← Chapters

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ၁၀၇၂ - မင်းက ဘာတွေအထက်စီးဆန်ချင်နေတာလဲ

အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်စုက အသံပိုင်ရှင်ကို ရှာဖွေရန် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင်မူ မလှမ်းမကမ်းရှိ အလွန်ခမ်းနားလှသော အဆောက်အအုံတစ်ခု၏ ဥယျာဉ်ထဲတွင် ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်စီးထားသော ဆံပင်အမည်းရောင် ကောင်လေးတစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။

"ဂိုဏ်းတူအစ်ကိုကြီး... အဲ့ဒါက ဒီအဆင့်နိမ့်ကမ္ဘာက ဒေသခံလား။ ကြည့်ရတာ ကျွန်တော်တို့နဲ့ တော်တော်လေးတူတယ်နော်"

"အဆင့်နိမ့်ကမ္ဘာမှာ သက်ရှိတွေက မရေမတွက်နိုင်အောင် များပြားပြီး အမျိုးစုံတယ်။ တချို့ဒေသခံတွေက ငါတို့နဲ့ တော်တော်တူပေမဲ့ တချို့ကတော့ ပုံပန်းသဏ္ဍာန် ထူးဆန်းကြတယ်။ တချို့ဆိုရင် ငါတို့ဆီက မိစ္ဆာသားရဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတယ်။ မင်းတို့တွေ မြင်ဖူးပါများလာရင် အသားကျသွားလိမ့်မယ်"

ဂိုဏ်းတူအစ်ကိုကြီးဟု ခေါ်ဝေါ်ခံရသော လူငယ်လေးမှာ ယခုလို အာရုံစိုက်ခံနေရသည့် သူ့လက်ရှိအဆင့်အတန်းအပေါ် အလွန်သာယာနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲတွင် သူတစ်ယောက်တည်းသာ ဤကမ္ဘာသို့ ရောက်ဖူးသောကြောင့်ပင်။

ဗုဒ္ဓဘာသာမှာ သဲတစ်ပွင့်တွင် ကမ္ဘာတစ်ကမ္ဘာ ပါဝင်ပြီး သေးငယ်သော ကမ္ဘာငယ်သုံးထောင်ပေါင်းလျှင် အလယ်အလတ်ကမ္ဘာတစ်ခု ဖြစ်လာကာ အလယ်အလတ်ကမ္ဘာသုံးထောင်ပေါင်းလျှင် အဆင့်မြင့်ကမ္ဘာတစ်ခု ဖြစ်လာသည်ဟု ဆိုကြ၏။ သေချာသည်မှာမူ သုံးထောင်ဆိုသည်မှာ တင်စားခြင်းတစ်ခုသာ ဖြစ်ပေသည်။

ဤလူငယ်တစ်စုက အလယ်အလတ်သိုင်းကမ္ဘာတစ်ခုမှ လာခြင်းဖြစ်၏။ သူတို့သည် သိပ္ပံပညာကို မတိုးတက်စေခဲ့သော်လည်း အဆင့်နိမ့်ကမ္ဘာများ ရှိကြောင်းကိုမူ ရှေးယခင်ကတည်းက သိရှိခဲ့ကြသည်။

ဤသည်မှာ သုံးဖက်မြင်ကမ္ဘာရှိ သက်ရှိများက နှစ်ဖက်မြင်ကမ္ဘာရှိ အရာအားလုံးကို လွယ်ကူစွာ နားလည်နိုင်ပြီး လေးဖက်မြင်ကမ္ဘာရှိ သက်ရှိများက သုံးဖက်မြင်ကမ္ဘာရှိ အရာအားလုံးကို မြင်တွေ့နိုင်သလိုပင်။ အလားတူပင် အလယ်အလတ်ကမ္ဘာတစ်ခုက သူ့အောက်ရှိ အဆင့်နိမ့်ကမ္ဘာများအကြောင်း လေ့လာနိုင်ပြီး သီးခြားနည်းလမ်းများကို အသုံးပြု၍ လွတ်လပ်စွာ သွားလာနိုင်ပေသည်။

