← Chapters

အခန်း ၁၀၇၁

Vol. 72 Ch. 1071

အခန်း ၁၀၇၁

Vol. 72 Ch. 1071

အခန်း ၁၀၇၁ - ဒီကိုလာပြီး စာရင်းသွင်းကြစမ်း

အချိန်ကား မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားပြီး ကမ္ဘာခြားစီမံခန့်ခွဲရေးဗဟိုဌာနကို တည်ထောင်လိုက်သည်နှင့်အတူ စကြဝဠာအားလုံးလည်း ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရောက်ရှိသွားသည်။

ယုတ္တိဗေဒနှင့်ဖြစ်စေ၊ ရူပဗေဒသဘောတရားအရဖြစ်စေ ယခုဆိုလျှင် စကြဝဠာအားလုံးဟာ ကမ္ဘာခြားစီမံခန့်ခွဲရေးဗဟိုဌာန၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။ စကြဝဠာအမှတ်၇ကတော့ အကြွင်းမဲ့စီမံခန့်ခွဲခွင့်အာဏာနှင့်အတူ အမြဲတမ်းဥက္ကဋ္ဌနေရာကို ဆက်လက်ရယူထားဆဲပင်။

ယခုလိုအဆင့်အတန်းမျိုးရောက်နေသည့် မျိုးနွယ်စုတစ်ခုအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းမှာ အလွန်ရိုးရှင်းလှသည်။ ယခင်က စစ်တလင်းဖြစ်ခဲ့သည့် နေရာတွင် ယခုမူ စီမံခန့်ခွဲရေးဗဟိုဌာနအဆောက်အအုံများ၊ ကုန်သွယ်ရေးအသင်းများ၊ ဖလှယ်ရေးအသင်းများ၊ သိုင်းပညာဖလှယ်ရေးအသင်းများ၊ ငွေကြေးဆိုင်ရာအသင်းအဖွဲ့များနှင့် အခြားအဆောက်အအုံများ မှိုလိုပေါက်လာခဲ့သည်။

စကြဝဠာအားလုံးက သူတို့၏ မူလငွေကြေးစနစ်များကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်သော်ငြား အခြားစကြဝဠာများနှင့် အရောင်းအဝယ်လုပ်သည့်အခါတွင်မူ ငွေကြေးအဖွဲ့အစည်းက သတ်မှတ်ပေးထားသေု ဘုံသုံးငွေကြေးကိုသာ အသုံးပြုရသည်။ ထိုငွေကြေးကို ကျန်းမုန့်လောင်က 'အေးစ်'ဟု ဖြစ်သလို နာမည်ပေးထားသည်။

ငွေကြေးစနစ်ကို တည်ထောင်ပြီးနောက် စီးပွားရေးစနစ်ကလည်း ခပ်မြန်မြန် အမြစ်တွယ်လာခဲ့သည်။ စကြဝဠာတစ်ခုချင်းစီမှာ ထူးခြားသည့် ကိုယ်ပိုင်ထွက်ကုန်များနှင့် ရှားပါးပစ္စည်းအချို့ ရှိကြသည်။ သတင်းအချက်အလက်ကွန်ရက်တစ်ခုကို တည်ဆောက်လိုက်သည်နှင့် စီးပွားရေးဖလှယ်မှုများလည်း သိသိသာသာ စည်ကားတိုးတက်လာခဲ့သည်။

ယခင်က စကြဝဠာတစ်ခုချင်းစီ၏ တပ်ဖွဲ့ဌာနချုပ်များမှာ ယခုမူ ကုန်သွယ်ရေးဆိပ်ကမ်းများ ဖြစ်လာခဲ့ပြီး ကမ္ဘာခြားစီမံခန့်ခွဲရေးဗဟိုဌာန အဆောက်အအုံကို ဗဟိုပြုထားသော ဧရိယာကတော့ ထောင်ပေါင်းများစွာသော စကြဝဠာများ၏ ဗဟိုချက်မအဖြစ် ပြောင်းလဲသွားလေသည်။

