်လတ်လတ် အရေခွံခွာပစ်လိမ့်မယ်"

"အဲဒီအသံက... မုန့်လောင်ရဲ့ အဖေလား"

"သေစမ်း.. သူက မိဘမဲ့မဟုတ်ဘူးလား"

"မဖြစ်နိုင်တာ။ သူက မိဘမဲ့ပါလို့ တကယ် မပြောခဲ့ဖူးသလို သူ့မိဘတွေအကြောင်းလည်း မပြောပြခဲ့ဘူးလေ။ ငါတို့ဘာသာ သူ့ကို မိဘမဲ့လို့ နာမည်တပ်ပြီး အဲဒါကိုပဲ အမှန်လို့ ယူဆခဲ့ကြတာ"

"ဘုရားရေ... သူ့မိဘတွေက ဘယ်သူတွေလဲ။ အမ​တတွေလား"

"သူတို့က ဖန်ဆင်းရှင်တွေပါလို့ အခုလာပြောရင်တောင် ငါယုံတယ်"

ကမ္ဘာမြေပေါ်ရှိ လူများသည် သူတို့ ပေါ်လာပုံနှင့် တည်ရှိမှုကြောင့် အံ့သြမှင်တက်ရုံမျှသာ ဖြစ်လျှင် ထိုအဆင့်မြင့်သက်ရှိများမှာမူ အံ့သြတုန်လှုပ်ခြင်းထက်ပင် ကျော်လွန်နေကြလေပြီ။

ကမ္ဘာတစ်ခု ခြားနေသည့်တိုင်အောင် ထိုကမ္ဘာမှ ထုတ်လွှတ်လိုက်သော ကြီးမားလှသည့် စွမ်းအားကြီးကို သူတို့ ခပ်သဲ့သဲ့ခံစားနိုင်သည်။ ထိုအရာမှာ သူတို့ဘဝတစ်သက်တာတွင် ဘယ်တော့မှ လိုက်မီနိုင်မည်မဟုတ်သော စွမ်းအားမျိုးပင်။

အဆင့်တစ်ဆယ်သက်ရှိတွေလား။ ဒါမှမဟုတ် ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ဖြစ်တည်မှုတွေလား။

ကျန်းမုန့်လောင်မှာ ယုံကြည်နိုင်စရာမရှိလောက်သော စွမ်းအားများကို ပိုင်ဆိုင်ထားတာလည်း အံ့သြစရာမရှိတော့ပါချေ။ အားကိုးစရာ ဖခင်တစ်ယောက်ရှိနေခြင်းမှာ ပါရမီရှင်ဟူသော သူ့ဖြစ်တည်မှုကို ယုတ္တိရှိသွားစေသည်။

ဘုရားရေ... နောက်ဆုံးတော့ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ပြီပဲ။

"သားလေး... မတွေ့ရတာ ကြာပြီနော်။ အမေ သားကို အရမ်းလွမ်းနေတာ"

"အဖေနဲ့အမေ.. ကျွန်တော်လည်း လွမ်းတယ်"

"ကဲ ကဲ.. အခမ်းအနားကိုသာ ဆက်လုပ်ကြ။ အချိန်မဆွဲနဲ့တော့"

ကျန်းရှောင်ယွင်၏ အသိစိတ်က ဤကမ္ဘာထဲသို့ စိမ့်ဝင်သွားလေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကမ္ဘာ၏ အတိတ်နှင့် အနာဂတ်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

"ငါ့သားရဲ့ မင်္ဂလာပွဲက ယောက္ခမတွေမပါဘဲ ဘယ်ဖြစ်မှာလဲ"

နတ်ဘုရားများကိုပင် တုန်လှုပ်သွားစေနိုင်သော စွမ်းအားတစ်ရပ် ဆင်းသက်လာသည်။

ဤစွမ်းအားက အာကာသနေရာလွတ်ကို တွန့်လိမ်သွားစေပြီး အလင်းနှစ်ထောင်ချီ ဝေးကွာသော စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် ရှိနေဆဲဖြစ်သည့် လုရီယောင်၏ ဖခင်ဖြစ်သူ လောင်းကစားနတ်ဘုရားကို ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။

"စကြရအောင်။ အဖေ မင်းတို့အတွက် အစီအစဉ်မှူး လုပ်ပေးမယ်"

ကျန်းရှောင်ယွင်က ရယ်မောလိုက်သည်။

"ပထမတစ်ကြိမ် ကောင်းကင်နဲ့ မြေကြီးကို ဦးညွတ်ပါ"

"ဒုတိယတစ်ကြိမ် မိဘတွေကို ဦးညွတ်ပါ"

"လင်နဲ့မယား အပြန်အလှန် ဦးညွတ်ပါ"

"အခမ်းအနား ပြီးမြောက်ပါပြီ"

*******************

All Chapters