သူတို့လာခဲ့သော ကမ္ဘာသည် စွမ်းအင်အလွန်သိပ်သည်းသည့် နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် အဆင့်ကိုးသက်ရှိဆိုသည်မှာ ကနဦးအဆင့်မျှသာ ဖြစ်၏။ ထို့ပြင် ကမ္ဘာ၏ ကွဲပြားသော နိယာမဥပဒေသများကြောင့် အဆင့်ကိုးသက်ရှိများသည် အဆုံးမဲ့အသက်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပေ။

အဆင့်ကိုးသက်ရှိထက် ပိုသန်မာသော ဖြစ်တည်မှုများပင် ရှိသော်လည်း ထိုသို့သောသက်ရှိများကို ကမ္ဘာငယ်လေးများက လက်ခံထားနိုင်စွမ်း မရှိချေ။ သူတို့အတွက်မူ ဤကမ္ဘာငယ်လေးများက မျိုးဆက်သစ်လူငယ်များ၏ လေ့ကျင့်ရေးကွင်းဆင်းရာနေရာမျှသာ။ ထိုထက် မပိုပါချေ။

သူတို့က အဆင့်နိမ့်ကမ္ဘာဆီသို့ သွားရာလမ်းကြောင်းရှိသော အလယ်အလတ်သိုင်းကမ္ဘာတစ်ခုရှိ ဂိုဏ်းကြီးတစ်ခုမှ လာကြခြင်းပင်။ သူတို့အမြင်တွင်မူ ဤဒေသခံများက သူတို့၏ ကျင့်စဉ်များအတွက် အကောင်းဆုံးသော ပစ်မှတ်များပင် ဖြစ်သည်။

ယခင်က သူတို့သည် ကမ္ဘာငယ်အမျိုးမျိုးတွင် ပေါ်လာဖူးပြီး အချို့က အခွင့်အရေးများကို ရှာဖွေရုံသက်သက်သာ ဖြစ်သော်လည်း အချို့ကမူ ထိုကမ္ဘာ၏ သက်ရှိမျိုးနွယ်စုများနှင့် အချင်းများခဲ့ကြသည်။ အများအားဖြင့်တော့ သူတို့က ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် ပျောက်ကွယ်သွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင်မူ ကမ္ဘာငယ်များမှ လူများ၏ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် မိမိကိုယ်ကို အဆင့်မြင့်သက်ရှိများအဖြစ် အမြဲမြင်တတ်ကြပြီး ဤအဆင့်နိမ့်သက်ရှိများကို တိရစ္ဆာန်များနှင့် အဆင့်တူအဖြစ်သာ သဘောထားကြသည်။

"ဟေ့... မင်းတို့ကို ပြောနေတာလေ။ ကြားရဲ့လား။ ငါ့ကို အရေးမလုပ်ကြတာလား။ နားမကြားကြဘူးလား"

ကျန်းမုန့်လောင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း သူတို့ကတော့ နားမလည်နိုင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေဆဲပင်။

"ဪ ဟုတ်သားပဲ။ တခြားကမ္ဘာက ဘာသာစကားတွေက ငါတို့နဲ့ တူချင်မှတူမှာကိုး"

ကျန်းမုန့်လောင် ရုတ်တရက် သဘောပေါက်သွားသည်။

"ကောထန်... အဲ့ဒီမျိုးနွယ်စုအကြောင်းစုံစမ်းပြီး သူတို့ရဲ့ဘာသာစကားကို ထုတ်ပေးစမ်းပါ"

[လေထုဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနေပါတယ်...]