ခမ်းနားထည်ဝါလှသေည အဆောက်အအုံကြီးများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ စွမ်းအင်ကုမ္ပဏီများ၊ သတ္တုတူးဖော်ရေးကုမ္ပဏီများအပြင် ယနေ့ခေတ်ကြီးမှာ ခရီးသွားလုပ်ငန်းကပင် လျင်မြန်စွာ တိုးတက်လာသည်။

ဤနေရာတွင် အမြင့်မားဆုံး၊ ဧရိယာအကျယ်ဝန်းဆုံးနှင့် အထင်ရှားဆုံး ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံကြီးကိုတော့ ဟောက်ထျန်းလုပ်ငန်းစုဟု ခေါ်သည်။

ဤလုပ်ငန်းစု၏ စီးပွားရေးလုပ်ငန်းများက ကဏ္ဍစုံကို လွှမ်းခြုံထားပြီး လက်ရှိတွင် အကြီးမားဆုံးလုပ်ငန်းကတော့ အိမ်ခြံမြေလုပ်ငန်းပင်။

ကုမ္ပဏီကို ကျန်းမုန့်လောင်က ငွေကြေးစိုက်ထုတ်ပေးပြီး ဝမ်လင်က ဦးစီးလုပ်ကိုင်သဖြင့် နှစ်အနည်းငယ်အတွင်းမှာပင် အနီးတစ်ဝိုက်က အိမ်ခြံမြေဈေးနှုန်းများကို မိုးထိမတတ် ဆွဲတင်နိုင်ခဲ့သည်။

လောလောဆယ် ဤနေရာက မြေတစ်စတုရန်းမီတာ၏ တန်ဖိုးမှာ အေးစ်၁.၅သန်းကျော်နေလေပြီ။ အေးစ်နှင့် သူတို့စကြဝဠာအမှတ်၇၏ အသုံးများသောငွေကြေး လဲလှယ်နှုန်းက ၁အချိုးသန်း တစ်ရာအထိ ရှိပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် မြေတစ်စတုရန်းမီတာ၏ ဈေးနှုန်းမှာ အဆင့်ငါးမျိုးနွယ်စုငယ်လေးတစ်ခု၏ စုစုပေါင်းပိုင်ဆိုင်မှုထက်ပင် ကျော်လွန်နေချေပြီ။

မြေရောင်းရုံဖြင့် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ဟာ မရေမတွက်နိုင်သော ဓနဥစ္စာများကို ရှာဖွေနိုင်သည်။ "ကမ္ဘာခြားစစ်မြေပြင်"တစ်ခုလုံးက အလွန်ကျယ်ဝန်းပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုကလည်း သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုသာ ရှိသေးကြောင်း သိထားရန် လိုအပ်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာက ပိုစည်ကားတိုးတက်လာဦးမည်သာ။

ဖွံ့ဖြိုးတိုးတက်ခွင့်နှင့်ပတ်သက်၍မူ ကျန်းမုန့်လောင် ပါးစပ်တစ်ချက်လှုပ်ရုံနှင့် ပြီးသွားမည့်ကိစ္စပင် မဟုတ်လော။

ဟောက်ထျန်းလုပ်ငန်းစုအနီးတွင်မူ အဆင့်မြင့်ဗီလာအိမ်ရာဝင်းကြီးတစ်ခု ရှိ၏။ ဤနေရာက ဗီလာတစ်လုံးကို ဝယ်ရန်မှာ အလွန်ကြီးမားသော အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု ရာပေါင်းများစွာ၏ ပိုင်ဆိုင်မှုများနှင့် ညီမျှသည်။

"ကျန်းယွီကျယ်... မင်း ညီမလေးကို အနိုင်ကျင့်နေပြန်ပြီလား"

"ကျွန်တော် မလုပ်ပါဘူး။ ညီမလေးက ကျွန်တော့်အရုပ်ကို အရင်လာလုတာ"

ကျန်းမုန့်လောင်က သူ့ရှေ့တွင် ဆော့ကစားနေသည့် ကောင်လေးကို ကောက်ချီလိုက်သည်။ သူ့ညာလက်ထဲတွင်မူ အဆင့်ရှစ်သိုင်းလက်နက်တစ်ခုကို ကိုင်ထားလေသည်။ ထိုအရာမှာ ကျန်းယွီကျယ်ပြောသည့် 'အရုပ်'ပင်တည်း။