[ခွဲခြမ်းစိတ်ဖြာခြင်း ပြီးဆုံးပါပြီ။ ဒီကမ္ဘာကို ကျယ်ပြန့်သော ချီကုန်းမြေတိုက်ကြီးဟုခေါ်ပြီး အလယ်အလတ်သိုင်းကမ္ဘာတစ်ခု ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးအတွက် ဘာသာစကားဒေတာများကို ဖန်တီးနေပါတယ်]

[ဖန်တီးခြင်း ပြီးဆုံးပါပြီ]

ခဏအကြာတွင် လူသားများသာမက အချို့မိစ္ဆာသားရဲမျိုးနွယ်စုများ၏ ဘာသာစကားများအပါအဝင် မတူညီသော ဘာသာစကားသောင်းနှင့်ချီ၍ များပြားလှသော ဘာသာစကား အချက်အလက်များက ကျန်းမုန့်လောင်၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။

"ဟေ့ အပေါ်က အရှုံးသမားတွေ...ခုနက ပြောတဲ့စကားကို ပြန်ပြောစမ်း။ မင်းတို့ရဲ့ ကျန်းမာရေးကုတ်တွေ ခရီးသွားကုတ်တွေနဲ့ နျူကလိယက်အက်ဆစ်ဆေးစစ်ချက်အဖြေတွေကို ပြစမ်း။ မပြရင် မင်းတို့ကို ကွာရန်တင်းဝင်ခိုင်းရလိမ့်မယ်"

"ဂိုဏ်းတူအစ်ကိုကြီး... နျူကလိယက်အက်ဆစ် ဆေးစစ်ချက်ဆိုတာ ဘာလဲ"

"ဂိုဏ်းတူအစ်ကိုကြီးက ဗဟုသုတကြွယ်တယ်ဆိုတော့ ကျန်းမာရေးကုတ်နဲ့ ခရီးသွားကုတ်ဆိုတာတွေက ဘာတွေလဲဟင်"

"အင်း..."

ဂိုဏ်းတူအစ်ကိုကြီးဟု အခေါ်ခံရသော လူငယ်လေး၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာခဲ့သည်။ သူကိုယ်တိုင်လည်း ထိုအရာများက ဘာတွေမှန်း မသိပေ။

ပြီးခဲ့သည့်အကြိမ် ဂိုဏ်း၏ လေ့ကျင့်ရေးတွင် ပါဝင်ခဲ့စဉ်က သူနှင့် သူ့ဂိုဏ်းတူအစ်ကိုအစ်မများမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုဆီသို့ ပို့ဆောင်ခံခဲ့ရသည်။ ထိုမျိုးနွယ်စုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် သတ္တုဖြင့်ပြုလုပ်ထားသော တိုက်ခိုက်ရေးလက်နက်အများအပြားကို ကြုံတွေ့ခဲ့ရသည်။ ထိုအရာများမှာ လူအင်အားမလိုဘဲ အလိုအလျောက် ရွေ့လျားနိုင်ပြီး အလွန်တရာအစွမ်းထက်သည်။

သူကိုယ်သူ ဗဟုသုတကြွယ်ဝသည်ဟု ယူဆထားသော်လည်း ယခုလိုအရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော် သူ့ဂိုဏ်းတူညီညီမများ၏ သိချင်ဇောဖြင့် တောက်ပနေသော မျက်လုံးများကို ကြည့်ကာ သူမသိကြောင်း ဝန်ခံရန်မှာ မသင့်လျော်ပေ။

"အင်း... နျူကလိယက်အက်ဆစ်ဆေးစစ်ချက်ဆိုတာ ဒီကမ္ဘာက သိုင်းကျင့်စဉ်တစ်ခုပဲ။ သူတို့ဆီက သိုင်းပညာရှင်တွေက ဒါကို ကျင့်ကြံကြတာ။ ဒါပေမဲ့ ငါတို့ဂိုဏ်းက စိတ်စွမ်းအင်ကျင့်စဉ်တွေနဲ့ ယှဉ်ရင်တော့ အများကြီးအဆင့်နိမ့်ပါတယ်"

"ဟုတ်တာပေါ့ ဂိုဏ်းတူအစ်ကိုရယ်"

မိန်းကလေးအချို့က ကြည်ညိုလေးစားသော အမူအရာများကို ပြသလာကြသည်။

"ဒါဆို ကျန်းမာရေးကုတ်တွေနဲ့ ခရီးသွားကုတ်တွေကရော ဘာတွေလဲဟင်"

"အဲ့ဒါတွေက အထူးမြင်းနှစ်ကောင်ပဲ။ ငါတို့ဂိုဏ်းက လေဟုန်စီးစစ်မြင်းတွေနဲ့ ဆင်တူပေမဲ့ သူတို့က အဆင့်အရမ်းနိမ့်တဲ့ မိစ္ဆာသားရဲတွေပဲ"

"ဪ နားလည်ပါပြီ"

"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး"

...

"ဒီကောင်က ငတုံးလား"

ကျန်းမုန့်လောင်သည် ဂိုဏ်းတူအစ်ကိုကြီးဆိုသူကို တအံ့တဩ ကြည့်လိုက်ပြီး သူ့ထက်ပင်ပိုသာသော အရှက်မရှိလိမ်ညာနိုင်စွမ်းကို အံ့ဩမှင်တက်သွားသည်။

"ဂိုဏ်းတူအစ်ကိုကြီး... သူက ဘာလို့ ကျွန်တော်တို့ကို အဲ့ဒါတွေ ပြခိုင်းနေတာလဲ"

တစ်စုံတစ်ယောက်က ချက်ချင်း မေးလိုက်သည်။

"မသိဘူးလေ။ မင်းတို့ ဒီမှာ အရင်စောင့်နေကြ။ အဲ့ဒီအဆင့်နိမ့်ကောင်ကို ငါသွားတွေ့လိုက်မယ်"

ထိုဂိုဏ်းတူအစ်ကိုကြီးက ကျန်းမုန့်လောင်ဆီသို့ ချက်ချင်းပြေးသွားပြီးနောက် မြေပြင်အထက် တစ်မီတာခန့်အကွာတွင် ရပ်တန့်ကာ ကျန်းမုန့်လောင်ကို ငုံ့ကြည့်လိုက်သည်။

"အဆင့်နိမ့်ကမ္ဘာက အဆင့်နိမ့်ဒေသခံ... ဒါက ဘယ်နေရာလဲ။ ခုနက မင်း ဘာပြောလိုက်တာလဲ"

"ငါ့ကို ဘယ်လိုခေါ်လိုက်တယ်"

ကျန်းမုန့်လောင်၏အမူအရာမှာ တင်းမာလာသည်။

ထိုလူငယ်၏ မျက်နှာထက်တွင် မထီမဲ့မြင်ပြုလိုသော အမူအရာပေါ်လာလေသည်။

"မင်းကို အဆင့်နိမ့်ကမ္ဘာက အဆင့်နိမ့်ဒေသခံလို့ ခေါ်လိုက်တာလေ"

"ငါတို့ ဘယ်ကလာတယ်ဆိုတာ မင်း မသိဘူးထင်တယ်။ အင်းလေ... ဉာဏ်ရည်နိမ့်ပြီး ဗဟုသုတနည်းပါးတဲ့ မင်းတို့လို အဆင့်နိမ့်တွေက ငါတို့ ရှိနေတယ်ဆိုတာ ဘယ်သိပါ့မလဲ"

"သေချာနားထောင်စမ်း။ ငါတို့က လေ့ကျင့်ရေးဆင်းဖို့ ရောက်လာတဲ့ အဆင့်မြင့်ကမ္ဘာက အဆင့်မြင့်သက်ရှိတွေပဲ။ မင်း တခြားအကြောင်းတွေ အများကြီး သိစရာမလိုဘူး။ ငါမေးတာကိုပဲ ဖြေ"

"??? မင်းက ငတုံးလား"

ကျန်းမုန့်လောင် ဒေါသမထွက်တော့ပေ။ လူမိုက်တစ်ယောက်နှင့် ရန်ဖြစ်ခြင်းမှာ သူ့ကိုယ်သူ ပိုမိုက်မဲသွားစေမည်သာ။