သူတို့ဘေးတွင်မူ ကောင်မလေးတစ်ယောက်က အဖေဖြစ်သူထံတွင် အဆူခံနေရသည့် အစ်ကိုဖြစ်သူကိုကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးနေချေသည်။

ကျန်းယွီကျယ်နှင့် ကျန်းယွီရော့တို့က ကျန်းမုန့်လောင်၏ ကလေးနှစ်ယောက်ပင်။ သူတို့လေးနှစ်ယောက် မွေးဖွားလာစေရန်အတွက် ကျန်းမုန့်လောင် အလွန်အားထုတ်ကြိုးပမ်းခဲ့ရသည်။ ပုံမှန်ဆိုလျှင် အဆင့်မြင့်သက်ရှိများမှာ ဇနီးမယား အများကြီးယူရန် ရွေးချယ်တတ်ကြသည်။

သို့သော် ကျန်းမုန့်လောင်ကတော့ ထိုသို့မလုပ်နိုင်ပေ။ အမျိုးသားကျင့်ဝတ်ကျောင်းတော်၏ ကျောင်းအုပ်တစ်ယောက်အနေနှင့် သူသည် ကျန်းခိုင်၏ အပြုအမူမျိုးကို ပြုမူရန် ရွံရှာသည်။ သူသည် မရေမတွက်နိုင်သော အံ့ဖွယ်ဆေးလုံးများကို သုံးစွဲခဲ့ပြီး သုံးနှစ်တိတိ အချိန်ယူကာ နောက်ဆုံးတွင်မူ သူ့ဆန္ဒပြည့်ဝခဲ့သည်။ တစ်ကြိမ်တည်းနှင့် အောင်မြင်ခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင် အမြွှာလေး ဖြစ်နေချေသည်။

ကျန်းမုန့်လောင်က သူတို့ကို ငယ်ငယ်လေးကတည်းက စတင်ပျိုးထောင်ပေးခဲ့သည်။ ကလေးနှစ်ယောက်စလုံးက အသက်ခြောက်နှစ်သာ ရှိသေးသော်ငြား သူတို့၏သက်ရှိအဆင့်က အဆင့်ငါးကို ရောက်နေချေပြီ။ နို့စို့အရွယ်မှာပင် လမ်းတစ်လမ်းလုံးကို သူတို့နှစ်ယောက်တည်းနှင့် ကမောက်ကမဖြစ်အောင် လုပ်နိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသည်။

ထို့ပြင် စစ်တုရင်၊ ဂီတ၊ လက်ရေးလှ၊ ပန်းချီနှင့် မျိုးနွယ်စုများ၏ ဘာသာစကားအားလုံးက သူတို့အတွက် အခက်အခဲမဟုတ်ပါချေ။ ကောင်းကင်က လကိုခူးယူခြင်းကစ၍ ပင်လယ်ထဲရှိ လိပ်ကိုဖမ်းခြင်းအဆုံး သူတို့မလုပ်နိုင်တာ ဘာမှမရှိသလောက်ပင်။

သို့သော် သာမန်မဟုတ်သည့် သူတို့၏နောက်ခံကြောင့် မည်သူကမှ သူတို့ကို ရန်မစရဲကြပေ။ ဤကလေးနှစ်ယောက်က ဗီလာအိမ်ရာဝင်းအနီးတစ်ဝိုက်တွင် နာမည်ကြီးပြဿနာကောင်လေးများဖြစ်ပြီး အဆင့်ခုနစ်သက်ရှိအဆင့်ကို ရောက်နေပြီဖြစ်သော ဝမ်ချိုင့်ကိုခေါ်ကာ မကြာခဏဆိုသလို စွန့်စားခန်းများ ထွက်တတ်ကြသည်။

"ညစာစားလို့ရပြီနော်"

သိုင်းပညာလမ်းစဉ်ကို သိပ်လိုက်စားလေ့မရှိသော လုရီယောင်က ကျန်းမုန့်လောင်၏ အကူအညီဖြင့် အဆင့်ခြောက်သက်ရှိတစ်ယောက် ဖြစ်လာပြီးနောက် မိသားစုအပေါ်မှာသာ အာရုံစိုက်ခဲ့သည်။ ဤနှစ်များတစ်လျှောက် သူတို့၏ဘဝလေးက အလွန်ပျော်ရွှင်ချိုမြိန်စရာ ကောင်းလှသည်။

"လာပြီ"

ကျန်းမုန့်လောင်က ပျင်းရိပျင်းတွဲအသံနှင့် ပြန်ထူးလိုက်ပြီး အိမ်ထဲသို့ လျှောက်သွားလိုက်၏။

"ဟင်..."

ကျန်းမုန့်လောင်က ခြေလှမ်းများကို ရုတ်ခြည်းရပ်တန့်ပြီး ကောင်းကင်ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။

ထိုအချိန်မှာပင် ဤကမ္ဘာကြီး၏ ထပ်တူကျနေသော နေရာဒေသအသီးသီးရှိ လူအများအပြားလည်း ကျန်းမုန့်လောင်နည်းတူ ကောင်းကင်ထက်ဝယ် တစ်ခုခုပေါ်လာတော့မည့်အလား မော့ကြည့်နေခဲ့ကြသည်။

"မင်းတို့တွေ အိမ်ထဲဝင်ကြ။ အပြင်ထွက်မလာနဲ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တော်ဝင်သက်တော်စောင့်တပ်ဖွဲ့"

ကျန်းမုန့်လောင်၏ဘေးနားတွင် လူရိပ်များစွာ ချက်ချင်းထွက်ပေါ်လာပြီး အားလုံးကလည်း အဆင့်ကိုးအထွတ်အထိပ်သက်ရှိများချည်းသာ။

"သခင်ကြီး"

"တစ်ခုခုဖြစ်လာခဲ့ရင် သခင်မလေးနဲ့ သခင်လေးတို့ကို ကာကွယ်ကြ"

"ဟုတ်ကဲ့ပါ"

ကျန်းမုန့်လောင်ရ၏ ရင်ထဲရှိ ခံစားချက်မှာ အလွန်ပြင်းထန်နေသည်။ သူလက်ထပ်တုန်းက သူ့အဖေကျန်းရှောင်ယွင်က အဆင့်မြင့်ကမ္ဘာနှင့် သူတို့၏အဆင့်နိမ့်ကမ္ဘာကြားရှိ အတားအဆီးများကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သလို ခံစားနေရသည်။

သူတို့ဆီကို ဘယ်လိုလူမျိုး ဆင်းသက်လာမလဲဆိုသည်မှာ သေချာမသိရသလို လူဟုတ်မဟုတ်ဆိုသည်ကိုပင် မသေချာချေ။ သူတို့၏ ကမ္ဘာငယ်လေးထဲတွင် အဆင့်ကိုးသက်ရှိအဆင့်ကို ကျော်လွန်နေသူ တစ်ယောက်မှမရှိသော်ငြား အလယ်အလတ် သို့မဟုတ် အဆင့်မြင့်ကမ္ဘာများတွင်မူ ထိုသက်ရှိများက တန်ဖိုးရှိချင်မှ ရှိနိုင်ပေမည်။

"သူတို့ လာနေပြီ"

ရုတ်တရက်ဆိုသလို ကောင်းကင်ထက်တွင် ရွှေရောင်ခပ်ရင့်ရင့်ပုံစံတစ်ခု ထွက်ပေါ်လာပြီး ထိုရွှေရောင်ပုံစံထဲက လူရိပ်များ ထွက်လာလေသည်။

သူတို့က အပြာရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည့် လူငယ်အယောက်နှစ်ရာသုံးရာခန့်ဖြစ်ပြီး ပခုံးထက်တွင် ဆံပင်အရှည်များကို ဖားလျားချထားကြသည်။ သူတို့၏အသက်က အနှစ်နှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး မြင့်မြတ်ပြီး အမတဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

အံ့ဩစရာအကောင်းဆုံးမှာ သူတို့ဆီက အဆင့်ခြောက်သက်ရှိများ၏ အရှိန်အဝါများ ထွက်ပေါ်နေခြင်းပင်။ ဤကမ္ဘာတွင် ကျန်းမိသားစုဝင်များ သို့မဟုတ် ကျန်းမိသားစုနှင့် ပတ်သက်သူများကလွဲလျှင် ဤအရွယ်နှင့် ယခုလိုသက်ရှိအဆင့်မျိုး ရောက်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။