အလယ်အလတ်သိုင်းကမ္ဘာမှလာသူတစ်ယောက်က သူတို့ကိုယ်သူတို့ အဆင့်မြင့်ကမ္ဘာရှိ သက်ရှိများဟု ခေါ်ရဲသည်မှာ သူတို့၏အသိဉာဏ် မည်မျှချို့တဲ့ကြောင်း ပြသနေပြီး သူတို့၏မာနသေးသေးလေးကို ဤနေရာတွင် လာရောက်ပြသနေခြင်းပင်။

သာမန်လူများနှင့်သာ တွေ့ခဲ့လျှင် သူတို့ တကယ်အစွမ်းပြနိုင်လောက်ပေမည်။

ဤလူအများစုမှာ အဆင့်ခြောက်သက်ရှိများ ဖြစ်ကြပြီး အချို့မှာ အဆင့်ခုနစ်သက်ရှိများဖြစ်ကာ သူ့ရှေ့ရှိ လူကတော့ တစ်ဦးတည်းသော အဆင့်ရှစ်သက်ရှိပင်။

ဤသို့သော အင်အားစုမျိုးသည် ဤကမ္ဘာခြားအုပ်ချုပ်ရေးစင်တာတွင် အားနည်းသည်ဟု သတ်မှတ်ခံထားရပြီးဖြစ်သော်လည်း အလယ်အလတ်ကမ္ဘာမှ လာသူများဖြစ်၍ သူတို့သည် အဆင့်နိမ့်ကမ္ဘာများထက် များစွာသာလွန်သော ပါရမီများနှင့် သိုင်းပညာစနစ်များကို ပိုင်ဆိုင်ထားကြသည်။

သူတို့၏ အဆင့်ရှစ်သက်ရှိမှာ သာမန်အဆင့်ကိုး သက်ရှိများထက် အားနည်းခြင်းမရှိဘဲ ပို၍ပင် သန်မာနိုင်သေးသည်။

မကောင်းသည့် အချက်ကား သူတို့သည် အဆင့်မြင့်ကမ္ဘာများကိုပင် ဂရုမစိုက်တတ်သော ကျန်းမုန့်လောင်နှင့် လာတွေ့နေခြင်းပင်။

"မျိုးရိုးနိမ့်ကောင်... မင်းကများ ငါ့ကို စော်ကားရဲတယ်ပေါ့လေ"

သူသည် 'ငတုံး'ဟူသော စကားလုံးကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။

သူ အဆင့်နိမ့်ကမ္ဘာက ဒေသခံတစ်ယောက်ရဲ့ စော်ကားတာကို ခံလိုက်ရတာလား။

"မင်းကို ငါ အခွင့်အရေးတစ်ခုပေးမယ်။ ဒူးထောက်ပြီး အရိုအသေပေးစမ်း။ ပြီးတော့ ငါ့အစေခံလုပ်။ ဒါဆိုရင် မင်း အခွင့်အရေးရချင်ရနိုင်တယ်"

ထိုလူငယ်လေးမှာ အခြေအနေ၏ လေးနက်မှုကို သဘောမပေါက်သေးပေ။

ကျန်းမုန့်လောင်ကမူ ပို၍ပင် အော်ရယ်လိုက်၏။

"ဟေ့ကောင်... မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရဲ့လား။ အလယ်အလတ်ကမ္ဘာက လာတာနဲ့ပဲ မင်းကိုယ်မင်း ကြီးကျယ်လှပြီထင်နေတာလား။ ငါ အီးတစ်ချက်ပေါက်လိုက်ရုံနဲ့ မင်းတို့လိုကောင်မျိုး အယောက်ရှစ်ထောင်လောက်ကို သတ်ပစ်နိုင်တယ်ကွ။ မင်းက ဘာတွေအထက်စီးဆန်ချင်နေတာလဲ"

**********************

All Chapters