"ဪ... ဒီမှာ မြို့တွေတောင် ရှိနေတာလား"

ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူငယ်က အံ့ဩသွားလေဟန် အမူအရာဖြင့် ပြောလိုက်၏။

"မနှစ်က ငါတို့ ဒီစမ်းသပ်ရေးလျှို့ဝှက်နယ်မြေကို လာတုန်းက ဒီနေရာကြီးက စွန့်ပစ်နယ်မြေကြီးလေ"

"စီနီယာအစ်ကို... ဒါက စမ်းသပ်ရေးလျှို့ဝှက်နယ်မြေလား။ ကျွန်တော်တို့ကမ္ဘာနဲ့ လုံးဝမတူပါလား"

"ဒါပေါ့.. ဒီနေရာက သီးခြားကမ္ဘာငယ်လေးတွေဆီကို သွားနိုင်တဲ့ ထွက်ပေါက်တွေအများကြီးရှိတဲ့ ဗဟိုချက်မလေ။ အရမ်းအံ့ဩဖို့ကောင်းတယ်။ ပြီးတော့ ဒီက အချိန်စီးဆင်းမှုနှုန်းကလည်း ငါတို့ဘက်နဲ့ လုံးဝမတူဘူး။ ငါတို့ဘက်က တစ်ရက်ဆိုရင် ဒီမှာ နှစ်နဲ့ချီပြီး ကြာချင်ကြာသွားနိုင်တယ်"

"ဒီလိုအခွင့်အရေးမျိုးရတုန်း ငါတို့တွေ သေချာလေ့ကျင့်ရမယ်။ ဒီကမ္ဘာမှာ ကြမ်းတမ်းတဲ့ သားရဲတွေနဲ့ တော်တော်အစွမ်းထက်တဲ့ အဆင့်နိမ့်ဒေသခံတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်"

"အာ... အဲဒါဆိုရင် အန္တရာယ်မများဘူးလား"

"ဘာကြောက်နေတာလဲ။ ငါတို့လူအင်အားက အများကြီးလေ။ ပြီးတော့ အဆင့်မြင့်ကမ္ဘာကနေ လာကြတာ။ ဒီလိုအဆင့်နိမ့်သတ္တဝါတွေက ငါတို့ကို ဘယ်လိုလုပ်အန္တရာယ်ပေးနိုင်မှာလဲ။ ငါတို့ဂိုဏ်းချုပ်သာရှိရင် ဒီကမ္ဘာတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ချေမှုန်းပစ်လို့ရတယ်"

"ဟုတ်ပါ့"

...

ထိုလူငယ်များက မြက်ခင်းပြင်ပေါ်သို့ လူတစ်စု ရောက်လာပြီး ယနေ့ည သိုးသားစားမလား၊ အမဲသားစားမလားဟု ဆွေးနွေးနေကြသလို ပေါ့ပေါ့ပါးပါးပင် ရယ်မောပြောဆိုနေကြသည်။ ထိုအရာမှာ သိုးလား၊ နွားလားဆိုသည်ကိုပင် ဂရုမစိုက်ပေ။ အကယ်၍ သူတို့နားလည်ခဲ့လျှင်ပင် သိုးနှင့်နွားများမှာ ခုခံနိုင်စွမ်းမရှိဘူးဟု မြင်ထားကြသည်။

သို့သော် ထိုအချိန်မှာပင် အလွန်ငယ်ရွယ်လှသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကမူ စိတ်မရှည်ဖြစ်နေလေပြီ။

"ဟေး... မင်းတို့ကောင်တွေ ဘယ်ကလာတာလဲ"

ကျန်းမုန့်လောင်က အော်လိုက်သည်။

"မင်းတို့ရဲ့ လွန်ခဲ့တဲ့ခုနစ်ရက်အတွင်း နျူကလီးယစ်အက်ဆစ်စစ်ဆေးချက်မှတ်တမ်းတွေနဲ့ ခရီးသွားလာခွင့်အစိမ်းရောင်ကုတ်တွေကို အခုချက်ချင်းထုတ်ပြပြီး စာရင်းလာသွင်းကြစမ်း"

*********************

All Chapters